News @ M-Media

Tag: Human rights

  • လိင်လုပ်ငန်းကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ရေး ဆုံးဖြတ်ချက်ကို Amnesty International အတည်ပြု

    လိင်လုပ်ငန်းကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ရေး ဆုံးဖြတ်ချက်ကို Amnesty International အတည်ပြု

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    us

    – လိင်ကုန်သွယ်မှုအား ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားမှုကို ပယ်ဖျက်ရေး ပေါ်လစီတစ်ခုကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International က ယမန်နေ့တွင် ထောက်ခံခဲ့ပြီး၊ ထိုဆောက်ရွက်မှုက ကမ္ဘာတစ်ဝှမ်းရှိ လိင်လုပ်သားများအား အပြစ်ပေးခြင်းမပြုရန် အဆိုပါအဖွဲ့က အစိုးရများအား ဖိအားပေးသည်အထိ ဦးတည်သွားမည်ဖြစ်သည်။

    “အများသဘောဆန္ဒအရဖြစ်သော လိင်လုပ်ငန်းကဏ္ဍအားလုံးကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ခြင်းမှ အပြည့်အ၀ ပယ်ဖျက်ရေး” ဆုံးဖြတ်ချက်ကို ဒက်ဗလင်တွင်ပြုလုပ်ခဲ့သည့် ဖိုရမ်တွင် Amnesty International အဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် ထိုကဲ့သို့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ရေးမှာ လိင်အလုပ်သမားများကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု လေ့လာမှုများအရ တွေ့ရှိရကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

    “လိင်အလုပ်သမတွေဟာ ကမ္ဘာပေါ်မှာ ဘေးဖယ်မှုအခံရဆုံး အုပ်စုဖြစ်ပြီး ခွဲခြားခံရမှု၊ အကြမ်းဖက်ခံရမှုနဲ့ အမြတ်ထုတ်ခံရမှု အန္တရာယ်ကို အမြဲတမ်း ရင်ဆိုင်နေရဆုံး အုပ်စုလည်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုက လိင်အလုပ်သမားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးတဲ့ပေါ်လစီကို ပြဌာန်းဖို့ လမ်းခင်းပေးတာပါပဲ။ ဒီအရေးပါတဲ့ကိစ္စနဲ့ပတ်ပြီး Amnesty International ရဲ့ အနာဂတ်လုပ်ငန်းမှာ လိင်အလုပ်သမားတွေက ပုံဖော်ကူညီပေးပါလိမ့်မယ်” ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆာလီလ်
    ရှက်တီက ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် Amnesty International က အဆိုပါ ပေါ်လစီအသစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ UNAIDS၊ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့နှင့် ကျန်းမာရေး အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ အပါအ၀င် ရင်းမြစ်များက သုတေသနပြုမှုများပေါ် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း အမေးအဖြေကဏ္ဍတွင် Amnesty International က မိမိတို့မှာ လိင်လုပ်ငန်းများကို တရားဝင်ဖြစ်စေရန်ထက် ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ရန်သာ တိုက်တွန်းဆော်သြခြင်းဖြစ်ကြောင်း၊ တရားဝင်ဖြစ်စေခြင်းမှာ အခြအနေနှစ်မျိုးသို့ ဦးတည်သွားနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ရာဇ၀တ်မှုအဖြစ် သတ်မှတ်မှုမှ ပယ်ဖျက်ခြင်းမှာ လွတ်လပ်စွာ လှုပ်ရှားရန်၊ ပုံမှန်မဟုတ်သော အဖွဲ့များအတွက် ကိုယ်တိုင်စီစဉ်နိုင်ရန်နှင့် တရားဝင်ပြုခြင်းကပင် တစ်ခါတစ်ရံ မလုပ်ပေးနိုင်သော ၀န်းကျင်များတွင် ကိုယ်ပိုင်အလုပ်လုပ်မှုကို ထိန်းချုပ်ရန် လိင်အလုပ်သမားများ လက်အတွင်းသို့ လုပ်ပိုင်ခွင့်ပိုမိုပေးအပ်ခြင်းဖြစ်သည်ဟု Amnesty International က ထည့်သွင်းပြောကြားခဲ့သည်။

    ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ မျိုးပွားမှုအခွင့်အရေးကွန်ယက်မှာ Amnesty International ၏ အဆိုပါဆုံးဖြတ်ချက်ကို လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ထောက်ခံခဲ့သည်။ လိင်အလုပ်သမားများ စီမံကိန်း၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကလည်း ထိုဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်။

    Amnesty International ၏ ထိုဆုံဖြတ်ချက်ကို လက်မခံသည့် လူ့အခွင့်အရေးအဖွဲ့များလည်း ရှိနေပြီး ထိုအထဲတွင် Advance word of the Amnesty ကမူ Amnesty International မှာ ဆိုးရွားသည့် အမှားတစ်ခုကို ပြုလုပ်လိုက်ပြီဟု ဝေဖန်ခဲ့သည်။ အမေရိကန်အခြေစိုက် အမျိုးသမီးများ လူကုန်ကူခြင်း ဆန့်ကျင်ရေး အဖွဲ့ကဲ့သို့ အဖွဲ့များကလည်း လိင်အလုပ်သမားများအား ရာဇ၀တ်မှုကျူးလွန်သူအဖြစ် မသတ်မှတ်ခြင်းကို သဘောတူသော်လည်း၊ လိင်လုပ်ငန်းအား ရာဇ၀တ်မှုအဖြစ် သတ်မှတ်မှုကို
    လုံးဝပယ်ဖျက်ခြင်းမှာ စီးပွားရေးသမားများကို ပြည့်တန်ဆာခေါင်းများအဖြစ် ပြုလုပ်သကဲ့သို့ ဖြစ်မည်ဖြစ်ပြီး အရေးယူခြင်း မခံရဘဲ အမျိုသမီးများကို အရောင်းအ၀ယ်လုပ်နိုင်သွားမည်ဟု ထောက်ပြခဲ့ကြသည်။

    Ref: Aljazeera

  • မြန်မာပြည် ပြန်ပို့မှာ ကြောက်ရွံ့နေကြတဲ့ ထိုင်းနယ်စပ်က လူနည်းစု ဒုက္ခသည်များ

    မြန်မာပြည် ပြန်ပို့မှာ ကြောက်ရွံ့နေကြတဲ့ ထိုင်းနယ်စပ်က လူနည်းစု ဒုက္ခသည်များ

    ဇွန် ၂၇ ၊ ၂၀၁၅
    M-Media
    44562cac978642e89bc0f67ca4650d4f_18
    – ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိနေထိုင်နေသော ဒုက္ခသည် ၁၃၀၀၀ ကျော်ကို မူရင်းနိုင်ငံသို့ အလျင်စလိုပြန်ပို့ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လူနည်းစု ကရင် လူမျိုးများကို ကိုယ်စားပြုနေသည့် ကရင်အမျိုးသမီးအဖွဲ့ KWO က သတိပေးပြောကြားလိုက်သည်။

    ကမ္ဘာ့ဒုက္ခသည်များနေ့နှင့် တိုက်ဆိုင်စွာ စနေနေ့ (ဇွန်လ ၁၉ ရက်နေ့က) ထုတ်ပြန်သည့် ၎င်းတို့၏ကြေညာချက်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခနှင့် မြန်မာအစိုးအပေါ် ဒုက္ခသည်များ၏ မယုံကြည်မှုတို့က နေရပ်ပြန့်ပို့ရန် စီစဉ်မှုကို ဆန့်ကျင်သည့် အကြောင်းအရင်းများအဖြစ် ထောက်ပြခဲ့သည်။

    “ကနီဦးအနေနဲ့ ဒုက္ခသည်တွေ နေရပ်စွန့်ခွာရတဲ့ အခြေအနေတွေကို မဖြေရှင်းရသေးပါဘူး။ အပစ်ရပ်ထားတဲ့ ဒေသတွေမှာလည်း  (မြန်မာ)စစ်တပ်က စစ်သားတွေ၊ စစ်လက်နက်တွေ တိုးမြှင့်ချထားလာတာဟာ ပဋိပက္ခကိုကြောက်ရွံ့မှု အောက်မှာ နေထိုင်နေ ရသူတွေရဲ့ ဘ၀တွေကို ခြိမ်းခြောက်နေပါတယ်” ဟု KWO ၏ အဆိုပါကြေညာချက်တွင် ထည့်သွင်းပြောထားသည်။

    မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က အမည်ခံ အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အများစုမှာ အပစ်ရပ်ရေး လတ်မှတ်ရေးထိုးခဲ့ကြသည်။

    သို့သော်လည်း အဆိုပါလက်နက်ကိုင်အုပ်စုများနှင့် မြန်မာစစ်တပ်တို့အကြား ဆိုးရွားသည့် ထိပ်တိုက်တွေ့ဆုံမှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ဒုက္ခသည်များ ၀င်ရောက်လာမှုမှာလည်း ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

    “ဒီ လက်ရှိအခြေအနေတွေအောက်မှာ အလောတကြီး နေရပ်ပြန်ပို့တာဟာ မြန်မာ(Burma)စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံစားခဲ့ကြရတဲ့ ဒုက္ခသည်တွေအတွက် ထိခိုက်ခံစားရမှုဆီကို ဦးတည်သွားပါလိမ့်မယ်” ဟု ယခင်က အသုံးပြုခဲ့သည့် မြန်မာနိုင်ငံ၏ အမည်ကို ရည်ညွှန်း၍ KWO ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    နေရပ်ပြန်ပို့ရေး ကြောက်ရွံ့မှု

    ယခုနှစ်အစောပိုင်းက ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် UNHCR မှ ဒုက္ခသည် စီစစ်အတည်ပြုရေး လုပ်ငန်စဉ်တစ်ခုကို လုပ်ကိုင်ခဲ့သည်။ စခန်းများတွင် ရှိနေကြသူများ၏ အရေအတွက်ကို သိရှိစေရန် နေထိုင်သူအားလုံး၏ လက်ဗွေရာများ၊ ဓာတ်ပုံများကို စစ်တမ်းကောက်ယူခဲ့ပြီး နေထိုင်သူများက နေရပ်ပြန်ပို့ရေး ဖြစ်လာတော့မည်လားဆိုသည့် စိုးရိမ်စိတ်များလည်း မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်နှစ်မေလ ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးကတည်းက ထိုင်းစစ်အစိုးရမှာ ဒုက္ခသည်စခန်းများအပေါ် ထိန်းချုပ်မှုများ တင်းကျပ်လာခဲ့ပြီး ဒုက္ခသည်များ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်မှုများ ရှိလာခဲ့သည်။

    ထိုင်းစစ်တပ် တာဝန်ရှိသူများကမူ ဒုက္ခသည်စခန်း ၉ ခုစလုံးအား ပိတ်ပစ်မည်ဟု ထပ်ခါတလဲလဲ ပြောကြားလာကြသည်။ ထိုစခန်းများထဲမှ အချို့မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်နေပြီဖြစ်သည်။

    ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Weerachon Sukondhadpatipak က ၎င်းအနေဖြင့် ဒုက္ခသည်များ နေပြန်ရေးအတွက် အချိန်သတ်မှတ်ရန် ဂရုမထားသော်လည်း အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများအား ပိတ်ပစ်ရန် စိတ်အားထက်သန်နေသည်ဟု ဆိုသည်။

    “တကယ်လို့ စီစစ်ရေးလုပ်ငန်းစဉ်နဲ့ နေရပ်ပြန်ပို့ရေးကို တတ်နိုင်သလောက် မြန်မြန်လုပ်နိုင်လေ ထိုင်းနိုင်ငံအတွက် ပိုကောင်းလေပါပဲ။ တစ်ချိန်တည်းမှာပဲ အကန့်အသတ်ရှိတာတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြီးတော့ မြန်မာအာဏာပိုင်တွေကိုလည်း ကျွန်တော့် အလေးထားပါတယ်။ (ဒုက္ခသည်တွေရဲ့) လူ့အခွင့်အရေးကို ကျွန်တော်တို့ ဂရုစိုက်ပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ ကောင်းမွန် မျှတအောင် ဆောင်ရွက်သွားမှာပါ” ဟု Weerachon က ပြောကြားခဲ့သည်။

    မြန်မာအစိုးရနှင့် တိုင်းရင်းသားအုပ်စုများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသည့်အချိန်တွင် မြန်မာစစ်တပ်က ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်အသစ်များကို ပြီးခဲ့သည့်နှစ်များတွင် မြင်လာရသည်။

    KWO ၏ အဆိုအရ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပါအ၀င် မြန်မာစစ်တပ်က ကျူးလွန်သော  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အကြိမ် ၁၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။ ထိုကျူးလွန်သူများထဲတွင် မည်သူမှ တရားဥပဒေရှေ့မှောက်သို့ ရောက်မလာခဲ့။

    ထိုကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ချေ။

    သွားစရာမြေမရှိ

    လူပေါင်း ၄ သောင်းကျော် နေထိုင်နေသည့် ထိုင်းနိုင်ငံရှိ အကြီးဆုံး ဒုက္ခသည်စခန်း မဲလာတွင် ကျောင်းသား ၂၀၀၀ခန့်မှာ ကမ္ဘာ့ဒုက္ခသည်များနေ့ကို ဆင်နွှဲရန် ပြီးခဲ့သည့် သောကြာနေ့က စုရုံးခဲ့ကြသည်။ အနီးအနားတွင် တိုင်းရင်းသားအဖွဲ့များက စခန်းအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး ၁၃ မျိုး၏ အစားအသောက်များကို ကျွေးမွေးဧည့်ခံနေကြသည်။

    ထိုအခမ်းအနားများတွင် ၁၀ စုနှစ်တစ်ခုကျော်ကြာ စခန်းတွင် နေထိုင်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် ဘရိုင်ယန် တာဝမ်လည်း ပါဝည်သည်။ တာဝမ်က သူနှင့် သူ၏ မိသားစုမှာ ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် ၄ ခု တို့အကြား ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့မပြန်ချင်ဟု ပြောကြားခဲ့သည်။

    “အခုအချိန်မှာ အခြားနိုင်ငံကလူတွေ ကျွန်တော်တို့အကြောင်းပြောကြတဲ့အခါ၊ နေရပ်ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုခုကြားရတဲ့အခါ ပြည်သူအားလုံးက ဒါဟာ ကြောက်ရွံ့မှုလို့ ခံစားရပါတယ်” ဟု တာဝမ်က ဆိုသည်။ အမေရိကန်ပြည်ထောင်စု ဆော့တ်လိတ်မြို့တွင် နေရာချထားပေးခြင်း ခံရသည့် မြေးဖြစ်သူများနှင့် နောက်ဆုံးတွင် သွားရောက်နေထိုင်နိုင်ရန် သူက မျှော်လင့်နေသည်။

    အသက် ၅၈ နှစ်အရွယ် ပီယောကမူ စိုးရိမ်မှု ကြီးကြီးမားမားရှိနေပြီး မြန်မာစစ်တပ်ကိုလည်း ကြောက်ရွံ့နေသည်။ လွန်ခဲ့သည့် ၅ နှစ်ခန့်က သူမ ညဘက်ဖားရိုက်သွားနေစဉ် ခင်ပွန်းဖြစ်သူမှာ မြန်မာစစ်တပ်၏ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ကလေးများနှင့်အတူ ကရင်ပြည်နယ်မှ ထွက်ပြေးလာခြင်းဖြစ်သည်။

    “ကျွန်မ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ သေတဲ့အထိ ဒုက္ခသည်စခန်းမှာပဲ ကျွန်မ နေသွားမှာပါ။ တကယ်လို့ ကျွန်မပြန်ရင် ကျွန်မမှာ အိမ်မရှိဘူး။ မိသားစုမရှိဘူး။ ပြီးတော့ ကျွန်မ ဘာမှ မတတ်နိုင်ပါဘူး” ဟု ပီယောက ပြောကြားခဲ့သည်။

    သို့သော်လည်း အသက် ၃၄ နှစ်အရွယ်ရှိ ဟေဆိုသာကို က တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်ချင်နေသည်။

    “နောက်မျိုးဆက်ဟာ ဒုက္ခသည်စခန်းမှာ ကြီးပြင်းတာ မကောင်းပါဘူး။ ကျွန်တော် အိမ်ပြန်ချင်ပါတယ်။ ကျွန်တော့်ကလေးတွေ ဒီမှာကြီးပြင်းတာကို ကျွန်တော် မမြင်ချင်ပါဘူး” ဟု ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သော သာကိုက ပြောကြားခဲ့သည်။

    ref: Aljazeera
    မိုးဝေ ဘာသာပြန်သည်။

  • အင်အားကြီးနိုင်ငံများ ဗီတိုကို စွန့်လွှတ်သင့်သည်ဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန်

    အင်အားကြီးနိုင်ငံများ ဗီတိုကို စွန့်လွှတ်သင့်သည်ဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    amsy

    – IS ကဲ့သို့ အဖွဲ့များလက်မှ ပြည်သူများအား ကာကွယ်ရန် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များမှာ ရှက်စရာကောင်းပြီး ထိရောက်မှုမရှိသူများဖြစ်လာကာ ၎င်းတို့အနေဖြင့် ကုလတွင် ဗီတိုအာဏာကိုပါ စွန့်လွှတ်သင့်သည်ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်သည်။

    ၄၁၅ မျက်နှာရှိပြီး ယနေ့တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၆၀ တွင် ဖြစ်ပွားနေသော ပြဿနာများကို အသေးစိတ်ဖော်ပြထားကာ အစိုးရများမှာ ပြည်သူများအား ကာကွယ်ဟန် ဆောင်နေကြသည်ဟု ထည့်သွင်းရေးသားထားသည်။

    ထို့ပြင် နိုင်ငံတကာလက်နက်ကုန်သွယ်မှုကို ထိန်းညှိထားပြီး ပြီးခဲ့သည့်နှစ်က ပြဌာန်းခဲ့သော သဘောတူညီချက်ကို နိုင်ငံအားလုံးက လိုက်နာရန် Amnesty က တိုက်တွန်းခဲ့ပြီး ထိုသဘောတူညီချက်က ဆီးရီးယားနှင့် အီရတ်ကဲ့သို့သော နိုင်ငံများသို့ လက်နက်များ အစုလိုက်အပြုံလိုက်တင်ပို့မှုကို ရပ်တန့်စေနိုင်မည်ဟု ဆိုသည်။

    “ကမ္ဘာတစ်ဝှမ်း လက်နက်ခဲယမ်းကုန်သွယ်မှုကို ထိန်းညှိမှုမရှိတဲ့အတွက်ကြောင့် တစ်နှစ်ကို အနည်းဆုံး လူ ၅ သိန်းလောက် ပျမ်းမျှသေဆုံးနေပြီး သန်းနဲ့ချီတဲ့သူတွေ ဒဏ်ရာအနာတရဖြစ်တာ၊ မုဒိမ်းကျင့်ခံရတာနဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာတွေ ရှိနေပါတယ်” ဟု Amnesty ၏ မီဒီယာဒါရိုက်တာဖြစ်သူ ဆူဆန်နာ ဖလက်ဒ်က ပြောကြားခဲ့သည်။

    Amnesty International အဖွဲ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း ဝေဖန်ခဲ့ပြီး လက်ရှိပြဿနာများအား ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ချက်ချင်း အရေးယူမှုမလုပ်ပါက အခြေအနေမှာ ပိုမို၍ ဆိုးရွားလိမ့်မည်ဟု သတိပေးခဲ့သည်။

    ထို့ပြင် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့မှာ ၎င်းတို့၏ ဗီတိုအာဏာကို အရပ်သားများအား ကာကွယ်ရေးထက် ၎င်းတို့၏နိုင်ငံရေးအကျိုးစီးပွား သို့မဟုတ် ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက်သာ တစ်လွဲသုံးနေကြသည်ဟု ထည့်သွင်းပြောကြားခဲ့ကာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့်အခါတွင် ထိုနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဗီတိုအာဏာကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။

    Amnesty International မှာ မော်တာဗုံးများနှင့် ဒုံးကျည်များကဲ့သို့ ပေါက်ကွဲစေတတ်သော လက်နက်များအား လူနေထူထပ်သောနေရာတွင် အသုံးပြုခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ရန်အတွက်လည်း တိုက်တွန်းဆော်သြခဲ့သည်။

    Ref: aljazeera

  • မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု  မြန်မာအစိုးရအား အမေရိကန် အစိုးရကို သြဇာရှိသည့် CSIS အဖွဲ့ဝေဖန်

    မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မြန်မာအစိုးရအား အမေရိကန် အစိုးရကို သြဇာရှိသည့် CSIS အဖွဲ့ဝေဖန်

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media

    10464354_1491339591083252_5668154329372377568_n
    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်တွင် လက်နက်များ ကိုင်ဆောင်ပြီး လူမြင်ကွင်း၌ သွားလာနေပုံ

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အန္တရာယ်များကို ဦးဆောင်ဖန်တီးနေမှုနှင့် နိုင်ငံတစ်ဝှမ်း ဗုဒ္ဓဘာသာဝင်များက မွတ်စလင်များအပေါ် ပြုလုပ်သော အကြမ်းဖက် တိုက်ခိုက်မှုများကို စီစဉ်သူများအား ဖော်ထုတ်ရာတွင် ထိရောက်မှုရှိသော အရေးယူမှုများ မပြုလုပ်သည့်အတွက် အမေရိကန် အစိုးရအပေါ် သြဇာ သက်ရောက်မှုရှိသည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှုအဖွဲ့ CSIS အဖွဲ့က မြန်မာစိုးရအား ဝေဖန်ပြောဆိုလိုက်သည်။

    မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်းက လာရောက်လေ့လာခဲ့သည့် အဆိုပါအဖွဲ့မှာ ၎င်းတို့၏ တွေ့ရှိချက်များကို ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၏ တိုးတက်မှု အချို့ကို ဖော်ပြခြင်းနှင့်အတူ ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

    CSIS ၏ ထိုအစီရင်ခံစာတွင် လာမည့် ၂၀၁၅ ခုနှစ်ရွေကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မျှော်လင့်နိုင်ဖွယ် လက္ခဏာများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အလားအလာများ၊ ဆိုးရွားသော ကျန်းမာရေးစနစ်၏ တိုးတက်မှုများနှင့် လျှင်မြန်စွာတိုးတက်လာသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအကြောင်းကိုလည်း ဖော်ပြထားသည်။

    သို့သော်လည်း အာဏာမှာ စစ်တပ်၏ အလိုကျရှိနေမှုနှင့်၊ အဓိကနိုင်ငံရေး ပြောင်းလဲမှုများအတွက် ဆုံးဖြတ်ချက်ချမှုများ တန့်နေခြင်းတို့ကို ထောက်ပြခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ပြုလုပ်နေသော သမ္မတ ဦးသိန်းစိန်၏ မဟာမိတ်များဖြစ်သည့် ပြုပြင်ပြောင်းလဲရေးသမားများနှင့် ပြုပြင်ပြောင်းလဲရေးကြောင့် အခွင့်ထူးများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသူများအကြား အားပြိုင်မှုများရှိနေသည် အလားအလာကိုလည်း တွေ့ရှိခဲ့ရသည်ဟု CSIS က ဆိုသည်။

    ရခိုင်ပြည်နယ်အရေးတွင်မူ ၂၀၁၂ ခုနှစ်က ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုများကို ခံခဲ့ရပြီးနောက် နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင် ၁၄၀၀၀၀ မှာ သံဆူးကြိုးများကာရံထားသော စခန်းများတွက် နေထိုင်နေရပြီး လူးသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသော အခြေအနေများကို ဆက်လက်ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

    ထိုမျှမကဘဲ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသော အဖွဲ့များအပေါ် တိုက်ခိုက်မှုများ ပြုလုပ်လာသည်အထိ ဆိုးရွားခဲ့သော်လည်း ထိုတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများကို အစိုးရက လပေါင်းများစွာကြာ ဥပက္ခာပြုထား သည်ဟုလည်း CSIS က ဝေဖန်ခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များက ခွဲခြားမှုများရှိနေသည်ဟု ဝေဖန်ထားသော ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေး လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံသားအဖြစ် သတ်မှတ်နေရးနှင့် ပြန်လည်နေရာချထားရေး အယူအဆများကို ဖြစ်ပေါ်စေသော်လည်း အစိုးရအနေဖြင့် ပြဿနာအား ဖြေရှင်းနိုင်မည်လားဆိုသည့် အမြင်မှာ ဆက်လက်ရှိနေသည်ဟု ဆိုသည်။

    လွန်ခဲ့သည့် သုံးနှစ်အတွင်း အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအား ပြန်လည် ဆက်ဆံခဲ့ပြီး ပိတ်ဆို့ထားမှုများ ဖြေလျော့ပေးမှုကို ဆက်လက်ဆောင်ရွက်ရန်နှင့် မြန်မာ့ကျန်းမာရေး ကဏ္ဍအတွက် ထောက်ပံ့ငွေများ ၂ ဆ တိုးပေးရန်လည်း CSIS က အမေရိကန် အစိုးရအား တိုက်တွန်းခဲ့သည်။

    ref_ The Associated Press

  • ပြည်တော်ပြန်ဖို့ အရေး မတွေးလိုပါ

    ပြည်တော်ပြန်ဖို့ အရေး မတွေးလိုပါ

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄
    M-Media
    cropped_138101522
    ထိုင်းနိုင်ငံ နယ်စပ်၌ သိန်းနှင့်ချီသော ဒုက္ခသည်များ နေထိုင်နေကြရသည်မှာ ဆယ်စုနှစ်ချီနေပေပြီ။ ယခုသော် သူတို့သည် မိမိတို့ စွန့်ပြေးလာ ခဲ့ကြသောနိုင်ငံသို့ ပြန်ကြရန် တွန်းထုတ်ခံ ရဖွယ်ရှိနေ၏။

    ထိုင်းနိုင်ငံအဝေးပြေးလမ်းမ ၁၀၅ အောက်ဖက်သို့ လှိမ့်ဆင်းလာနေကြသော ထရပ်ကားများအနီးရှိ သံဆူးကြိုးအကာအရံများအကြားမှ ကလေးငယ်တစ်သိုက် မမှိတ်မသုန် ချောင်းမြောင်းကြည့်ရှုနေကြ၏။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း တခ်ခရိုင်ရှိ တောင်တန်းများအောက်ဝယ် ပြန့်ကျဲနေသည့် ၀ါးတဲများ ထောင်နှင့်ချီရှိနေသည်။ ၎င်းတဲတစ်လုံးအတွင်း ကလေးငယ်များမှာ အချင်းချင်း ပူးကပ်၍ မယ်လ ဒုက္ခသည်စခန်း ၀င်ပေါက်တွင် ကူညီရေးယာဉ် တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်တန့် စစ်ဆေးနေသည်ကို စောင့်ကြည့်နေကြလေသည်။ ထိုင်းမြန်မာနယ်စပ်မှ ၈ ကီလိုမီတာမျှသာ ကွာဝေးသော ယင်းစခန်း၌ ဒုက္ခသည်ပေါင်း ၄၄၀၀၀ အထိ ရှိနေပြီး အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်ကြ၏။ ၎င်းတို့သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားသော ပြည်တွင်းစစ်မှ ထွက်ပြေးလာကြသူများပင်။

    ပဋိပက္ခမှ ထွက်ပြေးလာသူ ထောင်နှင့်ချီသော ရွာသားများ အနက် တစ်ဦးဖြစ်သည့် စောကဒူး (၆၂ နှစ်)သည် ကရင်ပြည်နယ်တွင်း အစိုးရတပ်သားတို့၏ စစ်ဆင်ရေး တစ်ခုအကြားမှ နယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ ၁၉၈၄ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ပထမပိုင်းတွင် စခန်းတစ်ခုတွင် ခေတ္တနေထိုင်ခဲ့ပြီး သူနှင့်သူ့မိသားစုကို ၁၉၉၇ ခုနှစ်တွင် မယ်လဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းလိုက်ရာ ယနေ့တိုင်အောင် ထိုစခန်း၌ ရှိနေရပေသည်။ စောကဒူးနှင့် စခန်းတွင်းဆရာမဖြစ်သူ သူ့ဇနီးတို့သည် သစ်ရွက်ကာတဲငယ်လေးကိုပင် မိမိတို့၏ရိပ်မြုံအဖြစ် သဘောထားနေထိုင်ခဲ့ကြသည်။ သို့သော် ၁၇ နှစ်ကြာညောင်းလာသောအခါ စောကဒူးအဖို့ ဘ၀ရှင်သန်ရေး အတွက် ပိုမို ခက်ခဲလာတော့၏။

    “ကျွန်တော်တို့ ဒုက္ခသည်တွေအတွက် အပြင်ထွက်ဖို့၊ အလုပ်အကိုင်ရှာဖွေဖို့အသာထား၊ အစာရေစာရှာဖို့ပင်လျှင် ခုချိန်မှာ အကြပ်တွေ့နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယခင်တုန်းက အတိုင်း မဟုတ်တော့ပဲ ကျွန်တော်တို့ကို စခန်းပြင်ပကို လုံးဝ ထွက်ခွင့်မပေးတော့လို့ဖြစ်ပါတယ်။ ဒုက္ခသည်တွေက ဒီကန့်သတ်ချက် အသစ်တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြပါတယ်။ လအနည်းငယ်အတွင်း ထိုင်းအစိုးရက ကျွန်တော်တို့ကို ပြန်ပို့တော့မလားဆိုပြီး ကျွန်တော်တို့ စိုးရိမ်နေပါတယ်” ဟု စောကဒူးက သူ၏ ၄ မီတာပတ်လည် တဲအတွင်း ထိုင်လျက် ပြောပြခဲ့သည်။

    စခန်းများထဲ ထောက်ပံ့ကူညီရေးကို စီမံခန့်ခွဲနေသော နယ်စပ်ကြီးကြပ်ရေး အဖွဲ့၏အဆိုအရ နယ်စပ် တစ်လျှောက်ရှိ စခန်းပေါင်း ၉ ခုတွင် မြန်မာဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်းဝန်ကျင် အထိ ရှိနေသည်။ ဆယ်စုနှစ်များစွာ နယ်မြေ စွန့်လာရသည့် ထိုသူအားလုံးက မရေမရာ အနေအထားဖြင့် နေထိုင်ရှင်သန်ခဲ့ကြရသည်။ ထိုင်းနိုင်ငံသည် ကုလသမဂ္ဂ၏ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်ကို လက်မှတ်မထိုးခဲ့၊ ထိုင်းဥပဒေအောက်မှ တရားဝင် ကာကွယ်ထိန်းသိမ်းပေးထားသူ အချို့မှအပ ဒုက္ခသည်များကို နှင်ထုတ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာ အသိအမှတ်ပြု ဒုက္ခသည်များအဖြစ် သတ်မှတ်ရေးအတွက် စခန်းတွင်းနေထိုင်နေသူများကို မှတ်ပုံတင်ရေး UNHCR လုပ်ငန်းစဉ်ကို ကာလ အကန့်အသတ်မပေးပဲ ရပ်ဆိုင်းခဲ့ရာ လူပေါင်း ငါးသောင်း ရှစ်ထောင်မှာ တရားဝင် ဒုက္ခသည်စာရင်းထဲ မပါဝင်နိုင်ခဲ့ချေ။

    လက်ရှိလများအတွင်း ဒုက္ခသည်များ အပေါ် တင်းကြပ်သော ဥပဒေများ မဆိုင်းမတွ ပြဋ္ဌာန်းလိုက်နာစေခြင်း၊ ထိုင်းနှင့်မြန်မာအာဏာပိုင်တို့အကြား ဒုက္ခသည်များ ပြန်လည်ခေါ်ယူ ပို့ဆောင်ရေး သတ်မှတ်ချက်များအပေါ် စေ့စပ်ညှိနှိုင်းမှုများ ယခင်ကထက် ပို၍ ပြန်လည်ပြုလုပ်လာခြင်းတို့က ဒုက္ခသည်များကို ၎င်းတို့၏အနာဂတ်နှင့် စပ်လျဉ်း၍ တုန်လှုပ်သွားစေသည်။

    ထိုင်းနိုင်ငံ၏ပထမဆုံး ဒုက္ခသည် စခန်းကို ၁၉၈၄ ခုနှစ်တွင် တည်ဆောက်သည်။ ၁၉၄၉ ခုနှစ်ကတည်းက ဗမာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား တိုက်ပွဲများ စတင်ခဲ့သည်။ မိမိတို့နယ်မြေလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်သည့် KNU တို့အား အစိုးရတပ်ဖွဲ့များမှ စဉ်ဆက်မပြတ် ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း ထိုးစစ်ဆင်မှုများက ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များ သိန်းဂဏန်းအထိ ရောက်ရှိစေခဲ့သည်။

    လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က ထိုင်းနိုင်ငံ၏ ဒုက္ခသည်စခန်းများသည် နယ်မြေအတည်တကျ မရှိသူတို့အတွက် အသိုင်းအ၀န်း ဖြစ်လာခဲ့သည်။ သို့ဖြင့် နိုင်ငံတကာ အလှူရှင်များက ဒုက္ခသည်များအတွက် ခိုင်မာအားကောင်းသည့် ထောက်ပံ့ကူညီရေးအစီအစဉ်များ တည်ဆောက်ခဲ့ကြသည်။ အဆုတ်ရောဂါ အပါအ၀င် ရောဂါမျိုးစုံကုသရန် အခြေခံ ကျန်းမာရေးဝန်ဆောင်မှုများ၊ ကလေးငယ်တို့ အတွက် စာသင်ကျောင်းများ စသည်တို့ဖြစ်သည်။ သာမန်အချိုးကျထောက်ပံ့ပေးမှုများ တိုးပွားလာစေရန် အခြေခံ လူသုံးကုန်ဈေးဆိုင်လေးများ၊ ဘုရားဝတ်ပြုနေရာများကို ဒုက္ခသည်တို့မှ မိမိတို့ဖာသာ တည်ဆောက်ခဲ့ကြ၏။ (အထိုက်အလျောက် သာယာစည်ပင်မှု ရှိခဲ့ကြ၏)။

    သို့တစေ စစ်အုပ်ချုပ်ရေးမှ အရပ်သား အုပ်ချုပ်ရေးသို့  မြန်မာနိုင်ငံ၏ နိုင်ငံရေး အရွေ့နှင့်အတူ ထိုအနေအထားမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားခဲ့သည်။ မြန်မာနိုင်ငံသည် ဖယ်ကြဉ်ခံ တိုင်းပြည်မဟုတ်တော့သဖြင့် အလှူရှင်တို့၏လှူဒါန်းငွေများက နယ်စပ်ဆိုင်ရာ အဖွဲ့အစည်းများမှ မြန်မာပြည်တွင်းရေး လှုပ်ရှားသူများထံသို့ ရွေ့မျောစီးဝင်သွားလေသည်။ ဒေသတွင်း၌ လူမျိုးရေး ပဋိပက္ခများ ရှေ့ဆက်နေသည့်တိုင် သမ္မတဦးသိန်းစိန်သည် KNU နှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်အစိုးရ တစ်ရပ် ပေါ်ထွက်လာခြင်းနှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲများ အဆုံးသတ်ခြင်းကြောင့် ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဒုက္ခသည်များ ဌာနီပြန်ရေး မျှော်လင့်ချက်ရောင်ခြည်သန်းလာလေသည်။

    တစ်ချိန်တည်းမှာပင် ဒုက္ခသည် စခန်းများသည် မြင်သာထင်ရှားသောအပြောင်းအလဲများ တွေ့ကြုံရသည်။ စားရေရိက္ခာ စီစဉ်ပေးနေသော နယ်စပ်ကြီးကြပ်မှုအဖွဲ့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အတွက် ဦးတည်ထောက်ပံ့နေမှုများမှာ မယ်မယ်ရရ အကြောင်းပြချက်မရှိပဲ ၂ နှစ်ဆက်တိုက် ပြတ်တောက်သွားလေသည်။ ဥပမာ – မယ်လ အပါအ၀င် ဒုက္ခသည်စခန်း(ကိုးခုအနက်) ၈ ခု၌ လစဉ် ဆန်ခွဲတမ်းများသည် လူတစ်ဦးလျှင် ၁၆ ကီလိုဂရမ် ပေးနေရာမှ ၈ ကီလိုဂရမ်ထိ ဖြတ်တောက်ခံရ၏။ ထို့နောက် ယခုနှစ် ဇူလိုင်လတွင် ဒုက္ခသည်များသည် စခန်းပြင်ပသို့ တရားဝင် ခွင့်ပြုချက်မရှိပဲ မထွက်ရ ဟု ထိုင်းအာဏာပိုင်များမှ စတင်တင်းကြပ်လိုက်သည်။ ပိုမိုတင်းကြပ်သည့်စည်းမျဉ်းများ မထုတ်ပြန်မီ ဖူလုံရေးအလို့ငှာ ဒုက္ခသည်များသည် စခန်းပြင်ပရှိ လယ်ယာများ သို့မဟုတ် ဒေသတွင်းစက်ရုံများသို့ ပုံမှန် ထွက်ခွာသွားလာပြီး အလုပ်လုပ်ခဲ့ကြသည်။ ယခုသော် ကြားပေါက် ၀င်ငွေ မရနိုင်တော့သည့် အတွက် ခါတိုင်းနှင့်မတူအောင် ရုန်းကန်ရှင်သန်နေကြရသည်ဟု ဒုက္ခသည်များက ဆိုသည်။

    “ဒုက္ခသည်တစ်ဦးအနေနဲ့ အယင်ကလို ဟိုဟိုဒီဒီ အပြင်ထွက် လမ်းလျှောက်တာတောင် ခွင့်ပြုမခံရတော့ဘူး၊ အနေအထားက လုံးလုံး ပြောင်းလဲသွားပါပြီ” ဟု မယ်လစခန်းရှိ ကရင် လူမျိုးရေးဆောင်ရွက်နေသည့် အမည်မဖော်လိုသူ လုပ်သားတစ်ဦးက ပြောကြားသည်။

    လက်ရှိတင်းကြပ် ကန့်သတ်ထားမှုမှာ ဒုက္ခသည်များ၏ အနာဂတ်အရေး ထိုင်းနှင့်မြန်မာ အာဏာပိုင်တို့အကြား ပြန်လည်ဆွေးနွေးမှုများနှင့် တိုက်ဆိုင်နေသည်။ ဇူလိုင်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်စာ၌ မြန်မာနယ်စပ်ရေးရာ ၀န်ကြီးဌာနကို ထိန်းချုပ်ထားသော မြန်မာ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် ပရာယုတို့ တွေ့ဆုံဆွေးနွေးခြင်း သတင်းအား အတည်ပြုခဲ့သည်။ ပြန်လည်ခေါ်ဆောင်ပို့ဆောင်ရေးအတွက် တိကျရေရာသည့် အချက်အလက်များ လူသိရှင်ကြား ထွက်မလာခဲ့သော်လည်း ယင်းထုတ်ပြန်ချက်အရ ထိုင်းအစိုးရအနေနှင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ယင်းထုတ်ပြန်စာ၌ “ဒီနယ်မြေစွန့် ထွက်ခွာလာတဲ့သူတွေကို ဘေးကင်းစွာ၊ သိက္ခာရှိစွာ ရေရှည်ပြန်ပို့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုက သေရေးရှင်ရေးတမျှ  အရေးကြီးပါတယ်” ဟု တွေ့နေရလေသည်။

    ကုလသမဂ္ဂလမ်းညွှန်မှုအောက်မှ ရေရှည် ဒုက္ခသည်များကို နေရပ်ဌာနီပြန်စေခြင်းမှာ ၎င်းတို့ဆန္ဒအလျောက် ဖြစ်ရမည်၊ ဘေးကင်းလုံခြုံအောင် စီမံပေးရမည်၊ နေရပ်ပြန်ရောက်သော် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ဖို့ အာမခံချက်ပေးရပေမည်။ ဒုက္ခသည်များကို အတင်းအဓမ္မပြန် မလွှတ်၊ နိုင်ငံတကာ စည်းမျဉ်းများအတိုင်း ဆောင်ရွက်မည်ဟု ထိုင်းနိုင်ငံမှ ဆိုထားသည်။ သို့သော် နယ်စပ်ရှိ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းခေါင်းဆောင်နှင့် ကူညီရေးလုပ်သားများက လက်ရှိသွားလာရေးကန့်သတ်မှုများသည် ဒုက္ခသည်စခန်းများတွင် ရေရှည် မရပ်တည်နိုင်အောင်ပြု၍ ဌာနီပြန်ရေးကို ရွေးချယ်အောင် နှင်ထုတ်မှု တစ်မျိုးဖြစ်သည်ဟု စောဒကတက်နေကြ၏။

    ဒုက္ခသည်စခန်းများအတွင်း ကရင်လူမျိုးအရေးဆောင်ရွက်နေသည့် ကရင်အမျိုးသမီးများအဖွဲ့အတွင်းရေးမှူး Naw K’nyaw Paw က “ဒီအချက်တွေအားလုံး စုပေါင်းလိုက်ယင် လူတွေကို ဌာနီပြန်အောင် တွန်းထုတ်တဲ့နည်းလမ်းတစ်ခုဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ အစာရေစာ မလုံလောက်တော့ယင် ဖျားနာသူကို ကောင်းကောင်း မကုသနိုင်တော့ဘူး၊ ကလေးငယ်တွေ ကျောင်းမတက်နိုင်တော့ဘူး၊ ဆိုတော့ စခန်းကနေခွာပြီး ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားရတော့မယ်လေ” ဟု ပြောကြားသည်။

    မယ်လစခန်းရှိ ကရင်လူမျိုးအရေးဆောင်ရွက်သူ တစ်ဦးက ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ယုံမှအပ ရွေးချယ်အခွင့်အလမ်းနည်းပါးအောင် လုပ်ထားသည့်အကြောင်း ဤသို့ ဖြည့်စွက်ပြောပြသည်။

    “ လျှော့ချကန့်သတ်ထားတဲ့ ကျွန်တော်တို့ရဲ့ (ရိက္ခာ)ခွဲတမ်းတွေကို ထပ်တိုးရရှိရေးအတွက်  ကျွန်တော်တို့ မလုပ်နိုင်တော့ဘူး။ ဒါဟာ ဒုက္ခသည်တွေအပေါ် အဓိကတွန်းထုတ်နေတဲ့ အချက်ပါပဲ”။

    လူများစွာတို့မှ ရိပ်စားမိနေပြီဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တွင် ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီ၏ အထက်တန်းကွင်းဆင်းဆောင်ရွက်သူ အစီအစဉ်မှူး Iain Hall က နယ်စပ်စခန်းရှိ ဒုက္ခသည်အချို့မှာ မြန်မာနိုင်ငံသို့ ပြန်သွားနေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

    “ဒုက္ခသည်ထောင်ပေါင်း များစွာ ဌာနီပြန်ခရီး စတင်နေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်ဘူး၊ စံနစ်တကျ မစီစဉ်ပေးကြဘူး။ ကျုပ်တို့အတွက် ဌာနီပြန်တာက အမှန်ကန်ဆုံးအခြေအနေဖြစ်နေပါတယ်လို့ သူတို့ ပြောကြတယ်။ ဒါပေမယ့် ကျန်ရှိသူအများစုကတော့ အချိန်တန်ပြီလို့ မယူဆသေးပါဘူး”။

    မြန်မာနိုင်ငံ၌ လတ်တစ်လော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်နေလင့်ကစား နယ်စပ်ဒေသများတွင် မတည်ငြိမ်သေး။ KNU အပါအ၀င် လက်နက်ကိုင် အုပ်စုအများအပြားနှင့် မြန်မာအစိုးရမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးနေသည့်ကြားမှ လူနည်းစုတိုင်းရင်းဒေသများမှာ အသည်းအမည်း စစ်ဆင်ခံနေကြရသည်။

    ကချင်နှင့် ရှမ်းပြည်နယ်တို့ကို အတိုင်းအတာတစ်ရပ် အထိ ရန်ငြိုးကို လျှော့ထားသယောင် ရှိသော်လည်း ကရင်ပြည်နယ်မှာမူ မကြာသေးမီကပင် ထပ်မံအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်။ စက်တင်ဘာ ၉ ရက်က KNU နယ်နမိတ်ကိုဖြတ်ကျော် ၀င်ရောက်လာသော မြန်မာစစ်တပ် ကင်းထောက်တစ်ဦးကို ကေအင်န်ယူတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်။ များမကြာမီ စက်တင်ဘာ ၂၇ ရက်တွင် မြ၀တီမြို့ဆင်ခြေဖုံး၌ မြန်မာစစ်တပ်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားပါတော့သည်။

    နယ်စပ်၌ ယခုနောက်ဆုံးဖြစ်ပျက်မှုက ဌာနီပြန်ရန်စောင့်ဆိုင်းနေသည့် ဒုက္ခသည်များအတွက် ဘ၀ရပ်တည်မှုအရေး ရင်မအေးစေတော့ပါ။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း စစ်ရှိန်မြင့်ချိန်က ပျက်စီးမီးလောင်ခဲ့ရသော ရွာပေါင်းမှာ ၃၇၀၀ အထက် ရှိခဲ့သည်။ မြန်မာနိုင်ငံအရှေ့ဖက်ခြမ်းတွင် မြေမြုပ်မိုင်းဒဏ် သင့်နေဆဲ၊ ဒေသခံများအတွက် အစာရေစာနှင့်ဝင်ငွေဆိုင်ရာ အဓိကအရင်းအမြစ်ဖြစ်သည့် မြေယာတို့မှာလည်း အန္တရာယ်မကင်းဖြစ်နေဆဲ။ အဓမ္မကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပျက်ရာပျက်ကြောင်းကြံစည်ခြင်းများအပါအ၀င် လူနည်းစုတိုင်းရင်းဒေသများတွင် အစိုးရစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားများ မှတ်တမ်းတင်နေရဆဲ။

    UNHCR မှ Vivian Tan ကလည်း မြန်မာနိုင်ငံသည် သောင်းနှင့်ချီသော ဒုက္ခသည်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အနေအထားတွင် မရှိဟု ထုတ်ဖော်ပြောကြားသည်။
    “လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်လာတဲ့တိုးတက်မှုကို မြင်လာရတဲ့အပေါ် UNHCR နဲ့ အကူအညီပေးရေးအေဂျင်စီတွေက ကြိုတင်ပြင်ဆင်ထားမှုအဆင့် တိုးမြှင့်ဖို့ သတိပေးခဲ့တယ်။ ဒုက္ခသည်တွေ ၀င်ရောက်လာမယ့် မြန်မာနိုင်ငံ အရှေ့တောင်ဖက်က အနေအထားများစွာဟာ တစုတစည်းတည်း ပြန်လည်ဝင်လာဖို့အတွက် အဆင်သင့်အနေအထားမှာ မရှိသေးကြောင်း ကျွန်မတို့ မပြတ်ပြောဆိုခဲ့ပါတယ်။ အကြွင်းမဲ့အပစ်အခတ်ရပ်စဲမှု မရှိခြင်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်တွေ ရှိနေခြင်း၊ အချို့ဒေသမှာ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ ကင်းမဲ့နေခြင်း စတာတွေဖြစ်ပါတယ်”။

    ဇူလိုင် ၁၇ ရက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြသည့်အတိုင်း လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဌာနီပြန် ဒုက္ခသည်များကို စီမံဆောင်ရွက်ပေး သွားမည်ဟု ထိုင်းအာဏာပိုင်များက တသွင်သွင် ပြောနေသော်လည်း ပြည်တော်ပြန်သည့်အခါ မိမိတို့မိသားစုအပေါ် စောင့်ကြိုနေမည့်ကံကြမ္မာအား ကြောက်လန့်တုန်လှုပ်နေရကြောင်း စောကဒူးက ဆိုပါသည်။

    “မြန်မာပြည်ကို ကျွန်တော်တို့ မပြန်နိုင်ဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာမှာကို ကျွန်တော်တို့ စိုးရိမ်ပူပန်တယ်။ အဲ့ဒီမှာ အစစ်အမှန် ငြိမ်းချမ်းရေးဆိုတာ မရှိဘူးဗျ”။

    သူ့အနေနှင့် မကြုံဖူးလောက်အောင် ကယ်ကူရာမဲ့သလို ခံစားနေရရှာပါသည်။ ဒုက္ခသည်စခန်းအတွင်း နေ့တစ်ဓူဝ ဖြတ်သန်းရှင်သန်ရမည့်ဘ၀ (နှင့်) ခံပြင်းနာကျည်းခဲ့ရသည့် မြန်မာနိုင်ငံသို့ ပြည်တော်ပြန်ရေး – ရွေးရခက်နေပေပြီ။

    စောကဒူးကတော့ ဤသို့ဆိုပါသည်။

    “ကျွန်တော်တို့တစ်တွေ ဘာတွေထပ်ကြုံရမယ်ဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာများတတ်နိုင်လုပ်နိုင်ကြမှာလဲဗျာ”။

    xxxxxxxxxxxxxxxx

    Foreign Policy ၏ ‘We Cannot Go Back to Myanmar’ ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။