News @ M-Media
Tag: India
  • သမိုင်းသစ်ရေးမည့် လသွားခရီးအတွက် အာကာသယာဉ်ကို အိန္ဒိယက အောင်မြင်စွာ လွှတ်တင်
    သမိုင်းသစ်ရေးမည့် လသွားခရီးအတွက် အာကာသယာဉ်ကို အိန္ဒိယက အောင်မြင်စွာ လွှတ်တင်
    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media
    -အာကာသမိုင်းမှာ သမိုင်းသစ်စိုက်ထူနိုင်မယ့် ဒုတိယမြောက် လသွား အာကာသယာဉ်ကို Chandrayaan-2 ကို အိန္ဒိယက မနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
    စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မူလလွှတ်တင်ဖို့ စီစဉ်ထားတဲ့ရက်ထက် တစ်ပတ်နောက်ကျပြီးမှ လွှတ်တင်နိုင်ခဲ့တာပါ။ Chandrayaan-2 ဟာ ကမ္ဘ္ဘာပတ်လမ်းကြောင်းကို အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး ဒီလမ်းကြောင်းမှာ ၂၃ ရက်တာ နေပြီးတဲ့နောက် လပေါ်ကို သွားရောက်မှာ ဖြစ်ပါတယ်။
    ခရီးစဉ်အတွင်း လရဲ့ တောင်ဝင်ရိုးစွန်းမှာ လဆင်းယာဉ်ဆင်းကာ လေ့လာမှုတွေ ပြုလုပ်မှာပါ။ အောင်မြင်မယ်ဆိုရင် လပေါ်ကို ယာဉ်ငယ်ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ၊ လရဲ့တောင်ဝင်ရိုးစွန်းကို သွားနိုင်တဲ့ ပထမဆုံးနိုင်ငံ စတဲ့ မှတ်တမ်းတွေကို ရရှိမှာဖြစ်ပါတယ်။
    ကန်ဒေါ်လာ ၁၄၅ သန်း ကုန်ကျခဲ့တဲ့ အဲဒီ စီမံကိန်းကို မူသာယာ ဗာနီသာနဲ့ ရီသူ ကာရီဒဲလ်ဆိုတဲ့ အမျိုးသမီးနှစ်ဦးက ဦးဆောင်တာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ အာကာသ စူးစမ်းရှာဖွေရေး စီမံကိန်းမှာ ပထမဆုံး အမျိုးသမီးတွေ ဦးဆောင်မှု ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အိန္ဒိယ အာကာသ အေဂျင်စီ Space Research Organisation (Isro) က ဆောင်ရွက်ခဲ့သမျှထဲမှာ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံးပါ။
    “ဒါဟာ အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင်လပေါ်သွားခရီးစဉ် အစလည်း ဖြစ်ပါတယ်” လို့ Isro အကြီးအကဲ ကေစီဗန်က အာကာသယာဉ် လွှတ်တင်အပြီးမှာ ပြောကြားခဲ့ပါတယ်။
    စီမံကိန်းမှာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာနဲ့ ၀န်ထမ်း စုစုပေါင်း တစ်ထောင်နီးပါးလောက် ပါဝင်ခဲ့ပြီး ကေစီဗန်က ဒီလူတွေကို ကျေးဇူးတင်ခဲ့ပါတယ်။
    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကလည်း ဒီခရီးစဉ်ဟာ အိန္ဒိယပြည်တွင်းဖြစ်စစ်စစ် ဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
    အိန္ဒိယဟာ ၂၀၀၈ ခုနှစ်တုန်းက လပေါ်ကို Chandrayaan-1 ဆိုတဲ့ အာကာသယာဉ်တစ်စီး လွှတ်တင်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ လပေါ်ကိုဆင်းသက်မှု မပါဝင်ခဲ့ပေမယ့် လပေါ်မှာ ရေရှာဖွေမှုကို ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
    အခုခရီးစဉ်မှာ လရဲ့မျက်နှာပြင်ကို အာရုံစိုက် လေ့လာမှာဖြစ်သလို ရေ၊ ဓာတ်သတ္ထုတွေရှာဖွေတာနဲ့ ငလျင်တိုင်းတာတဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အာကာသယာဉ်လွှတ်တင်ဖို့ အသုံးပြုခဲ့တဲ့ GSLV Mk-III ဒုံးပျံဟာလည်း အိန္ဒိယက တီထွင်ထုတ်လုပ်သမျှ ဒုံးပျံတွေထဲမှာ အင်အားအကောင်းဆုံး ဖြစ်ပါတယ်။
    Ref: BBC
  • အိန္ဒိယတွင် နွားချစ်သူများက အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် လူ ၃ ဦး သေဆုံး
    အိန္ဒိယတွင် နွားချစ်သူများက အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် လူ ၃ ဦး သေဆုံး
    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media
    သတ်ဖြတ်ခံခဲ့ရသူများ၏ ဆွေမျိုးများက ရဲအရာရှိအား တောင်းပန်နေစဉ်
    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်က ရွာတစ်ရွာမှာ နွားသူခိုးလို့ စွပ်စွဲပြီး လူအုပ်ကြီးက ဝိုင်းရိုက်တဲ့အတွက် အမျိုးသား ၃ ဦး သေဆုံးသွားပါတယ်။
    ပီသူရီဆိုတဲ့ရွာမှာ ဒီနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ၃ ဦးက ကျွဲတစ်ကောင်နဲ့ နွားပေါက်လေးတစ်ကောင်ကို ထရပ်ကားပေါ် တင်နေစဉ်မှာ ရွာသားတွေ နိုးလာကာ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
    ရဲတပ်ဖွဲ့ကတော့ ရွာသားတွေရဲ့ တိုင်ကြားမှုကြောင့် သေဆုံးသွားသူ ၃ ဦးကို ခိုးမှုနဲ့ အမှုဖွင့်ခဲ့ပြီး၊ ရိုက်နှက်သတ်ဖြတ်မှုမှာ ပါဝင်သူတွေကိုလည်း အမှုဖွင့်ထားပါတယ်။ လက်ရှိအချိန်အထိ ၃ ဦး ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    အိန္ဒိယနိုင်ငံမှာ နွားချစ်သူတွေရဲ့ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေဟာ ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ ခေါင်းဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း ပိုမို မြင့်တက်လာတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေကို အထူးသဖြင့် အမဲသားရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်ကြတဲ့ ဟိန္ဒူဇာတ်နိမ့်တွေ၊ မွတ်စလင်တွေအပေါ် အဓိက ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ပါတယ်။
    အိန္ဒိယ တရားရုံးချုပ်က လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုကို သီးသန့်ရာဇ၀တ်မှုအဖြစ် ပြီးခဲ့တဲ့နှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာလည်း ဒီလို သတ်ဖြတ်မှုတွေ မြင့်တက်လာတာကြောင့် သီးခြားရာဇ၀တ်မှုအဖြစ် သတ်မှတ်ပေးဖို့ အတိုက်အခံတွေက ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်။
    Ref: Reuters
  • အမုန်းရာဇ၀တ်မှုကို သီးသန့်တိုင်ကြားနိုင်မည့် ဖုန်းလိုင်းတစ်ခု အိန္ဒိယတွင် မိတ်ဆက်
    အမုန်းရာဇ၀တ်မှုကို သီးသန့်တိုင်ကြားနိုင်မည့် ဖုန်းလိုင်းတစ်ခု အိန္ဒိယတွင် မိတ်ဆက်
    ဇူလိုင် ၁၆၊ ၂၀၁၉
    M-Media
    ဟိန္ဒူလူအုပ်၏ ညှင်းဆဲ သတ်ဖြတ်ခြင်း ခံခဲ့ရသည့် တက်ဘရက်စ် အန်ဆာရီ
    -အမုန်းအခြေပြု ရာဇ၀တ်မှုတွေ ကြုံလာရရင် အလွယ်တကူ တိုင်ကြားတင်ပြ အကူအညီတောင်းခံနိုင်မယ့် ဖုန်းလိုင်းတစ်ခုကို အိန္ဒိယက တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက ဒီကနေ့မှာ မိတ်ဆက်လိုက်ပါတယ်။
    ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက အမုန်းရာဇ၀တ်မှုတွေကို တားဆီးဖို့ ပျက်ကွက်တဲ့အတွက် ဒီလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့ အိန္ဒိယ အမုန်းတရား ဆန့်ကျင်ရေးအဖွဲ့ United Against Hate (UAH) က ပြောကြားခဲ့ပါတယ်။
    “နိုင်ငံအတွင်းမှာ လူအုပ်ကြီးက တိုက်ခိုက်တာတွေ၊ အမုန်းရာဇ၀တ်မှုတွေ မြင့်တက်လာတာကြောင့် ငွေမကုန်တဲ့ ဖုန်းလိုင်း ၁၈၀၀-၃၁၃၃-၆၀၀၀၀ ကို ဖန်တီးပေးရတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ခံစားရသူတွေကို ကူညီပေးသွားမှာဖြစ်သလို၊ တရားရုံးတွေမှာ တရားမျှတမှု ရရှိဖို့ကိုလည်း ကျွန်တော်တို့က ဆောင်ရွက်ပေးသွားမှာပါ” လို့ တက်ကြွလှုပ်ရှားသူ နဒင်း ခန်းက နယူးဒေးလီမှာလုပ်တဲ့ မိတ်ဆက်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
    အဲဒီဖုန်းလိုင်းကို ၂၄ နာရီပတ်လုံး ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။
    ဖုန်းလိုင်း မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ဥပဒေပညာရှင်တွေ၊ အကူအညီပေးရေးအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပရော်ဖက်ဆာတွေ၊ ဂျာနယ်လစ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေက နိုင်ငံအတွင်းမှာ ဒီလိုဖုန်းလိုင်းမျိုး လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    လူအုပ်စုလိုက် နေ့ခင်းကြောင်တောင် ရိုက်သတ်တာတွေအပြင်၊ မသတ်ခင် ဟိန္ဒူဘုရားစာ ရွတ်ဆိုခိုင်းတာတွေလို ဘာသာရေးအကြမ်းဖက်မှုတွေလည်း ဖြစ်လာပါတယ်။
    နဒင်းခန်းကတော့ အစိုးရဟာ ကြေငြာချက်ထုတ်ပြန်တာကလွဲလို့ ထိရောက်တဲ့ ဘယ်လို အရေးယူ ဆောင်ရွက်မှုမျိုးမှ မလုပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    လတ်တလော အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုဟာ ပြီးခဲ့တဲ့လအတွင်းက ဂျာ့ခ်ဟန်းပြည်နယ် ခါဆာဝမ်ခရိုင်မှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် မွတ်စလင်လူငယ် တဘ်ရက်ဇ် အန်ဆာရီကို သူခိုးလို့စွပ်စွဲကာ ဟိန္ဒူလူအုပ်က ၁၂ နာရီလောက် နှိပ်စက်ညှင်းပမ်းခဲ့ပြီး ဟိန္ဒူဘုရားစာလည်း အဓမ္မ ရွတ်ဆိုခိုင်းခဲ့ပါတယ်။
    နောက်ပိုင်းမှာ အန်ဆာရီကို ရဲက လာခေါ်သွားခဲ့ပေမယ့် ဆေးရုံကို အချိန်မီပို့ဆောင်ပေးခြင်းမရှိမှု၊ ရိုက်နှက်သူတွေကို မဖမ်းဆီးဘဲ အန်ဆာရီကိုသာ အမှုဖွင့်ခဲ့မှုတွေကြောင့် ရဲတပ်ဖွဲ့ဟာ ဝေဖန်ခံခဲ့ရပါတယ်။ အန်ဆာရီကတော့ နှိပ်စက်မှုမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
    အန်ဆာရီကို ညှင်းဆဲတဲ့ဗီဒီယို အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်းက အိန္ဒိယပြည်သူတွေဟာ ကျူးလွန်သူတွေကို ထိထိရောက်ရောက်အပြစ်ပေးရေး အစိုးရကို ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
    အန်ဆာရီသေဆုံးပြီး ရက်အနည်းငယ်အကြာမှာလည်း ကိုလ်ကတားမြို့က ရထားတစ်ခုပေါ်မှာ ဗလီဆရာတစ်ဦးကို ဟိန္ဒူလူအုပ်က ရထားပေါ်ကနေ တွန်းချမှု ဖြစ်ခဲ့ပါတယ်။ ဟိန္ဒူဘုရားစာ ရွတ်ဆိုခိုင်းတာကို မရွတ်ဆိုတဲ့အတွက် အခုလို တွန်းချခံရတာလို့ အဲဒီ ဗလီဆရာက ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့လနှောင်းပိုင်းနဲ့ အခုအစောပိုင်းတွေမှာ ဟိန္ဒူအစွန်းရောက်တွေက မွတ်စလင်တစ်ချို့ကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဘုရားစာဆိုခိုင်းတဲ့ အဖြစ်အပျက်တွေလည်း အိန္ဒိယနိုင်ငံက တစ်ချို့ဒေသတွေမှာ ဖြစ်ပွားခဲ့ပါတယ်။
    Ref: Aljazeera
  • သမိုင်းတွင်မည့် အာကာသယာဉ် လွှတ်တင်မှုကို ၅၆ မိနစ်အလိုတွင် အိန္ဒိယက ရပ်ဆိုင်း
    သမိုင်းတွင်မည့် အာကာသယာဉ် လွှတ်တင်မှုကို ၅၆ မိနစ်အလိုတွင် အိန္ဒိယက ရပ်ဆိုင်း
    ဇူလိုင် ၁၅၊ ၂၀၁၉
    M-Media
    -အာကာသသမိုင်းမှာ သမိုင်းတွင်မယ့် ခရီးစဉ်အတွက် အာကာသယာဉ် လွှတ်တင်ရေးကို စက်ပိုင်းဆိုင်ရာပြဿနာကြောင့် လွှတ်တင်ဖို့ ၅၆ မိနစ်အလိုမှာ အိန္ဒိယက ရပ်ဆိုင်းလိုက်ပါတယ်။
    အိန္ဒိယဟာ လပေါ်ဆင်းသက်မယ့် Chandrayaan-2 အာကာသယာဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ ၅၁ မိနစ်မှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် Satish Dhawan အာကာသစခန်းကနေ လွှတ်တင်ဖို့ စီစဉ်ထားတာပါ။
    ဒါပေမယ့် စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် လွှတ်တင်ဖို့ ၅၆ မိနစ်နဲ့ ၂၄ စက္ကန့်အလိုမှာ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး၊ လွှတ်တင်မယ့်ရက်ကို နောက်ပိုင်းမှာ ထပ်မံကြေငြာမယ်လို့ အိန္ဒိယ အာကာသ စူးစမ်းရှာဖွေရေးအဖွဲ့ ISRO က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ချို့ယွင်းမှုဟာ လွှတ်တင်မယ့်စနစ်မှာ ဖြစ်ပွားခဲ့တာလို့ ISRO တာဝန်ရှိသူတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အိန္ဒိယရဲ့ Chandrayaan-2 ခရီးစဉ်မှာ လပေါ်ကို ဆင်းသက်ကာ အရင်က လူသားတွေ မလေ့လာဘူးသေးတဲ့ လမျက်နှာပြင်မှာ သုတေသနပြုလုပ်မှာ ဖြစ်ပါတယ်။ ဆင်းသက်မှု အောင်မြင်ခဲ့ရင် အိန္ဒိယဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့နောက်ပိုင်း လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
    Chandrayaan-2 အာကာသယာဉ်၊ အာကာသယာဉ်က သယ်ဆောင်သွားမယ့် လဆင်းယာဉ်ငယ် အားလုံးနီးပါးကို အိန္ဒိယက ကိုယ်တိုင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ လွှတ်တင်မယ့် GSLV Mk III ဒုံးပျံကလည်း အိန္ဒိယက တီထွင်ထားတဲ့ အားအကောင်းဆုံး ဒုံးပျံဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၁၄၀ ကုန်ကျပြီး လပေါ်ကို အာကာသယာဉ် လွှတ်တင်မှုသမိုင်းမှာ ဈေးအသက်သာဆုံး ခရီးစဉ် ဖြစ်ပါတယ်။
    ၁၉၆၀ ပြည့်နှစ်တွေနဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ အမေရိကန်က လွှတ်တင်ခဲ့တဲ့ အပိုလို အာကာခရီးစဉ်တွေဟာ စုစုပေါင်း ကန်ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျခဲ့ပြီး ဒီနေ့ငွေဈေးနဲ့ဆိုရင် ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ရှိပါတယ်။
    အိန္ဒိယဟာ သူတို့ရဲ့ ပထမဆုံး လသွား အာကာသခရီးစဉ်အတွက် ၂၀၀၈ ခုနှစ်က Chandrayaan-1 အာကာသယာဉ်ကို လွှတ်တင်ခဲ့ပြီး လပေါ်ကို ဆင်းသက်ခြင်းမပြုဘဲ ဂြိုဟ်ပတ်လမ်းမှာနေကာ လကို လေ့လာစူးစမ်းခဲ့ပါတယ်။ လူသားလိုက်ပါမယ့် အာကာသခရီးစဉ်ကို
    ၂၀၂၂ ခုနှစ်မှာဆောင်ရွက်ဖို့၊ အဲဒီနောက်ပိုင်း ကိုယ်ပိုင် အာကာသစခန်းတစ်ခု တည်ဆောက်သွားဖို့လည်း အိန္ဒိယက စီမံကိန်းချထားပါတယ်။
    အိန္ဒိယဟာ အင်္ဂါဂြိုဟ်ကိုလည်း လေ့လာစူးစမ်းမှုတွေ ပြုလုပ်နေပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်ပတ်လမ်းထဲ ဂြိုဟ်တုတစ်စင်း ပို့ဆောင်နိုင်တာကြောင့် အင်္ဂါဂြိုဟ်ကို ဂြိုဟ်တုလွှတ်တင်နိုင်တဲ့ စတုတ္တမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    Ref : CNA
  • အိန္ဒိယတွင် ၁၀ နှစ်အတွင်း သန်း ၂၇၀ ကျော် ဆင်းရဲတွင်းမှ လွတ်မြောက်
    အိန္ဒိယတွင် ၁၀ နှစ်အတွင်း သန်း ၂၇၀ ကျော် ဆင်းရဲတွင်းမှ လွတ်မြောက်
    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media
    မွန်ဘိုင်းမြို့ ဆင်ခြေဖုံးမှ ဆင်းရဲသားရပ်ကွက်
    -အိန္ဒိယနိုင်ငံဟာ ၁၀ နှစ်အတွင်း ပြည်သူ သန်းပေါင်း ၂၇၀ ကျော်ကို ဆင်းရဲတွင်းကလွတ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကုလရဲ့ ဆင်းရဲမွဲတွေမှု ဆိုင်ရာ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
    လက်ရှိ ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှာ လူသန်းပေါင်း ၁.၃ ဘီလီယံလောက်ဟာ ၀င်ငွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုပ်ငန်းခွင်အခြေအနေ၊ ဘေးအန္တရာယ်ကင်းရှင်းမှု စတဲ့ ဘက်ပေါင်းစုံ မပြည့်စုံတဲ့ အနေအထားမှာ နေထိုင်နေရတယ်လို့ ကုလက ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် စုစုပေါင်း လူဦးရေ ၂ ဘီလီယံရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံကတော့ ဘက်စုံ ဆင်းရဲမွဲတွေမှုကို လျော့ချရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘေ္ဘာဒီးယား၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ အိန္ဒိယ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ပီရူးနဲ့ ဗီယက်နိုင်ငံတို့ဖြစ်တယ်လို့ ကုလက ဖော်ပြပါတယ်။
    အိန္ဒိယနိုင်ငံမှာတော့ ၁၀ နှစ်အတွင်း လူသန်းပေါင်း ၂၇၁ သန်းလောက်ဟာ ဆင်းရဲတွင်းကနေ လွတ်မြောက်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယဟာ ‘ဘက်စုံဆင်းရဲမွဲတွေမှု အညွှန်းကိန်း’ ကို အမြန်ဆုံး လျှော့ချနိုင်ခဲ့ပြီး ပိုင်ဆိုင်မှု၊ မီးဖိုဆောင်သုံးဓာတ်ငွေ့၊ မိလ္လာစနစ်နဲ့ အဟာရပြည့်ဝရေး၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ကဏ္ဍတွေမှာ သိသိသာသာ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
    ၂၀၀၅-၂၀၀၆ မှာ ဘက်စုံဆင်းရဲမွဲတေသူဟာ သန်းပေါင်း ၆၄၀ ရှိရာကနေ ၂၀၁၅-၂၀၁၆ ခုနှစ်မှာတော့ ၃၆၉ သန်းသာ ရှိပါတော့တယ်။ အဲဒီ ၁၀ နှစ်တာကာလအတွင်း အဟာရချို့တဲ့မှုနှုန်း၊ မွေးကင်းစကလေး သေဆုံးမှုနှုန်းတွေဟာလည်း ထက်ဝက်အထိ ကျဆင်းခဲ့ပါတယ်။ အိမ်ယာနဲ့
    လျှပ်စစ်မီးရရှိသူ အရေအတွက်လည်း မြင့်တက်လာခဲ့ပါတယ်။
    ဆင်းရဲမွဲတေမှုနှုန်း လျှော့ချနိုင်ခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံစလုံးမှာ ဆင်းရဲမှုဟာ မြို့ပြဒေသထက်၊ ကျေးလက်ဒေသတွေမှာ ပိုမိုများပြားပြီး ကမ္ဘ္ဘာဒီးယား၊ ဟေတီ၊ အိန္ဒိယနဲ့ ပီရူးနိုငံတို့မှာ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုနှုန်းက ပိုမိုကျဆင်းခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကွန်ဂိုနိုင်ငံတို့မှာတော့ မြို့ပြ၊ ကျေးလက် ဆင်းရဲမှုနှုန်း အချိုးညီကျဆင်းခဲ့ကြောင်း ကုလရဲ့ ဆင်းရဲမွဲတေမှု အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
    ဘက်စုံ ဆင်းရဲနေတဲ့ ကမ္ဘ္ဘာ့လူဦးရေ ၁.၃ ဘီလီယံမှာ ၃ ပုံ ၂ ပုံက ၀င်ငွေအလယ်အလတ်ရတဲ့ တိုင်းပြည်တွေကဖြစ်ပြီး တစ်ပုံက ၀င်ငွေနည်းတဲ့ တိုင်းပြည်တွေက ဖြစ်ပါတယ်။ ကလေး ၃ ဦးမှာ ၁ ဦးဟာ ဘက်စုံ ဆင်းရဲမှုဒဏ်ကို ခံစားနေရပြီး၊ ကမ္ဘ္ဘာတစ်ဝှမ်း ဘက်စုံဆင်းရဲသူ စုစုပေါင်းရဲ့
    ထက်ဝက်ဖြစ်တဲ့ ၆၆၃ သန်းက ကလေးငယ်တွေဖြစ်တယ်လို့ ကုလ ဆိုပါတယ်။
    Ref: RT