News @ M-Media

Tag: India-Pakistan

  • ကက်ရှ်မီးယားကိစ္စကို နိုင်ငံတကာတရားရေးရုံးသို့ ပါကစ္စတန် တိုင်ကြားမည်

    ကက်ရှ်မီးယားကိစ္စကို နိုင်ငံတကာတရားရေးရုံးသို့ ပါကစ္စတန် တိုင်ကြားမည်

    သြဂုတ် ၂၁၊ ၂၀၁၉
    M-Media

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီ

    -လက်ရှိဖြစ်ပွားနေတဲ့ ကက်ရှ်မီးယားပြဿနာအတွက် အိန္ဒိယကို နိုင်ငံတကာ တရားရေးခုံရုံးအထိ ခေါ်ဆောင်သွားမယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

    အိန္ဒိယဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခုလအစောပိုင်းမှာ ရုပ်သိမ်းပြီး ဒေသနှစ်ခုခွဲကာ ဗဟိုအစိုးရလက်အောက်မှာထားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ဒေသတွင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်တာ၊ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ လူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေလည်း အိန္ဒိယက လုပ်ဆောင်နေပါတယ်။

    ပါကစ္စတန်က အိန္ဒိယရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ပြောဆိုထားပြီး ကုန်သွယ်ရေး၊ ပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ကာ သံတမန်တွေလည်း နှင်ထုတ်ခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမိုဟာမက် ကိုရိုက်ရှီက လက်ရှိ ကက်ရှ်မီးယား ပြဿနာကို နိုင်ငံတကာတရားရေးရုံးကို တင်ပြသွားမယ်လို့ မနေ့က ARY News TV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “ကက်ရှ်မီးယားကိစ္စ နိုင်ငံတကာတရားရေးရုံးကိုတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ တရားရေးဆိုင်ရာ ရှုထောင့်ပေါင်းစုံက သုံးသပ်ပြီးတော့ ဒီလို ဆုံးဖြတ်ချက် ချမှတ်ရတာ ဖြစ်ပါတယ်”

    အိန္ဒိယရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကထားပြီး တင်ပြသွားမယ်လို့လည်း ကိုရိုက်ရှီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်အကြား ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ နှစ်ပေါင်း ၆၀ အငြင်းပွားခဲ့ပြီး စစ်ပွဲလည်း ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကက်ရှ်မီးယားဒေသရဲ့ တစ်ဝက်စီကို ထိန်းချုပ်ထားကြပါတယ်။

    ကက်ရှ်မီးယားမှာ အိန္ဒိယရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘ္ဘာ့အသိုင်းအဝိုင်းကလည်း စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကို ဖုန်းခေါ်ဆိုကာ အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်ဖြေရှင်းရမယ့် ကိစ္စလို့ ပြောဆိုခဲ့သလို၊ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ကလည်း အခုတစ်ပတ် ပဲရစ်မှာ မိုဒီနဲ့တွေ့ဆုံစဉ် ဒီကိစ္စကို ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref: BBC

  • အိန္ဒိယ၀န်ကြီးချုပ် မဟာဗျူဟာမြောက်အမှား ကျူးလွန်ခဲ့သည်ဟု အင်မရန်းခန်းပြော

    အိန္ဒိယ၀န်ကြီးချုပ် မဟာဗျူဟာမြောက်အမှား ကျူးလွန်ခဲ့သည်ဟု အင်မရန်းခန်းပြော

    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    -ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တာဟာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီအနေနဲ့ မဟာဗျူဟာမြောက် အမှားတစ်ခုကို ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယအစိုးရဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး၊
    ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်နိုင်အောင် လွှတ်တော်မှာကြိုးပမ်းနေတာဟာ သီတင်းတစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

    ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရုပ်သိမ်းခင်ကတည်းက ကက်ရှ်မီးယားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်တာ၊ သွားလာလှုပ်ရှားမှု ကန့်သတ်တာ၊ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ နိုင်ငံရေးသမားတွေ ဖမ်းဆီးတာ စတာတွေကို အိန္ဒိယအစိုးရက လုပ်ဆောင်ခဲ့တာပါ။

    ဒီကနေ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ လွှတ်တော်က မိန့်ခွန်းမှာ ၀န်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယအစိုးရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး၊ ကက်ရှ်မီးယားပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “မိုဒီဟာ မဟာဗျူဟာမြောက်အမှားတစ်ခုကို ကျူးလွန်လိုက်တာပါ။ နောက်ဆုံးဖဲချပ်ကို လှန်လိုက်တာဖြစ်ပြီး ကက်ရှ်မီးယားကိစ္စကို နိုင်ငံတကာကိစ္စဖြစ်အောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်”

    ကက်ရှ်မီးယားဒေသဟာ သူတို့ရဲ့ပိုင်နက် ဖြစ်တယ်လို့ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ကြေငြာထားပြီး ဒီကိစ္စအတွက် ၂ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသကို တစ်ဝက်စီ ထိန်းချုပ်ထားကြပါတယ်။

    ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ရုပ်သိမ်းမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်က သံတမန်နည်းလမ်းနဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မနေ့ကလည်း ဒီကိစ္စအတွက် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူဖို့ ကုလ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

    အိန္ဒိယရဲ့လုပ်ရပ်ကို ရှုတ်ချပြီး ကက်ရှ်မီးယားသံတမန်အဖြစ် ဒီကိစ္စကို ကမ္ဘ္ဘာကအာရုံစိုက်လာအောင် လုပ်ဆောင်သွားမယ်လို့လည်း ခန်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    နာဇီဝါဒ

    မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရရဲ့ ဒီလုပ်ရပ်ဟာ နာဇီဝါဒလို ဖြစ်နေတယ်လို့လည်း ခန်းက ပြောပါတယ်။

    “ကျွန်တော်တို့ အိန္ဒိယနဲ့ စစ်တိုက်နေတာ မဟုတ်ပေမယ့် သူတို့ရဲ့ ဝါဒကို လက်မခံပါဘူး။ သူ့တို့ဝါဒဟာ ဟစ်တလာရဲ့ နာဇီပါတီကို အားကျပြီး လိုက်လုပ်တာပါ။ ဒီလို ပိတ်ပင်ထားမှုကြောင့် ဖြစ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တကယ့်ကို စိုးရိမ်မိပါတယ်”

    အိန္ဒိယဘက်ခြမ်းက ကက်ရှ်မီးယားအုပ်ချုပ်ရေးမှူး ဆတ္တယာ ပါလ် မာလစ်က သွားလာလှုပ်ရှားမှု
    ကန့်သတ်ထားတာကို ကြာသာပတေးနေ့မှာကျရောက်မယ့် အိန္ဒိယလွတ်လပ်ရေးနေ့အပြီးမှာ ဖြေလျော့ပေးမယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    -ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားအရေး ကြားဝင်ဆွေးနွေးပေးဖို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက မိမိကို ပြောကြားခဲ့တယ်လို့ သမ္မတထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိန္ဒိယကတော့ ထရမ့်ရဲ့ ဒီမှတ်ချက်ကို ငြင်းဆိုခဲ့ပါတယ်။

    မနေ့က အိမ်ဖြူတော်မှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းနဲ့ တွေ့ဆုံစဉ် ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဖြစ်နိုင်ရင် ကူညီချင်တယ်လို့လည်း ဆိုပါတယ်။

    ခန်းကတော့ ကက်ရှ်မီးယားကိစ္စကို တကယ်သာ ဖြေရှင်းပေးနိုင်ရင် အိန္ဒိယတိုက်ငယ်က လူ သန်းတစ်ထောင်လောက်ရဲ့ မေတ္တာကို ရရှိလိမ့်မယ်လို့ ထရမ့်ကို ပြောကြားခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားအရေးကို ထိပ်တိုက်ဖြေရှင်းသွားမယ်ဆိုတဲ့ မူဝါဒ ရှိနေတာပါ။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရာဗီရှ် ကူးမားရ်က ထရမ့်ရဲ့ မှတ်ချက်ကို ငြင်းဆိုခဲ့ပြီး၊ ၀န်ကြီးချုပ်မိုဒီလည်း ထရမ့်ကို ဒီလို မပြောခဲ့ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပါကစ္စတန်နဲ့ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို နှစ်နိုင်ငံတည်းသာ ဆွေးနွေးမယ်ဆိုတဲ့ ရပ်တည်ချက်ကို အိန္ဒိယ အမြဲတမ်း ရပ်တည်နေပါတယ်”

    အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ဖြစ်ပွားခဲ့တဲ့ ကက်ရှ်မီးယားပြဿနာဟာ ၁၀ စုနှစ်ချီကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်သံတမန်ကို သူလျှိုလုပ်မှုဖြင့် အိန္ဒိယ နှင်ထုတ်

    ပါကစ္စတန်သံတမန်ကို သူလျှိုလုပ်မှုဖြင့် အိန္ဒိယ နှင်ထုတ်

    အာက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    india-2

    – ဒေလီရှိ ပါကစ္စတန်သံရုံးမှ အကြီးတန်းကိုယ်စားလှယ်တစ်ဦးကို သူလျှိုလုပ်မှုအတွက် နိုင်ငံအတွင်းမှ နှင်ထုတ်သွားမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    အဆိုပါ ကိုယ်စားလှယ်မှာ မဟ်မွဒ် အက်ခ်တာရ်ဆိုသူဖြစ်ပြီး ၎င်းအား တိုင်းပြည်အတွင်းမှ နှင်ထုတ်သွားမည့်အကြောင်းကို ပါကစ္စတန်သံအမတ် အဘ်ဒူလ်ဘာဆစ်အား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာရ်က ယမန်နေ့တွင် ဆင့်ခေါ်ကာ အသိပေးခဲ့သည်။

    ဒေလီရဲတပ်ဖွဲ့ ရာဇ၀တ်မှုဆိုင်ရာမင်းကြီး ရာဗင်ဒရာ ယာဒက်ဗ်က အက်ခ်တာရ်ကို ယမန်နေ့က စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ပြီး အဆိုပါ စာရွက်စာတမ်းများတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက နယ်စပ်၌ တပ်ဖြန့်ချထားမှု သတင်းအချက်အလက်များ ပါဝင်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အက်ခ်တာရ်ကို ဒေလီတွင် ဖမ်းဆီးထားသည်ဟု ဆိုသည်။

    ရာဂျက်စတန်မှ လူနှစ်ဦးကိုလည်း လျှို့ဝှက်စာရွက်စာတမ်းများ အက်ခ်တာရ်ထံ ပေးပို့မှုဖြင့် ဖမ်းဆီးထားသည်။ အခ်တာရ်မှာ သံတမန်ဖြစ်သည့်အတွက် အရေးယူခံရခြင်းမှ ကင်းလွတ်မည်ဖြစ်သည်။

    “အက်ခ်တာရ်က ဂိုဏ်းချုပ်ပါ။ သူဟာ သူလျှိုလုပ်ဖို့၊ ပါကစ္စတန်ကို သတင်းအချက်အလက်တွေပေးဖို့ အိန္ဒိယနိုင်ငံသားတွေကို စည်းရုံးတယ်။ သူလျှိုလုပ်နေတာ တစ်နှစ်နဲ့ ၆ လလောက် ရှိပါပြီ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လွန်ခဲ့တဲ့ ၆ လလောက်က လိုက်နေတာပါ။ ကာကွယ်ရေးတပ်ဖြန့်ထားမှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေ၊ နယ်စပ်မြေပုံတွေ သိမ်းဆည်းရမိပါတယ်။ ပြီးတော့ တပ်ဖြန့်ထားတဲ့၊ ပြောင်းရွှေ့ထားတဲ့ ဒါမှမဟုတ် အနားယူထားတဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့စာရင်းလည်း သူတို့မှာ ရှိနေပါတယ်” ဟု ယာဒက်ဗ်က ပြောကြားခဲ့သည်။

    ဒေလီရှိ ပါကစ္စတန်သံရုံးကလည်း အက်ခ်တာရ်မှာ ၄၈ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်သွားရန် အမိန့်ပေးခံထားရသည်ဟု အတည်ပြုခဲ့သည်။

    ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ ကက်ရှ်မီးယားဒေသတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် တစ်ဖက်နှင့်တစ်ဖက် တင်းမာမှုများ ရှိနေပြီး ယခုကိစ္စမှာ ထိုအခြေအနေကို ပိုမို ဆိုးရွားသွားစေနိုင်သည်။

    Ref: Aljazeera

  • အိန္ဒိယ-ပါကစ္စတန် အပြန်အလှန်တိုက်ခိုက်မှု ထပ်ဖြစ်

    အိန္ဒိယ-ပါကစ္စတန် အပြန်အလှန်တိုက်ခိုက်မှု ထပ်ဖြစ်

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    paki

    – ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တင်းမာမှုများ မြင့်တက်လာကာ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ ယနေ့မနက် အစောပိုင်းတွင်လည်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    “အိန္ဒိယတပ်ဖွဲ့တွေက အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပါကစ္စတန်တပ်ဖွဲ့တွေက သင့်လျော်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ယနေ့တွင် ထုတ်ပြန်သည့် ပါကစ္စတန်စစ်တပ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားသည့်နေရာမှာ ကက်ရှိမီးယားဒေသရှိ ပါကစ္စတန်က ထိန်းချုပ်ထားသည့် ဒေသမှ နယ်စပ် ဘင်မ်ဘာတွင် ဖြစ်သည်ဟု ကြေငြာချက်က ဆိုပြီး သေဆုံးဒဏ်ရာရသည့် ရှိ၊ မရှိကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိချေ။

    ယနေ့ညနေပိုင်းတွင်မှု ကက်ရှ်မီးယားနှင့် ဂျမ်မူးဒေသတို့မှ အိန္ဒိယက ထိန်းချုပ်ထားသည့် အပိုင်း၏ အရပ်ဖက်အကြီးအကဲ ပါဝမ် ကော့ဝါလ်ကမူ ထို အပြန်အလှန်ပစ်ခတ်မှုတွင် မည်သည့် ပျက်ဆီးဆုံးရှုံးမှုမှ မရှိဟု ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၂ ရက်က အိန္ဒိယမှာ မိမိတို့အနေဖြင့် ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသရှိ စစ်ဖက်ဆိုင်ရာနေရာမှ အကြမ်းဖက်သမားများကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ပါကစ္စတန်ကမူ ထိုသတင်းအား ငြင်းဆိုခဲ့သည်။

    နျူလက်နက်ပိုင်ဆိုင်ထားသော ပါကစ္စတန်နှင့် အိန္ဒိယတို့အကြား ရှိနေသော တင်းမာမှုများမှာ လွန်ခဲ့သည့်နှစ်ပတ်က ကက်ရှ်မီးယားရှိ အိန္ဒိယက ထိန်းချုပ်ထားသော အပိုင်းတွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့ပြီးနောက် ပိုမို မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    Ref : Aljazeera