News @ M-Media

Tag: Hate Speech in Myanmar

  • အမုန်းစကားများကို Facebook က ထိထိရောက်ရောက် ဟန့်တားမပေးဟု မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်

    အမုန်းစကားများကို Facebook က ထိထိရောက်ရောက် ဟန့်တားမပေးဟု မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်

    ဧပြီ ၆၊ ၂၀၁၈
    M-Media

    Facebook တည်ထောင်သူ မာ့ခ် ဇူကာဘတ်

    – မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားထဲမှာ အမုန်းစကားတွေ ပြန့်နှံ့မှုနဲ့ပတ်သက်လို့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘက်ရဲ့ တုန့်ပြန်မှုအတွက် မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စောင့်ကြည့်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်မှာ Facebook ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ တိုက်ခိုက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ ၀ါဒဖြန့်စာတွေ ပြန့်နှံ့တာကို သိရှိခဲ့ပြီး ဒါတွေ ထပ်မပြန့်အောင် လုပ်နိုင်ခဲ့တယ်လို့ အခုတစ်ပတ်အစောပိုင်း အင်တာဗျူးတစ်ခုမှာ ဇူကာဘက်က ဖြေကြားခဲ့တာပါ။

    ဒါပေမယ့် မြန်မာနိုင်ငံက အဖွဲ့ ၆ ဖွဲ့ပေါင်းပြီး ဇူကာဘတ်ကို လိပ်မူတဲ့ အိပ်ဖွင့်ပေးစာမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တဲ့ အန္တရာယ်ရှိတဲ့ ဒီဝါဒဖြန့်မှုတွေကို Facebook က ၄ ရက်ကြာမှ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ ၆ ဖွဲ့ဟာ အန္တရာယ်ရှိတဲ့ ရေးသားမှုတွေကို တားဆီးဖို့အတွက် Facebook နဲ့အတူ လက်တွဲလုပ်နေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

    “ကျွန်တော်တို့ဟာ ဒီစာတွေကို တွေ့ရှိပြီး မြန်မာစံတော်ချိန် စက်တင်ဘာ ၉ ရက် စနေနေ့မှာ ခင်ဗျားတို့အဖွဲ့ကို အီးမေးလ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို အကြောင်းကြားပြီးနောက်ပိုင်း ဒီစာဟာ နောက်ထပ် ၃ ရက်အထိ ဆက်လက်ပြန့်နှံ့နေတုန်းပါ” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

    ပြန့်နှံတဲ့ဝါဒဖြန့်မှုက နှစ်ခုဖြစ်ပြီး မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့စာမှာ မဘသနဲ့ အမျိုးသားရေးအစွန်းရောက်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတာကြောင့် သတိထားဖို့ ရေးသားထားပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေကို ရည်ရွယ်တဲ့စာမှာတော့ မွတ်စလင်တွေဟာ အဲဒီနေ့မှာ ဂျီဟတ်လုပ်ဖို့ရှိနေတာကြောင့် သွေးစည်းကြဖို့၊ ဒီစာကို တစ်ဆင့်ပြန်လည်ဖြန့်ဝေပေးဖို့ တိုက်တွန်းထားပါတယ်။

    အိတ်ဖွင့်ပေးစာပေးတဲ့ အဖွဲ့တွေကတော့ Facebook ဟာ ဒီစာတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

    “ရပ်တန့်အောင် မလုပ်ယုံသာမက ဒီစာဟာ မကြုံစဖူးနည်းလမ်းနဲ့ နိုင်ငံတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပြီး ကြောက်ရွံ့စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ခဲ့ကာ အနည်းဆုံး ရုန်းရင်းဆန်ခတ်မှု ၃ ခုလောက် ဒီကိစ္စမှာ ဖြစ်ခဲ့ပါတယ်”

    Myanmar ICT for Development အဖွဲ့က ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အင်တာနက် လွတ်လပ်ခွင့်ရရေး တက်ကြွလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ မထိုက်ထိုက်က တိုက်ခိုက်မှုတွေဖြစ်မယ်ဆိုတဲ့ ဒီဝါဒဖြန့်မှုကြောင့် နိုင်ငံတစ်ဝှမ်း စိုးရိမ်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

    “ဒီကိစ္စရဲ့ နောက်ဆက်တွဲတွေကို လမ်းတွေပေါ်မှာ တွေ့ခဲ့ရပါတယ်။ လူတွေဟာ အချင်းချင်း စကားစမြည်ပြောတာတွေ သိပ်မလုပ်တော့ဘူး။ မိဘတွေကလည်း ကလေးတွေကို ကျောင်းမတက်ခိုင်းကြတော့ဘူး”

    ဇူကာဘက်က Facebook ရဲ့ ထိထိရောက်ရောက်ဟန့်တားမှုကို ချီးကျူးတယ်လို့ ပြောဆိုမှုကို အံ့အားသင့်ရကြောင်းလည်း ဒီအဖွဲ့ ၆ ဖွဲ့က ပြောကြားခဲ့ပါတယ်။

    “ခင်ဗျားတို့အဖွဲ့ဟာ ဒီကိစ္စကို အလေးထားပုံ မရပါဘူး။ ခင်ဗျားတို့အချက်အလက်တွေကိုကြည့်ရင် ခင်ဗျားတို့အဖွဲ့က အကြီးတန်းအဖွဲ့ဝင်တွေကို ဒီကိစ္စအကြောင်း ကျွန်တော်တို့ကပြောမှ ဒါကို ဆောင်ရွက်ခဲ့တဲ့ ပုံစံမျိုးပါ” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

    အဓိကပြဿနာက ဗမာစကားပြောဆိုတဲ့ ၀န်ထမ်းမျိုး Facebook မှာ မရှိတာလို့လည်း ဒီအဖွဲ့တွေက ပြောပါတယ်။

    “ယုံကြည်ရပြီး ဒီကိစ္စကို ကောင်းကောင်း သတင်းပို့နိုင်ခဲ့တဲ့ အင်္ဂလိပ်စကားပြော နိုင်ငံခြားသားတစ်ဦး ရှိတာ ကျွန်တော်တို့ ကံကောင်းသွားတာပါ။ ဒီလိုစနစ်မျိုးဟာ အားကိုလောက်တဲ့ ခိုင်မာတဲ့စနစ်မျိုး မဟုတ်ပါဘူး။ အစကတည်းကကို နှောင့်နှေးကြံ့ကြာတဲ့ စနစ်မျိုးပါ”

    Facebook ဟာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ နောက်တွန့်နေကြောင်း၊ မြန်မာနိုင်ငံကို Facebook ကိုယ်စားလှယ်တွေ လာရောက်ခဲ့ပေမယ့် အခုအချိန်အထိ ပြဿနာတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တုန့်ပြန်ဖြေရှင်းဖို့ ဆန္ဒမရှိသေးကြောင်း အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    “ခင်ဗျားတို့ နည်းပညာအဖွဲ့ဟာ ပို့စ်တွေပွားနေတာကို သိရှိသင့်ပြီး အမုန်းစကားတွေလို့ ဖော်ထုတ်ထားတဲ့ဟာတွေကို လုံးဝ ဖယ်ရှားပစ်သင့်ပါတယ်။ ဒီလို မြန်မြန်ဆန်ဆန် လုပ်ဆောင်တာကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး”

    Facebook က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Facebook ကို အမုန်းတရားပြန့်နှံ့ဖို့၊ အကြမ်းဖက်အောင် လှုံ့ဆော်ဖို့ အသုံးပြုတာမျိုး မိမိတို့က မလိုချင်ကြောင်း၊ ဒီကိစ္စအတွက် မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကူအညီပေးခဲ့တဲ့အတွက် အလွန် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီဝါဒဖြန့်မှုကို ပထမဆုံး သတင်းပေးတာက မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတဲ့အကြောင့် မာ့ခ်က ရှင်းရှင်းလင်းလင်း မပြောသွားတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ သူတို့ရဲ့ သတင်းပို့မှုကို ကျွ န်တော်တို့ သေသေချချာ ဂရုတစ်စိုက် လက်ခံကာ ဒီသတင်းတွေ ပြန့်နှံ့မှုကို တားဆီးရေး အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လျင်လျင်မြန် ဆောင်ရွက်သင့်ပြီး၊ စော်ကားတဲ့၊ အမုန်းဆောင်တဲ့ မှားယွင်းတဲ့ ရေးသားချက်တွေကို ဖော်ထုတ်တားဆီးရေးအတွက် နည်းပညာတွေနဲ့ နည်းလမ်းတွေ တိုးတက်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်နေပါတယ်”

    Ref: The Guardian

  • မြန်မာနိုင်ငံအတွင်း အမုန်းဝါဒဖြန့်မှုတွင် Feacebook က အဓိကနေရာမှ ပါဝင်နေသည်ဟု ဇူကာဘက်ဝန်ခံ

    မြန်မာနိုင်ငံအတွင်း အမုန်းဝါဒဖြန့်မှုတွင် Feacebook က အဓိကနေရာမှ ပါဝင်နေသည်ဟု ဇူကာဘက်ဝန်ခံ

    ဧပြီ ၃၊ ၂၀၁၈
    M-Media

    Facebook ကိုတည်ထောင်သူ မာ့ခ်ဇူကာဘက်

    – မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ၊ ၀ါဒဖြန့်မှုတွေ ပြုလုပ်ရာမှာ Facebook က အဓိကအခန်းကဏ္ဍကနေ ပါဝင်တယ်လို့ တည်ထောင်သူ မာ့ခ်ဇူကာဘက်က ၀န်ခံလိုက်ပြီး အဲဒီကိစ္စအတွက် အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Vox နဲ့ အင်တာဗျူးမှာ ဒီလို ၀န်ခံခဲ့တာဖြစ်ပြီး Facebook ဟာ နိုင်ငံအတွင်းမှာ ၀ါဒဖြန့်ချီရေး ရင်းမြစ်တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

    နောက်ပြီး လူ့အဖွဲ့အစည်းနှစ်ခုမှာ ပဋိပက္ခဖြစ်စေဖို့အတွက် သွေးကြွစေတဲ့ ရေးသားမှုတွေကို Facebook Messenger ကနေ ဖြန့်ဝေနေတယ်ဆိုတာ သူ့ကို အသိပေးမှု ရှိတယ်လို့ ဇူကာဘက်က ပြောပါတယ်။

    “မြန်မာပြည်က ပြဿနာအတွက် ကုမ္ပဏီအတွင်းမှာ တော်တော်လေး အာရုံစိုက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ စနေနေ့တစ်ရက် ကျွန်တော့်ဆီ ဖုန်းခေါ်မှုကို မှတ်မိနေသေးတယ်။ ပြဿနာဖြစ်နေတဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း သွေးကြွစေတဲ့ သတင်းတွေကို Facebook Messenger ကနေတစ်ဆင့် ဖြန့်နေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်လို့ ဖုန်းဆက်လာတာပါ။ ‘ဗုဒ္ဓဘာသာဝင်တွေ ထကြွတော့မယ်။ ဒါ့ကြောင့် လက်နက်တွေကိုင်ပြီး၊ ဒီနေရာကိုသွားပါ’ လို့ မွတ်စလင်တွေကို တိုက်တွန်းပြီး၊ တစ်ခြားတစ်ဖက်ကိုလည်း ဒီလို တိုက်တွန်းထားတဲ့ စာမျိုးပါ”

    “ဒီလိုမျိုးတွေဆိုတော့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကိုသုံးပြီး လူတွေဟာ ထိခိုက်နာကျင်စေဖို့ လှုံ့ဆော်နေတာ ထင်ရှားတယ်လို့ ကျွန်တော်ထင်ပါတယ်”

    အဲဒီကိစ္စမှာ Facebook ဟာ ဒီ စာတွေကို လိုက်ရှာပြီး မပြန့်သွားအောင် တားဆီးခဲ့တယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။

    “ကျွန်တော်တို့ တော်တော်လေး အာရုံစိုက်ထားတယ်ဆိုတာ ဒီကိစ္စက သေသေချာချာပြောနေပါတယ်”

    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို ၀င်စီးပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလကတော့ ဒါဟာ လူမျိုးစုလိုက် သုတ်သင်မှု နမူနာလို့ ပြောကြားခဲ့ပါတယ်။

    “ပြီးခဲ့နှစ်မှာ Facebook နဲ့ပတ်သက်ပြီး ကျွန်တော်ကြားခဲ့ရတဲ့ ကြောက်စရာ ဇာတ်လမ်းတွေထဲက တစ်ခုက Faebook ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်မှုမှာ တကယ့် ရင်းမြစ်ကြီးတစ်ခု ဖြစ်နေတယ်ဆိုတာပါ။ လူမျိုးစုလိုက် သုတ်သင်မှုရဲ့ အစိတ်အပိုင်းကို ဖြစ်နေပါတယ်” လို့ ဇူကာဘက်က အင်တာဗျူးမှာ ပြောပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က မြန်မာနိုင်ငံရဲ့ သတင်းစီးဆင်းမှုကို Facebook က လွှမ်းမိုးနေပေမယ့် Facebook အတွက်တော့ မြန်မာဈေးကွက်ဟာ သိပ်ပြီး အရေးမပါဘူးလို့ ပြောကြားခဲ့တဲ့စကားကို ထောက်ပြပြီး သူတို့ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မေးခွန်းထုတ်တဲ့အခါ ဇူကာဘက်က

    “ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရုံးတွေရှိနေတာကြောင့် တစ်ကမ္ဘာလုံကို ဖြန့်ကျက်ထားတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ရုံးချုပ်က ကယ်လီဖိုးနီးယားမှာဖြစ်ပေမယ့် သုံးစွဲသူ တော်တော်များများဟာ အမေရိကန်က မဟုတ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်း မတူညီတဲ့ဒေသတွေက မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ထိုက်သင်တဲ့အာရုံစိုက်မှုမျိုး လုပ်ဖို့ဟာ အမြဲတမ်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့နဲ့ ပတ်သက်ခဲ့တဲ့ ဗြိတိန်အခြေစိုက် နိုင်ငံရေးအကြံပေးအဖွဲ့ Cambridge Analytica က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူပြီး အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ ပြဿနာမှာ ပါဝင်မှုကြောင့် Facebook ဟာ လတ်တလောမှာ ဝေဖန်မှုကို အကြီးအကျယ်ခံနေရပါတယ်။

    ဒီကိစ္စအတွက် အမေရိကန်အောက်လွှတ်တော်မှာ လာရောက်ရှင်းပြပေးဖို့ အကြောင်းကြားစာကို Facebook က လက်ခံရရှိထားပြီး၊ ဗြိတိန်လွှတ်တော်ကလည်း ဒီအချက်အလက် အလွဲသုံးစားပြုမှုကိစ္စအတွက် ဇူကာဘတ်ကို တစ်ဦးချင်း မေးမြန်းခွင့်ရဖို့ တောင်းဆိုထားပါတယ်။

    ဇူကာဘတ်ကတော့ Cambridge Analytica ကိစ္စမှာ သူတို့အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

    Ref: CNA

  • မြန်မာနိုင်ငံတွင် Facebook က အမုန်းစကားဖြန့်ဖြူးရာနေရာ ဖြစ်နေသည်ဟု ကုလတာဝန်ရှိသူများပြော

    မြန်မာနိုင်ငံတွင် Facebook က အမုန်းစကားဖြန့်ဖြူးရာနေရာ ဖြစ်နေသည်ဟု ကုလတာဝန်ရှိသူများပြော

    မတ် ၁၃၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမှာ အမုန်းစကားတွေ ပြန့်နှံ့ရာမှာ Facebook က အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ပြစ်တင်ပြောဆိုလိုက်ပါတယ်။

    “လုပ်မယ်ဆိုရင် လူထုထဲမှာ မကျေမချင်းမှုတွေ၊ မှားယွင်းတဲ့ သဘေထားအမြင်တွေနဲ့ ပဋိပက္ခတွေကို အဆင့်တစ်ခုအထိ ဖြစ်လာအောင် ဆိုရှယ်မီဒီယာက တော်တော်လေး အထောက်အကူဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် အမုန်းစကားဟာ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေက ဆိုရှယ်မီဒီယာဟာ Facebook ဖြစ်ပြီး Facebook ဟာ ဆိုရှယ်မီဒီယာပါပဲ” လို့ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌ မာဇူကီ ဒါရုစ်မန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်းဟီးလီကလည်း Facebook ဟာ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ ပုဂ္ဂလိကဘ၀တွမှာ တော်တော်အရေးပါပြီး အစိုးရဟာ သတင်းအချက်အလက်တွေ လူထုဆီရောက်ဖို့ Facebook ကို အသုံးပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ အားလုံးကို Facebook ကနေ လုပ်တာပါ။ ပြည်သူလူထုကို သတင်းပေးဖို့အတွက် သုံးကြတယ်။ ဒါပေမယ့် အစွန်းထွက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေဟာ ကိုယ်ပိုင် Facebook အကောင့်တွေရှိပြီး အကြမ်းဖက်မှုတွေဖြစ်အောင်၊ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေအပေါ် အမုန်းတရားတွေ ဖြစ်လာအောင် တကယ့်ကို လှုံ့ဆော်နေကြတာပါ။ Facebook ဟာ သူတို့ရည်ရွယ်ထားသလိုမဟုတ်ဘဲ မကောင်းဆိုးဝါးပုံစံ ဖြစ်လာတဲ့အတွက် ကျွန်မ စိုးရိမ်မိပါတယ်”

    ကုလတာဝန်ရှိသူတွေရဲ့ အခုမှတ်ချက်အတွက် Facebook ဖက်က တရားဝင် တုန့်ပြန်တာမျိုး မလုပ်သေးပါဘူး။

    မြန်မာနိုင်ငံအတွင်းမှာ အမုန်းစကားတွေကို ဖယ်ရှားရေး၊ အမုန်းစကား ဖြန့်ဖြူးသူတွေကို ပိတ်ပင်ရေး ဆောင်ရွက်နေတယ်လို့ Facebook ဟာ ယခင်က ပြောကြားထားဖူးပါတယ်။

    ဗုဒ္ဓစ်ဘင်လာဒင်လို့ အမည်ရတဲ့ မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်ဘုန်းကြီး ၀ီရသူရဲ့ အကောင့်ကို Facebook က ဇန်န၀ါရီလမှာ ဖယ်ရှားခဲ့ပါတယ်။

    Ref : The Guardian