ဒီဇင်ဘာ ၈၊ ၂၀၁၅
M-Media
– အိန္ဒိယ၏နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မား ဆွာရဂ်ျသည် အာဖန်ဂန်နစ္စတန်နိုင်ငံနှင့် ပတ်သက်၍ ပြုလုပ်မည့် နိုင်ငံတကာ ညီလာခံကို တက်ရောက်ရန်အတွက် ပါကစ္စတန်သို့ သွားရောက်မည်ဟု သိရသည်။
“ဆူရှ်မားဆွာရဂ်ျ ဦးဆောင်တဲ့ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၉ ရက်နေ့ အစ္စလာမ်မာဘက်မှာပြုလုပ်မယ့် အာဖဂန်နစ္စတန်ဆိုင်ရာ ၅ ကြိမ်မြောက် အာရှဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာပါ’ ဟု နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗွီကပ်စ်ဆွာရပ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
ဆွာရဂ်ျမှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆာတက်ဂ်ျ အဇစ်နှင့် အစည်းအဝေးပြင်ပတွင် တွေ့ဆုံသွားဖွယ် ရှိနေပြီး ထိုတွေ့ဆုံမှုမှာ နှစ်နိုင်ငံတင်းမာမှုများအတွက် အဓိကတိုးတက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ တနင်္ဂနွေနေ့ကလည်း ဘန်ကောက်တွင် အိန္ဒိယ-ပါကစ္စတန် အမျိုးသားလုံခြုံရေး အကြံပေးအဆင့် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
အိန္ဒိယမှ အဂျစ် ဒိုဗဲလ်နှင့် ပါကစ္စတန်မှ နစီးရ်းခန်းတို့၏ အဆိုပါဆွေးနွေးပွဲအပြီး ထုတ်ပြန်သော ကြေငြာချက်၌ မိမိတို့မှာ ငြိမ်းချမ်းရေးအကြောင်း၊ လုံခြုံရေးအကြောင်း၊ အကြမ်းဖက်မှုများအကြောင်း၊ ဂျမ်မူးနှင့် ကရှ်မီးယားအကြောင်း၊ LoC (ထိန်းချုပ်ရေးလမ်းကြောင်း) တစ်လျှောက် တည်ငြိမ်အေးချမ်းမှုများ ရှိရေး အပါအ၀င် အခြားကိစ္စများလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရီးဖ်နှင့် ပဲရစ်တွင်ကျင်းပခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ပြီးနောက် အမျိုးသားလုံခြုံရေး အကြံပေးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်
Ref: Xinhua