News @ M-Media

Tag: HRW

  • VOA: ဘာသာရေးပြဿနာဖြေရှင်းရေး မြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း

    VOA: ဘာသာရေးပြဿနာဖြေရှင်းရေး မြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    10419982_694744927241771_4708238786814110237_n
    မြန်မာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ကမ္ဘာ့ခေါင်းဆောင်တွေက ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

    နိုဝင်ဘာလအတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းဝေးမတိုင်ခင် အခုလို တိုက်တွန်းလိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

    နောက်လမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှနဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတသစ် ဂျိုကို ၀ီဒိုဒို၊ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ပ် ရာဇက် တို့ တက်ရောက်ဖို့ ရှိပါတယ်။ ဒီခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး မြန်မာသမ္မတကို တိုက်တွန်းဖို့ အရေးကြီးကြောင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

    ကနဦးအစမှာပဲ ရှိနေသေးတဲ့ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာရဲ့ဖိအားတွေကို ဂရုစိုက်နေချိန် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေဟာ ထိရောက်မှုရှိတယ်လို့ အရှေ့အာရှရေးရာတာဝန်ခံ Brad Adam က ပြောပါတယ်။

    “မြန်မာ့ပြုပြင်ပြောင်းလဲရေး အစကာလမှာ နိုင်ငံတကာရဲ့ထောက်ခံမှု၊ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လိုနေတာပါ။ တကယ်လို့ ဆိုးဆိုးရွားရွားတွေ ပြန်ပြီး ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံကို ၀ိုင်းဝန်း ဒဏ်ခတ်ကြပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကို မြန်မာခေါင်းဆောင်တွေက အဖြစ်မခံနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တိုက်တွန်းချက်တွေကို ဂရုတစိုက် နေထိုင်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာအများစုဟာ လူမျိုးရေးခွဲခြားတယ်လို့လည်း ကျနော်မမြင်ပါဘူး။ အဓိကအချက်က  ဘာသာရေးပဋိပက္ခ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းဖို့ လိုနေတာပါ။”
    10440843_1478295505745599_8520056488649882664_n
    မြန်မာနိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေးတွေ ဟောပြောနေတာ အထူးသဖြင့် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ဘူးလို့ HRW က တနင်္လာနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် ‘မဘသ’ လို့ခေါ်တဲ့ ၉၆၉ အဖွဲ့ကနေ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို အခြေခံပြီး အကြမ်းဖက်မှုတွေနဲ့ အခြားရာဇ၀တ် ကျူးလွန်မှုတွေဖြစ်အောင် အမုန်းစကားတွေနဲ့ စည်းရုံးဟောပြောနေတာတွေကို မြန်မာအစိုးရက ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်းလည်း HRW က ရေးသားထားတာပါ။ ဒါနဲ့ပတ်သက်လို့ Brad Adam က –

    “အဒေါ့ဟစ်တလာဦးဆောင်တဲ့ နာဇီတွေဟာ ဂျူးတွေဆီက ပစ္စည်းတွေမ၀ယ်ဖို့ တားမြစ်ခဲ့ပြီး ဂျူးတွေကို ခွဲခြားတဲ့ အမှတ်တံဆိပ်တွေ တပ်ခိုင်းခဲ့ပြီးနောက် လူမျိုးတုန်းသတ်ဖြတ်မှုထိ ဖြစ်ခဲ့ပြီး အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်ကို ဦးတည်ခဲ့တာပါ။ ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေဟာ ဒေသတွင်း နိုင်ငံတချို့မှာလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းက ကမ္ဘောဒီးယားမှာဆိုရင် လူနည်းစု ဗီယက်နမ်တွေကို ခွဲခြားပြီး အကြမ်းဖက်တိုက်ခိုက်တာ၊ ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူတွေကို တိုက်ခိုက်တာမျိုးတွေပါ။ ဘာသာ၊ လူမျိုး မတူကွဲပြားတဲ့အပေါ်မှာ အများစုက အုပ်စုလိုက် အကြမ်းဖက်တဲ့ ဖြစ်ရပ်မျိုးတွေဟာ အစွန်းရောက်မှုကို ဦးတည်စေတာပါ။ ဒါတွေကို လူ့အဖွဲ့အစည်းတွေအနေနဲ့ လက်ခံလို့ မသင့်ပါဘူး။”

    မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာစေတဲ့ အမုန်းစကား ဟောပြောချက်တွေ၊ စည်းရုံးလှုပ်ရှားမှုတွေကို အစိုးရအာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူတာမျိုး မရှိတာကြောင့် အကြမ်းဖက်တာတွေ ပိုပြီးကြီးထွားလာမှာကို စိုးရိမ်နေကြောင်း ပြည်တွင်းအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ညီလာခံမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

    ဒါကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ထိခိုက်စေတာတွေ မြန်မာအစိုးရအနေနဲ့ အလေးထားဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေးရလိမ့်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ ၀ါရှင်တန်ဒီစီကို ခေတ္တခဏ ရောက်ရှိနေတဲ့ မဇင်မာအောင်က ပြောပါတယ်။

    “အာဆီယံအစည်းအဝေးပွဲကြီးပေါ့နော် ဥက္ကဌအဖြစ်နဲ့ တာဝန်ခံပြီးတော့ ကျင်းပရတဲ့ အခွင့်အရေးဟာ ဘာမှမဟုတ်ဘူး။ ဒီလိုမျိုးပဲ နိုင်ငံတကာက ခေါင်းဆောင်တွေလာပြီးတော့ ပြောသွားဆိုသွားကြပြီးတော့ ကျမတို့သာမန် လူထုတွေ၊ နိုင်ငံသားတွေအတွက်ကတော့ ဒုံရင်းဒုံရင်းပဲ ဖြစ်နေမယ်ဆိုရင် ဒီအစည်းအဝေးပွဲကြီး လုပ်ရတာဟာ ကျမတို့ပြည်သူလူထုတွေ အတွက်ကတော့ ထူးမခြားနားပဲ။ ဘာမှမထူးဘူး။ ဒီအုပ်ချုပ်နေတဲ့ လူတန်းစားအတွက်ပဲ ခရက်ဒစ်တွေရသွားတဲ့ ကိစ္စလို့ပဲ ပြောစရာဖြစ်မယ်။ ဒါကြောင့်မို့လို့ ကမ္ဘာအနှံ့ကနေ လာကြမယ့် ခေါင်းဆောင်တွေ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံကပါလို့ ပြောနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာက ဗမာပြည်မှာဖြစ်နေတဲ့ လက်ရှိ အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာတွေကို အသိအမှတ်ပြုပြီးတော့ လက်ရှိ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသိန်းစိန်အစိုးရကို ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ပြုမူမှုတွေ၊ နောက်ပြီးတော့ စီမံခန့်ခွဲမှုတွေ၊ အရေးယူမှုတွေ လုပ်ဖို့လို့ ကျမတို့က တိုက်တွန်းချင်ပါတယ်။”

    မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကြား ဂိုဏ်းဂဏကွဲပြားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာလည်း မိတ္ထီလာ၊ လားရှိုး၊ မန္တလေး မြို့ကြီးတွေ အပါအ၀င် အခြားဒေသတချို့မှာလည်း ဖြစ်ခဲ့တာပါ။ အခုလို ပြည်တွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ပိုပြီး ဆိုးရွားမလာအောင်၊ ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို ကုလသမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။

    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်သည့် လူအုပ်

    http://burmese.voanews.com/content/hrw-thein-sein-burma/2491808.html

  • အာဖရိက သမဂ္ဂတပ်များ ဆိုမာလီ အမျိုးသမီးများကို အဓမ္မ ကျင့်ခဲ့သည်ဟု HRW ပြော

    အာဖရိက သမဂ္ဂတပ်များ ဆိုမာလီ အမျိုးသမီးများကို အဓမ္မ ကျင့်ခဲ့သည်ဟု HRW ပြော

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    201498104956842734_20
    – နိုင်ငံတကာမှ အထောက်အပံ့ပေးထားပြီး ဆိုမာလီတွင် တပ်ဖြန့်ချထားသည့် အာဖရိကသမဂ္ဂတပ်များမှာ အရွယ်မရောက်သေးသူများအပါအ၀င် ဆိုမာလီ အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ပြီး အစားအသောက် အကူအညီများကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနှင့် အပေးအယူလုပ်ကြသည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW မှ ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆိုမာလီအမျိုးသမီး ၂၁ ဦး၏ ထွက်ဆိုချက်များကို အခြေခံကာ အဆိုပါ အစီရင်ခံစာကို HRW မှ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ အာဖရိက သမဂ္ဂမှ စစ်သားများမှာ ဆိုမာလီအမျိုးသမီးများနှင့် ကလေးငယ်များအား လိင်ပိုင်းဆိုင်ကျူလွန်ရေးအတွက် အကျပ်ကိုင်ရန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအ၀င် နည်းလမ်းများစွာကို အသုံးပြုခဲ့သည်ဟု ရေးသားထားသည်။

    “လိင်ပိုင်းဆိုင်ရာ အပေးအယူအဖြစ် ဒီလိုကျူးလွန်ပြီးတဲ့နောက်မှာ စစ်သားတွေဟာ သူတို့ကို အစားအသောက် ဒါမှမဟုတ် ငွေတွေပေးတယ်လို့ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေက ပြောကြားခဲ့ပါတယ်” ဟု HRW ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    AMISOM ဟု အမည်ပေးထားသည့် အဆိုပါတပ်မှာ နိုင်ငံပေါင်း ၆ နိုင်ငံမှ စစ်သားအရေအတွက် ၂၂၀၀၀ ပါဝင်ပြီး ၂၀၀၇ ခုနှစ်မှစ၍ ဆိုမာလီ အစိုးရတပ်များနှင့် ပူးပေါင်းကာ အလ်ရှာဘတ် အဖွဲ့အား တိုက်ခိုက်ခဲ့နေသည့် တပ်များဖြစ်သည်။

    AMISOM ကမူ မုဒိမ်းကျင့်ခြင်းမှာ သီးခြားဖြစ်ရပ်တစ်ခုသာဖြစ်ပြီး ထိုအစီရင်ခံစာမှာ မျှတမှုမရှိဟု တုံ့ပြန်ခဲ့သည်။

    HRW မှ တွေ့ဆုံမေးမြန်းခဲ့သည့် အသက်အငယ်ဆုံးအမျိုးသမီးမှာ ၁၂ နှစ်အရွယ်ရှိပြီး ၎င်းအား ယူဂန်ဒါ စစ်သားများက မုဒိမ်းကျင့်ခဲ့သည်ဟု ဖြေကြားခဲ့သည်။

    “AMISOM စခန်းတွေမှာ ဆေးဝါး အကူအညီနဲ့ သောက်သုံးရေ ရရှိရေး သွားရောက်ကြတဲ့ အမျိုးသမီးတွေကို သူတို့(စစ်သားတွေ)ဟာ မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကို လုပ်ခဲ့ကြပါတယ်” ဟု HRW က ဆိုသည်။

    ref_Agencies

  • FBI မှ မွတ်စလင်များကို အကြမ်းဖက်သမားအဖြစ် ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း HRW ပြော

    ဇူလိုင် ၂၄ ၊၂၀၁၄
    M-Media

    ၉/၁၁ ပြီးနောက် FBI မှာ ထောင်ချောက်ဆင်၍ မွစလင်များအား အကြမ်းဖက်သမားများအဖြစ် ဖမ်းဆီးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြ

    FBITrapped-Muslims-into-Terror-Attacks
    – ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI က  ငွေကြေးများစိုက်ထုတ်၍ အကြမ်းဖက် တိုက်ခိုက်မှုပုံစံများ ဖန်တီး ထောင်ချောက်ဆင်ကာ မွတ်စလင်များအား ဖမ်းဆီးခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က စွပ်စွဲ ပြောကြားလိုက်သည်။

    “အမေရိကန် မွတ်စလင်တွေအပါအ၀င်၊ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်မှုတွေမလုပ်ဘဲ၊ ဒီအစီရင်ခံစာမှာဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကလည်း ဥပဒေထိန်းသိမ်းရေးအဖွဲ့တွေ တကယ့်ခြိမ်းခြောက်မှုအစစ်ကို လိုက်ရာကနေ လမ်းလွဲစေပါတယ်” ဟု Human Rights Watch မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို ကိုးကား၍ AFP သတင်းဌာနက ဇူလိုင် ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာမှာ အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသည့် အမှု ၂၇ ခုကို စုံးစမ်းစစ်ဆေးကာ၊ အကြမ်းဖက်မှုကျူးလွန်သူ သို့မဟုတ် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူများ၊ ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့အား အမှုလိုက်ပေးနေသည့် ရှေ့နေများနှင့် တရားသူကြီးများ အပါအ၀င် လူပေါင်း ၂၁၅ ဦးကို အင်တာဗျူးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ဆေးမှုများကို HRW နှင့် ကိုလံဘီယာ တက္ကသိုလ် ဥပဒေဌာန လူ့အခွင့်အရေး အင်စတီကျုတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

    “တစ်ချို့ကိစ္စတွေမှာ  အကြမ်းဖက်လုပ်ရပ်အတွက် အကြံအဥာဏ်ပေးတာမျိုးတွေ ဒါမှမဟုတ် ပစ်မှတ်ထားတဲ့ လူတစ်ယောက်ကို အကြမ်းဖက် လုပ်ရပ်လုပ်ဖို့ တိုက်တွန်းတာတွေလုပ်ပြီး  အကြမ်းဖက်သမားကို FBI က ဖန်တီးတာမျိုးတွေ ရှိပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ပြစ်မှုကျူးလွန်မှုများ၏ ထက်ဝက်ကျော်မှာ လုပ်ကြံဖန်တီးထားသော ကိစ္စများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး အမှု ၃၀ ရာခိုင်နှုန်းတွင် FBI မှ သူလျှိုများမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သိရသည်။

    “အမေရိကန်အစိုးရဟာ တားဆီးခြင်း၊ အရေးယူခြင်းတွေပြုလုပ်ပြီး အကြမ်းဖက်ဝါဒကနေ ပြည်သူတွေကို ကာကွယ်မှုပေးထားတယ်လို့ အမေရိကန်တွေက ပြောကြပါတယ်။ ဒါပေမယ့် သေသေချာချာလေ့လာကြည့်ရင် ဥပဒေထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က အကြမ်းဖက်မှုလုပ်ရပ်တွေကို ကျူးလွန်ဖို့ တိုက်တွန်းတာ၊ ဖိအားပေးတာ၊ တစ်ခါတစ်ရံမှာ ထောက်ပံ့တာမျိုးတွေမရှိဘူးဆိုရင် (အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့) ဒီလူတွေဟာ ဘယ်တော့မှ ရာဇ၀တ်မှုကို ကျူးလွန်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်” ဟု ၀ါရှင်တန် HRW မှ လက်ထောက်ဒါရိုက်တာ အန်ဒရီယာ ပရာဆိုက ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်တရားသူကြီးချုပ် အဲရစ်ဟိုလ်ဒါကမူ FBI ၏ သူလျှိုများမှာ အကြမ်းဖက်ဝါဒအား တွန်းလှန်ရာတွင် အရေးပါသည်ဟု HRW စွပ်စွဲမှုများ ကာကွယ် ပြောကြားခဲ့သည်။

    အကြမ်းဖက်မှုအတွက် ဇာတ်လမ်းဆင်ရာတွင် FBI မှာ တစ်ခါတစ်ရံ၌ အသိဥာဏ်နိမ့်ပါးသူများ၊ စိတ်ပိုင်းဆိုင်ပြဿနာရှိသူများ စသည့် ပုံမှန်မဟုတ်သူများကို ပစ်မှတ်ထားအသုံးချခဲ့သည်ဟုလည်း HRW က ဆိုကာ ပင်တဂွန်နှင့် ကွန်ဂရက်တို့အား ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းလေယာဉ်ငယ်ဖြင့် တိုက်ခိုက်လိုခြင်းကြောင့် ထောင်ဒဏ် ၁၇ နှစ်ချခံခဲ့၇သည့် အသက် ၂၇ နှစ်အရွယ် ရက်ဇ်ဝန် ဖစ်ရ်ဒေါက်စ်၏ အမှုအား ထောက်ပြခဲ့သည်။

    ဖစ်ရ်ဒေါက်မှာ ဆိုးရွားသည့် စိတ်ကျန်းမာရေးပြဿနာရှိနေသည်ဟု FBI အေးဂျင့်တစ်ဦးက ၎င်း၏ အဖေအား ပြောကြားခဲ့သော်လည်း FBI သူလျှိုများအနေဖြင့် ၎င်းတို့၏ ထောင်ချောက်ဆင်မှုကို ရပ်တန့်ခဲ့ခြင်းမရှိချေ။

    “အမေရိကန်အစိုးရက အမေရိကန် မွတ်စလင်တွေကို ဂွင်စောင့်နေတဲ့ အကြမ်းဖက်သမားတွေအဖြစ် ပြုမူဆက်ဆံနေတာတွေကို ရပ်သင့်ပါပြီ” ဟု HRW ၏ အဆိုပါ အစီရင်ခံစာ နိဂုံးချုပ် ဖော်ပြထားသည်။

    ထို့ပြင် နယူးယောက်ရှိ မွတ်စလင်သစ်လွင်လေးဦးက ဂျူးဘုရားကျောင်းနှင့် အမေရိကန်စစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် အစီအစဉ်ဆွဲခဲ့သည်ဟု စွပ်စွဲထားသည့် ဖြစ်စဉ်တွင် အစိုးရက နည်းလမ်းများချပေးကာ ထိုလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အတားအဆီးများကိုလည်း ဖယ်ရှားပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအမှုအား ကိုင်တွယ်နေသည့် တရားသူကြီးတစ်ဦး၏ ပြောကြားချက်ကိုလည်း ထိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ယခင် FBI အေးဂျင့်ဟောင်း မိုက် ဂျာမန်ကမူ FBI ၏ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်မှာ ပြည်သူများ၏ ကိုရေးကိုယ်တာနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်ကြောင်း စိုးရိမ်စရာများရှိနေပြီး၊ ထိုအစီအစဉ်မှာလည်း ခြိမ်းခြောက်မှုအစစ်အမှန်များကို ဖြေရှင်းရာတွင် မထိရောက်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် FBI မှ မွတ်စလင်များအား ထောင်ချောက်ဆင်ဖမ်းဆီးမှုများကို ဖော်ပြထားသော HRW ၏ အစီရင်ခံစာအား လစ်လျူရှု၍ မရဟုလည်း ပညာရှင်များက FBI ကို သတိပေးထားသည်။

    Ref: OnIslam.net & News Agencies

  • BBC: ဒုချီးရားတန်း ကိစ္စ စုံစမ်းဖို့ HRW ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    BBC (မြန်မာပိုင်း)
    DSC_0015 copy
    မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း အကြမ်းဖက်မှုမှာ လူသေဆုံးမှု ရှိခဲ့ပြီး ဆိုးရွားတဲ့ ဖြစ်ပျက်မှုတွေ ရှိခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောပါတယ်။

    ဂြိုဟ်တုက ရတဲ့ အထောက်အထားတွေ၊ မျက်မြင်သက်သေတွေနဲ့ အစီရင်ခံစာတွေပေါ် မူတည်ပြီး ပြောတာလို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

    ရခိုင် ကိစ္စမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုဖို့ အစိုးရကို တောင်းဆိုထားတယ်လို့လည်း HRW က ပြောပါတယ်။

    အခု ခရီးစဉ်အတွင်း HRW က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကထက် ပိုမို တိုးတက်လာတယ်လို့ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Kenneth Roth က ပြောပါတယ်။

    ဓါတ်ပုံ အညွှန်း- HRW က သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံစဉ်
    Photo- ပြန်ကြားရေး

    http://www.bbc.co.uk/burmese/burma/2014/02/140206_hrw_rakhine_evidence.shtml

  • ဆက်သွယ်ရေး ဥပဒေကို လွှတ်တော်က အတည်မပြုသေးခင် ထွက်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှု

    ဇူလိုင်-၃၊ ၂၀၁၃
    M-Media

    မြန်မာအစိုးရက တယ်လီဖုန်းဆက်သွယ်ရေး တင်ဒါအောင်မြင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ဇွန် ၂၇ က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေကိုတော့ ပါလီမန်က အတည်မပြုသေးပါ။ အစိုးရအနေနဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကနေ တယ်လီဖုန်း အသုံးပြုသူများရဲ့ ဘယ်လိုမျိုး အချက်အလက်တွေကို ကြည့်ရှု သုံးသပ်နိုင်ခွင့်ရှိသလဲဆိုတာကို ဒီဥပဒေက ပြဌာန်းပေးမှာပါ။

    20475967

    တယ်လီဖုန်းတင်ဒါ အနိုင်စာရင်း ကြေညာအပြီးမှာပဲ ပြည်တွင်း မီဒီယာများကြောင့် မြန်မာပြည်သူ အများစု မျက်မုန်းကျိုးနေတဲ့ လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်မှုအဖွဲ့ (HRW) ကတော့ သူတို့လပေါင်းများစွာ ကြိုးစားလာနေခဲ့တဲ့ ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေးကိစ္စတွေ၊ အစိုးရအတွင်း ထင်သာမြင်သာရှိမှု ကိစ္စတွေနဲ့ ပတ်သတ်လို့ မှတ်ချက်ပေးပြောဆိုမှု ချက်ချင်းပြုလုပ်ခဲ့တာပါ။

    “မြန်မာပြည်မှာ အီလက်ထရောနစ် (ကိုယ်ရေးအချက်အလက်ကာကွယ်မှု) လုံခြုံရေးဥပဒေမရှိဘူး။ ဥပဒေကို ပါးစပ်နဲ့ လိုသလို ဆွဲပြောပြီး (ပြစ်ဒဏ်တွေ ချမှတ်တာကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။) အနီးကပ်စောင့်ကြည့် တဲ့ဟာမျိုးတွေလည်း အများအပြား ရှိပါတယ်။ တရားရုံးတွေက အစိုးရလက်အောက်ကနေ လွတ်လွတ်လပ်လပ်ရှိဖူးတဲ့ သမိုင်းကြောင်းလည်း မရှိဘူး။ မြန်မာစစ်တပ်က လုပ်ပိုင်ခွင့်အများစုကို ထိန်းချုပ်ထားတုန်းပဲ၊ အဲဒီအထဲမှာ အရေးပေါ်အခြေအနေ ကြေညာပိုင်ခွင့်တွေနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကို ထိန်းချုပ်ဖို့ အခွင့်တွေပါ ပါနေတယ်။ ဒါ့ပြင် အရင် အာဏာပိုင်တွေ သုံးခဲ့တဲ့ ပြည်သူ့ အကျိုးစီးပွားတွေကို ကန့်သတ်ချုပ်ခြယ်ပြီး ဝေဖန်မှုတာတွေ လျစ်လျူပြုတဲ့ ဥပဒေတွေကိုလည်း ပြန်လည် သုံးသပ်တာမျိုး မလုပ်သေးပါဘူး” လို့ HRW ကြေညာချက်က ဖော်ပြပါတယ်။

    IHRB လို့ခေါ်တဲ့ The Institute for Human Rights and Business ကလည်း အလားတူ စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ပါတယ်။ အာဏာပိုင်တွေက တယ်လီဖုန်း ဆက်သွယ်ရေး အခြေခံနည်းလမ်းတွေကို အချိန်မရွေး ထိန်းချုပ်နိုင်သလို အနီးကပ်လေ့လာ စောင့်ကြည့်မှုတွေ၊ ဆက်သွယ်ရေး ကွန်ယက်ဖြတ် တောက်ပစ်မှုတွေ၊ ဆင်ဆာဖြတ်မှုတွေ သာမက ဂျာနယ်လစ်တွေ၊ အစိုးရပေါ်လစီကို ဆန့်ကျင်သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နိုင်တယ်လို့ IHRB က သတိပေးပြောကြားပါတယ်။ တယ်လီနော်နဲ့ အော်ရီဒိုးတို့အနေနဲ့ ဒါမျိုးကိစ္စတွေ ဖြစ်ပေါ်လာတာနဲ့ တပြိုင်တည်း ထုတ်ဖော်ပြောဆိုဖို့လည်း IHRB က တိုက်တွန်းထားပါတယ်။

    HRW ရဲ့ စီနီယာ အင်တာနက် လေ့လာသူဖြစ်တဲ့ စင်သီယာဝုန်းကတော့ တယ်လီနော်နဲ့ အော်ရီဒိုးတို့က ဖုန်းအသုံးပြုသူတွေကို ထက်ထက်သန်သန် အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။  “လူ့အခွင့်အရေး ချိုးဖောက်မှု များစွာရှိတဲ့ မြန်မာပြည်အနေနဲ့ လိုင်စင်အနိုင်ရ ကုမ္ပဏီနှစ်ခုကို အစိုးရကိုယ်တိုင် ဆင်ဆာပိတ်မှုတွေ၊ တရားမ၀င်တဲ့ အနီးကပ်စောင့်ကြည့်မှုတွေသာမက ကွန်ယက် ဖြတ်ပြစ်တာမျိုးတွေ ပြုလုပ်ခြင်းကနေ ရပ်တန့်သင့်ပါပြီ” လို့ သူမက ဆိုပါတယ်။

    တယ်လီနော်ရဲ့ ဒုတိယဥက္ကဌကတော့ မြန်မာဖုန်း အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အလုံခြုံဆုံး ထိန်းသိမ်းပေးသွားမယ်လို့ ဆိုပါတယ်။ အော်ရီဒိုးကိုတော့ အမ်-မီဒီယာအပါအ၀င် အခြားမီဒီယာတွေ အားလုံး အဆက်အသွယ် ပြလုပ်လို့ မရသေးပါ။

    မြန်မာအခြေဆိုက် သုတေသနနဲ့ အရောင်းအ၀ယ် အကြံပေးကုမ္ပဏီ သူရဆွီဇ် (www.thuraswiss.com) ဒုဥက္ကဌ ဂျေရီမီ ရသ်ဂျန်ကတော့ မြန်မာအစိုးရ ဖုန်းအသုံးပြုသူများရဲ့ အချက်အလက်တွေ ခေါ်ဆိုမှုတွေကို စိစစ်တာမျိုးတွေ မလွဲမသွေပြုလုပ်သွားလိမ့်မယ် လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

    “အစိုးရက အလိုရှိရင် သူတို့ (ဖုန်းကုမ္ပဏီ) တွေက (ချုပ်ဆိုထားတဲ့ စာချုပ်ပါ ဥပဒေတွေအတိုင်း) အစိုးရကို အချက်အလက်တွေ ပေးရမှာပဲ” လို့ သူကဆိုပါတယ်။ ဒါပေမယ့် သူက အမေရိကမှာဆို မြန်မာအစိုးရထက်ကို ပိုဆိုးတာပေါ့လို့လည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

    ကိုးကား – မြန်မာတိုင်းမ်စ်

    (http://www.mmtimes.com/index.php/national-news/7339-telecom-companies-must-protect-customers-hrw.html)