News @ M-Media

Tag: international short news

  • အိန္ဒိယတွင် ရေငုပ်သင်္ဘော မတော်တဆမှုဖြစ်ပြီး သင်္ဘောသား ၂ ဦးပျောက်ဆုံးကာ ၇ ဦးမှာ ဆေးကုသမှုခံနေရ

    အိန္ဒိယတွင် ရေငုပ်သင်္ဘော မတော်တဆမှုဖြစ်ပြီး သင်္ဘောသား ၂ ဦးပျောက်ဆုံးကာ ၇ ဦးမှာ ဆေးကုသမှုခံနေရ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media

    – အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ရေတပ်မှ ရေငုပ်သင်္ဘောတစ်စင်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရေတပ်သား ၇ ဦး ဒဏ်ရာရခဲ့ကာ ၂ ဦးမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။

    ဆိပ်ကမ်းတွင် လေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း ရေငုပ်သင်္ဘောအတွင်းရှိ ဘတ္ထရီများထားရာအခန်းမှ မီးခိုးများအူထွက်လာသောကြောင့် သင်္ဘောသား ၇ ဦးမှာ မီးခိုးများ ရှူရှိုက်မိခဲ့ပြီး သတိလစ်မေ့မြောခဲ့ရသည်ဟု ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရဟူလ်ဆင်ဟာက ယနေ့တွင် ပြောကြားခဲ့သည်။

    “သင်္ဘောသားအားလုံးကို ကုသမှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိပါဘူး” ဟု ဆင်ဟာက NDTV သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ရုရှားလုပ် INS Sindhuratna အမည်ရ အဆိုပါ ရေငုပ်သင်္ဘောအနီးသို့ ရေတပ်မှ စစ်သင်္ဘောများသွားရောက် ကူညီနေကြပြီး၊ ရေငုပ်သင်္ဘောပေါ်ရှိ အရာရှိ ၂ ဦးမှာ ပျောက်ဆုံးနေသည်ဟု အမည်မဖော်လိုသော ရေတပ်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ Press Trust of India သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လက ရုရှားလုပ် INS Sindhurakshak ရေငုပ်သင်္ဘော တစ်စီး မွမ်ဘိုင်း သင်္ဘောကျင်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားကာ နစ်မြုပ်ခဲ့ သောကြောင့် သင်္ဘောသား ၁၈ ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်လကလည်း INS Sindhughosh ရေငုပ်သင်္ဘောမှာ မွမ်ဘိုင်းဆိပ်ကမ်း သို့ ပြန်လာစဉ် ရေအောက်သို့ နစ်မြုပ်သွားခဲ့ပြီး သေဆုံးပျက်စီးမှု စာရင်းအား ဖော်ပြခဲ့ခြင်းမရှိချေ။

    Ref : Aljazeera

  • ကယ်လီဖိုးနီးယားရှိ ဇနီးမောင်နှံ ၂-ဦး ဒေါ်လာသန်းချီတန်သည့် ရွှေဒင်္ဂါးများ ရှာဖွေတွေ့ရှိ

    ကယ်လီဖိုးနီးယားရှိ ဇနီးမောင်နှံ ၂-ဦး ဒေါ်လာသန်းချီတန်သည့် ရွှေဒင်္ဂါးများ ရှာဖွေတွေ့ရှိ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း Gold Country ကျေးလက်ဒေသတွင် နေထိုင်ကြသည့် ဇနီးမောင်နှံနှစ်ဦးမှာ ၎င်းတို့ ခြံဝင်းအတွင်း ခွေးနှင့်အတူ လမ်းလျှောက်ထွက်စဉ် သစ်ပင်တစ်ပင်အောက်တွင် မြှုပ်ထားသော ရှားပါးသည့် ရွှေဒင်္ဂါး သံပုံးများကို ရှာဖွေတွေ့ရှိခဲ့သည် ဟု သိရသည်။

    ၂၀၁၃-ခုနှစ် ဖေဖော်ဝါရီလက တွေ့ရှိခဲ့သည့် အဆိုပါသံပုံးများတွင် မသုံးစွဲရသေးသော ရွှေဒင်္ဂါး ၁၄၂၇ ပြားပါဝင်ကာ လက်ရှိတန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ သန်းခန့် တန်ကြေးရှိသည်။

    ထိုဒင်္ဂါးများ၏ အားလုံးနီးပါးမှာ ၁၈၄၇ ခုနှစ်မှ ၁၈၉၄ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် ဒင်္ဂါးများဖြစ်သည်ဟု ထိုဒင်္ဂါးများကို စစ်ဆေးနေသော Santa Ana မြို့ရှိ ရွှေဒင်္ဂါးတန်ဖိုးဖြတ် ၀န်ဆောင်မှုလုပ်ငန်းကို ပူးတွဲတည်ထောင်သူ ဒေးဗစ်ဟောလ်က ပြောကြားခဲ့သည်။ ထို့ပြင် ရွှေဒင်္ဂါးအချို့မှာ အလွန်ရှားပါးပြီး တစ်ပြားလျှင် ဒေါ်လာ ၁ သန်းခန့် ဈေးခေါ်နိုင်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “တစ်ခုခုအတွက် တစ်သက်မှာတစ်ခါလို့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် ဒီလိုရတနာမျိုး၊ ဒီလိုပစ္စည်းမျိုးကို ကိုင်တွယ်ဖို့အခွင့်အရေးမျိုး ခင်ဗျား တစ်သက်လုံး မရပါဘူး။ ဒါမျိုးဟာ သူတို့အတွက် သက်တံ့ရောင်အောက်မှာ ရွှေအိုးတွေ့သလိုပါပဲ” ဟု ဒင်္ဂါးများအား ရှာတွေ့ခဲ့သည့် ဇနီးမောင်နှံနှစ်ဦး၏ ကိုယ်စားလှယ်ဖြစ်သူ ၀ါရင့် ရွှေဒင်္ဂါး စုဆောင်းသူ ဒွန်ကာဂင်က ပြောကြားခဲ့သည်။ ကာဂင်၏ မိသားစုမှာ ရှားပါးသည့် ဒင်္ဂါများနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လာသည်မှာ ၈၁ နှစ်ရှိပြီဖြစ်သည်။

    ဒင်္ဂါးများကို ရှာဖွေတွေ့ရှိကြသည့် ဇနီးမောင်နှံ ၂ ဦးမှာ လူလတ်ပိုင်းဖြစ်ကြပြီး၊ ရွှေဒင်္ဂါးများတွေ့ရှိခဲ့သည့် အဆိုပါ ကျေးလက်ဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများဖြစ်သည်ဟု ကာဂင်က ဆိုသည်။

    အဆိုပါ ရွှေဒင်္ဂါးများကို Amazon အွန်လိုင်းဈေးကွက်မှ ရောင်းချမည်ဖြစ်ပြီး၊ ရရှိလာသည့် ငွေများကို ဒေသအတွင်းရှိ အလှူဒါနပြုသော အဖွဲ့များသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွှေဒင်္ဂါးအချို့ကို အမေရိကန် ရွှေဒင်္ဂါးစုဆောင်းရေးအဖွဲ့မှ ကြာသာပတေးနေ့တွင် ပြုလုပ်မည့် ငွေကြေးဆိုင်ရာပြပွဲတွင် ပြသရန် ငှားရမ်းသွားမည်ဖြစ်ပြီး အနည်းငယ်ကိုမူ သိမ်းဆည်းထားမည်ဖြစ်ကြောင်း ၎င်းတို့ဇနီးမောင်နှံက ပြောကြားခဲ့သည်။

    ရွှေဒင်္ဂါများ ရှာဖွေတွေ့ရှိခဲ့သည့် အဆိုပါ Gold Country ဒေသမှာ ၁၈၄၈ ခုနှစ်မှ ၁၈၆၄ ခုနှစ်များအတွင်း ရွှေအကြီးအကျယ်ထွက်သော နေရာတစ်ခု ဖြစ်ပြီး၊ အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းမှ ရွှေတူးသူများမှာ ထိုဒေသသို့ လာရောက် တူးဖော်ကြသည်အထိ နာမည်ကျော်ခဲ့သည်။

    Ref : Dailymail

  • ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    – အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့သည့် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီမှာ မန်ယူအသင်းနှင့် ယမန်နေ့က စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းမှ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့် ၀ိန်းရူနီမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ အသင်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ပြင် ရူနီမှာ ဘောလုံးလောကမှ အနားယူ သွားပါက မန်ယူအသင်း၏ သံတမန်လည်း ဖြစ်လာမည်ဖြစ်သည်။

    စာချုပ်သစ်ကြောင့် ရူနီ၏ တစ်နှစ်လုပ်ခမှာ ပေါင် ၁၅ သန်းရှိမည်ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာကာ၊ ခရစ္စ တီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီတို့၏ လုပ်ခများထက်လည်း ပိုမိုများပြားသည်။ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ရူနီက “နွေရာသီမှာ ကောလဟလ တွေအများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်မိုယက်စ် အသင်းကိုရောက်လာတဲ့အခါ ကျွန်တော် တော်တော်ကျေနပ်မိပါတယ်။ သူနဲ့ကျွန်တော်ဟာ ဆက်ဆံရေးကောင်းတစ်ခုရှိပြီး၊ သူကလည်း ကျွန်တော်အပေါ် ယုံကြည်မှု တော်တော်လေးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူအသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ မိမိ၏ ကစားသမားဘ၀ အချိန်တော်တော်များများကို မန်ယူအသင်းတွင် ကစားခဲ့ကြောင်း၊ ယခုအချိန်တွင် အားလုံးပြီးဆုံးသွားပြီဖြစ်သည့်အတွက် ပျော်ရွှင်မိကြောင်း၊ အလုပ်တွင် အာရုံစူးစိုက်၍ ရှေ့သို့ ဆက်လျှောက်သွားမည် ဖြစ်ကြောင်း ရူနီက ထည့်သွင်းပြောကြားခဲ့သည်။

    ရူနီအား စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းတွက် ပျော်ရွှင်မိသည်ဟု နည်းပြ မိုယက်စ်က ပြောကြားခဲ့ပြီး ရူနီကိုလည်း ချီးကျုးခဲ့သည်။ ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းမှ ရူနီအား ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ငြင်းပယ်ခဲ့သည်။

    Ref : Dailymail

  • ပစိဖိတ်သမုဒ္ဒရာထဲတွင် ၁ နှစ်ကျော်ကြာ မျောပါနေခဲ့သူ အဲလ်ဆာဗေဒိုးသို့ ပြန်လည်ရောက်ရှိ

    ပစိဖိတ်သမုဒ္ဒရာထဲတွင် ၁ နှစ်ကျော်ကြာ မျောပါနေခဲ့သူ အဲလ်ဆာဗေဒိုးသို့ ပြန်လည်ရောက်ရှိ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media

    –  ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် ၁ နှစ်ကျော်မျောနေခဲ့သည့် အဲလ်ဆာဗေဒိုး ငါးဖမ်းလုပ်သားတစ်ဦးမှာ နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    အသက် ၃၇ နှစ်အရွယ်ရှိ ဂျိုဆေး ဆာဗေဒိုး အဲလ်ဗာရန်ဂါမှာ ငါးဖမ်းသွာရာမှ မုန်တိုင်းမိကာ သမုဒ္ဒရာထဲတွင် မျောပါနေခဲ့ပြီးနောက် ဇန်န၀ါရီလ နှောင်းပိုင်းက မာရှယ်ကျွန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ဟိုနိုလူလူနှင့် လော့စ်အိန်ဂျလိစ်တို့တွင် ဆေးကုသမှု ခံယူခဲ့ပြီး ယခုတစ်ပါတ် အင်္ဂါနေ့တွင် အဲလ်ဆာဗေးဒိုးသို့ ရောက်ရှိလာသည့် အဲလ်ဗာရန်ဂါအား မိသားစု၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်သူများစွာက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ၎င်းအား ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ ဘီးတပ် ကုလားထိုင်ဖြင့် ပို့ဆောင်ခဲ့သည်။

    မိမိအနေဖြင့် လိပ်သွေးများကို သောက်ခဲ့ရကာ၊ ငါးများ၊ ငှက်များကို လက်ဖြင့် ဖမ်းဆီးစားသောက်၍ အသက်ဆက်ခဲ့ရသည်ဟု ဖွင့်ဟခဲ့သည့် အဲလ်ဗာရန်ဂါ က “ကျွန်တော် ပြောစရာစကားကိုရှာလို့မရပါဘူး” ဟု စိတ်လှုပ်ရှားစွာဖြင့်ပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး မီရန်ဒါကမူ အဲလ်ဗာရန်ဂါ၏ ထိုအဖြစ်အပျက်အား “ယုံကြည်မှု သို့မဟုတ် ဘ၀အတွက် ရုန်းကန်လှုပ်ရှားမှု” ဟု ကင်ပွန်းတပ်ခဲ့ပြီး၊ အသက် ၁၄ နှစ်အရွယ်ရှိ အဲလ်ဗာရန်ဂါ၏ သမီးဖြစ်သူ ဖာတီမာက “အဖေအသက်ရှင်နေတယ်လို့ သိရတဲ့အတွက် ကျွန်မတော်တော်ပျော်ပါတယ်။ အခုတော့ အဖေပြန်လာပါပြီ၊ ကျွန်မအဖေ့ကို အားရပါးရဖက်လိုက်ချင်တော့တာပဲ” ဟု ၀မ်းသာစွာဖြင့် ပြောကြားခဲ့သည်။

    နေ့ရက်အတိအကျကို မသိရှိရသော်လည်း အဲလ်ဗာရန်ဂါမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း မက္ကဆီကိုတောင်ပိုင်းမှ ငါမန်းဖမ်းရန်အတွက် ထွက်ခွာ သွားခဲ့ပြီးနောက် မုန်းတိုင်းနှင့် ကြုံတွေ့ခဲ့ကာ သင်္ဘောပျက်၍ ပင်လယ်ထဲတွင် မျောပါနေခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် မာရှယ်ကျွန်းရှိ သန္တာ ကျောက်တန်းတစ်ခုပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    Ref : Aljazeera

  • ဂျာဗားကျွန်း အန္တရာယ်အရှိဆုံးမီးတောင် လှုပ်ခတ်မှုကြောင့် ဒေသခံ သိန်းနှင့်ချီ ပြောင်းရွှေ့ပေးခဲ့ရ

    ဂျာဗားကျွန်း အန္တရာယ်အရှိဆုံးမီးတောင် လှုပ်ခတ်မှုကြောင့် ဒေသခံ သိန်းနှင့်ချီ ပြောင်းရွှေ့ပေးခဲ့ရ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media

    –   အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် မီးတောင်လှုပ်ရှားမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ချော်ရည်များ၊ ပြာများ မှုတ်ထုတ်ခဲ့သောကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို အစိုးရမှ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

    အဆိုပါကျွန်းရှိ အန္တရာယ်အရှိဆုံး မီးတောင်ဖြစ်သည့် Kelud မီးတောင်မှာ ယမန်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နာရီအနည်းငယ်အကြာတွင် ပြာများ၊ ချော်ရည်များ၊ ကျောက်ခဲများ မှုတ်ထုတ်ခဲ့ကာ အနီးအနားရှိရွာများသို့ အဆက်မပြတ် ကျရောက်ခဲ့သည်။

    ဂျာဗားကျွန်းမှာ လူဦးရေ သိပ်သည်းထူထပ်သော ကျွန်းတစ်ကျွန်းဖြစ်ပြီး ကျွန်းအရှေ့ပိုင်း Kediri ခရိုင် မီးတောင် ပတ်ဝန်းကျင် ၁၀ ကီလိုမီတာ အတွင်း ရှိ ရွာပေါင်း ၃၆ ရွာမှ လူပေါင်း ၂ သိန်းခန့်ကို ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး၊ အဓိက လေဆိပ်သုံးခုကိုလည်း ပိတ်ထားခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးတောင် လှုပ်ရှားမှုကြောင့် စောစောပိုင်းက အသေအပျောက် မရှိသော်လည်း ယခုနောက်ဆုံးရ သတင်းများ အရ လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ၁၇၃၁ မီတာ အမြင့်ရှိသည့် အဆိုပါ Kelud မီးတောင်မှာ သက္ကရာဇ် ၁၀၀၀ မှ စ၍ ၂၀၁၄ ခုနှစ်အထိ အကြိမ်ပေါင်း ၃၀ ကျော် လှုပ်ခတ်ခဲ့ပြီး ထို မီးတောင်ကြောင့် လူပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည်။

    Ref : Aljazeera