News @ M-Media

Tag: indonesia

  • အင်ဒိုနီးရှား ဆူနာမီ သေဆုံးသူ ၄၀၀ နီးပါးရှိလာ

    အင်ဒိုနီးရှား ဆူနာမီ သေဆုံးသူ ၄၀၀ နီးပါးရှိလာ

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    ဆူနာမီပြီးနောက် တွေ့ရသည့် အင်ဒိုပြည်သူများ

    – အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၈၄ ဦး ရှိလာခဲ့ပြီး၊ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ဆူနာမီဒဏ် အခံစားရဆုံးဒေသက လူပေါင်း ၃ သိန်းခွဲလောက် နေထိုင်တဲ့ ပါလူမြို့ဖြစ်ပါတယ်။ သေဆုံးဒဏ်ရာရသူတွေ များပြားလွန်းတာကြောင့် ဆေးရုံတွေမှာလည်း နေရာတွေမလောက်မငှ ဖြစ်နေပါတယ်။

    ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ၅ ပေလောက်မြင့်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေဟာ ပါလူမြို့ကို ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    သမ္မတ ဂျိုကိုဝီဒိုဒိုက ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့အတွက် စစ်တပ်ကို အမိန့်ပေးထားပါတယ်။

    ဆူနာမီရေလှိုင်းတွေကြောင့် ပါလူမြို့က နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးခဲ့ပြီး မြို့ရဲ့ အထင်ကရ တံတားကြီးတစ်ခုလည်း ကျိုးကျခဲ့ပါတယ်။

    Ref: CNA

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    ဆူလာသေစီကျွန်း ဆူနာမီပြီးနောက် မြင်ကွင်း

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၆ ဦး သေဆုံး
    =================
    အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ရေး ရည်ရွယ်ကာ ဂါဇာမှာ မနေ့က ပြုလုပ်တဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ပြီး ၅၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ Great March of Return လို့ခေါ်တဲ့ အဲဒီဆန္ဒပြမှုကို ဂါဇာမှာ မေလ ၃၀ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အနည်းဆုံး ၁၈၀ သေဆုံးကာ၊ ၁၈၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    အင်ဒိုနီးရှားဆူနာမီ လူအများအပြား သေဆုံး
    ===========
    အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်း မြို့တော် ပါလူမှာ မနေ့က ဆူနာမီလှိုင်းလုံးတွေ ၀င်ရောက်လာမှုကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဆူနာမီ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိတာကြောင့် အသေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး အာဏာပိုင်တွေကတော့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

    ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရန် မဟာသီတိုက်တွန်း
    ==============
    ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် အခြေအနေ ပိုဆိုးလာတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ကုလအထွေထွေညီလာခံမှာ မနေ့က ပြောကြားခဲ့ပြီး ကုလအဖွဲ့ ပြုပြင်ပြောင်းလဲဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ မဟာသီဟာ ၂၀၀၃ ခုနှစ်က ကုလမှာ နောက်ဆုံး စကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဗီတိုကိုင်ထားတဲ့ နိုင်ငံ ၅ နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ က ကမ္ဘာစစ်အောင်ပွဲကို အကြောင်းပြပြီး ကမ္ဘာကြီးကို အမြဲတမ်း ပြန်ပေးဆွဲထားလို့ မရတော့သလို၊ ကုလအတွင်းမှာ ဒီမိုကရေစီဝါဒကို လက်မခံဘဲနဲ့ ဒီနိုင်ငံတွေက ဒီမိုကရေစီတရားဟောတာ၊ ကမ္ဘာ့နိုင်ငံတွေမှာ အစိုးရအပြောင်းအလဲလုပ်ဖို့ ဆော်သြတာတွေ လုပ်လို့မရဘူးလို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားသို့ ရုရှားက S-300 ဒုံးခွင်းစနစ် စတင်ပို့ဆောင်
    =============
    S-300 ဒုံးခွင်းစနစ်ကို ဆီးရီးယားနိုင်ငံကို စတင်ပို့ဆောင်နေပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆီးရီးယားက ၀ယ်ယူထားတဲ့ S-300 ဒုံးခွင်းစနစ်ကို အစ္စရေးရဲ့ မေတ္တာရပ်ခံမှုကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ပေးပို့ဖို့ ဆိုင်ငံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ် ဆီးရီးယားမှာ အစ္စရေးတိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုအတွင်း ရုရှား စစ်လေယာဉ်တစ်စင်း ပစ်ချခံရကာ လိုက်ပါလာသူ ၁၅ ဦးစလုံး သေဆုံးခဲ့ပြီးတဲ့နောက် ရုရှားက ဒီဒုံးခွင်းစနစ်ကို ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လာဗရော့ဗ်ကတော့ ဆီးရီးယားမှာရှိတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေ ၁၀၀ ရာခိုင်နှုန်း ဘေးကင်းဖို့အတွက် ဒီလိုဆောင်ရွက်တာလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, Press TV, CNA

  • အင်ဒိုနီးရှားရှိ မြို့တစ်မြို့တွင် ဆူနာမီလှိုင်းကြောင်း ဒေသခံများ ထွက်ပြေးနေရ

    အင်ဒိုနီးရှားရှိ မြို့တစ်မြို့တွင် ဆူနာမီလှိုင်းကြောင်း ဒေသခံများ ထွက်ပြေးနေရ

    စက်တင်ဘာ ၂၈၊ ၂၀၁၈
    M-Media

    – အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်အပြီး နာမီလှိုင်းတွေ ၀င်ရောက်လာတာကြောင့် အိမ်တွေပြိုကျပြီး ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

    လူပေါင်း ၃ သိန်းခွဲလောက်နေထိုင်ပြီး ဆူလာဝေစီကျွန်းရဲ့ မြို့တော်လည်းဖြစ်တဲ့ ပါလူမြို့မှာ ဆူနာမီ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြီးအကဲ ရဟ်မသ် ထရီယိုနိုနဲ့ အခြား တာဝန်ရှိသူတွေက ပါလူမှာ ဆူနာမီဖြစ်လာခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ရေလှိုင်းတွေဟာ ၆ ပေလောက်အထိ တက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အခုအချိန်အထိတော့ အသေအပျောက်စာရင်းကို မသိရသေးပါဘူး။

    Ref: CNA

  • အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပရန် အင်ဒိုနီးရှားလျှောက်ထားမည်

    အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပရန် အင်ဒိုနီးရှားလျှောက်ထားမည်

    စက်တင်ဘာ ၁၊ ၂၀၁၈
    M-Media

    အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်ကို သယ်ဆောင်လာသည့် ဂျိုကိုဝီဒိုဒို

    – ၂၀၃၂ အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး လျှောက်ထားသွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားဟာ လက်ရှိမှာ အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနေပြီး ၀ီဒိုဒိုက သူတို့အနေနဲ့ အိုလံပစ်ပြိုင်ပွဲကိုလည်း အခုလို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ၊ အာရှ အိုလံပစ်ကော်မတီ ဥက္ကဌတွေနဲ့ ဒီကနေ့တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

    “လက်ရှိကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲက အတွေ့အကြုံကိုယူပြီး အင်ဒိုနီးရှားဟာ ဒီထက်ပိုကြီးတဲ့ ပြိုင်ပွဲမျိုးကို ကျင်းပနိုင်မယ်ဆိုတာ သေချာပါတယ်”

    နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဌ သောမတ်စ် ဘက်ခ်ျက အင်ဒိုနီးရှားရဲ့ အိမ်ရှင်လျှောက်ထားမှုကို ကြိုဆိုခဲ့ပြီး၊ အာရှအားကစားပြိုင်ပွဲ ကျင်းပမှုဟာ ၂၀၃၂ အိုလံပစ်ပြိုင်ပွဲအတွက် ‘ခိုင်မာတဲ့ ဖောင်ဒေးရှင်း’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်တဲ့ အစွမ်းအစရှိတယ်ဆိုတာ အင်ဒိုနီးရှားက ပြသလိုက်တာ ဖြစ်ပါတယ်”

    ဒီကနေ့မှာ ပြီးဆုံးမယ့် အာရှကစားပြိုင်ပွဲကို အာရှဒေသ နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမား ၁၂၀၀၀၊ ထောင်ချီတဲ့ အာဏာပိုင်တွေ၊ ဂျာနယ်လစ်တွေ လာရောက်ခဲ့ကြပါတယ်။

    အင်ဒိုနီးရှားဟာ ကြီးကျယ်တဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပနိုင်ခဲ့ပြီး မျှော်မှန်းထားတဲ့ အရေအတွက်ထက်ကျော်ကာ ရွှေဆု ၃၀ ကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာ အဆင့် ၄ နေရာ ရှိနေပါတယ်။

    ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားဟာ ၂၀၃၀ ရောက်ရင် ကမ္ဘာ့ ၁၀ နိုင်ငံမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာဖို့လည်း ရှိနေပါတယ်။

    ၂၀၂ အိုလံပစ်ပြိုင်ကို တိုကျိုမှာ ပြုလုပ်မှာဖြစ်ပြီး ၂၀၂၄ ကို ပဲရစ်၊ ၂၀၂၈ ကို လော့စ်အိန်ဂျလိစ်မြို့တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲကို ဘရာဇီးလ်မှာ ကျင်းပခဲ့ပါတယ်။

    Ref: Aljazeera

  • အာဇန်သံဝေဖန်သူကို ထောင်ချမှု အင်ဒိုရှိ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ကန့်ကွက်

    အာဇန်သံဝေဖန်သူကို ထောင်ချမှု အင်ဒိုရှိ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ကန့်ကွက်

    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media

    အင်ဒိုနီးရှားနိုင်ငံမှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – ဗလီက ၀တ်ပြုဖို့ဖိတ်ခေါ်တဲ့ အာဇန်နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်တဲ့ အမျိုးသမီးကို ထောင်ချမှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ‘နဒ်လာသွလ် အိုလမာ (NU)’ က ဝေဖန်လိုက်ပြီး တိုင်းပြည်အတွင်း သည်းခံနိုင်စွမ်း ပိုမိုမြင့်မားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    အခုသီတင်းပတ်အစောပိုင်းမှာ ဆူမားတြားကျွန်းက မီဒန်မြို့ တရားရုံးတစ်ခုဟာ အသက် ၄၄ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် တရုတ်အမျိုးသမီး မီလီယာနာကို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။

    သူမဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဗလီက အာဇန်နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်ခဲ့ပြီးတဲ့နောက် အဖမ်းခံခဲ့ရတာပါ။

    အဖွဲ့ဝင် သန်း ၄၀ ရှိတဲ့ NU က ဒီလိုပြောဆိုမှုဟာ ရာဇ၀တ်မှုမဟုတ်ဘူးလို့ ဆိုပါတယ်။

    “၀တ်ပြုဖို့နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ယူဆပြီး ပြောတာဟာ ဘာသာသာသနာ ညှိုးနွမ်းစေမှု မဟုတ်ပါဘူး။ ကျွန်တော်တို့လို ဘာသာစုံလူမျိုးစုံတဲ့ လူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေအနေနဲ့ ဒီလိုဝေဖန်မှုကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုအဖြစ် မှတ်ယူသင့်ပါတယ်” လို့ NU ရဲ့ ဥပဒေဆိုင်ရာဌာန အကြီးအကဲ ရော်ဘီကင် အမ်ဟက်ဆ်က ပြောပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amensty International က ဒီအမျိုးသမီးကို ထောင်ချမှုဟာ ရယ်စရာကောင်းတဲ့အဖြစ်အပျက် ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ မီလီယာနာလွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့စာကို အွန်လိုင်း လက်မှတ်ကောက်ယူမှုမှာ မနေ့ကအထိ လက်မှတ် တစ်သိန်းနီးပါး ရရှိနေပြီ ဖြစ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဘာသာစုံ၊ လူမျိုးစုံ အတူယှဉ်တွဲကာ ငြိမ်းချမ်းစွာနေထိုင်မှုသမိုင်း ရှည်ကြာစွာရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အချိန်ကျပြီဆိုတဲ့ ၀ါဒဖြန့်မှုတွေနဲ့အတူ သဘောထားတင်းမာတဲ့ မွတ်စလင်အဖွဲ့အစည်းတွေ ပေါ်ထွက်လာမှုကြောင့် နိုင်ငံရဲ့ သဟဇတဖြစ်မှု ပျက်ပြားတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    မီလီယာနာရဲ့ ရှေ့နေအဖွဲ့က သူတို့ရဲ့အမှုသည်ဟာ ၂၀၁၆ ခုနှစ်က အွန်လိုင်းဆွေးနွေးမှုတစ်ခုမှာ အာဇန်နှိုးဆော်သံတွေ ကျယ်လောင်မှုနဲ့ပတ်သက်လို့ ရေးသားခဲ့တာဖြစ်ပြီး ဒါကို ဆန့်ကျင်တာမဟုတ်ကြောင်း၊ နောက်ပိုင်းမှာ သူမရဲ့ ရေးသားမှုကို ဆိုရှယ်မီဒီယာတွေမှာ အကြိမ်ကြိမ် ချဲ့ကားမျှဝေခဲ့ကြတာဖြစ်ကြောင်း၊ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA