News @ M-Media

Tag: India

  • အိန္ဒိယ၀န်ကြီးချုပ် မဟာဗျူဟာမြောက်အမှား ကျူးလွန်ခဲ့သည်ဟု အင်မရန်းခန်းပြော

    အိန္ဒိယ၀န်ကြီးချုပ် မဟာဗျူဟာမြောက်အမှား ကျူးလွန်ခဲ့သည်ဟု အင်မရန်းခန်းပြော

    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    -ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တာဟာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီအနေနဲ့ မဟာဗျူဟာမြောက် အမှားတစ်ခုကို ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယအစိုးရဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး၊
    ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်နိုင်အောင် လွှတ်တော်မှာကြိုးပမ်းနေတာဟာ သီတင်းတစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

    ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရုပ်သိမ်းခင်ကတည်းက ကက်ရှ်မီးယားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်တာ၊ သွားလာလှုပ်ရှားမှု ကန့်သတ်တာ၊ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ နိုင်ငံရေးသမားတွေ ဖမ်းဆီးတာ စတာတွေကို အိန္ဒိယအစိုးရက လုပ်ဆောင်ခဲ့တာပါ။

    ဒီကနေ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ လွှတ်တော်က မိန့်ခွန်းမှာ ၀န်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယအစိုးရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး၊ ကက်ရှ်မီးယားပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “မိုဒီဟာ မဟာဗျူဟာမြောက်အမှားတစ်ခုကို ကျူးလွန်လိုက်တာပါ။ နောက်ဆုံးဖဲချပ်ကို လှန်လိုက်တာဖြစ်ပြီး ကက်ရှ်မီးယားကိစ္စကို နိုင်ငံတကာကိစ္စဖြစ်အောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်”

    ကက်ရှ်မီးယားဒေသဟာ သူတို့ရဲ့ပိုင်နက် ဖြစ်တယ်လို့ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ကြေငြာထားပြီး ဒီကိစ္စအတွက် ၂ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသကို တစ်ဝက်စီ ထိန်းချုပ်ထားကြပါတယ်။

    ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ရုပ်သိမ်းမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်က သံတမန်နည်းလမ်းနဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မနေ့ကလည်း ဒီကိစ္စအတွက် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူဖို့ ကုလ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

    အိန္ဒိယရဲ့လုပ်ရပ်ကို ရှုတ်ချပြီး ကက်ရှ်မီးယားသံတမန်အဖြစ် ဒီကိစ္စကို ကမ္ဘ္ဘာကအာရုံစိုက်လာအောင် လုပ်ဆောင်သွားမယ်လို့လည်း ခန်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    နာဇီဝါဒ

    မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရရဲ့ ဒီလုပ်ရပ်ဟာ နာဇီဝါဒလို ဖြစ်နေတယ်လို့လည်း ခန်းက ပြောပါတယ်။

    “ကျွန်တော်တို့ အိန္ဒိယနဲ့ စစ်တိုက်နေတာ မဟုတ်ပေမယ့် သူတို့ရဲ့ ဝါဒကို လက်မခံပါဘူး။ သူ့တို့ဝါဒဟာ ဟစ်တလာရဲ့ နာဇီပါတီကို အားကျပြီး လိုက်လုပ်တာပါ။ ဒီလို ပိတ်ပင်ထားမှုကြောင့် ဖြစ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တကယ့်ကို စိုးရိမ်မိပါတယ်”

    အိန္ဒိယဘက်ခြမ်းက ကက်ရှ်မီးယားအုပ်ချုပ်ရေးမှူး ဆတ္တယာ ပါလ် မာလစ်က သွားလာလှုပ်ရှားမှု
    ကန့်သတ်ထားတာကို ကြာသာပတေးနေ့မှာကျရောက်မယ့် အိန္ဒိယလွတ်လပ်ရေးနေ့အပြီးမှာ ဖြေလျော့ပေးမယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယားလုပ်ရပ် နာဇီဝါဒကို အခြေခံသည်ဟု အင်မရန်းခန်း ပြော

    အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယားလုပ်ရပ် နာဇီဝါဒကို အခြေခံသည်ဟု အင်မရန်းခန်း ပြော

    သြဂုတ် ၁၁၊ ၂၀၁၉
    M-Media

    -ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့ အိန္ဒိယရဲ့ ဆောင်ရွက်ချက်ဟာ နာဇီဝါဒကို အတုခိုးလုပ်ဆောင်တာဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဝေဖန်ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး စစ်ပွဲ ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ တစ်ဝက်စီ ထိန်းချုပ်ထားကြပြီး ကက်ရှ်မီးယားဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြားထားတာပါ။

    ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အခြေခံဥပဒေပုဒ်မ ၃၇၀ ကို အိန္ဒိယက သြဂုတ်လ ၅ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပြီး ဒေသကို နှစ်ပိုင်းပိုင်းကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာထားဖို့ ဆောင်ရွက်နေပါတယ်။

    လက်ရှိမှာတော့ အိန္ဒိယက ကက်ရှ်မီးယားမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်တပ်တွေကို ထပ်တိုး ချထားကာ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယရဲ့ ဒီလုပ်ရပ်တွေဟာ နာဇီတွေရဲ့ အယူအဆကိုအတုယူဆောင်ရွက်တာဖြစ်တယ်လို့ မနေ့မှာ ဝေဖန်ခဲ့ပါတယ်။

    “အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ ဖိနှိပ်တာ၊
    ကက်ရှ်မီးယားပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်လုဆဲဆဲ အခြေအနေမျိုးတွေဟာနာဇီတွေရဲ့ဝါဒကို အားကျတဲ့ RSS ရဲ့ အယူအဆကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်တာပါ”

    ဟိန္ဒူ ကြီးစိုး၊ လွှမ်းမိုးရေးကို အားပေးတဲ့ RSS အဖွဲ့ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်းဖြစ်ပါတယ်။

    ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းတဲ့ကိစ္စကို နိုင်ငံတကာက ကြားဝင်ဖြေရင်းပေးဖို့ ခန်းက အရင်ကလည်း တောင်းဆိုဖူးပါတယ်။

    ပါကစ္စတန်ဟာ ဒီကိစ္စကြောင့် လက်ရှိမှာ အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေးကို တစ်ဆင့် လျှော့ချလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားတွင် အိန္ဒိယ၏ ဆောက်ရွက်ချက်များကို ကမ္ဘ္ဘာက စိုးရိမ်လာ

    ကက်ရှ်မီးယားတွင် အိန္ဒိယ၏ ဆောက်ရွက်ချက်များကို ကမ္ဘ္ဘာက စိုးရိမ်လာ

    သြဂုတ် ၇၊ ၂၀၁၉
    M-Media

    -ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီး၊ ကာဖျူးထုတ်ပြန်ထားတဲ့ အိန္ဒိယရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာက စိုးရိမ်ကြောင်း ပြောကြားခဲ့ကြပြီး၊ အရင်ကတည်းက တင်းမာနေတဲ့
    အခြေအနေကို ပိုမို ဆိုးရွားသွားစေနိုင်တယ်လို့ သတိပေးမှုတွေလည်း ရှိလာပါတယ်။

    လူမျိုးစုဒေသဖြစ်ပြီး ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရတဲ့အချိန် အိန္ဒိယနိုင်ငံထဲကို ပါလာခဲ့တဲ့ ကက်ရှ်မီးယားဒေသကို အိန္ဒိယအခြေခံဥပဒေ ‘ပုဒ်မ ၃၇၀’ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

    ပြည့်ဝတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးမဟုတ်ပေမယ့် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးနဲ့
    ဆက်သွယ်ရေးတွေကလွဲရင် ကျန်တဲ့ကိစ္စတွေအားလုံးကို ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုမပါဘဲ ဒေသအစိုးရက စီမံ ဆောင်ရွက်နိုင်ပါတယ်။

    တနင်္လာနေ့မှာတော့ ပုဒ် ၃၇၀ ကို ဖျက်သိမ်းကြောင်း အိန္ဒိယသမ္မတက ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး၊ တပ်တွေ ထပ်ထိုးချထားတာ၊ တစ်ချို့ဒေသတွေမှာ ညမထွက်ရအမိန့်ထုတ်ပြန်တာ၊ ဒေသတွင်းက နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ ဆက်သွယ်ရေး ပိတ်ပင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

    အိန္ဒိယ လွှတ်တော်ကလည်း ကက်ရှ်မီးယားဒေသကို ၂ ပိုင်းခွဲကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်ချုပ်ကိုင်မှုအောက်မှာ ထားရှိဖို့ ဆောင်ရွက်လာပါတယ်။

    ကက်ရှ်မီးယားဒေသဟာ ခွဲထွက်ရေးလိုလားတဲ့ သူပုန်အုပ်စုနဲ့ ဗဟိုအစိုးရတို့အကြား ၁၀ စုနှစ်ချီ တိုက်ခိုက်မှုတွေ ရှိနေတဲ့ ဒေသဖြစ်ပြီး အိန္ဒိယအစိုးရဲ့ အခုလိုဆောင်ရွက်မှုက အရင်ကတည်းက ရှိနေတဲ့ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

    ပါကစ္စတန်က တုန့်ပြန်မည်

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယရဲ့ ဒီလုပ်ရပ်ကို တုန့်ပြန်သွားမယ်လို့ မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့လည်း ပန်ကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးဒယားဒေသကို ပိုင်ဆိုင်ရေးအတွက် ၂ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပြီး လက်ရှိမှာ တစ်ဝက်စီကို ထိန်းချုပ်ထားပါတယ်။ နှစ်နိုင်ငံစလုံးက ကက်ရှ်မီးယားဒေသကို သူတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောကြားထားကြပါတယ်။

    ခန်းက အိန္ဒိယရဲ့ လုပ်ရပ်ကြောင့် ကက်ရှ်မီးယားမှာ ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာမယ်လို့ သတိပေးခဲ့ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပါအ၀င် ကမ္ဘ္ဘာ့အသင်းအဖွဲ့တိုင်း၊ အခမ်းအနားတိုင်းမှာ ဒီကိစ္စကို တင်သွင်းသွားမယ်လို့ဆိုပါတယ်။

    ပါကစ္စတန်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ကမာ ဂျာဝိဒ် ဘဂ်ျဝါက ထိပ်တန်းတပ်မှူးတွေကို ခေါ်ယူကာ အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ကက်ရှ်မီးယားအရေးကို မနေ့က ဆွေးနွေးခဲ့ပါတယ်။ ကက်ရှ်မီးယားပြည်သူတွေရဲ့ ဆန္ဒဖက်မှာ ပါကစ္စတန်စစ်တပ်က ရပ်တည်သွားမှာဖြစ်ပြီး ဒီရပ်တည်ချက် ဆက်လက်တည်တံ့စေဖို့ ဘယ်လိုနည်းလမ်းနဲ့မဆို လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘ္ဘာကစိုးရိမ်

    ကက်ရှ်မီးယားရဲ့ လက်ရှိအနေအထားကို တစ်ဖက်သက် ပြောင်းလဲမှုနဲ့ ဗုဒ္ဓဘာသာဝင်အများစုရှိရာ လာဒက်ဒေသကို ဗဟိုအစိုးရရဲ့ တိုက်ရိုက်ချုပ်ကိုင်မှုအောက် ထားရှိရေး ဆောင်ရွက်မှုတွေကို ရှုတ်ချကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    အိန္ဒိယ၊ ပါကစ္စတန်တို့အနေနဲ့ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုတွေကနေ တစ်ဆင့်သာ
    ဖြေရှင်းဖို့၊ ဒေသ တည်ငြိမ်ရေးကို အလေးထားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက တိုက်တွန်းခဲ့ပါတယ်။

    မိမိတို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မပြုဖို့ အိန္ဒိယက တရုတ်ကို ချက်ခြင်း ပြန်လည် သတိပေးခဲ့ပါတယ်။

    တရုတ်နဲ့ အိန္ဒိယတို့အကြားမှာလည်း ကက်ရှ်မီးယားကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှု ရှိနေပါတယ်။ နိုင်ငံအနေမြောက်ပိုင်းက မြေပိုင်နက် ၃၈၀၀၀ စကွဲယားကီလိုမီတာကို တရုတ်က ရားမ၀င် သိမ်းပိုက်ထားတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး တရုတ်ကတော့ စကွဲယားကီလိုမီတာ ၉၀၀၀၀ လောက်ဟာ မိမိတို့ပိုင်နက်ဖြစ်တယ်လို့ ဆိုပါတယ်။

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကက်ရှ်မီးယားကိစ္စမှာ ပါဝင်ပတ်သက်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

    ဥရောပသမဂ္ဂကလည်း မိမိတို့အနေနဲ့ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေပြီး ဒေသတွင်းမှာ တင်းမာမှုတွေ မဖြစ်အောင် ရှောင်ရှားဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သုံးသွလားက် ပိတ်ပင်သည့်ဥပဒေကို အိန္ဒိယ အတည်ပြု

    သုံးသွလားက် ပိတ်ပင်သည့်ဥပဒေကို အိန္ဒိယ အတည်ပြု

    ဇူလိုင် ၃၁၊ ၂၀၁၉
    M-Media

    -နိုင်ငံအတွင်း မွတ်စလင်အများစု ကျင့်သုံးကျတဲ့ ‘သုံးသွလားက်’ ကွာရှင်းမှုစနစ်ကို ပိတ်ပင်ပြီး ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေကို အိန္ဒိယလွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    ခင်ပွန်းသည်က ဇနီးသည်ကို ‘ကွာရှင်းတယ်’ လို့ ၃ ကြိမ်ပြောလိုက်တာနဲ့ တစ်ထိုင်တည်း ကွာရှင်းပြီးတဲ့စနစ်ကို ‘သုံးသွလားက်’ စနစ်လို့ ခေါ်ဆိုတာပါ။

    ဒီစနစ်ပိတ်ပင်ရေးနဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ရေး ဥပဒေမူကြမ်းကို အိန္ဒိယအထက်လွှတ်တော်က မနေ့မှာ ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ၈၄ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီစနစ်ကို ကျင့်သုံးတဲ့ ဘယ်သူမဆို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

    အောက်လွှတ်တော်က ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့တစ်ပတ်မှာ အတည်ပြုခဲ့ပြီး၊ အခု အိန္ဒိယသမ္မတက လက်မှတ်ရေးထိုးပြီးရင် ဥပဒေဟာ အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဥပဒေပြဌာန်းနိုင်ခဲ့မှုကို ချီးကျူးပြောဆိုခဲ့ပြီး ဒါဟာ မွတ်စလင်အမျိုးသမီးတွေအပေါ်မှာ ရှိခဲ့တဲ့ သမိုင်းနဲ့ချီ မတရားမှုကို ဖယ်ရှားလိုက်နိုင်တာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘက်လိုက်မှုရှိ

    ‘သုံးသွလားက်’ ကွာရှင်းမှုစနစ်ကို ဟန်နဖီ ကျောင်းတော်ဝါဒကို လိုက်နာကြတဲ့ အိန္ဒိယမွတ်စလင် တော်တော်များများက လက်ခံကျင့်သုံးကြပါတယ်။

    ခင်ပွန်းသည်တွေက ‘ကွာရှင်းတယ်’ လို့ ၃ ကြိမ် ပြောလိုက်တာနဲ့ ကွာရှင်းပြတ်စဲတာကြောင့် ဇနီးသည်တွေနဲ့ သားသမီးတွေမှာ လှုမှုရေး၊ စားဝတ်နေရေး အခက်အခဲတွေ၊ နစ်နာမှုတွေ ရှိတဲ့အတွက် ဒီစနစ်ကိုအပေါ် ဝေဖန်မှုတွေလည်း အများအပြား ရှိနေပါတယ်။

    ကမ္ဘာ့မွတ်စလင်အများစုကတော့ တစ်ထိုင်တည်း ပြတ်စဲတဲ့ ‘သုံးသွလားက်’ စနစ်ကို မကျင့်သုံးပဲ ၃ လအချိန်ယူတဲ့ ကွာရှင်းမှုစနစ်ကိုသာ ကျင့်သုံးကြပါတယ်။

    အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့အပါအ၀င် နိုင်ငံပေါင်း ၂၀ ကျော်မှာလည်း ‘သုံးသွလားက်’ စနစ်ကို ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

    အိန္ဒိယက မွတ်စလင်အုပ်စုတွေက ဒီစနစ်ဟာ မှားယွင်းတယ်လို့ ပြောကြားထားပေမယ့်
    အစိုးရထက်၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကသာ ပြုပြင်ပြောင်းလဲမှု လုပ်သင့်တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

    မိုဒီဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ လူနည်းစု မွတ်စလင်တွေအပေါ် ဖိနှိပ်နေတယ်လို့ ဝေဖန်ခံနေရတာပါ။

    အတိုက်အခံ All India Majlis-e-Ittehadul Muslimeen ပါတီက လွှတ်တော်အမတ် အာဆာအူဒင် အိုဝိုင်စီက BJP ဟာ ဟိန္ဒူလူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ မလုပ်ဆောင်ဘဲ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားနေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    -ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားအရေး ကြားဝင်ဆွေးနွေးပေးဖို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက မိမိကို ပြောကြားခဲ့တယ်လို့ သမ္မတထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိန္ဒိယကတော့ ထရမ့်ရဲ့ ဒီမှတ်ချက်ကို ငြင်းဆိုခဲ့ပါတယ်။

    မနေ့က အိမ်ဖြူတော်မှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းနဲ့ တွေ့ဆုံစဉ် ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဖြစ်နိုင်ရင် ကူညီချင်တယ်လို့လည်း ဆိုပါတယ်။

    ခန်းကတော့ ကက်ရှ်မီးယားကိစ္စကို တကယ်သာ ဖြေရှင်းပေးနိုင်ရင် အိန္ဒိယတိုက်ငယ်က လူ သန်းတစ်ထောင်လောက်ရဲ့ မေတ္တာကို ရရှိလိမ့်မယ်လို့ ထရမ့်ကို ပြောကြားခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားအရေးကို ထိပ်တိုက်ဖြေရှင်းသွားမယ်ဆိုတဲ့ မူဝါဒ ရှိနေတာပါ။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရာဗီရှ် ကူးမားရ်က ထရမ့်ရဲ့ မှတ်ချက်ကို ငြင်းဆိုခဲ့ပြီး၊ ၀န်ကြီးချုပ်မိုဒီလည်း ထရမ့်ကို ဒီလို မပြောခဲ့ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပါကစ္စတန်နဲ့ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို နှစ်နိုင်ငံတည်းသာ ဆွေးနွေးမယ်ဆိုတဲ့ ရပ်တည်ချက်ကို အိန္ဒိယ အမြဲတမ်း ရပ်တည်နေပါတယ်”

    အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ဖြစ်ပွားခဲ့တဲ့ ကက်ရှ်မီးယားပြဿနာဟာ ၁၀ စုနှစ်ချီကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera