News @ M-Media

Tag: HRW

  • လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို

    လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို

    (ဧပြီ ၂၈-၂၀၁၇) က တရားရုံး အမိန့်မပါဘဲ ချိပ်ပိတ်ခံရသည့် သာကေတ အာရဗီကျောင်း

    လူနည်းစုဘာသာဝင်တွေရဲ့ ၀တ်ပြုကိုးကွယ်မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ဖို့ HRW လူ့အခွင့်အရေး အဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အတင်းပိတ်ထားခံရတဲ့ မွတ်စလင်ဗလီနဲ့ ဘာသာရေးကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးပြီး၊ အထူးသဖြင့် မွတ်စလင်ဥပုဒ်လအတွင်း သူတို့ရဲ့စုဝေး၀တ်ပြုမှုတွေကို ခြိမ်းခြောက်ဟန့်တားမှုမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

    မေလ ၃၁ ရက်နေ့တုန်းက ရန်ကုန်သာကေတမြို့နယ်တွင်းမှာ အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်မှာ ၀တ်ပြုဆုတောင်းခဲ့တဲ့အပေါ် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ခြိမ်းခြောက်တားမြစ်တာတွေ လုပ်ခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗလီရော ဘာသာရေးကျောင်းတွေ ကန့်သတ်ပိတ်ပင်ခံရတဲ့အခြေအနေဟာ ပြဿနာ အရင်းအမြစ်ဖြစ်ပြီး၊ အထူးသဖြင့်တော့ အခုလို မွတ်ဆလင်တွေရဲ့ ဥပုဒ်လအတွင်းမှာ သူတို့ရဲ့ လွတ်လပ်စွာဝတ်ပြုဆုတောင်းမှုတွေကို အကာအကွယ်ပေးဖို့ အစိုးရကို HRW က တောင်းဆိုထားပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးနဲ့ပတ်သက်ပြီး တဖက်သပ်ဆန်တဲ့ အမိန့် ဥပဒေတွေကို ဖျက်သိမ်းဖို့လိုတယ်လို့ HRW ပြောခွင့်ရသူ Phil Robertson က ဗွီအိုအေကို ပြောပါတယ်။

    “လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာရေးအရ ကိုးကွယ်ဝတ်ပြုမှုတွေအပေါ် ထားရှိတဲ့ တဖက်သပ် ဥပဒေလုပ်ထုံးလုပ်လုပ်နည်းတွေ ရုပ်သိမ်းရေး အလျင်အမြန်ဆောင်ရွက်ဖို့ HRW အဖွဲ့အနေနဲ့ တိုက်တွန်းပါတယ်။ မွတ်ဆလင်ဗလီတွေ ခရစ်ယာန်ဘုရားကျောင်းတွေလို ဘာသာရေးအဆောက်အဦးတွေအပေါ် ဆောက်လုပ်ခွင့် ပြုပြင်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေတွေ ချက်ခြင်း ပယ်ဖျက်သင့်ပါပြီ။”

    ပြီးခဲ့တဲ့ လကုန်ပိုင်းက သာကေတမြို့နယ်တွင်း အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်ထွက်ပြီး ၀တ်ပြုတာဟာ၊ သူတို့ဝတ်ပြုနေကြ ဘာသာရေးကျောင်းတွေ ပိတ်ခံရတာကြောင့် အခုလို လမ်းမပေါ် ထွက် ဆန္ဒပြတာလို့ ယူဆမှုအချို့ရှိပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေးလုပ်ငန်းတွေ လုပ်နေသူတဦးဖြစ်တဲ့ ကိုရှိုှ်ုင်းကတော့ ဒါ မဟုတ်ဘူးလို့ ငြင်းပါတယ်။

    “ခါတိုင်းနှစ်တွေကတော့ ဘာသာရေးစာသင်ကျောင်းတွေရှိတဲ့အခါကျတော့ အဲဒီစာသင်ကျောင်းတွေမှာ သူတို့ ၀တ်ပြုတယ်။ နောက်ပြီးဝတ်ပြုရတာကလည်း ညဘက်ကြီးလိုဖြစ်တာကို ည ၈ နာရီလောက်ကနေ ၁၀ နာရီလောက်အချိန်မှာဆိုရင်တော့ တခြားနေရာတွေသွားဖို့ကလည်းအဆင်မပြေဘူး။ နောက် သာကေတမှာကတော့ နေတဲ့သူတော်တော်များများက လက်လုပ်လက်စားသမားတွေများတော့ နေ့ဘက်ဆိုရင်သူတို့က မြို့ထဲမှာ အလုပ်လာလုပ်ကြတယ်။ နောက် အိမ်ပြန်ပြီးတော့မှ အိမ်အနီးဝန်းကျင်မှာရှိတဲ့ ဘာသာရေးစာသင်ကျောင်းတွေမှာ ၀တ်ပြုတယ်။ ဒီတခေါက်ကတော့ ဘာသာရေးစာသင်ကျောင်းတွေမရှိတော့ဘူးဆိုတဲ့အခါကျတော့ သူတို့မှာ ၀တ်ပြုစရာနေရာမရှိဘူး။ မရှိတော့ ပထမဦးဆုံး ဥပုဒ်ပထမဦးဆုံးနေ့မှာတော့ ဒေါပုံနွယ်အေးရပ်ကွက်မှာရှိတဲ့ ဘလီမှာ သူတို့သွားပြီးတော့ ၀တ်ပြုကြတယ်။ ဒါပေမယ့်လည်း အဲဒီဘလီက လူဦးရေမဆန့်တဲ့အခါကျတော့ လူအယောက် ၂၀၀ လောက်က သူတို့ ၀တ်မပြုပဲနဲ့ အိမ်ပြန်သွားလိုက်ကြတယ်။ အဲလိုမျိုး ဟိုဘက်မှာကလည်း ၀တ်ပြုဖို့နေရာ လည်းမရှိနောက်ပြီးတော့ ၀တ်ပြုဖို့ကတော့ ကိုယ့်အိမ်မှာလည်း ၀တ်ပြုလို့မရဘူး စုပေါင်းဝတ်ပြုရတာဖြစ်တာကြောင့် နောက်ဆုံးမှာ သူတို့က ဘယ်လိုမှ ၀တ်ပြုဖို့ အဆင်မပြေတဲ့အခါကျတော့ လမ်းပေါ်မှာ သူတို့ကနေပြီးတော့မှ စုပေါင်းဝတ်ပြုဖို့ စီစဉ်ခဲ့တာပါ။”

    ဒီအခြေအနေနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနကိုရော သာကေတမြို့နယ်အုပ်ချုပ်ရေးရုံးကိုပါ ဆက်သွယ်ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။ ဒီလို လမ်းပေါ်ထွက် ၀တ်ပြုတာမျိုးမလုပ်ဖို့ ရပ်ကွက်တွေအတွင်း ကြေညာခဲ့တယ်လို့ ဒေသခံတဦးကတော့ ပြောပါတယ်။ HRW ပြောခွင့်ရ Phil Robertson ကတော့ ဒေသအာာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြည်ထဲရေးဝန်ကြီးဌာနကဖြစ်စေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဖြစ်စေ တားမြစ်ပေးဖို့ တောင်းဆိုပါတယ်။

    “ ပိတ်ခံထားရတဲ့ ဗလီတွေနဲ့ ဘာသာရေးကျောင်းတွေကို ပြန်လည်ဖွင့်ပေးသင့်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရ ဘာသာရေးဝတ်ပြုဆုတောင်းမှုတွေအပေါ်မှာ အရေးယူမယ်လို့ ခြိမ်းခြောက်ဟန့်တားတာမျိုးတွေ မလုပ်သင့်ပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ တကမ္ဘာလုံးက လေးစားလိုက်နာရမယ့် လူ့အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ စိုးရိမ်စရာကောင်းတဲ့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ပြောပါရစေ။”

    အလားတူအခြေအနေမျိုးကို မိတ္ထီလာမြို့မှာလည်း ကြုံနေရတယ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားသူ ကိုရှိုင်းက ပြောပါတယ်။

    “မိတ္ထီလာမှာတော့ သူတို့ ခါတိုင်းလိုပဲ ခြံဝန်းထဲမှာကိုပဲ အိမ်တအိမ်မှာ သူတို့ စုပေါင်းပြီးတော့ ၀တ်ပြုကြတယ်။ အဲဒီလိုဝတ်ပြုတာကို အစိုးရကနေပြီးတော့ တားမြစ်တယ်။ အဲဒါကို မန္တလေးတိုင်းကနေပြီးတော့မှ ဆင်းပြီးတော့ အကုန်လုံးကို ဒီနေရာမှာ ဆိုပြီးနေရာအတိအကျဖော်ပြပြီး အဲဒီနေရာတွေမှာ ၀တ်မပြုရဆိုတဲ့ စာထုတ်ပြီးတော့ လက်မှတ်ထိုးခိုင်းနေပါတယ်။”

    သာကေတမြို့နယ်တွင်းက မွတ်ဆလင်ဘာသာရေးကျောင်းနှစ်ကျောင်းမှာ ၀တ်ပြုဆုတောင်းတာတွေလုပ်တယ်ဆိုပြီး ဗုဒဘာသာအမျိုးသားရေးအဖွဲ့အချို့က တိုင်တန်းတာကြောင့်၊ မြို့နယ်အာဏာပိုင်တွေက အဲဒီ ကျောင်းနှစ်ကျောင်းကို ဧပြီလကုန်ပိုင်းက ချိတ်ပိတ်ခဲ့တာပါ။ မူလအားဖြင့် အဲဒီကျောင်းတွေမှာ စုဝေး ၀တ်ပြုတာလုပ်ခွင့်မရှိဘူးလို့ ကန့်ကွက်သူတွေက ပြောကြပါတယ်။ HRW ကတော့ လွတ်လပ်စွာ ၀တ်ပြု ကိုးကွယ်ခွင့်ဟာ အခြေခံ အခွင့်အရေးတရပ်ဖြစ်တာမို့ ဒီအချက်ကို အကာအကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • HRW က မောင်တောအစီရင်ခံစာ ထုတ်ပြန်၊ အစိုးရက တုန့်ပြန်ပြော ဆို

    HRW က မောင်တောအစီရင်ခံစာ ထုတ်ပြန်၊ အစိုးရက တုန့်ပြန်ပြော ဆို

    111
    မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာတွေကို HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတာကို တွေ့ရစဉ်

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ မီးလောင်မှုနဲ့ ဆက်စပ်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦး ၄၃၀ လောက်ရှိနေကြောင်းနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂကို ဖိတ်ခေါ် သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ HRW က ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

    အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ ဒုတိယ ဒါရိုက်တာ Mr. Phil Robertson က အခုလို ပြောပါတယ်။

    “မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ အဆောက်အဦး ၄၃၀ ဖျက်ဆီးခံထားရတာတွေ့ရှိထား ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေ အတိုက်အခိုက်ခံရပြီး နောက်ပိုင်း နယ်မြေရှင်းလင်းရေးအတွင်း ဖြစ်ပျက်ခဲ့တာပါ။ နယ်မြေရှင်းလင်းမှုတွေအတွင်း ညှင်းပန်းနှိပ်စက်မှုတွေ ၊ ဖမ်းဆီးမှုတွေ ၊ အဓမ္မပြုကျင့်မှုတွေရှိတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဂြိုလ်တုကရိုက်ကူး တဲ့ မှတ်တမ်းတွေ့ရှိချက်တွေအရဆိုရင် အဲဒီကျေးရွာ ၃ ရွာမှာ ဆိုးဆိုးဝါးဝါး မီးရှို့ဖျက်ဆီးခံထားရတာတွေ ရှိနေပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တာဝန်ယူသင့်ပါတယ်” လို့ပြောတာဖြစ်ပါတယ်။

    မောင်တောမြို့နယ်က ပြောင်ပိုက် ခေါ် (ငါးစားကြူး)ရွာမှာ အဆောက်အဦး ၈၅လုံး ၊ ကြက်ရိုးပြင် ကျေးရွာမှာ ၂၄၅ လုံးနဲ့ ၀ပိတ်ကျေးရွာမှာ အဆောက်အဦး ၁၀၀ ဟာ မီးလောင်မှုကြောင့် ဆက်နွယ်ပြီး ပျက်စီးသွားတာလို့ HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့ ဖေါ်ပြထားတာဖြစ်ပါတယ်။

    HRW ရဲ့အစီရင်ခံစာအပေါ် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောပါတယ်။

    “အစီရင်ခံစာထွက်လာတယ်ပေါ့နော်၊ ထွက်လာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြန်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ပေါ့၊ ဆက်ပြီးတော့လည်း လုပ်သွားမယ်၊ ဖြစ်စဉ်မှာဆိုရင် ပွင့်ဖြူချောင်း ကျေးရွာမှာ စစ်ကြောင်းမှူး ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး ကျဆုံးခဲ့ရတယ်၊ နောက်စစ်သည် ၁ ဦး ကျဆုံးခဲ့ရတယ်၊ ဖြစ်စဉ်ကို ပြန်ကြည့်ရင် အကြမ်းဖက်တိုက်ခိုက်တဲ့လူတွေဟာ ရွာကိုမီးရှို့ပြီး ထွက်ပြေးတဲ့ အလေ့အထတွေလည်းရှိတယ်”

    မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ နယ်မြေရှင်း လင်းရာမှာ ပွင့်ဖြူချောင်းကျေးရွာမှာ ရောက်ရှိစဉ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကြောင်းမှူး ၁ ဦးနဲ့ တပ်သား ၁ ဦး သေဆုံး ခဲ့ပါတယ်။ အဲဒီကျေးရွာမှာ တုတ်၊ ဓါးတွေ ကိုင်ဆောင်ထားတဲ့ ရွာသူ ရွာသား ၅၀၀ လောက် က အယောင်ပြပြီး စစ်ကြောင်းကို ၀ိုင်းခဲ့ကြောင်းနဲ့ အဲဒီအချိန်မှာ အလစ်အငိုက် ပစ်ခတ်ခံရတာ ဖြစ်ကြောင်း၊ မြေပြင်မှာ အကြမ်းဖက် သမားတွေနဲ့ ရွာသားတွေကို ခွဲခြားဖို့ ခက်ခဲကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

    မနေ့က မောင်တောမြို့နယ် မောင်နှစ်မတောင်ကျေးရွာအ၀င်နားမှာ နယ်ခြားစောင့် ရဲကွပ်ကွဲမှု ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ စီးနင်းလာတဲ့ ကား ၃ စီးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖေါက်ခွဲခဲ့ပြီး ပစ်ခတ်မှုတွေ လည်း ရှိခဲ့တယ်လို့ မြ၀တီက သတင်းထုတ်ပြန်ထားပါတယ်။

    RFA မှ ကူးယူဖော်ပြသည်။

  • မောင်တောမှ ကျေးရွာများ မီးလောင် ပျက်ဆီးမှု ဓါတ်ပုံများ  ဂြိုလ်တုမှ တွေ့နေရကြောင်း Human Rights Watch အဖွဲ့ပြော

    မောင်တောမှ ကျေးရွာများ မီးလောင် ပျက်ဆီးမှု ဓါတ်ပုံများ ဂြိုလ်တုမှ တွေ့နေရကြောင်း Human Rights Watch အဖွဲ့ပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    – ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် အနည်းဆုံး ကျေးရွာ ၃ ရွာခန့် မီးရှို့ ဖျက်ဆီးခံရသည့် အခြေအနေများကို ဂြိုဟ်တု ဓာတ်ပုံများမှ တွေ့ရှိခဲ့ရပြီး ထိုဒေသတွင် လုံခြုံရေးတပ်ဖွဲ့များ ဥပေဒချိုးဖောက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ယနေ့တွင် ၎င်းတို့၏ ၀ဘ်ဆိုက်၌ လွှင့်တင်ပြောကြားလိုက်သည်။

    ” ဂြိုဟ်တု ဓာတ်ပုံတွေအရ ရခိုင်ပြည်နယ်မှာ ဖျက်ဆီးမှု ရှိနေတယ်ဆိုတာကို တွေ့ရပြီး၊ မြန်မာအစိုးရက လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မတွေ့ရသေးတဲ့ ဆောင်ရွက်မှုဖြစ်တဲ့ ဘက်မလိုက်ဘဲ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ဒီဓာတ်ပုံတွေက တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ကျူးလွန်မှုကို ဘူးခံငြင်းနေတာ၊ အကူအညီပေးရေး အဖွဲ့တွေကို ပိတ်ဆို့ထားတာတွေကို မြန်မာအစိုးရက အဆုံးသတ်သင့်ပြီး အဲဒီဒေသကို နိုင်ငံတကာက ဆက်လက်စောင့်ကြည့်နေတာနဲ့ပတ်သက်ပြီး ဆင်ခြေဆင်လတ်တွေပေးနတာကိုလည်း ရပ်တန်းက ရပ်သင့်ပါပြီ” ဟု HRW ၏ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန်က ပြောကြားခဲ့သည်။

    hrw

    HRW က အောက်တိုဘာ ၂၂ ရက်နေ့မနက်ပိုင်းတွင် အရည်အသွေးမြင့် ဂြိုဟ်တုဓာတ်ပုံများကို ကြည့်ရှုသုံးသပ်မှုများအရ မောင်တော ခရိုင်ရှိ ကြက်ရိုးပြင်ကျေးရွာ၊ ပြောင်းပစ်ကျေးရွာနှင့် ၀ါးပိတ်ကျေးရွာများတွင် အဆောက်အဦးများ ဖျက်ဆီးခံရသည်ဟု ဆိုနိုင်သော ဧရိယာအများအပြားကို တွေ့ခဲ့ရကာ ထိုဓာတ်ပုံတွင် မြင်ရသည့် ပျက်ဆီးမှု လက္ခဏာမှာကျယ်ကျယ်ပြန့်ပြန့် မီးလောင်မှုကြောင့် ဖြစ်ပေါ်သည့် အနေအထားများနှင့် ကိုက်ညီနေသည်ဟုလည်း ဆိုသည်။

    ထို့ပြင် အောက်တိုဘာ ၉ ရက်နှင့် ၁၄ ရက်နေ့များတွင် ၀ါးပိတ်နှင့် ကြက်ရိုးပြင် ရွာများ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂြိုဟ်တုအာရုံခံစနစ်မှ ဖမ်းယူထားသည့် အပူ မူမမှန်မှု အချက်အလက်များကိုလည်း HRW က သုံးသပ်ခဲ့သည်။

    အဆိုပါရွာများရှိ မီးလောင်နေမှု၊ မီးလောင်ထားသည့် အနေအထားများမှာ အောက်တိုဘာ ၉ ရက်နေ့က မောင်တောခရိုင်တွင် မီးရှို့မှုဖြစ်ပွားခဲ့သည်ဟု ထိုဒေသရှိ မွတ်စလင်အုပ်စုများ၊ လူ့အခွင့်အရးအဖွဲ့များက ပြောကြားမှု၊ မျက်မြင်သက်သေများကို ကိုးကား၍ မီဒီယာများ၏ ဖော်ပြမှုများနှင့် ကိုက်ညီနေသည်ဟုလည်း HRW က ဖော်ပြထားသည်။

    ဂြိုဟ်တုဓာတ်ပုံမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်း၊ သစ်ပစ်များ ထူထပ်စွာ ဖုံးအုပ်ထားခြင်းတို့ကြောင့် မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို အတိအကျမသိရကြောင်း၊ မောင်တောတွင် ပျက်ဆီးဆုံးရှုံးမှုမှာ သတင်းထွက်ပေါ်လာသည်ထက် ပိုများကြောင်း၊ မိမိတို့အနေဖြင့် အသေးစိတ်သည့် ဂြိုဟ်တုဓာတ်ပုံများကို ရရှိပါက သုံးသပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း HRW က ထပ်လောင်း ဖော်ပြခဲ့သည်။

    အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့ရှိ နယ်ခြားစောင့်စခန်းများကို လူအုပ်စုက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ချက်ခြင်းဆိုသလိုပင် မြန်မာအစိုးရမှာ မောင်တောမြို့နယ်ကို စစ်ဆင်ရေးဇုန် အဖြစ် ကြေငြာခဲ့ပြီး ပျောက်ဆုံးသွားသော လက်နက်များနှင့် တိုက်ခိုက်ရေးသမားများကို ရှာဖွေခဲ့သည်။

    အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အစိုးရတပ်များက တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် နေအိမ်များ မီးရှို့ခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု မြောက်များစွာ ပြုလုပ်ခဲ့သည်ဟု မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ကြသည်။

    မြန်မာစစ်တပ်မှာ တရားလက်လွတ်ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်းတို့အပါအ၀င် ကျူးလွန်မှုများကို လုပ်ဆောင်သည့် ရှည်လျားသော သမိုင်းကြောင်းလည်း ရှိခဲ့သည်။ စစ်ဆင်ရေးအတွင်း အရပ်သားများအပေါ် ဆိုးရွားသည့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော တပ်မှူးများ၊ စစ်သားများမှာလည်း အရေးယူခံရမှုမှ လွတ်မြောက်နေသည်။

    HRW ကမူ အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်မှုများ၊ တိုက်ခိုက်မှုအပြီး ထိုဒေသရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အစိုးရလုံခြုံရေးတပ်ဖွဲ့များက ကျူလွန်မှုများအတွက် ကုလသမဂ္ဂက ထောက်ပံ့ကူညီသည့် စုံစမ်းစစ်ဆေးမှုလိုအပ်ကြောင်း ပြောကြားခဲ့ပြီး အကူအညီများပေးရေး အဖွဲ့များကိုလည်း ၀င်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။

    “ရွာတွေ ဖျက်ဆီးခံရတယ်ဆိုတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေက သတင်းထွက်ခဲ့တဲ့ ဆိုးရွားတဲ့ ကျူးလွန်မှုတွေရဲ့ အစအနလောက် သာ ဖြစ်နိုင်ပါတယ်။ မြန်အစိုးရအနေနဲ့ အောက်တိုဘာ ၉ ရက်နေ့က နိုင်ငံတော်တာဝန်ရှိသူတွေအပေါ် တိုက်ခိုက်မှုကို ကျူးလွန်သူတွေ၊ အဲဒီတိုက်ခိုက်ရေးသမားတွေကို ရှာဖွေရာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ပြုလုပ်ခဲ့တဲ့၊ ပြုလုပ်နေဆဲဖြစ်တဲ့ ဆိုးရွားတဲ့ ကျူးလွန်မှု နောက်ကွယ်က လက်သည်ကို ဖော်ထုတ်အရေးယူဖို့ တာဝန်ရှိပါတယ်” ဟု ရောဘတ်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    ကုလ၏ အကူအညီပေးရေးအေဂျင်စီများ၊ နိုင်ငံခြား သံတမန်များမှာ အဆိုပါဒေသသို့ အောက်တိုဘာ ၃၁ ရက်နေ့တွင် အစိုးရ၏ အစောင့်အရှောင့်ဖြင့် သွားရောက်ရန်ရှိနေပြီး အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း နိုင်ငံတကာ အကူအညီပေးရေး အေဂျင်ဆီများကို ပထမဆုံးအကြိမ်အဖြစ် ထိုဒေသသို့ ၀င်ရောက်ခွင့်ပေးခြင်းဖြစ်သည်။ သို့သော်လည်း ထိခိုက်ခံစားခဲ့ရသည့်ရွာများကို အပြည့်အ၀ ၀င်ရောက်ခွင့်ရမလားဆိုသည်ကို ရှင်းလင်းလင်း မသိရသေးဟုလည်း HRW က ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: HRW.org

  • မျိုးစောင့် ဥပဒေပြဌာန်းမှု မြန်မာအစိုးရကို အလှူရှင်နိုင်ငံများ ရှုတ်ချဖို့ HRW တိုက်တွန်း

    မျိုးစောင့် ဥပဒေပြဌာန်းမှု မြန်မာအစိုးရကို အလှူရှင်နိုင်ငံများ ရှုတ်ချဖို့ HRW တိုက်တွန်း

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    weyathu
    မျိုးစောင့်ဥပဒေပြဌာန်းပေးဖို့ ၉၆၉ အဖွဲ့မှ နိုင်ငံတဝှမ်း လှုံဆော်၍ လက်မှတ်များ ကောက်ခံခဲ့သည့် ကမ်ပိန်းတခုတွင် တွေ့ရသည့် ဦးဝီရသူ (ဓါတ်ပုံ ဧရာဝတီ)

    – ဘာသာအယူ ပြောင်းလဲသက်ဝင်မှုနှင့် မယားပြိုင်ထားခြင်းကို ကန့်သတ်သော၊ နိုင်ငံအတွင်း လူမျိုးရေး တင်းမာမှုများကို မီးထိုးပေးမည့် အန္တရာယ်ရှိနေသော ဥပဒေနှစ်ခုအား မြန်မာနိုင်ငံက အတည်ပြုခြင်းကို အဓိက အလှူရှင်နိုင်ငံများက လူသိရှင်ကြား ရှုတ်ချသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထိုဥပဒေ ၂ နှစ်ခုကို အတည်ပြုခဲ့ခြင်းကြောင့် မွတ်စလင် ဆန့်ကျင်ရေး သဘောထားများကို အားမနာပ ပြောဆိုကြသည့် သဘောထားတင်းမာသော ဘုန်းကြီးများအုပ်စုမှ တွန်းအားပေးသော မျိုးစောင့် ဥပဒေအောက်မှ ဥပဒေကြမ်း လေးခုစလုံး အတည်ပြုပြီးဖြစ်သည်။

    “လွှတ်တော်ဟာ အခြေခံလူ့အခွင့်အရေးတွေကို လစ်လျူရှုတာသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့  တင်းမာနေတဲ့ လူမျိုးစုအချင်းချင်း ဆက်ဆံရေးတွေအပေါ်မှာ မီးထိုးပေးလိုက်တာဖြစ်ပြီး၊ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ အသွင်းကူးပြောင်းရေးကိုလည်း အန္တရာယ်ဆီ တွန်းပို့လိုက်တာလည်း ဖြစ်ပါတယ်” ဟု Human Rights Watch အဖွဲ့၏ အာရှရေးရာ လက်ထောက်ဒါရိုက်တာဖြစ်သူ ဖီးလ် ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။

    မြန်မာစစ်အာဏာရှင်များမှာ ၂၀၁၁ ခုနှစ်က ဆင်းပေးခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းသော ပြုပြင်ပြောင်းလဲရေး အစိုးရအတွက် လမ်းဖွင့်ပေးခဲ့သည်။ သို့သော်လည်း တိုင်းပြည်မှာ လစ်ဘရယ်ဖြစ်လာသည့်အချိန်တွင် မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများ ပေါ်ထွက်လာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် လူရာချီသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    “မြန်မာနိုင်ငံရဲ့ အဓိကအလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဥရောပသမဂ္ဂ၊ ယူကေနဲ့ အမေရိကန်တို့က ဒီဥပဒေတွေကို လူသိရှင်ကြား ရှုတ်ချသင့်ပြီး၊ ဒီဥပဒေတွေကို ချက်ခြင်းရုပ်သိမ်းဖို့ တိုက်တွန်းသင့်ပါတယ်” ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂကမူ ထိုဥပဒေများမှာ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပွင့်လင်းသော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအား အခြေပျက်စေသည်ဟု ပြီးခဲ့သည့် ဇူလိုင်လတွင် ပြောကြားခဲ့သည်။

    အမျိုးသားရေး ဗုဒ္ဓ၀ါဒမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များကပင် မြန်မာနိုင်ငံတွင် အမြစ်တွယ်ခဲ့သော်လည်း ထင်ရှားသည့် ဘုန်းကြီများက ဗုဒ္ဓဘာသာမှာ ခြိမ်းခြောက်မှုအောက်ရောက်နေသည်ဟု ဟောပြောမှုနှင့်အတူ မကြာသေးမီနှစ်များအတွင်း ထိုဝါဒမှာ နိုင်ငံရေးလွှမ်းမိုးမှု ပိုမိုရရှိခဲ့သည်။

    “ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ဆို့တဲ့ သူတို့ရဲ့ ဒီဥပဒေတွေကို ဖန်တီးတဲ့သူတွေဟာ ခရစ်ယာန်အပါအ၀င် အခြားသော ဘာသာရေးလူနည်းစုတွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ညှင်းပန်းနှိပ်စက်ခံ မွတ်စလင်လူနည်းစုတွေကိုပေါ့။ လူတစ်ဦးချင်းဆီရဲ့ အယူဝါဒနဲ့ ပတ်သက်ပြီး တော်တော်လေး နီးနီးကပ်ကပ် ကန့်သတ်ဖို့ ဒေသခံ အာဏာပိုင်တွေကို ခွင့်ပြုလိုက်တာဟာ ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ် ချုပ်ခြယ်မှုဆီ လမ်းခင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ ” ဟု ရော်ဘတ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။

  • မြန်မာ့လူနည်းစု လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်

    မြန်မာ့လူနည်းစု လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်

    ဇူလိုင် ၆ ၊ ၂၀၁၅
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြပါသည်။
    ._2015-07-06_10.08.33
    ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအခြေအနေ ဆိုးနေတဲ့နိုင်ငံတွေတောင်မှ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် မြန်မာအစိုးရအပေါ် ထောက်ခံမှုမရှိဘူးဆိုတာကို မကြာသေးခင်ကချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကပြနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအရေးအတွင်း မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့တဲ့ အပေါ် HRW က အခုလို တုံ့ပြန်ပြောဆိုတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။
    .
    ဇွန်လ (၁၅) ရက်နေ့ကနေ ဇူလိုင်လ (၃) ရက်နေ့ထိ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစည်း အဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ ပြီးခဲ့တဲ့သောကြာနေ့က အတည်ပြုခဲ့ပါတယ်။
    .
    ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုကို OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကိုယ်စား ပါကစ္စတန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက တင်သွင်း ခဲ့တာဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုး ကတောင် မြန်မာနိုင်ငံတွင်း လူမျိုးရေးခွဲခြားမှု အခြေအနေ ဆိုးရွားနေတာကို ထောက်ပြပြောဆိုလာတဲ့ အတွက် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အပေါ် နိုင်ငံတကာထောက်ခံမှုတွေ ဘယ်လောက် ကျဆင်းလာသလဲဆိုတာကို တွေ့မြင်နိုင်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။
    .
    “တကယ့်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံတွေကပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ပြောဆိုနေတာသာ ဖြစ်ပြီး အခြားနိုင်ငံတွေက စိတ်မဝင်စားဘူးလို့ မြန်မာအစိုးရ အမြဲတမ်းပြောနေတာပါ။ အခုမြန်မာ့အရေးဆုံးဖြတ်ချက်ကို ပါကစ္စတန်နိုင်ငံက ဦးဆောင် တင်သွင်းခဲ့တာဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံ အတော်များများက ထောက်ခံခဲ့ပါတယ်။ ဒါဟာ လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးဆီကတောင် ထောက်ခံမှုတွေ မရနိုင်ဘူးဆိုတာ မြန်မာအစိုးရကို သတိပေးလိုက်တာပါပဲ။”
    .
    ဇူလိုင်လ (၂) ရက်နေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းအဆိုတင်သွင်းခဲ့တဲ့ ပါကစ္စတန် သံအမတ်ကြီး ကလည်း မြန်မာနိုင်ငံမှာ မူဆလင်တွေဟာ အသက်ရှင်နေထိုင်လုပ်ကိုင်ခွင့်၊ လက်ထပ်ထိမ်းမြားခွင့် ၊ မဲပေးပိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် စတာတွေ ချိုးဖောက်ခံနေရတာဟာ ခွဲခြားဆက်ဆံတဲ့ဥပဒေပြဌာန်းချက်တွေကြောင့်ဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။
    .
    “ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုရဲ့အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေနဲ့ အခြားမြန်မာပြည်တဝှမ်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အထူးထောက်ပြဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ လူ့အခွင့်အရေးကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေကို သေချာအောင်ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။”
    .
    ဒါ့အပြင် မြန်မာအစိုးရရဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကြောင့် ရိုဟင်ဂျာတွေဟာ အလုံးအရင်းနဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ဒေသတွင်းနိုင်ငံတွေဆီ ထွက်ပြေး ခဲ့ကြတာ ဖြစ်တယ်လို့လည်း ပါကစ္စတန်သံအမတ်ကြီးကပြောသွားပါတယ်။ ဒီမူကြမ်းရေးဆွဲစဉ်ကာလတလျောက်လုံး OIC အနေနဲ့ ဂျီနီဗာမှာရှိတဲ့ မြန်မာ့ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
    .
    လူ့အခွင့်အရေးကောင်စီက OIC ကဦးဆောင်တင်သွင်းတဲ့မြန်မာ့ အရေးဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုလိုက်တဲ့အပေါ်မှာ မြန်မာ အစိုးရဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဇူလိုင်လ (၃) ရက်နေ့အစည်းအဝေးအတွင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေကလည်း ဒီမူကြမ်းအဆိုဟာ အစကတည်းက တင်ကိုမတင်သင့်တဲ့ အဆိုဖြစ်ပြီး မဟုတ်မမှန်စွပ်စွဲချက်တွေ ပါဝင်နေတယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားပါတယ်။
    .
    “ဒီဆုံးဖြတ်ကိုအတည်ပြုလိုက်တာဟာ ဘာကောင်းကျိုးမှာ ဖြစ်စေမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်သက်ရောက်မှုပဲဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ မူဆလင်တွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့အယူအဆဟာ အတော်လည်းကို လွဲနေပါတယ်။ မှားယွင်းနေတဲ့အမြင်သာဖြစ်ပြီး အဖြစ်အပျက် အမှန်တွေမဟုတ်ပါဘူး။”
    .
    (၂၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြား လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လာမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးအနေနဲ့ တင်ပြပေးဖို့ ပန်ကြားထားပါတယ်ရှင်။
    .
    http://burmese.voanews.com/content/un-dicides-on-myanmar-minority-human-rights-/2850176.html