News @ M-Media

Tag: Indian Muslims

  • အိန္ဒိယတောင်ပိုင်းတွင် မွတ်စလင်များကို ဒုက္ခပေးရေးလှုပ်ရှားမှု အရှိန်မြင့်

    အိန္ဒိယတောင်ပိုင်းတွင် မွတ်စလင်များကို ဒုက္ခပေးရေးလှုပ်ရှားမှု အရှိန်မြင့်

    ဧပြီ ၇၊ ၂၀၂၂

    M-Media 

    -အိန္ဒိယနိုင်ငံတောင်ပိုင်း ကနာတာကာ ပြည်နယ်မှာ မွတ်စလင်တွေအပေါ် ဖိနှိပ်ဒုက္ခပေးရေး ကမ်ပိန်းတွေကို ဟိန္ဒူ ဘာသာရေးအဖွဲ့အစည်းတွေက တိုးမြှင့် လုပ်ဆောင်လာပါတယ်။ 

    စာသင်ကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတွေ ပု၀ါဆောင်းမှုကို ပိတ်ပင်တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက စတင်ခဲ့တဲ့ ဒီလုပ်ရှားမှုတွေဟာ အခုအချိန်မှာတော့ ဟာလာလ် အစားအသောက် ပိတ်ပင်ရေး၊ ဗလီတွေမှာ စပီကာနဲ့ ၀တ်ပြုဖို့ နှိုးဆော်မှုကို ပိတ်ပင်ရေး၊ အသီးအနှံ စီးပွားရေးမှာ မွတ်စလင်လုပ်ငန်းရှင်တွေကို ဖယ်ရှားရေးအထိ ကျယ်ပြန့်လာပါတယ်။ 

    ထင်ရှားတဲ့ ဟိန္ဒူဘာသရေးခေါင်းဆောင် ဆစ်ဒါလင်ဂါ ဆွာမီဂျီးက မွတ်စလင်တွေဟာ ပြည်နယ်အတွင်းက သရက်သီးစျေးကွက်ကို လွှမ်းမိုး ချုပ်ကိုင်ထားတယ်လို့ စွပ်စွဲခဲ့ပြီး ဟိန္ဒူတွေအနေနဲ့ ဘာသာတူလုပ်ငန်းရှင်တွေကိုသာ အားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    လက်ယာစွန်းရောက် ဟိန္ဒူဘာသာရေးအဖွဲ့ Hindu Janajagruti Samiti က တာ၀န်ရှိသူ ချန်ဒရူး မိုဂါက မွတ်စလင်တွေဟာ ‘တံတွေးထွေး ဂျီဟတ်’ ဆင်နွှဲနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

    “အသီးအနှံလုပ်ငန်းကို မွတ်စလင်တွေက လက်၀ါးကြီး အုပ်ထားတယ်။ သူတို့ရောင်းတဲ့ ပေါင်မုန့်တွေ၊ အသီးတွေမှာ တံတွေးထွေးပြီးမှ ရောင်းတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ မွတ်စလင်တွေ လက်၀ါးကြီးအုပ်ထားတာကို ရပ်တန့်ရေး ကူညီဖို့၊ ဟိန္ဒူစျေးသည်တွေရာင်းတဲ့ သစ်သီးတွေကိုသာ ၀ယ်ယူဖို့ ဟိန္ဒူတွေကို ကျွန်တော် တိုက်တွန်းပါတယ်”

    နောက်ထပ် ဟိန္ဒူဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပရာရှနက်သ် ဆမ်ဘာဂီကလည်း ဟိန္ဒူလယ်သမားတွေရဲ့လုပ်အားကို မွတ်စလင်လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ကာနာတာကာပြည်နယ်ကို အုပ်စိုးနေတဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အဖွဲ့၀င်တစ်ချို့နဲ့ ဟိန္ဒူလက်ယာစွန်းရောက်တွေဟာ ပြည်နယ်အတွင်းက ဟာလာလ် အသားလုပ်ငန်းကို သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကစတင်ပြီး တိုက်တွန်းဆော်သြလာခဲ့ပါတယ်။ 

    မွတ်စလင်တွေ ၀တ်ပြုဖို့ နှိုးဆော်တဲ့အခါမှာ လော်စပီကာအသုံးပြုမှုကို တားဆီးပိတ်ပင်ဖို့လည်း ဟိန္ဒူအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

    Ref: Times of India, India Today 

  • မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကို အိန္ဒိယတရားရုံး ထပ်မံ အတည်ပြု

    မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကို အိန္ဒိယတရားရုံး ထပ်မံ အတည်ပြု

    မတ် ၁၆၊ ၂၀၂၂

    M-Media 


    -အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်အစိုးရရဲ့ မွတ်စလင်ကျောင်းသူတွေ ပု၀ါမဆောင်းရအမိန့်ကို ပြည်နယ် တရားရုံးချုပ်က ထပ်မံအတည်ပြုလိုက်ပါတယ်။ 

    ဒီအတည်ပြုချက်ကြောင့် တစ်ခြားပြည်နယ်တွေမှာပါ ဒီလိုအမိန့်တွေ ထုတ်ပြန်လာမယ့်အနေအထား ဖြစ်လာပါတယ်။ 

    ကာနာတာကာ ပြည်နယ်အစိုးရဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စာသင်ကျောင်းတွေမှာ ဘာသာရေးဆိုင်ရာ အ၀တ်အစားတွေ မ၀တ်ရဆိုတဲ့အမိန့် ထုတ်ပြန်ခဲ့ပြီး အခုနှစ်အစောပိုင်းမှာ စတင် ကျင့်သုံးခဲ့တာပါ။ 

    မွတ်စလင်ကျောင်းသူတွေ ပု၀ါဆောင်းတာကို အဓိက ပစ်မှတ်ထားခဲ့ပြီး ဆရာတွေက ကျောင်းထဲ၀င်ခွင့်မပေးတာ၊ အိမ်ပြန်ခိုင်းတာတွေ ရှိခဲ့သလို၊ ဟိန္ဒူ လက်ယာစွန်းရောက်တွေကလည်း ပု၀ါဆောင်းထားတဲ့ မွတ်စလင်ကျောင်းသူတွေကို နှောက်ယှက်တာတွေ ရှိခဲ့ပါတယ်။ 

    ဒီအမိန့်ဟာ အခြေခံဥပဒေက အာမခံပေးထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ မွတ်စလင်ကျောင်းသားတွေက ပြည်နယ်တရားရုံးချုပ်ကို တိုင်တန်းခဲ့တာပါ။ 

    မနေ့က တရားရုံးချုပ်ရဲ့ အမိန့်မှာ ပု၀ါဆောင်းတာဟာ အစ္စလာမ်ဘာသာရဲ့ အဓိကကျင့်၀တ် မဟုတ်တာကို တွေ့ရတဲ့အတွက် ကျောင်းသူတွေ ပု၀ါမဆောင်းရဆိုတဲ့အမိန့်ကို ထပ်မံအတည်ပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

    ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားရုံးကိုလျှောက်ထားတဲ့ မွတ်စလင်ကျောင်းသားတွေဖက်က ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ပြည်ထောင်စု တရားရုံးချုပ်ကို အယူခံတင်ဖို့ ရှိနေပါတယ်။ 

    ကာနာတာကာ ပြည်နယ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကြီးစိုးတဲ့ ဒေသဖြစ်ပြီး သူတို့ကြီးစိုးတဲ့ တစ်ခြားပြည်နယ်တွေမှာပါ လုပ်ဆောင်လာမှာကို မွတ်စလင်တွေက စိုးရိမ်နေကြပါတယ်။ 

    Ref: The Guardian 

  • ခရစ်ယာန်နှင့် မွတ်စလင်များအပေါ် တိုက်ခိုက်မှုကို တားဆီးရန် ကုလက အိန္ဒိယကို တိုက်တွန်း

    ခရစ်ယာန်နှင့် မွတ်စလင်များအပေါ် တိုက်ခိုက်မှုကို တားဆီးရန် ကုလက အိန္ဒိယကို တိုက်တွန်း


    မတ် ၉၊ ၂၀၂၂

    M-Media

    -အိန္ဒိယနိုင်ငံအတွင်း လူနည်းစု ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေအပေါ် ဟိန္ဒူအမျိုးသားရေး၀ါဒီတွေက ပိုမို တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မီရှယ် ဘာချလတ်က ပြောကြားလိုက်ပြီး ဒါတွေကို ရပ်တန့်ပေးဖို့ အိန္ဒိယခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ပတ်လည် အစီရင်ခံစာကို ဘာချလတ်က ကုလ လူ့အခွင့်အရေးကောင်စီကို အင်္ဂါနေ့မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

    “ဘာသာရေးလူနည်းစုတွေအပေါ် အမုန်းစကားပြောကာ၊ တိုက်ခိုက်မှုတွေလုပ်နေတဲ့ လတ်တလော ပြောကြားချက်တွေ၊ လုပ်ရပ်တွေအတွက် ကျွန်မ စိုးရိမ်မိပါတယ်”  လို့ ဘာချလတ်က ပြောပါတယ်။ 

    ဒီဇင်ဘာလအတွင်းက တရားပွဲနှစ်ခုမှာ ဟိန္ဒူ ဘာသာရေးခေါင်းဆောင်တွေက မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ဆော်သြတာကို သူမက အဓိကထား ထောက်ပြခဲ့ပြီး ဒီလို အမုန်းစကား ပြောဆိုမှုကို ပွင့်လင်းမြင်သာမှု ရှိစွာ အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

    ခရစ်ယာန်တွေအပေါ် ဟိန္ဒူအမျိုးသားရေး၀ါဒီတွေက တိုက်ခိုက်မှုကိုလည်း ဘာချလတ်က အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

    “ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတာကလည်း တော်တာ်လေး စိုးရိမ်စရာ ကောင်းပါတယ်”

    ၂၀၂၁ ခုနှစ် ဇန်န၀ါရီလကနေ နို၀င်ဘာလအတွင်း အိန္ဒိယနိုင်ငံတစ်၀ှမ်း ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု အနည်းဆုံး ၃၀၅ ခုလောက် ဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့လည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ခရစ်ယာန်တွေက ဟိန္ဒူတွေကို အဓမ္မ ဘာသာကူးပြောင်းစေပြီး ဒါကို ပိတ်ပင်ရမယ်လို့ဆိုကာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကြီးစိုးတဲ့ ပြည်နယ်တစ်ချို့မှာ ဥပဒေတွေ ပြဌာန်းခဲ့ပါတယ်။ 

    ကုလ လူ့အခွင့်အရေးအကြီးအကဲ ဘာချလတ်က ဒီဥပဒေဟာ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေသာ ဖြစ်စေလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

    “ဘယ်လို အမုန်းစကားပြောဆိုမှုကိုမဆို၊ ဘာသာရေး လူမျိုးရေး မုန်းတီးအောင် ဘယ်လိုလှုံ့ဆော်မှုမျိုးကိုမဆို ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုလုပ်လုပ် လူသိရှင်ကြား ရှုတ်ချပြောဆိုဖို့ အိန္ဒိယခေါင်းဆောင်တွေကို ကျွန်မ တိုက်တွန်းပါတယ်”

    Ref: Global Village Space

  • ပု၀ါမဆောင်းရအမိန့်ကြောင့် တင်းမာမှုမြင့်နေသည့် အိန္ဒိယပြည်နယ်တစ်ခုတွင် ကျောင်းများပြန်ဖွင့်

    ပု၀ါမဆောင်းရအမိန့်ကြောင့် တင်းမာမှုမြင့်နေသည့် အိန္ဒိယပြည်နယ်တစ်ခုတွင် ကျောင်းများပြန်ဖွင့်

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၂
    M-Media

    -မွတ်စလင်ကျောင်းသူတွေ ပု၀ါမဆောင်းရဆိုတဲ့ အမိန့်ထုတ်ပြန်မှုကြောင့် တင်းမာမှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနာတာကာပြည်နယ်မှာ လုံခြုံရေးတွေထားပြီး ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။

    ပု၀ါဆောင်းတဲ့ မွတ်စလင်ကျောင်းသူတွေကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ (BJP) ကို ထောက်ခံသူတွေက လိုက်လံနှောက်ယှက်စော်ကားတာ၊ ဒီအမိန့်ဟာ ဖွဲ့စည်းပုံ

    အခြေခံဥပဒေက ပေးထားတဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ထိပါးတယ်ဆိုပြီး မွတ်စလင်လူငယ်တွေက ဆန္ဒပြတာတွေကြောင့် ပြည်နယ်အတွင်း စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့တစ်ပတ်ကစလို့ ပိတ်ထားတာ ဖြစ်ပါတယ်။

    မနေ့ကစတင်ပြီး ကျောင်းပြန်ဖွင့်ရာမှာ မွတ်စလင်ကျောင်းသူတွေ နှောက်ယှက်ခံရတဲ့သတင်း ထွက်မလာတော့ပါဘူး။ ကျောင်းတာ၀န်ရှိသူတွေက ပု၀ါချွတ်ခိုင်းတဲ့အခါ မွတ်စလင်ကျောင်းသူတွေက မချွတ်ဘဲ ကျောင်းမတက်တာ၊ စာမေးပွဲ မဖြေတာတွေ ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    “ကျွန်မတို့ ငယ်ငယ်လေးကတည်းက ပု၀ါဆောင်းလာတာ။ ဒါကို မစွန့်လွှတ်နိုင်ဘူး။ စာမေးပွဲ ဖြေလို့မရဘူးဆိုလည်း မဖြေဘူး။ အိမ်ပြန်မယ်” လို့ မွတ်စလင်ကျောင်းသူတစ်ဦးက News Minute ကို ပြောကြားခဲ့ပါတယ်။

    ကျောင်းသားမိဘတစ်ယောက်ကလည်း “ဟိန္ဒူတွေ ပူတူးတပ်တယ်။ ခရစ်ယာန်တွေ လက်၀ါးကပ်တိုင်ဆွဲတယ်။ ကျွန်မတို့ကလေးတွေ ပု၀ါဆောင်းတာကို သူတို့က ဘာဖြစ်နေတာလဲ” လို့ NDTV ကို ပြောကြားခဲ့ပါတယ်။

    စာသင်ကျောင်းတွေမှာ ဘာသာရေးနဲ့နွယ်တဲ့ အမှတ်သညာတွေ ၀တ်မလာရဆိုတဲ့ အမိန့်တစ်ရပ်ကို ကာနာတာကာ ပြည်နယ်အစိုးရက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပြည်နယ်အတွင်းက

    ကျောင်းတွေမှာ အနည်းဆုံး မွတ်စလင်ကျောင်းသူ ၄ ဦး ပု၀ါ၀တ်ထားတဲ့အတွက် အတန်းထဲကနေ မောင်းထုတ်ခံခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်း ပု၀ါ၀တ်ထားတဲ့ မွတ်စလင်ကျောင်းသူ နှောက်ယှက်ခံရမှုတွေ မြင့်တက်လာပါတယ်။ ဆန္ဒပြမှုတွေကို ထိန်းသိမ်းဖို့အတွက် ကာနာတာကာပြည်နယ်အစိုးရက လူ ၄ ယောက်ထက် ပိုမစုရအမိန့် ထုတ်ပြန်ထားပါတယ်။

    Ref: CNA

  • မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကြောင့် အိန္ဒိယတောင်ပိုင်းတွင်း တင်းမာမှု မြင့်တက်

    မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကြောင့် အိန္ဒိယတောင်ပိုင်းတွင်း တင်းမာမှု မြင့်တက်

    ဖေဖော်၀ါရီ ၉၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနာတာကာပြည်မှာ စာသင်ကျောင်းအတွင်း မွတ်စလင်အမျိုးသမီးတွေ ပု၀ါမဆောင်းရလို့ အမိန့်ထုတ်ပြန်မှုကနေတစ်ဆင့် မွတ်စလင်အမျိုးသမီးတွေ နှောက်ယှက်ခံရတဲ့ အခြေအနေအထိ ဖြစ်လာပြီး တင်းမာမှုတွေ မြင့်တက်လာပါတယ်။

    ပြည်နယ်အတွင်းက စာသင်ကျောင်းတွေမှာ ပု၀ါဆောင်းထားတဲ့ မွတ်စလင်အမျိုးသမီးတွေကို စာသင်ခန်းထဲ ပေးမ၀င်တဲ့ကိစ္စဟာ ဒီဇင်ဘာနှောင်းပိုင်းကတည်းက စတင်လာတာ ဖြစ်ပါတယ်။

    ကနာတာကာပြည်ကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ပါတီက အုပ်စိုးပြီး၊ ပု၀ါဆောင်းထားရင် စာသင်ခန်းထဲ ပေးမ၀င်တဲ့ အမိန့်ကို ပြည်နယ်အစိုးရက ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ဒီအမိန့် ထွက်ပေါ်လာပြီးတဲ့နောက် ဟိန္ဒူအမျိုးသားရေးအစွန်းရောက်တွေက ပု၀ါဆောင်းတဲ့ မွတ်စလင်ကျောင်းသူတွေကို နှောက်ယှက်တာ၊ စာသင်ကျောင်းတွေထဲ၀င်ခွင့်မပေးတာ စတဲ့ အဖြစ်အပျက်တွေလည်း ပြည်နယ်အတွင်းမှာ မြင့်တက်လာပါတယ်။

    မန်ဒယာမြို့က ကောလိပ်မှာ အဆိုင်းမန့်တင်ဖို့သွားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို လိမ္မော်ရောင် အ၀တ်စတွေကိုင်ထားတဲ့ လူအုပ်စုက ဟစ်အော်နှောက်ယှက်တဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    “ကျွန်မက အဆိုင်းမန့်တင်ဖို့လာတယ်။ ကောလိပ်ထဲကို၀င်တယ်။ ကျွန်မ ဘုရ်ခါ၀တ်ထားလို့ဆိုပြီး သူတို့က ကျွန်မကို အထဲပေးမ၀င်ပါဘူး။ ပြီးတော့ ‘အရှင်ရာမ အဓွန့်ရှည်ပါစေ’ လို ၀ိုင်းအော်ကျတယ်။ ကျွန်မလည်း ‘အလ္လာဟ်အရှင်သည် အကြီးမြတ်ဆုံး’ လို့ ပြန်အော်ခဲ့တယ်။ အဲဒီလူအုပ်ရဲ့ ၁၀ ရာခိုင်နှုန်းက ကျောင်းကလူတွေ၊ ကျန်တာက အပြင်ကပါ” လို့ လူအုပ်ရဲ့နှောက်ယှက်မှုကို ခံခဲ့ရတဲ့ မွတ်စလင်ကျောင်းသူ မူစကန်ခန်းက ပြောပါတယ်။

    တင်းမှာမှုအမြင့်ဆုံးက ကမ်းရိုးတန်းမြို့ဖြစ်တဲ့ အူဒူပီမြို့ဖြစ်ပြီး မွတ်စလင်ကျောင်းသူတွေကို စာသင်ကျောင်းတွေက လုံး၀ ၀င်ခွင့်မပေးတာကြောင့် ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။

    ကာနာတာကာပြည်နယ် လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာ၀င်တွေ ဖြစ်ပါတယ်။ မွတ်စလင်တွေက ဒီတားမြစ်မှုဟာ နိုင်ငံရေးမှာ ဘာသာရေးမစွက်ရ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ၀တ်ပြုကိုးကွယ်ခွင့် ရှိရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ကို အစိုးရက အတိအလင်းချိုးဖောက်တာ ဖြစ်တယ်လို့ ၀ေဖန်ထားပါတယ်။

    ပြည်နယ်ပညာရေး၀န်ကြီး ဘီစီ နာဂက်ရှ်က ပညာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ပု၀ါဆောင်းမှုကို ပိတ်ပင်တဲ့ တရားရုံးဆုံးဖြတ်ချက်တွေကို ကိုးကားပြီး ဒီလိုအမိန့်ထုတ်တာလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဒီအမိန့်ကို ဆန့်ကျင်တဲ့ အဂ်ါနေ့က ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ် ဗာဆာဗာရက်ဂျ် ဘွန်မိုင်းက ပြည်နယ်အတွင်းမှာရှိတဲ့ကျောင်းတွေအားလုံးကို ၃ ရက် ပိတ်လိုက်ကြောင်း မနေ့က ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera