News @ M-Media

Tag: international short news

  • တက္ကဆက် စစ်တပ်တွင် ပစ်ခတ်မှုဖြစ်ပွား ၄ ဦးသေဆုံး

    တက္ကဆက် စစ်တပ်တွင် ပစ်ခတ်မှုဖြစ်ပွား ၄ ဦးသေဆုံး

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ စစ်တပ်တစ်ခုတွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    တက္ကဆက်ပြည်နယ် ကီလီန်းမြို့ရှိ ဖော့တ်ဟုဒ် စစ်တပ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံမှာ တာဝန်ထမ်းဆောင်ဆဲ စစ်သားတစ်ဦး ဖြစ်ကြောင်း၊ စစ်တပ်အတွင်းရှိ အဆောက်အဦး ၂ ခုသို့ ကားဖြင့် သွားရောက်ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပစ်သတ်ခဲ့ကြောင်း ဖော့တ်ဟုဒ် တပ်မှူး မာ့က် မီလီက ပြောကြားခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ၄-ဦးသေဆုံးခဲ့ပြီး ၁၆-ဦး ဒဏ်ရာရရှိခဲ့သည်။

    သို့သော်လည်း အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုရှိသည့် အထောက်အထားများ မတွေ့ရ၏ဟုဆိုပြီး၊ တရားခံ၏ မိသားစုများအား အကြောင်းမကြားရသေးသောကြောင့် တရားခံ၏အမည်ကို ထုတ်ဖော်ပြာဆိုခြင်းမပြုဟု တပ်မှူးက ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန် သမ္မတ ဘာရက်အိုဘားမားကမူ ကြေကွဲဖွယ်ရာထိုဖြစ်ရပ်အတွက် ပြည့်စုံသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ သည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ၂၀၀၉ ခုနှစ်ကလည်း အဆိုပါစစ်တပ်တွင်ပင် ထိုကဲ့သို့  ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကာ ၃၀ ကျော်ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည်နှစ် စက်တင်ဘာလကလည်း ၀ါရှင်တန်ရှိ ရေတပ်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရခဲ့သည်။

    Ref : Aljazeera

  • ခရိုင်းမီးယားအရေးကြောင့် ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းကြောင်း နေတိုးကြေညာ

    ခရိုင်းမီးယားအရေးကြောင့် ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းကြောင်း နေတိုးကြေညာ

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ခရိုင်းမီးယားဒေသအား ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့သည့်အတွက် ၎င်းတို့နှင့် ပြုလုပ်နေသည့် စစ်တပ်ဆိုင်ရာ၊ အရက်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဟု နေတိုးအဖွဲ့က ကြေညာခဲ့သည်။

    ဘရပ်ဆဲလ်မြို့တွင် အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့သည့် နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးမှ ထုတ်ပြန်သော ကြေညာချက်တွင်လည်း ရုရှားအနေဖြင့် နိုင်ငံတကာဥပဒေများအား လေးစားရေးအတွက် အဖွဲ့ဝင်များက အလျင်အမြန်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    ထိုအစည်းဝေးပြီးနောက် နေတိုးအဖွဲ့နှင့် ယူကရိန်းနိုင်ငံတို့ကလည်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိုကြညာချက်တွင် နှစ်ဖက် ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်သွားမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများ၊ အခြားအစီအစဉ်များကို ပြုလုပ်၍ ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်သွားမည်ဟု ဖော်ပြထားသည်။

    ယခုကဲ့သို့ နေတိုးမှ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်လိုက်သော်လည်း ယူကရိန်းနယ်စပ်တွင် ချထားသည့် စစ်တပ်များအား ရုရှားက ပြန်လည်ရုပ်သိမ်းပေးမည့် လက္ခဏာမရှိဟု နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အန်ဒါစ် ဖော့ဂ် ရက်စ်မူစ်ဆန်က ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ဝင်များ၏ ယခုတွေ့ဆုံမှုမှာ ရုရှားမှ ခရိုင်းမီးယားဒေသအား ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်သည်။

    ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ယူကရိန်းသမ္မတဟောင်း ယာနူကိုဗစ်ခ်ျကမူ ၎င်းအနေဖြင့် ခရိုင်းမီးယား ဒေသသို့ ရုရှားတပ်များ ၀င်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းမှာ မှားယွင်းခဲ့ကြောင်း၊ မဟာဗျူဟာကျသည့် ခရိုင်းမီးယားဒေသအား ပြန်လည်ပေးအပ်ရန် ရုရှားအား ဆွဲဆောင်သွာမည်ဖြစ်ကြောင်း ယူကရိန်းပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ယမန်နေ့ကပြုလုပ်ခဲ့သည့် ၎င်း၏ ပထမဆုံးအင်တာဗျူးတွင် ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ခရိုင်းမီးယားအရေး ရပ်တည်ချက်မပြောင်းလဲပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားအား ဂျာမနီဝန်ကြီးချုပ်သတိပေး

    ခရိုင်းမီးယားအရေး ရပ်တည်ချက်မပြောင်းလဲပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားအား ဂျာမနီဝန်ကြီးချုပ်သတိပေး

    မတ် ၁၃၊ ၂၀၁၄
    M-Media

    Untitled

    – ရုရှားအနေဖြင့် နိုင်ငံတကာဥပဒေအား ချိုးဖောက်ကာ ယူကရိန်း၏ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ရန် ဆက်လက်လုပ်ဆောင်နေလျှင် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ နှစ်ရှည်ပျက်ဆီးမှုကြီးနှင့် ကြုံတွေ့ရမည်ဟု ဂျမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ရုရှားအား သတိပေးလိုက်သည်။

    ဂျာမနီပါလီမန်၌ ယနေ့ပြောကြားသော မိန့်ခွန်းတွင် မာကဲလ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ရုရှားနိုင်ငံမှာ ၁၉ ရာစုနှင့် ၂၀ ရာစုက မအောင်မြင် ခဲ့သော နယ်ချဲ့ခြင်းဗျူဟာကို သုံးစွဲနေသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

    “တကယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကအတိုင်း ရုရှားက ဆက်လုပ်နေမယ်ဆိုရင် ဒါဟာ ယူကရိန်းအတွက်ပဲ အန္တရာယ်ဖြစ်လာမှာမဟုတ်တော့ပါဘူး။ (ဥရောပအတွက်လည်း အန္တရာယ် ဖြစ်လာနိုင်ပါတယ်) ပြီးတော့ ဒါဟာ ဥရောပသမဂ္ဂနဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေး ပြောင်းလဲသွားတာတင်မကဘဲ ရုရှား အတွက် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆိုးရွားတဲ့ထိခိုက်မှုတွေ ဖြစ်လာမယ်ဆိုတာကို ကျွန်မသေချာပြောရဲပါတယ်” ဟု မာကဲလ်က ပြောကြားခဲ့သည်။ ထိုအချိန်တွင် ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးလည်း ပါလီမန်တွင် ဧည့်သည်အဖြစ် ရှိနေသည်။

    ထို့ပြင် ဥရောပအနေဖြင့် ပထမကမ္ဘာစစ် စတင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ဘာလင်တံတိုင်းဖြိုဖျက်ခြင်း ၂၅ နှစ်မြောက်အထိမ်းအမှတ်တို့ကို ပြုလုပ်သွားရန်ရှိနေပြီး ရုရှားအနေဖြင့် အတိတ်က အမှားများကို သင်ခန်းစာယူရန် မာကဲလ်က ထည့်သွင်း တိုက်တွန်းခဲ့သည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်သော ဥရောပသမ္မဂ၏ ညီလာခံကို မကြာမီကျင်းပရန် ရှိနေပြီး ထိုညီလာခံတွင် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက် များ ချမှတ်ဖွယ်ရှိနေသည်။

    မာကဲလ်မှာ ခရိုင်းမီးယားအရေးနှင့် ပတ်သက်၍ သြဇာအရှိဆုံးခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ဂျာမနီ၏ နီးကပ်သော ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည့် ရုရှားအား ထိရောက်သောဖိအားပေးမှုများ ပြုလုပ်ရန် တွန့်ဆုတ်နေသည်ဟု ဝေဖန်ခြင်းခံနေရသည်။

    ရုရှားအနေဖြင့် ယူကရိန်းအရေး ရပ်တည်ချက်ပြောင်းလဲမှုမရှိပါက ဒုတိယအဆင့် ပိတ်ဆို့မှုများကို လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည်ဟု မာကဲလ်က ယမန်နေ့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်နှင့် ဆွေးနွေးမှုအတွင်း ရုရှားအား သတိပေးခဲ့သည်။

    အကယ်၍ ပိတ်ဆို့မှုများပြုလုပ်ခဲ့ပါက ထိုပိတ်ဆို့မှုအတွင်း ယူကရိန်းအရေး လှုံ့ဆော်ပေးနေသော ရုရှားများ သို့မဟုတ် ယူကရိန်းနိုင်ငံသားများ၏ ပိုင်ဆိုင်မှုများအား ထိန်းသိမ်းခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    Ref : ChannelNewsAsia

  • ပျားကောင်ရေ ၁၀၀၀ ကျော်အတုပ်ခံခဲ့ရသည့် ကယ်လီဖိုးနီးယားရှိ အဖွားအို ဆေးကုသမှု ခံယူနေရ

    ပျားကောင်ရေ ၁၀၀၀ ကျော်အတုပ်ခံခဲ့ရသည့် ကယ်လီဖိုးနီးယားရှိ အဖွားအို ဆေးကုသမှု ခံယူနေရ

    မတ် ၉၊ ၂၀၁၄
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဖွားအိုတစ်ဦးမှာ ပျားအုပ်တစ်အုပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ပျားကောင်ရေ ၁၀၀၀ ခန့် အတုပ်ခံခဲ့ရကြောင်း သိရသည်။

    Palm Dessert မြို့တွင် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Verizon ဆက်သွယ်ရေးကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက မြေအောက်ရှိ ၀ါယာပုံးကို ဖွင့်လိုက်စဉ်၊ ထိုပုံးထဲတွင် အိမ်ဖွဲ့၍ နေထိုင်သည့် အာဖရိက ပျား ၈ သောင်းခန့်ထွက်လာက အနီးအနားရှိ ကားအတွင်းမှ ထွက်လာသည့် အဆိုပါ ၇၁ နှစ်အရွယ် အဖွားအိုအား သွားရောက်တုပ်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် မီးသတ်သမားများရောက်လာက ထိုပျားများအား ရှင်းလင်း၍ အဖွားအိုကို ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့သည်။ ပျားအကောင်ပေါင်း ၁၀၀၀ ကျော် အတုပ်ခံခဲ့ရသည့် အဆိုပါ အဖွားအိုမှာ ယခုအချိန်တွင် ဆေးကုသမှုကိုခံနေရပြီး မီးသတ်သမား ၃ ဦးမှာလည်း ပျားတုပ်သော ဒဏ်ရာများကြောင့် ဆေးကုသမှုခံနေရသည်။

    ပျားများကို ဖယ်ရှားပေးခဲ့သည့် ၀ါရင့်ပျားစုဆောင်းသူ လန်းစ်ဒါးဗီက ၀ါယာပုံးအောက်တွင်ရှိသည့် အဆိုပါ ပျားအုံအား ဖယ်ရှားကာ လယ်သမားများသို့ လှူဒါန်းသွားမည်ဟု ပြောကြားခဲ့သည်။
    Ref : NY Daily News

  • အရပ်ဘက်နျူစွမ်းအင်အသုံးပြုရေးအတွက် အမေရိကန်၏ သဘောတူညီမှုကို ဗီယက်နမ်ကြိုဆို

    အရပ်ဘက်နျူစွမ်းအင်အသုံးပြုရေးအတွက် အမေရိကန်၏ သဘောတူညီမှုကို ဗီယက်နမ်ကြိုဆို

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media

    – အရပ်ဘက်တွင်အသုံးပြုရန်အတွက် နျူကလီးယားဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်က သဘောတူညီခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံက ကြိုဆိုကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Le Hai Binh က ယနေ့တွင် ပြောကြားခဲ့သည်။

    အရပ်ဘက်တွင် နျူစွမ်းအင်သုံးစွဲရေး ဗီယက်နမ်နိုင်ငံနှင့် သဘောတူညီချက်ကို ပြီးခဲ့သည့် တနင်္လာနေ့ အစောပိုင်းက အမေရိကန်သမ္မ ဘာရက် အိုဘားမားမှ လက်ခံအတည်ပြုခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံသို့ နျူကလီးယားဆိုင်ရာ နည်းပညာနှင့် ကိရိယာများ ဖြန့်ဖြူမှုကို ခွင့်ပြုခြင်း လည်း ဖြစ်ကာ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား အရပ်ဘက်နျူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမြင့်ဆုံး သဘောတူညီချက် ဖြစ်လာမည်ဖြစ်သည်။

    ထိုသဘောတူညီချက်မှာ အမေရိကန်မှ အဆင့်မြင့် နျူးကလီးယား ကိရိယာများနှင့် နည်းပညာများကို အန္တရာယ်ကင်းပြီး အကျိုးရှိစွာဖြင့် နိုင်ငံ၏ လူမှု စီးပွားဆိုင်ရာ တိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ၊ ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်အောင်ဆောင်ရွက်ခြင်းဟု ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုဒ် ၌ ယနေ့တွင် ရေးသားဖော်ပြထားသည်။

    ဗီယက်နိုင်ငံနှင့် နျူးကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရခဲ့သည့် အမေရိကန်နိုင်ငံမှာ အဌမမြောက်နိုင်ငံဖြစ်ပြီး ယခင်က ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ အိန္ဒိယနှင့် အာဂျင်တီးနားတို့ကလည်း ဗီယက်နမ်နှင့် နျူစွမ်းအင်ဆိုင်ရာသဘောတူညီချက်များ ရရှိခဲ့သည်ဟု ဗီယက်နမ် ဓာတ်ရောင်ခြည်နှင့် နျူအန္တရာယ်ကင်းရေး အေဂျင်စီမှ ဒါရိုက်တာ Vuong Huu Tan က ပြောကြားခဲ့သည်။

    နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်လိုအပ်မှုမှာ ဗီယက်နမ်နိုင်ငံတွင် ကြီးထွားလျက်ရှိပြီး ၂၀၅၀ ၌ နိုင်ငံရှိ စွမ်းအင်ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို နျူစွမ်းအင်မှ ထုတ်လုပ်ရန် အစိုးရက စီစဉ်နေသည်။

    ယခုအချိန်တွင် နိုင်ငံ၏ ပထမဆုံး နျူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခုကို Ninh Thuan ပြည်နယ်တွင် တည်ဆောက်လျက်ရှိနေသည်။

    Ref : Xinhua