News @ M-Media

Tag: India

  • အနောက်ကမ္ဘာနဲ့ တရုတ်လုပ် လက်နက်တွေ အားစမ်းကြတဲ့ အိန္ဒိယ-ပါကစ္စတန် တင်းမာမှု

    အနောက်ကမ္ဘာနဲ့ တရုတ်လုပ် လက်နက်တွေ အားစမ်းကြတဲ့ အိန္ဒိယ-ပါကစ္စတန် တင်းမာမှု

    မေ ၁၀၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – တရုတ်ထုတ် J-10 တိုက်လေယာဥ်များ)

    လက်ရှိ ဖြစ်ပွားနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် တိုက်ခိုက်မှုတွေကို အမေရိကန်နဲ့ တရုတ်အပါအဝင် တစ်ကမ္ဘာလုံးက အထူးအာရုံစိုက်နေပါတယ်။ ပါကစ္စတန်ရဲ့ တရုတ်လုပ် J-10 တိုက်လေယာဉ်တွေနဲ့ အိန္ဒိယရဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ် စီးချင်းထိုးပွဲဟာ တစ်ကမ္ဘာလုံးကို အံ့သြ မှင်သက်စေခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ခေတ်သစ် အဆင့်မြင့် လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်တွေကို လက်တွေ့စမ်းသပ်တဲ့ ပွဲလည်းဖြစ်ပါတယ်။

    အမေရိကန်အစိုးရ တာ၀န်ရှိသူတွေရဲ့ပြောကြားချက်အရ ပါကစ္စတန်ဘက်က အိန္ဒိယလေယာဉ် အနည်းဆုံး ၂စီးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုပစ်ချတဲ့နေရာမှာ တရုတ်လုပ် PL-15 ဒုံးကျည်ကို အသုံးပြုခဲ့တာပါ။ ကမ္ဘာ့လက်နက်လောကကို အချိန်ကြာ လွှမ်းမိုးထားတဲ့ အနောက်ကမ္ဘာကို တရုတ်က ယှဥ်လာနိုင်ပြီလားဆိုပြီး ကမ္ဘာတစ်၀ှမ်းက စောင့်ကြည့်လာကြပါတယ်။

    အချက်အလက်အချို့ကို အတည်မပြုနိုင်သေးပေမယ့် ခေတ်သစ် လေကြောင်းတိုက်ပွဲသမိုင်းမှာ ဒါဟာ နည်းဗျူဟာ၊ နည်းပညာနဲ့ လေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုကို လေ့လာနိုင်တဲ့ ရှားပါး အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ ဒီဖြစ်ရပ်ဟာ အနာဂတ်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့ လက်နက်ဝယ်ဖို့ ဆုံးဖြတ်ချက်တွေ၊ စက်ဖက်ဆိုင်ရာ နည်းပညာအဆင့်မြှင့်တင်မှုတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

    ပစ်မှတ်ကို မမြင်နိုင်တဲ့ အခြေအနေမှာတောင် ရှာဖွေ ဖျက်ဆီးပစ်နိုင်တဲ့ တရုတ်ထုတ် PL-15 ဒုံးကျည်ရဲ့ အစွမ်းကို လက်ရှိ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲမှာ တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ကြရပါတယ်။ တရုတ်ဟာ ကာကွယ်ရေးမှာ ဆိုဗီယက်နည်းပညာတွေကို မှီခိုနေရတဲ့ အနေအထားကနေ လုံး၀ဖောက်ထွက်လာနိုင်ခဲ့တာပါ။ အမေရိကန်၊ ကာကွယ်ရေးနည်းပညာမှာ အမေရိကန်အပေါ် လုံး၀ မှီခိုနေရတဲ့ ဥရောပတို့ဟာ သူတို့ရဲ့ လက်ရှိ လေကြောင်း ကာကွယ်ရေးနည်းစနစ်တွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ဖို့ စဥ်းစားနေကြပြီဖြစ်ပါတယ်။

    Ref: Reuters

  • ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်

    မလေးရှားတွင် ဟာလာလ်လိုဂို အလွဲသုံးစားပြုမှု ဖြစ်ပွား
    ———————–
    မလေးရှား စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်တဲ့ Shake and Bake Cafe ဟာ သူတို့ထုတ်တဲ့ အသားညှပ်ပေါင်မုန့်တွေမှာ အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဟာလာလ်လိုဂိုတွေ အသုံးပြုခဲ့တာကြောင့် တရားစွဲဆိုခြင်း ခံထားရပါတယ်။

    မလေးရှားရဲ့ အကြီးဆုံးတက္ကသိုလ် Universiti Malaya က KK ကုန်စုံဆိုင်တွေမှာ ရောင်းချတဲ့ အသားညှပ်ပေါင်မုန်တွေကနေတစ်ဆင့် ဒီကိစ္စကို သိရှိသွားတာဖြစ်ပါတယ်။ တူနာ၊ အာလူး၊ ကြက်သားတို့အပါအ၀င် အသားညှပ်ပေါင်မုန့် အမျိုးပေါင်း ၃၆၀ ကျော်လောက်ကို ဒီကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေမှာ ဟာလာလ်မဟုတ်တဲ့ ပစ္စည်းတွေ ဘာမှ အသုံးမပြုထားတာကြောင့် အပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လှဲခဲ့ပါတယ်။

    Ref: CNA

    တရုတ်သမ္မတ ရှီကျင့်ဖျင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
    ———————
    နိုင်ငံစီးပွားရေး ကျဆင်းနေပြီး အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ပိုဆိုးလာနိုင်ချေ ရှိနေတဲ့အချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်၀ါရီ ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ အဆင်သိပ်မပြေတဲ့ Alibaba ပိုင်ရှင်ဂျက်မာ၊ Huawei ပိုင်ရှင် ရန်ကျန်ဖေး၊ Xiaomi သူဌေး လီဂျွန်၊ BYD ပိုင်ရှင် ၀မ်ချွမ်ဖူးတို့ အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင် တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လုပ်ငန်းတွေ ချဲ့ထွင်ကြဖို့ ရှီက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: CNA

    အိန္ဒိယရထားဘူတာတွင် လူအုပ်တိုး၀ှေ့၍ သေဆုံးမှုဖြစ်
    ————————–
    နိုင်ငံမြောက်ပိုင်းမှာ ၁၂ နှစ်တစ်ကြိမ် ပြုလုပ်တဲ့ Kumbh Mela ဘုရားပွဲကို သွားဖို့အတွက် နယူးဒေလီမြို့က ဘူတာရုံမှာ ရထားပေါ်တက်ဖို့ တိုး၀ှေ့ရာကနေ လူအုပ်ပြိုမှုတစ်ခု ဖေဖော်၀ါရီ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘုရားပွဲကို နိုင်ငံတစ်၀ှမ်းက လူပေါင်းသန်းချီ သွားရောက်မှာပါ။ ပြီးခဲ့တဲ့လကလည်း ယမုံနာနဲ့ ဂင်္ဂါမြစ်မှာပြုလုပ်ပြီး လူသန်းချီ ပါ၀င်တဲ့ ဘုရားပွဲတော်အတွင်း လူအုပ်တိုး၀ှေ့မှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: CNA

  • အာကာသစူးစမ်းရေးသမိုင်းတွင် မှတ်တမ်းသစ်တစ်ခု အိန္ဒိယထပ်ရ

    အာကာသစူးစမ်းရေးသမိုင်းတွင် မှတ်တမ်းသစ်တစ်ခု အိန္ဒိယထပ်ရ

    ဇန်န၀ါရီ ၁၈၊ ၂၀၂၄
    M-Media

    -အိန္ဒိယ အာကာသအေဂျင်စီဟာ အာကာသထဲမှာ ဂြိုဟ်တုငယ်နှစ်ခုကို အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပြီး ဒီလို လုပ်ဆောင်နိုင်တဲ့ ကမ္ဘာပေါ်က စတုတ္ထမြောက် နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    အာကာသမှာ ပစ္စည်းနှစ်ခုကို ချိတ်ဆက်တဲ့လုပ်ငန်းဟာ အန္တရာယ်များပြီး၊ ကျွမ်းကျင်မှု လိုအပ်ကာ ကိုယ်ပိုင်အာကသစခန်းထားရှိနိုင်ဖို့၊ လပေါ်ကို လူလွှတ်ဖို့ စတဲ့ နောက်ပိုင်း စီမံကိန်းကြီးအတွက် မရှိမဖြစ် အရေးပါပါတယ်။

    ချိတ်ဆက်မယ့် ဂြိုဟ်တုငယ်နှစ်ခုကို နိုင်ငံတောင်ပိုင်းက အာကာသစခန်းကနေ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဒုံးပျံတစ်စီးနဲ့ လွှတ်တင်ခဲ့ပြီး ဇန်န၀ါရီ ၁၆ ရက်နေ့မှာ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    “လာမယ့်နှစ်တွေမှာ ဖြစ်လာတော့မယ့် အိန္ဒိယရဲ့ ရည်မှန်းချက်ကြီးတဲ့ အာကာသစီမံကိန်းတွေအတွက် အလွန်အရေးပါတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်” လို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    Ref: BBC

  • နို၀င်ဘာ ၉ ရက်နေ့ နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၉ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – မလေး၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင်ယာစင်)

    မလေး၀န်ကြီးချုပ်ဟောင်း အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချခံရ
    ———
    ဘဏ္ဍာရေး၀န်ကြီးဟောင်း လင်ဂွမ်အန်ကို အသရေဖျက်မှုအတွက် လျော်ကြေး ရင်းဂစ် ၁ ဒဿမ ၃၅ သန်း (ဒေါ်လာ ၄ သိန်းကျော်) ပေးဆောင်ဖို့ ၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင် ယာစင်ကို မလေးရှားတရားရုံးက နို၀င်ဘာ ၈ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုအတွက်ဖြစ်ပါတယ်။ မွဟ်ယစ်ဒင်ယာစင်ဟာ ခြစားမှု၊ ဘုရင်ကို အသရေဖျက်မှု စတဲ့ စွဲချက်တွေနဲ့လည်း တရားစွဲဆိုခံထားရပါတယ်။

    GPS စနစ်ကို မြောက်ကိုရီးယားက ပိတ်ပစ်
    ———–
    ကမ္ဘာ့လမ်းပြစနစ် (GPS) ကို မြောက်ကိုရီးယားက သောကြာနဲ့ စနေနေ့တွေမှာ ပိတ်ပစ်ခဲ့တာကြောင့် မိမိတို့ ပိုင်နက်က ရေကြောင်းနဲ့ လေကြောင်း ခရီးသွားလာမှုတွေ အခက်အခဲဖြစ်ခဲ့တယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။ ပင်လယ်၀ါကို ဖြတ်မယ့် သင်္ဘောတွေနဲ့ လေယာဥ်တွေ ဒီကိစ္စကို သတိထားဖို့လည်း သတိပေးထားပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စ မိုဒီလက်မခံ
    —————–
    ကက်ရှ်မီးယားကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြန်ပေးရေး ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ပယ်ချလိုက်ပါတယ်။ မိုဒီဦးဆောင်တဲ့ ဖက်ဒရယ်အစိုးရဟာ ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၁၉ ခုနှစ်မှာ ပယ်ဖျက်ခဲ့ပြီး အဲဒီနောက်ပိုင်း ကက်ရှ်မီးယား ဒေသခံတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။

    Ref: CNA


  • စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    အကျဥ်းသားကိစ္စ ကူညီခဲ့သည့် ဆော်ဒီကို ရုရှား ကျေးဇူးတင်
    —————–
    သြဂုတ်လ ရုရှားနဲ့ အမေရိကန်တို့ အကျဥ်းသား အပြန်အလှန် လဲလှယ်ရေးမှာ ကူညီပေးခဲ့တဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ကျေးဇူးတင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောပါတယ်။ နှစ်ဖက် အကျဥ်းသား ၂၄ ဦး ပါ၀င်တဲ့ ဒီလဲလှယ်ရေးဟာ စစ်အေးနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား အကြီးဆုံးလဲလှယ်မှုလည်း ဖြစ်ပါတယ်။

    အစ္စရေးကို အီရန်၏ တုန့်ပြန်မှု ထူးထူးခြားခြားဖြစ်မည်ဟုဆို
    ————–
    ဟားမက်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာကို သြဂုတ်လအတွင်း တီဟီရန်မှာ အစ္စရေးက လုပ်ကြံမှုအတွက် တုန့်ပြန်မှုဟာ ထူးခြားပြီး အံ့သြစရာဖြစ်လာလိမ့်မယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် မိုရှန် ချိုင်ဇာရီက ပြောပါတယ်။ တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့ အချိန်တစ်ခုကို စောင့်နေတာလို့လည်း ချိုင်ဇာရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စင်ကာပူ-အိန္ဒိယ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    —————–
    ကွန်ပျူတာချစ်ပ်နဲ့ ဒစ်ဂျစ်တယ်နည်းပညာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အိန္ဒိယနဲ့ စင်ကာပူတို့ စက်တင်ဘာ ၅ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အိန္ဒိယဟာ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်နေပြီး စာချွန်လွှာဟာ ဒီရည်မှန်းချက် ပိုမိုအားကောင်းလာရေး အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ အိန္ဒိယက ပြောပါတယ်။

    Ref: Arab News, CNA