News @ M-Media

Tag: Hyperloop

  • ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ၂၀၂၀ တွင် ယူအေအီး၌ ပြေးဆွဲမည်

    ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ၂၀၂၀ တွင် ယူအေအီး၌ ပြေးဆွဲမည်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၉
    M-Media

    Hyperloop ကွန်ပျူတာ ဒီဇိုင်း

    – ကမ္ဘာ့ပထမဆုံး Hyperloop သယ်ယူရေးပို့ဆောင်ရေးစနစ်ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမှာ ၂၀၂၀ ခုနှစ်ကနေစတင်ပြီး ပြေးဆွဲမယ်လို့ သိရပါတယ်။

    ဒူဘိုင်းနဲ့ အဘူဒါဘီမြို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၁၅၀ အရှည်ရှိတဲ့ Hyperloop လမ်းကြောင်း ပထမအဆင့် ၁၀ ကီလိုမီတာကို လာမယ့်နှစ်မှာ စတင် ဆောက်လုပ်မှာ ဖြစ်ပါတယ်။

    ဆောက်လုပ်ရေးကုမ္ပဏီ Hyperloop TT ရဲ့ ဥက္ကဌဖြစ်သူ ဘီဘော့ပ် ဂရီစတာက ၁ ကီလိုမီတာ လမ်းပိုင်းကို ကန်ဒေါ်လာ သန်း ၄၀ လောက် ကုန်ကျမှာဖြစ်ပြီး ပထမအဆင့်ကို ၂၀၂၀ ခုနှစ်မှာ ပြေးဆွဲနိုင်မယ်လို့ Emirates News Agency သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Hyperloop စနစ် အသုံးပြုဖို့ အယူအဆကို Tesla နဲ့ Space X ကို တည်ထောင်သူ အေလွန်မက်စ်က ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲလို အတွဲမျိုးတွေကို လေဖိအားမရှိတဲ့ သီးသန့် လှိုင်ခေါင်းထဲမှာ သံလိုက်အားနဲ့ ပြေးဆွဲမယ့် ဒီစနစ်ဟာ လက်ရှိ အသုံးပြုနေတဲ့ ပို့ဆောင်ရေးစနစ် အားလုံးက ပိုမြန်မှာ ဖြစ်ပါတယ်။

    ယူအေအီးမှာ တည်ဆောက်မယ့် ပထမဆုံး Hyperloop စနစ် ပြီးစီးသွားရင် ဒူဘိုင်းနဲ့ အဘူဒါဘီကို ၁၂ မိနစ်နဲ့ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

    ဂရီစတာက ပထမဆုံး Hyperloop အတွဲကို စပိန်မှာ တပ်ဆင်ပြီးစီးခဲ့ပြီး ပြင်သစ်နိုင်ငံ တူးလော့စ်မြို့ကို ပို့ဆောင်ကာ အဲဒီက လှိုင်ခေါင်းမှာ စမ်းသပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ယူအေအီးတွင် အကောင်အထည်ဖော်မည်

    ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ယူအေအီးတွင် အကောင်အထည်ဖော်မည်

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

     


    – ကမ္ဘာ့နောက်ဆုံးပေါ် ပို့ဆောင်ရေးစနစ်ဖြစ်တဲ့ Hyperloop စနစ်ကို တည်ဆောက်နိုင်ဖို့အတွက် ယူအေအီးနိုင်ငံ အဘူဒါဘီအခြေစိုက် အိမ်ခြံမြေလုပ်ငန်း Aldar Properties PJSC နဲ့ ပြင်သစ်အခြေစိုက် Hyperloop နည်းပညာကုမ္ပဏီ HyperloopTT တို့အကြား သဘောတူစာချုပ်တစ်ခု ဒီကနေ့မှာ ချုပ်ဆိုလိုက်ပါတယ်။

    ယူအေအီးရဲ့ ဒီစီမံကိန်းမှာ အဘူဒါဘီနဲ့ ဒူဘိုင်းအကြား ပြေးဆွဲမယ့် ၁၀ ကီလိုမီတာအရှည် Hyperloop လမ်းကြောင်းအပြင် တီထွင်ဖန်တီးမှုစင်တာ XO Square Innovation Center၊ ဧည့်သည်တွေ လေ့လာနိုင်မယ့် Hyperloop Visitor Center တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဒီ ၁၀ ကီလိုမီတာ စီးပွားဖြစ်လမ်းကြောင်း ၂၀၂၀ မှာ ပြီးစီးသွားရင် အဘူဒါဘီနဲ့ ဒူဘိုင်းမြို့ကို ၁၂ မိနစ်နဲ့ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ယူအေအီးနိုင်ငံတစ်ဝှမ်းလုံးမှာ ဒီစနစ်ကို ထပ်မံတိုးချဲ့သွားဖို့လည်း ရှိနေပါတယ်။

    Hyperloop ဆိုတာ ကြီးမားတဲ့ လှိုင်ခေါင်းကြီးထဲမှာ ရထားတွဲလို အတွဲမျိုးကို သံလိုက်အားအသုံးပြုကာ မောင်းနှင်ပေးတဲ့စနစ်ဖြစ်ပြီး တစ်နာရီကို မိုင် ၇၅၀ လောက် သွားနိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာကို ၂၀၁၃ ခုနှစ်မှာ ဘီလီယံနာ အေလွန်မက်စ်က ချပြခဲ့တာပါ။

    HyperloopTT ဟာ အခုလအစောပိုင်းမှာ လူတင်ဆောင်နိုင်မယ့် ပထမဆုံး Hyperloop အတွဲကို စတင်တည်ဆောက်ခဲ့ပြီး ပြင်သစ်နိုင် တူးလော့စ်မြို့မှာ စမ်းသပ်ပြခဲ့ပါတယ်။ အခုနှစ်ကုန်ပိုင်းမှာတော့ လူတင်ပြီး စမ်းသပ်ဖို့ ရှိနေပါတယ်။ အဲဒီအတွဲတွေကို ယူအေအီးမပို့ခင် တူးလော့စ်မှာပဲ တည်ဆောက်မှာ ဖြစ်ပါတယ်။

    “ဒီသဘောတူညီချက်ဟာ ကမ္ဘာ့ပထမဆုံး Hyperloop စနစ် ယူအေအီးမှာ စတင်ဖို့ ဖောင်ဒေးရှင်းဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ အဘူဒါဘီကနေ အလ်အိန်း၊ ဒူဘိုင်း၊ ဆော်ဒီက ရီယာ့ဒ်မြို့အထိ ဆက်သွယ်ဖို့ ရှိပါတယ်။ ပုံမှန် ပံ့ပိုးမှုနဲ့အတူ ပထမဆုံးလမ်းပိုင်းကို Expo 2020 အမီ ပြေးဆွဲနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ HyperloopTT ရဲ့ ဥက္ကဌ ဘီဘော့ပ် ဂရက်စ်တာက ပြောကြားခဲ့ပါတယ်။

    Ref: Khalej Times

  • အနာဂတ်ပို့ဆောင်ရေးစနစ် hyperloop ၏ နည်းစနစ်ပိုင်းဆိုင်ရာ စမ်းသပ်မှု အောင်မြင်

    အနာဂတ်ပို့ဆောင်ရေးစနစ် hyperloop ၏ နည်းစနစ်ပိုင်းဆိုင်ရာ စမ်းသပ်မှု အောင်မြင်

    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media

    – အသံထက်မြန်နဲ့နှုန်းနဲ့ ခရီးသည်တွေကို ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားတဲ့ အနာဂတ် ပို့ဆောင်ရေး စနစ်သစ် hyperloop ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ Hyperloop One ကုမ္ပဏီက ကြေငြာလိုက်ပါတယ်။

    သီးသန့်ပြုလုပ်ထားတဲ့ လေဟာနယ် လှိုင်ခေါင်းထဲမှာ ရထားလိုယာဉ်မျိုးနဲ့ ပြေးဆွဲမယ့် ဒီစနစ်မှာ လျှစ်စစ်သံလိုက်လှိုင်း တွန်းကန်အားနဲ့ သံလိုက် ပျံတက်နိုင်အား (mag-lev) နည်းပညာကို အသုံးပြုမှာဖြစ်ပြီး တစ်နာရီကို မိုင်ပေါင်း ၇၅၀ နှုန်းနဲ့ သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ လော့စ်အိန်ဂျလိစ်မြို့နဲ့ ဆန်ဒီယေဂို
    မြို့ ခရီးကို ၁၃ မိနစ်သာ ကြာမြင့်စေမှာ ဖြစ်ပါတယ်။

    Hyperloop ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဂျို့ရှ် ဂျီဂျဲလ်နဲ့ ရှာဗင် ပီရှီဗာတို့က ၁၉၀၃ ခုနှစ်မှာ ကမ္ဘာ့ ပထမဆုံး လေယျာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့ ရိုက်ညီနောင်ဟာ ၅ နှစ်နေမှ လူထုကို ချပြနိုင်ခဲ့ပေမယ့် မိမိတို့အနေနဲ့ အဲဒီလောက် မကြာချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    သူတို့ရဲ့ နည်းနစ်ပိုင်းဆိုင်ရာ ပထမဆုံး စမ်းသပ်မှုကို မေလ ၁၂ ရက်နေ့က ကုမ္ပဏီတည်ရှိရာ နီဗာဒါ သဲကန္တာရမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်နာရီကို မိုင်ပေါင်း ၇၀ နှုန်းနဲ့ သွားနိုင်ခဲ့ပါတယ်။

    ဂျီဂျဲလ်နဲ့ ပီရှီဗာတို့အဖွဲ့ဟာ လက်ရှိမှာ နောက်ထပ် ပြည့်ဝတဲ့ စမ်းသပ်မှုတစ်ခုကို ပြလုပ်ဖို့ စီစဉ်နေပြီး ဒီတစ်ခါမှာတော့ တစ်နာရီကို မိုင်ပေါင်း ၂၅၀ လောက်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    ဧပြီလမှာ သူတို့ကုမ္ပဏီဟာ အမေရိကန်က သူတို့မျှော်မှန်းထားတဲ့ hyperloop လမ်းကြောင်း ၁၁ ခုကို ချပြခဲ့ပါတယ်။ နောက်ပြီး ကနေဒါ၊ သြစတေးလျ၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ အစ္စရေနဲ့ အာဂျင်တီးနားတို့မှာလည်း ဒီ အသံထက်မြန်တဲ့ ပို့ဆောင်ရေးနစ်ကို အကောင်အထည်ဖော်သွားဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT