News @ M-Media
Tag: Human rights
  • မအ,အောင် သမိုင်းသိရသကဲ့သို့ နင်းပြား မဖြစ်ရအောင် ဥပဒေကိုသိရမည်
    နိုဝင်ဘာ-၁၅ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- မြင့်မိုရ်မောင်မောင်
    အပြည်ပြည်ဆိုင်ရာ နိုင်ငံသား နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ( International Covenant on Civil and Political Rights – ICCPR )
    International Convenant on Civil and Political Rights
    အပိုဒ် ၁၈
    ၁။ လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်၊ လွတ်လပ်စွာယူဆနိုင်ခွင့်၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်ကိုးကွယ်နိုင်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာ သို့မဟုတ် သက်ဝင်ယုံကြည်မှုကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိ တစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူလူထု အများရှေ့မှောက်တွင် မဟုတ်ဘဲဖြစ်စေ မိမိတို့ကိုးကွယ်သောဘာသာ သို့မဟုတ် သက်ဝင်ယုံကြည်မှုကို လွတ်လပ်စွာ တင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဘုရားကျောင်းကန်သွားလာဝတ်ပြုနိုင်ခွင့် နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။
    ၂။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိရွေးချယ် ကိုးကွယ်သောဘာသာ သို့တည်းမဟုတ် ယုံကြည်မှု ပျက်စီးစေရန် တိုက်တွန်းခြင်း မပြုနိုင်။
    ၃။ ပြည်သူ့လုံခြုံမှု သို့မဟုတ် ပြည်သူ့လုပ်ငန်း၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်တရား သို့မဟုတ် လူအများ၏ လွတ်လပ်မှုနှင့် အခွင့်အရေးတို့ကို ဥပဒေပြဋ္ဌာန်းချက်မှအပ ကာကွယ်ရန်မှတစ်ပါး ဘာသာ သို့မဟုတ် ယုံကြည်မှုကို သွန်သင်ပြသရန် လွတ်လပ်ခွင့်အား ချုပ်ခြယ်ခြင်း မပြုရ။
    ၄။ လက်ရှိသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံတို့၏အာဏာပိုင်တို့သည် မိဘတို့လွတ်လပ်ခွင့်ဖြစ်သော ကျင့်ဝတ် အရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း မိမိတို့၏သားသမီးများအား တညီတညွတ်တည်း ပညာပေးဆုံးမမှု အားလုံးတို့ကို တတ်နိုင်သရွေ့ စောင့်ရှောက် ကာကွယ်အာမခံပေးရန် တာဝန်ရှိသည်။
    လူတိုင်းတွင် မိမိသဘောအရ လွတ်လပ်စွာတွေးခေါ်ယုံကြည်ခွင့်ရှိသည်။ ၄င်းသည် မရုပ်သိမ်းနိုင်သော အခွင့်အရေးတစ်ခုဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့်မျှ ဆိုင်းငံြ့ခင်း မပြုနိုင်။
    ———————————————————————-
    ဘာသာရေး သို့မဟုတ် ယုံကြည်မှု စသည်တို့အပေါ်အခြေခံ၍ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သည်းမခံမှုများ၊ ဖိနှိပ် ခွဲခြားမှုများနှင့် ပတ်သက်သော ကြေညာစာတမ်း (The Declaration on the Elimination of All Forms of Intolerance and of Discrimination Based on Religion or Belief)
    — လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်စွာခံယူကြံဆမှု သို့မဟုတ် လွတ်လပ်စွာယုံကြည်မှုနှင့်ကိုးကွယ်မှု စသည်တို့ကို ကျူးလွန်ဖောက်ဖျက်စော်ကားခြင်းသည် လူသားများကို ဒုက္ခ များစွာပေးသော စစ်မက်ဖြစ်ပွားမှုကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဖြစ်ပေါ်စေသည်။ ယင်းသည် ခွင့်ပြု လက်ခံနိုင်သောအရာ မဟုတ်။
    — လွတ်လပ်စွာ ကိုးကွယ်မှု ၊ယုံကြည်မှု စသည့်အခွင့်အရေးတို့ကို လေးစားရန်၊ သည်းခံရန် နှင့် နားလည်မှုတို့ကို တိုးမြှင့်ရန်လိုပြီး  ကုလသမဂ္ဂ ချာတာ စာချုပ်ကြီးပါ မူတို့နှင့် မကိုက်ညီမှုများကို အဆုံးသတ်ရန် သေချာစေရမည်ဖြစ်သည်။ [ အဖွင့်စကားချီး ]
    ကြေညာစာတမ်း၏အပိုဒ် ၁၈ ပါအခွင့်အရေးများထံတွင် အောက်ပါအခွင့်အရေးများ ပါဝင်သည်။
    * ပြည်သူအများစုပေါင်းဝတ်ပြုခွင့် နှင့် ယင်းဝတ်ပြုရန်နေရာများ သတ်မှတ်စေရန်
    * ကုသိုလ်ပြုအသင်းအဖွဲ့များကို တည်ထောင်နိုင်ရန်
    * စေတနာအရအလှူများကို လက်ခံခြင်းနှင့်ရှာဖွေနိုင်ရန်
    * ဆီလျော်သင့်တော်သောစာပေများကို ထုတ်ဝေဖြန့်ချိနိုင်ရန်
    * သင့်လျော်ရာနေရာဒေသတို့တွင် ဘာသာရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညာပေး၊ ပညာပြန့်ပွားရေးအစီအစဉ်များကို လုပ်ဆောင်နိုင်ရန်
    * ယုံကြည်မှုနှင့် ပတ်သက်သည့် နေ့ထူးနေ့မြတ်များကို ဆင်နွှဲကျင်းပနိုင်ရန်
    * ဘာသာရေးနှင့်ယုံကြည်မှုအတွက်၊ လိုအပ်သောပြည်တွင်းပြည်ပဆက်သွယ်ရေးအတွက် ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ရန်
    ကန့်သတ်ချက်များကို အောက်ပါအတိုင်း ပြဋ္ဌာန်းရမည်။
    * ဥပဒေဖြင့် ပြဋ္ဌာန်းရန်
    * ပြည်သူ့လုံခြုံမှု၊ လုပ်ငန်း၊ ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်သိက္ခာ သို့မဟုတ် အခြားသူများ၏အခွင့်အရေးတို့ကို ကာကွယ်ပေးရန်
    * သည်းမခံနိုင်မှုနှင့်ဖိနှိပ်ခွဲခြားမှုတို့ကို အားပေးအားမြှောက်ပြုသော အတန်းအစားခွဲခြားခြင်း၊ ဖယ်ရှားခြင်း၊ ကန့်သတ်ချုပ်ခြယ်ခြင်း နှင့် မျက်နှာသာပေးမှုများ မပါဝင်စေရန်တို့ဖြစ်သည်။
    နိုင်ငံအစိုးရများသည် သည်းမခံနိုင်ဖွယ်ရာများကိုလည်းကောင်း၊ ခွဲခြားမှုများကိုလည်းကောင်း ရပ်တန့်စေရန်အတွက် (နှင့်) ဥပဒေများပြဋ္ဌာန်းရာတွင် ထိရောက်သောဆောင်ရွက်မှုများ လုပ်ဆောင်ရမည်။ ကလေးသူငယ်များကို မိမိတို့၏မိဘများနှင့် အုပ်ထိန်းသူတို့ ကိုးကွယ်နှစ်သက်သော ဘာသာတရား၏ သွန်သင်ဆုံးမချက်များတွင်သာ ပျော်မွေ့စေရမည်။ မိဘသားသမီး အားလုံးနှင့် လူသားအားလုံးတွင် နားလည်မှု နှင့် ခန္တီပါရမီ စသည့် မွန်မြတ်သော စိတ်ထား ပွားများပြီး သူတစ်ပါး၏ သာသနာနှင့် ယုံကြည်မှုတို့၏ လွတ်လပ်မှုများကို လေးစားကာ မိဿဟာရ ဆက်ဆံရေး ကောင်းမွန်စေရမည်။
    အပိုဒ် ၂၆
    လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏အကာအကွယ်ကို ခံစားပိုင်ခွင့်ရှိသည်။
    ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာစကား၊ ဘာသာရေး သို့မဟုတ် အခြားအယူအဆ၊ အမျိုးသားဇာစ်မြစ် သို့မဟုတ် လူမှုရေးဇာစ်မြစ်၊ ဥစ္စာဓန၊ မျိုးရိုးဇာတိ နှင့် အခြားအဆင့်အတန်းခြားနားခြင်းရှိသော လူတို့ကို အစိုးရက တူညီစွာ နှင့် ထိရောက်စွာ အာမခံပေးလျက် ကာကွယ်ပေးရသည်။
    လူတိုင်းသည် ခွဲခြားမှုများတို့မှ အကာအကွယ်ရပိုင်ခွင့် ရှိသည်
    —————————————————————–
    ရှင်းလင်းဖော်ပြချက်
    ဤအပိုဒ်တွင် မည်သည့်လူတန်းစားကိုမဆို အထူးမျက်နှာသာပေးမှုကို တားမြစ်သည်။ အပိုဒ် ၂ အရ တရားဝင်အာမခံချက်များအပေါ် ထပ်ဆင့် ကတိပေးရေးသားထားသည်။
    “ အသားအရောင်၊ လိင်၊ လူတိုင်း၊ လူမျိုး၊ မျိုးနွယ် စသည်ဖြင့် သူ့ထက်ငါ ကောင်း၊ဆိုးသည်ဟူသော အတွေးအမြင် ထင်မြင်ယူဆမှုများမှ တဆင့် အုပ်စု၊ အတန်းအစား၊ အလွှာအသီးသီးတို့ကြောင့် ခွဲခြားခြင်း ပေါ်ပေါက်လာရပေသည် ” [ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ]
    ၁၉၇၈ ခုနှစ် လူမျိုး နှင့် မျိုးနွယ်စွဲလန်းမှု အပေါ်ပတ်သက်သည့် ကြေညာစာတမ်း
    လူတစ်မျိုးကို တစ်မျိုးထက်တစ်မျိုး နိမ့်မြင့်သည်ဟူ၍ ခွဲခြားရန်အတွက် လူမျိုးကွဲပြားမှုအပေါ် အကြောင်းပြ၍ မရနိုင်။
    — လူမျိုး သို့မဟုတ် မျိုးစု မျိုးနွယ်တစ်မျိုးနှင့်တစ်မျိုး မွေးရာပါဂုဏ်သိက္ခာအားဖြင့် နိမ့်မြင့်၊ ကြီးငယ်၊ ယုတ်ညံ့သည်၊ မွန်မြတ်သည် ဟူသောအဆိုတွင် ပါဝင်သက်ဆိုင်နေသည့် မည်သည့်ဝါဒသဘောတရားမျှမဆို အခြေခံသိပ္ပံပညာနှင့်လည်းကောင်း၊ လူ့ကျင့်ဝတ်တရားနှင့် လူသားဝါဒဥပဒေမူနှင့် လည်းကောင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်။
    -သမိုင်းကြောင်းတစ်လျှောက်တွင် မတူညီသော အာဏာ၏နောက်ဆက်တွဲ အားပေးမှုအဖြစ် စီးပွားရေး၊ လူမှုရေး၊ အမျိုး၊ အလွှာ စသည့် ကွာခြားခြင်းနှင့် ကွာဟမှုတို့ကြောင့် ဖြစ်ပေါ်လာရသော လူမျိုးရေးစွဲလန်းမှု(ဘက်လိုက်လိုမှု) တို့သည် လုံးလုံးလျားလျား မှားယွင်းလေပြီ။ [ အပိုဒ် ၂ ]
    လူမျိုး သို့မဟုတ် မျိုးနွယ်တစ်စုသည် အခြားသောလူမျိုး သို့မဟုတ် မျိုးနွယ်တစ်စုထက် ပို၍မြင့်မြတ်သည်ဟူသော အဆိုသည် အခြေအမြစ်မရှိသလို လူမျိုးရေးစွဲလန်းမှုသည်လည်း မှန်ကန်သော သဘောမရှိ။
    အပိုဒ် ၂၇
    လူမျိုးစု၊ ဘာသာအယူအဆ သို့မဟုတ် ဘာသာစကားအားဖြင့် ကွဲပြားကြပြီး လူနည်းစုများနေထိုင်သောတိုင်းပြည်များတွင် အခြားလူနည်းစု သို့မဟုတ် မျိုးနွယ်စုတစ်ခုနှင့်အတူ လူနည်းစုတစ်စုက မိမိတို့၏ ယဉ်ကျေးမှုအရဖြစ်စေ၊ ဘာသာ စကားဖြစ်စေ၊ ဘာသာ အယူအဆဖြစ်စေ လွတ်လပ်စွာ ကျင့်သုံးဟောပြော သွန်သင်ခြင်းကို တားမြစ်ပိတ်ပင်ကန့်သတ်ခြင်း မပြုနိုင်။
    * လူနည်းစုများတွင် မိမိတို့၏လူမျိုးစုတစ်စုတည်းအဖြစ်ရှိနေရန် အခွင့်အရေးရှိသည်။
    ရှင်းလင်းဖော်ပြချက်
    လူ့အသိုင်းအ၀ိုင်းတွင် လူနည်းစုများသည် လုံခြုံရာမဲ့သောအုပ်စုတစ်စုဖြစ်ပြီး အထူးစောင့်ရှောက်မှုနှင့်ကာကွယ်မှုကို လိုအပ်သည်။ ထို့အတွက် လူနည်းစုကိုအထူး ရည်ရွယ်သော သဘောတူညီချက်များစွာတို့ ပေါ်ပေါက်အသက်ဝင်လာခဲ့ရသည်။
    အခြားဆီလျော်သောအချက်အလက်များ
    ၁။ မျိုးပြုန်းသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက် –  Convention of the Prevention and Punishment of the Crime of Genocide (GC)
    “ ပြဿနာအားလုံးလိုလိုတွင် လူနည်းစုများသည် သဘာဝအားဖြင့် မျိုးပြုန်းသတ်ဖြတ်မှု၏ဓားစာခံများ ဖြစ်ရသည် ”
    [ လူနည်းစုအခွင့်အရေးအုပ်စု ]
    မျိုးပြုန်းသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက်စာချုပ် GC တွင် မျိုးပြုန်းသတ်ဖြတ်မှုကို
    – ပြည်သူလူထုကို သတ်ဖြတ်ခြင်း
    – ပြည်သူလူထုကို ကိုယ်ကာယအားဖြင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်းကောင်း အနာတရာထိခိုက်စေခြင်း
    – ပြည်သူလူထုတစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းတို့အား ကိုယ်ကာယ(ရုပ်ပိုင်းဆိုင်ရာ)ပျက်စီးစေရန် တမင်သက်သက် စီမံဆောင်ရွက်ခြင်း
    – မွေးဖွားမှုကို တားမြစ်ခြင်း နှင့်
    – ကလေးသူငယ်များကို ရွှေ့ပြောင်းပစ်ခြင်း
    စသည်ဖြင့် လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စု၊ ဘာသာရေးအုပ်စုတစ်စုတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆိးခြင်း သို့မဟုတ် ဖျက်ဆီးရန်ရည်ရွယ်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
    မျိုးဖြုတ်သတ်ဖြတ်မှုနှင့်စပ်လျဉ်းသော ထိုပြဿနာမျိုးအတွက် သင့်လျော်သည့်အတိုင်းအတာဖြင့် အရေးယူဆောင်ရွက်စေရန် နိုင်ငံတော်အာဏာပိုင်များသည် ကုလသမဂ္ဂကို အကူအညီတောင်းဆိုနိုင်ပါသည်။
    ၂။ ပညာရေးအပေါ် ခွဲခြားမှုဆိုင်ရာ ပဋိညာဉ် – Convention against Discrimination in Education
    ပညာရေးအပေါ်ခွဲခြားမှုဆိုင်ရာပဋိညာဉ်သည် လူနည်းစုတို့အနေဖြင့် မိမိတို့ဘာသာစကားဖြင့် မိမိတို့၏ပညာရေး ရယူသင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်သည်။
    ၃။ အပြည်ပြည်ဆိုင်ရာလူမျိုးရေးခွဲခြားမှုနည်းမျိုးစုံအား ဖျက်သိမ်းရေးဆိုင်ရာ ပဋိညာဉ်စာချုပ် – International Convention on the Elimination of all Forms of Racial Discrimination (CERD)
    အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှု နည်းမျိုးစုံအား ဖျက်သိမ်းရေးဆိုင်ရာ ပဋိညာဉ်စာချုပ်သည် မျိုးနွယ်အုပ်စုများတို့၏ တိုးတက်မှုကို အာမခံချက်ပေးနိုင်သော ပြုလုပ်ဆောင်ရွက်ချက်များ အပေါ် ကူညီအားပေးသည်။
    ၄။ လွတ်လပ်ရေးရသော တိုင်းပြည်များရှိ ဒေသခံနှင့် တောင်တန်းဒေသ လူမျိုးများနှင့် ဆိုင်သော ပဋိညာဉ် – Convention concerning Indigenous and Tribal Peoples in Independent Countries (IL0 169)
    တောင်တန်းဒေသရှိလူမျိုး ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏အသိုင်းအ၀ိုင်းနှင့်သက်ဆိုင်သော်လည်း မိမိတို့၏ဥပဒေ၊ ဓလေ့ထုံးစံ နှင့် ဘာသာစကားတို့မှာ နိုင်ငံတော်၏ အခြားသော တိုင်းရင်းသားများနှင့် ကွာခြားသည်။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏မူအရ ၄င်းတို့၌ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်မရှိဟု ဤစာချုပ်တွင် ပြဋ္ဌာန်းထားသည်။
    မူရင်းဌာနေလူမျိုးစု ဆိုသည်မှာ တိုင်းရင်းသား အသိုင်းအ၀ိုင်းရှိ လူတစ်စုဖြစ်ပြီး
    – ယင်းနိုင်ငံ၏နယ်ပယ်သို့ ကျူးကျော်သူများ မရောက်လာခင်ကတည်းက ထိုဒေသတွင် နေထိုင်လျက်ရှိသူ
    – မိမိကိုယ်ကိုမိမိ ကျူးကျော်မှုမတိုင်မီလူမျိုး သို့မဟုတ် ကိုလိုနီမတိုင်မီလူမျိုးအနေဖြင့်သာ ခံယူသူ
    – မည်သူ၏ကြီးစိုးမှုမျှမခံသော လူမျိုးများဟုခံယူသူ
    – မိမိယဉ်ကျေးမှုပုံစံ၊ မိမိ၏လူမှုရေးရာဥပဒေ၊ တရားဥပဒေကျင့်ထုံးများကို ထိန်းသိမ်းပြီး အနာဂတ်၌ ထိုကဲ့သို့ပင် လူမျိုးစုတစ်မျိုးအနေနှင့် ဆက်လက်၍ သီးသန့်ပိုင်နက်အတွင်း နေထိုင်သွားနိုင်ရန် လက်ဆင့်ကမ်းဖြန့်ဖြူးပေးနိုင်သူ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
    မြေယာပြဿနာ
    ကမ္ဘာတစ်ဝှမ်းရှိ ဌာနေဒေသခံလူမျိုးတို့ ရင်ဆိုင်နေရသော ပြဿနာများသည် မြေယာပဋိပက္ခကို အခြေခံသည်။ ဘိုးဘွားအမွေမြေယာများ လက်မဲ့ဖြစ်မှု၊ အစဉ်အလာပိုင်ဖြစ်သော သယံဇာတများ ဆုံးရှုံးမှုတို့ကြောင့် ဒေသခံလူမျိုးတို့သည် စီးပွားရေးပျက်သုဉ်းခြင်း၊ ၄င်းတို့ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ၏ အနာဂတ်ရေးအား ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တို့ ဆုံးရှုံးခြင်း၊ ယဉ်ကျေးမှုတိမ်ကောပျောက်ကွယ်သွားခြင်း စသည့် မလွှဲမရှောင်နိုင်သော အကျိုးဆက်များနှင့်ကြုံတွေ့လာရတော့သည်။ [ အပြည်ပြည်ဆိုင်ရာအသက်ရှင်ရေးအဖွဲ့ ]
    IL0 169  သည်
    – တောင်တန်းဒေသလူမျိုးများ မြေယာပိုင်ဆိုင်ခွင့်ရှိရန်
    – မိမိတို့၏သဘာဝသယံဇာတပစ္စည်း ကာကွယ်ရန်
    – ပြည်သူများကို အဓမ္မပြောင်းရွှေ့စေခြင်းမှ တားမြစ်ရန်
    – ဆွေးနွေးတိုင်ပင်ရေးကိစ္စအတွက် လိုအပ်ချက်များပေးရန်
    – ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုအပေါ် အပြစ်ဒဏ်ပေးရန်တို့ကို ကူညီဆောင်ရွက်ပေးသည်။
    ၅။ တိုင်းရင်းသား သို့မဟုတ် လူမျိုးစု၊ ကိုးကွယ်သည့်ဘာသာ နှင့် ဘာသာစကားကွဲပြားသော လူနည်းစုများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း – Declaration on the Rights of Persons Belonging to National or Ethnic, Religious and Linguistic Minorities. 1992
    ဤစာချုပ်သည်
    – မိမိတို့၏ယဉ်ကျေးမှုကို ကျေနပ်စွာခံစားရန်
    – မိမိတို့၏ဘာသာယုံကြည်မှုကို ကျင့်သုံးသွန်သင်ဆုံးမရန်
    – မိမိတို့ဘာသာစကားကို အသုံးပြုရန်
    – မိမိဖာသာအနေနှင့်လည်းကောင်း၊ လူထုအနေနှင့်လည်းကောင်း လွတ်လပ်စွာနေပြီး ၄င်းအပေါ် အနှောင့်အယှက်ဖြစ်စေမည့် ခွဲခြားမှုပုံသဏ္ဍာန်အမျိုးမျိုးမှ ကင်းဝေးစေရန်
    – မိမိတို့၏လူနည်းစုအရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်ချမှတ်ရာတွင် နိုင်ငံတော်အဆင့်အနေနှင့်ဖြစ်စေ၊ ဒေသအနေနှင်ဖြစ်စေ ပါဝင်ရန် စသည့်အခွင့်အရေးများကို ပဓာနပြုသည်။
    နိုင်ငံအစိုးရများသည်
    – ဥပဒေရှေ့မှောက်တွင် ခွဲခြားမှု မရှိ၊ တူညီသောအခွင့်အရေးဖြင့် ၄င်းတို့၏လူ့အခွင့်အရေးများကို ကျင့်သုံးနိုင်သော အခွင့်အရေးကို အာမခံချက်ပေးရန်
    – နိုင်ငံတော်ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းကို ချိုးဖောက်ရသော လုပ်ရပ်များမှလွဲ၍ လူနည်းစုတို့၏ အခြားသော ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန်
    – ၄င်းတို့၏တိုင်းရင်းသား ဘာသာစကားကို ကောင်းမွန်သော အခွင့်အရေးရရှိရေး အတွက် ဆောင်ရွက်မှုများချမှတ်ရန်
    – နိုင်ငံတစ်နိုင်ငံ အတွင်းရှိသော လူနည်းစုတို့၏ သမိုင်း၊ ဓလေ့ထုံးတမ်း နှင့် ယဉ်ကျေးမှုဆိုင်ရာ အတတ်ပညာများကို ဆည်းပူးလေ့လာရန် အတွက် ဆောင်ရွက်မှုများကို အားပေးရန်
    – နိုင်ငံတော်၏ကြီးပွား တိုးတက်မှုဆိုင်ရာ စီမံကိန်းများတွင် ၄င်းလူနည်းစုတို့ပါဝင်နိုင်ရေးအတွက် စဉ်းစားရန်
    စသည့် အချက်များပေါ်တွင် တာဝန်ရှိသည်။
    ၆။ ဗီယင်နာ ကြေညာစာတမ်း
    အစိုးရတို့သည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တူညီသောအခြေခံမူ နှင့် ဒေသခံပြည်သူတို့၏ လူ့အခွင့်အရေးများ အားလုံးနှင့်အခြေခံ လွတ်လပ်မှုများကို  ခွဲခြားမှုမရှိဘဲ လေးစားရန်အတွက် ဟန်ချက်ညီညီ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို စီစဉ်ချမှတ်ပြီး၊ ၄င်းတို့၏ ကွဲပြားခြားနား၍သီးခြားဖြစ်လျက်ရှိသော ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့အစည်းများ တန်ဖိုးကို လေးစားရမည်။ [ အပိုဒ် ၂၀ ]
    ၇။ နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများနှင့် ၄င်းတို့၏မိသားစုများအခွင့်အရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက် စာချုပ် – International Convention on the Protection of the Rights of All Migrant Workers and Members of their Families. 1990
    ဤစာချုပ်သည် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် ICCPR တွင် ပါဝင်သော အခွင့်အရေးများအနက် အောက်ပါ အခွင့်အရေးများကို ထပ်မံ ဖွင့်ဆိုခြင်းဖြစ်သည်။ ၄င်းတို့မှာ
    – ပြည်သူများကို တိုင်းပြည်မှနှင်ထုတ်ခြင်းအား ကာကွယ်မှု
    – လူမျိုးစုခွဲခြားခြင်း မရှိဘဲ တန်းတူညီမျှ ရှိစေမှု၊ အထူးသဖြင့် လစာနှင့် လုပ်ငန်းခွင် အခြေအနေများတွင် တန်းတူညီတူရှိမှု၊
    – ၀င်ငွေနှင့်စုငွေများကို မိမိတို့ကိုယ်တိုင် ပေးပို့လွှဲပြောင်းပေးပို့နိုင်မှု
    – ရွှေ့ပြောင်းအလုပ်သမားများတို့၏ ယဉ်ကျေးမှုသီးခြားရှိနေရေးကိုလေးစားမှု
    စသည်တို့ဖြစ်သည်။
    ဤသဘောတူစာချုပ်သည် လုံလောက်သောတိုင်းပြည်များ၏အတည်ပြုမှု မရရှိသေးသောကြောင့် လောလောဆယ်အားဖြင့် အာဏာသက်ရောက်ခြင်း မရှိသေးပေ။ (ယခုအခါ အတည်ပြုအင်အားများပြားလာပြီး အာဏာသက်ရောက်လုပြီဖြစ်သည်)
    The Human Rights Handbook (Kathryn English & Adam Stapleton)အား မြန်မာပြန်ဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ လူ့အခွင့်အရေး လက်စွဲစာအုပ်(စက်တင်ဘာ၊ ၂၀၀၀) မှ ကောက်နှုတ်တင်ပြသည်။
  • မြန်မာပြည်မှ စရိုက်ဆိုးများ အတွက် ‘အမျိုးသားလုံခြုံရေး’ စကားသည် ခိုင်လုံသော အကြောင်းပြချက် မဟုတ်
    ဇွန်-၇ ၊၂၀၁၃
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်
    min_zin_rohingye_edited
    ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်ဒေသ အာဏာပိုင်များက ရိုဟင်ဂျာ မွတ်စ်လင်မ်များကို ဇနီးတစ်ဦးသာယူရန် နှင့် ကလေးနှစ်ဦးထက် ပိုမယူရန် တားမြစ် ပိတ်ပင်ခဲ့ပါသည်။ သောင်းနှင့်ချီသောပြည်သူတို့မှာ လူမျိုးရေးပြဿနာကြောင့် ပြောင်းရွှေ့မှုခံရသည့်ကြားမှ ယင်းအနောက်ပိုင်းပြည်နယ်မှ အရာရှိများသည် လူသိနည်း မှေးမှိန်နေခဲ့သော ကန့်သတ်ချက်အား ပြန်လည် အသက်သွင်းကာ လတ်တစ်လော နိုင်ငံရေးအနေအထား အပေါ်တုန့်ပြန်သောအားဖြင့် ပြန်၍ အတည်ပြုခဲ့ကြသည်။
    အင်္ဂါနေ့တစ်ရက်က ရာပေါင်းများစွာ ရခိုင်လူမျိုးတို့သည် လမ်းမပေါ်ထွက် ထိုပိတ်ပင်ချက်အား ထောက်ခံခဲ့ကြသည့်အပြင် ပြည်နယ်တစ်ခုလုံး၌ ဥပဒေအဖြစ်ပြဋ္ဌာန်းရန်အထိ မြန်မာအစိုးရကို တွန်းအားပေးခဲ့ကြသည်။
    ယင်းစည်းမျဉ်းကိုထောက်ခံသော ဆန္ဒပြခေါင်းဆောင် သာပွင့်မှ “ ကျွန်တော်တို့ဟာ သူတို့ရဲ့လူဦးရေကို စောင့်ကြည့်စစ်ဆေးထိန်းချုပ်ဖို့ လိုအပ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောကြားသည်။ မွတ်စ်လင်မ်ဦးရေ ၉၄ ရာခိုင်နှုန်း ရှိသည်ဟုဆိုသော ရခိုင်ပြည်နယ်၏ မြို့နယ်နှစ်ခုတွင် ထိုအချက်ကို လက်တွေ့ကျင့်ဆောင်လျက်ရှိသည်။
    ရိုဟင်ဂျာလူဦးရေကို ထိန်းချုပ်ခြင်းသည် အမျိုးသားလုံခြုံရေး ကိစ္စတစ်ခုဖြစ်ကြောင်း တားမြစ်ချက်ထောက်ခံအားပေးသူများက ဆိုကြသည်။ ၄င်းသည် လူ့အခွင့်အရေးထက် ပို၍ဦးစားပေးရမည့်အရေးဟု ၄င်းတို့မှ ယုံကြည်နေကြသည်။ ယင်းကန့်သတ်ချက်ပေါ် ရပ်တည်ထောက်ခံသူများက တရုတ်နိုင်ငံ၏ ကလေးတစ်ဦး မူဝါဒ၊ ဗီယက်နမ်နိုင်ငံ၏ ကလေးနှစ်ဦးမူဝါဒ စသည်များကို လိုရာဆွဲဥပမာပေးကြသည်။ ထိုတိုင်းပြည်များသည် ထိုမူဝါဒများကို မိသားစု စီမံကိန်းအတွက် ရွေးချယ် ကျင့်သုံးခြင်းသာဖြစ်ကြောင်း မသိမြင်ကြဘဲ နှိုင်းယှဉ်တင်ပြလိုက်ခြင်း ဖြစ်ပေသည်။ တိုင်းပြည်တစ်ခုလုံး၏ လူဦးရေထိန်းချုပ်သည့် အကြောင်းရင်းကို  ရခိုင်ဥပဒေက လူနည်းစုလေး တစ်ခုအတွက် ပစ်မှတ်ထားအသုံးချသည်မှာ လုံးလုံးလျားလျား မလုပ်အပ်ချေ။ ( ရိုဟင်ဂျာတို့သည် မြန်မာတစ်နိုင်ငံလုံး လူဦးရေ၏ ၁ ရာခိုင်နှုန်းမျှသာရှိကြောင်း ခန့်မှန်းရသည်။)
    ထောက်ခံကြသူများက “အမျိုးသားလုံခြုံရေး”ဟု အသံကောင်းဟစ်ကြသော်လည်း ထိုအချက်၏ သဘောသဘာဝအား ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း မရှိပေ။ အမျိုးသား လုံခြုံရေးအတွက် အဓိကပြဿနာ တစ်ခုမှာ တရားမ၀င်ခိုးဝင်လာမှုများဖြစ်ခြင်း၊ ခိုးဝင်သူများပြားလာလျှင် ပြည်နယ်ချည့်နဲ့ပြိုကွဲသွားနိုင်ခြင်း ဟူ၍ အထင်ကရ ထောက်ခံပံ့ပိုးသူတစ်ဦးမှ ဆိုသည်။ သို့သော် ထူးဆန်းလှသည်မှာ တစ်ချိန်ကလည်း ပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့သော ရွှေ့ပြောင်းအခြေချ တရုတ်လူမျိုးများ အပေါ်တွင်မူ ထိုကလေးနှစ်ယောက်မူဝါဒကို အဆိုမပြုကြ၊ အသုံးမချကြချေ။ ဤအချက်ကို ထောက်ရှု၍ တရားမ၀င်အခြေချမှုသည် ၄င်းတို့၏စိုးရိမ်မှု အစစ်အမှန်ဖြစ်ကြောင်း မှတ်ချက်ပေးရန် လားလားမျှမဖြစ်နိုင်တော့ပါ။
    သို့ဆိုလျှင် ပြဿနာအစစ်ကား အဘယ်အရာပါနည်း ? တရားမ၀င်အခြေချမှု သို့မဟုတ် ယဉ်ကျေးမှုကွဲပြားမှု မဟုတ်ပါ။ စင်စစ်၌ အစ္စလာမ်အားကြောက်ရွံ့နေသည့်ရောဂါ သာဖြစ်သည်။ ဤတားမြစ်ကန့်သတ်ချက်ကို ထောက်ခံကြများက ဗုဒ္ဓဘာသာမြန်မာများ၏ကြီး စိုးလွှမ်းမိုးမှုအား ကာကွယ် ထိန်းသိမ်းလိုခြင်းသာဖြစ်သည်။ သို့ရာတွင် ၄င်းတို့ သတိလွတ်နေသည့် အမှန်တရားမှာ မြန်မာနိုင်ငံသည် ဘာသာ၊လူမျိုး၊ ယဉ်ကျေးမှုပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းပြည်ဖြစ်ပြီး၊ ဘာသာလူမျိုးမခွဲ နိုင်ငံသားတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးမှသာ ဆက်လက် ရှင်သန်ရပ်တည်နိုင်မည့် အချက်ဖြစ်သည်။ ရိုဟင်ဂျာလူဦးရေ ကြီးထွားမှုက ဗုဒ္ဓဘာသာဝင်တို့၏ အခွင့်အရေးများကို ကျိုးပျက်စေလိမ့်မည်ဟူသော အကျိုးမဲ့အဖြေကိုသာ အမြင်ရှိနေကြသည်။ ထို့ကြောင့် မူဝါဒ၏ အကျိုးဆက်အားဖြင့် ဖယ်ကြဉ်မှုနှင့်အကြမ်းဖက်မှုကို တရားဝင်ပြုခွင့်ရသွားခြင်းဖြစ်သည်။ စင်စစ်သော် နိုင်ငံတော်/အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍမှာ နိုင်ငံတော်(စစ်တပ်)ထက် မည်သူမျှပိုပြီး လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိချေ။ ရိုဟင်ဂျာများကို ရှင်းထုတ်ရေးအတွက် သူတို့သည် နိုင်ငံတော်အကျိုး/ ကယ်တင်ခြင်း ခေါင်းစဉ်အောက်မှ အလွန်စက်ဆုပ်ဖွယ်ကောင်းသော ခေါင်းဆောင်ထံ အာဏာပြန်လည် လွှဲပြောင်းရောက်ရှိမည် ကိုလည်းကောင်း၊ မိမိတို့၏ နိုင်ငံရေး သဘောတရား မကြေညက်မှုကိုလည်းကောင်း သတိမထားကြတော့ချေ။
    ဤအတွက်အကောင်းဆုံးဥပမာသည် ၉၆၉ လှုပ်ရှားမှုဖြစ်သည်။ ၄င်းသည် ဗုဒ္ဓဘာသာဝင် တစ်မျိုးတည်း၏ အခွင့်ထူးကို ကာကွယ်စောင့်ရှောက်ရန် သွေးဆွနေသည့် တရားမ၀င် ဗုဒ္ဓဘာသာဝင်အုပ်စုတစ်စုဖြစ်ကာ ကလေးနှစ်ဦးကန့်သတ်ရေးကို အပြင်းအထန် ရပ်တည်နေကြလေ၏။ ယင်းအုပ်စုသည် ရိုဟင်ဂျာလူမျိုး နှင့် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ မဟုတ်သူ အခြားမွတ်စ်လင်မ်များကို ကွဲပြားအောင် မခွဲခြားတတ်ကြ။ မွတ်စ်လင်မ်တို့၏စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်သပိတ်မှောက်ရန် လှုံ့ဆော်ကြသည့်အပြင် လက်ကမ်းစာစောင်များ၊ ဘာသာရေးအမည်ခံတရားပွဲများ၊ ဒီဗီဒီများ၊ facebook ရေးသားချက်များအပါအ၀င် မွတ်စ်လင်မ် ဆန့်ကျင်ရေးဝါဒဖြန့်မှိုင်းတိုက်လျက်ရှိကြသည်။ ထို့ကြောင့် လက်ရှိကာလ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများမှာ ဤအုပ်စု၏ သွေးထိုးမီးမွှေးမှုအဖြစ် ပြောဆိုကြခြင်းဖြစ်သည်။
    မြန်မာ့နိုင်ငံရေးခေါင်းဆောင်များက နိုင်ငံတကာအသိုင်းအ၀ိုင်းအား ချွေးသိပ်ခြင်းဖြင့် အမြတ်ထုတ်နိုင်မည့် သဘောထားကြီးပြခြင်း နှင့် မွတ်စ်လင်မ် ဆန့်ကျင်ရေး ရပ်တည်ချက် အကြား ချိန်ခွင်လျှာညှိရန် ပြုလုပ်လာကြသည်။
    ပမာဆိုရသော် သမ္မတဦးသိန်းစိန်၏ပြောခွင့်ရပုဂ္ဂိုလ်သည် ယင်းကလေးနှစ်ဦး မူဝါဒသည် နိုင်ငံတော်၏ထုတ်ပြန်ချက် မဟုတ်ကြောင်း ပယ်ချခဲ့သည်။ ကျွန်ုပ်တို့မှဆောင်ရွက်သွားမည် မဟုတ်ဟု သတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံတကာ၏လ က်ခံမှုနှင့်ပူးပေါင်းဆောင်ရွက်မှု အလွန်အမင်း လိုအပ်လျက်ရှိသော အစိုးရသည် အနာဂတ် လူဦးရေ မူဝါဒအား ချမှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် အမြန်ဆုံး သုံးသပ်ရပါတော့မည်။ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်သည်လည်း ဤအရေးကို အလေးအနက်ထားကာ သတိဖြင့် “ တကယ်လို့(ဒီမူဝါဒကို) ထုတ်ပြန်ခဲ့တာမှန်ယင် ဒါဟာ ဥပဒေကိုဆန့်ကျင်နေတာပါဘဲ ” ဟု ထိန်းသိမ်းပြောဆိုသွားခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ လူနည်းစု အခွင့်အရေးများအား ကာကွယ်မှုမရှိခဲ့သည့်အတွက် ဝေဖန်ခံနေရသည်။
    ရပ်တည်ချက်အသီးသီး နောက်ကွယ်မှ နိုင်ငံရေး သို့မဟုတ် ကိုယ်ကျင့်တရားအတွေးအမြင်များက အဓိက မကျပါ။ အရေးကြီးသည်မှာ အစိုးရအာဏာပိုင်အဆင့်တိုင်းက မိမိ၏နိုင်ငံသားတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ တန်းတူ အခွင့်အရေးရရှိအောင် ခိုင်မာပြတ်သားစွာ ကာကွယ်သွားရန်ဖြစ်သည်။
    နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုထောက်ခံလာရန် လိုအပ်နေသည်။ လူနည်းစုမွတ်စ်လင်မ် အုပ်စုတစ်စုအပေါ် ကလေးနှစ်ဦးသာယူရန် အဓမ္မပြဋ္ဌာန်းခြင်းသည် ခွဲခြားနှိမ့်ချဆက်ဆံမှု၊ ၄င်းပြင် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောဆိုသည်။ “ တစ်ဖက်သတ်ချိုးနှိမ်ကန့်သတ်သည့် မျိုးဆက်ပွားမူဝါဒ ” အား မည်သည့်နည်းနှင့်မျှလက်မခံနိုင်ကြောင်း အမေရိကန်မှလည်း ထုတ်ဖော်အသိပေးလိုက်သည်။
    အာဏာရပြုပြင်ပြောင်းလဲရေးအုပ်စု နှင့် အတိုက်အခံအုပ်စုများ နှစ်ဖက်စလုံး နှလုံးသွင်းအပ်သည်မှာ ဒီမိုကရေစီနည်းစဉ်၌ ပါဝင်သော ဒီမို ၏ အဓိပ္ပာယ် သတ်မှတ်ချက်သည် နိုင်ငံသားဝါဒဖြင့်နိုင်ငံတော်ကိုတည်ဆောက်သူများ ဟူ၍ ဖြစ်ပါသည်။ ဒီမိုကရေစီ၏ အဓိကအခြေခံအချက်သည် အမျိုးသားလုံခြုံရေး ဟူသည့် အကြောင်းအရာနှင့် လားလားမျှ မသက်ဆိုင်ပါ။
    မည်သည့် ဒီမိုကရေစီအပြောင်းအလဲကာလအတွက်ဖြစ်စေ နိုင်ငံတော်အစိုးရအနေနှင့် အရေးအပါဆုံး ဖွင့်ဆိုဖော်ပြရမည့် မေးခွန်းကြီးနှစ်ရပ်ရှိနေပေသည်။
    ၁။ မည်သူတို့သည် နိုင်ငံတော်၏နိုင်ငံသားများ ဖြစ်ကြသနည်း၊ နိုင်ငံသား ဥပဒေအား မည်သို့သတ်မှတ်ကြမည်နည်း ?
    ၂။ ဤမေးခွန်းများအား သမမျှတအောင်ဆောင်ရွက်ခြင်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏အကူးအပြောင်းကြားကာလအား သမိုင်းက မည်သို့ ဆုံးဖြတ်ပြောင်းလဲပေးလိုက်မည်နည်း ?
    ** Foreignpolicy တွင် မင်းဇင် ရေးသားသည့် National security is no excuse for bad behavior (in Burma)  ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • ကလေးများအား ဖမ်းဆီးချူပ်နှောင်မှု့ အပေါ် ပါလက်စတိုင်းမှ အစ္စရေးအား ICC တိုင်ဖွယ်ရှိ
    ဒီဇင်ဘာ ၂၈ ၊ ၂၀၁၂
    M-Media
    mustafa-ibraheem-abu-reuters.nပါလက်စတိုင်းအာဏာပိုင်များသည် အစ္စရေးတို့၏ ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခြင်းအပေါ် ဥပဒေအရ  အရေးယူရန် စဉ်းစားလျှက်ရှိသည်။
    ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပါလက်စတိုင်းအပေါ် non-member observer state အဖြစ် သံတမန်အဆင့်အတန်း မြှင့်တင်ရန် မဲခွဲဆုံးဖြတ်ရာ ရလာဒ်အဖြစ် ပါလက်စတိုင်းသည် ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှု ခုံရုံးတို့သို့ ဆက်သွယ်ဆောင်ရွက် နိုင်သည့် အခွင်းအရေးများ ရရှိလာသည်။
    “ကျွန်တော်တို့က  အစ္စရေးတို့ကျူးလွန်တဲ့ပြစ်မှုတွေကို တိုင်းတာပြီး အထူးသဖြင့် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း နှင့် ပါလက်စတိုင်း ကလေးငယ်များအပေါ် မတရား ညှင်းပမ်းနှိပ်စက်ခြင်းတို့အပေါ် စစ်ခုံရုံးတင် ဆောင်ရွက်ရန် ကြိုးပမ်းခြင်းဖြင့် လတ်တလောရရှိထားတဲ့ နိုင်ငံအဆင့်အတန်းကို ကျင့်သုံးရန်လိုသည်။” ဟု ပါလက်စတိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနဆိုင်ရာ ၀န်ကြီး အီဆာကရာကေး က အယ်လ်အာရေးဗျ သတင်းအစီအစဉ်သို့ ပြောကြားသည်။
    “အစ္စရေးတို့သည် ကလေးသူငယ် ကာကွယ်စောင့်ရေး ဥပဒေနှင့် ကလေးသူငယ်များအပေါ် ထိုသို့ အနာတရဖြစ်စေသည့် အပြုအမူများကို ရည်ညွှန်းသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ ချိုးဖေါက်နေသည်။” ဟု ကရာကေးက ပြောသေးသည်။
    ကရာကေးက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသည် ပါလက်စတိုင်းကလေးငယ်များ အပေါ်ကျူးလွန်သည့် ပြစ်မှုများကို သတိပြုမိကြောင်းနှင့် အမျိုးစုံသော လူ့အခွင့်အရေး အဖွဲ့များက ပါလက်စတိုင်းကလေးများနှင့် စုစည်းကာ လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း အရေးတယူ ပြောသည်။ “ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်ဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်ဆောင်ရမယ်။” ဟု ၄င်းက အယ်အာရေးဗျကိုပြောပါသည်။
    အကျဉ်းထောင် ထောက်ပံ့ရေးနှင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများ၏ လစဉ် အစီရင်ခံစာအရ ဒီဇင်ဘာ ၁ ရက်တွင် ကလေးငယ် ၁၇၇ ဦး အကျဉ်းထောင်တွင် ကျန်သေးကြောင်း ဖေါ်ပြသည်။
    ပါလက်စတိုင်းတို့က ICC သို့ ယခုထိ တိုင်ကြားခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် အပတ်က အကယ်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အစ္စရေးတို့၏ အနောက်ဘက်ကမ်း နှင့် အရှေ့ဂျေရုစလင်တွင် အခြေစိုက်ရန် ကြံစည်မှုများကို အရေးယူခြင်းမရှိပါက တိုင်ကြားတော့မည်ဖြစ်ကြောင်း သတိပေး ပြောကြားသည်။
    ကိုးကား RT