News @ M-Media

Tag: international short news

  • ၉-၈-၂၀၁၃ နိုင်ငံတကာ သတင်း စုစည်းမှုအကျဉ်း

    ၉-၈-၂၀၁၃ နိုင်ငံတကာ သတင်း စုစည်းမှုအကျဉ်း

    သြဂုတ်လ- ၉ ရက်၊ ၂၀၁၃
    M-Media

    အမေရိကန်တွင် မိန်းမဖြစ်သူအား သတ်ဖြတ်ပြီး အလောင်း ဓါတ်ပုံများကို Facebook ပေါ်သို့တင်

    Derek Medina အမည်ရှိ အမျိုးသားတစ်ဦးမှာ  မိန်းမ၏ သေဆုံး နေသော ဓာတ်ပုံ နှင့် သူသည် သူမအား သတ်ခဲ့ကြောင်း ၀န်ခံထားသော ၀န်ခံချက်အား အွန်လိုင်းပေါ်သို့ တင်ထားခဲ့သည်။ Derek Medina သည် ကြာသပတေးနေ့ နေ့လည်ပိုင်းလောက်က ဓာတ်ပုံအချို့အား အွန်လိုင်းပေါ်သို့ “အေးချမ်းစွာ အနားယူတော့ ဂျနီဖာအလ်ဖွန်ဆို (Jennifer Alfonso)” ဆိုသော စာသားများ နှင့် တင်ထားပြီး၊ ၄င်း ဓာတ်ပုံတွင် သူ၏ မိန်းမဖြစ်သူသည် ခြေအိတ်ရှည်များ ၀တ်ဆင် ထားကာ အိမ်၏ မီးဖိုချောင်ရှိ ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့ပြီး၊ သူမ၏ မျက်နှာ နှင့် ဘယ်လက်တွင် သွေးများ ပေစွန်းနေခဲ့သည်။
    _______________________________
    ပါကစ္စတန်မှ အမေရိကန်သံဝန်ထမ်းများ ထွက်ခွာ

    နပ်စပ်ဒေသ မှ မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှု ဖြစ်ပေါ်နိုင်ခြေ သတ်ပေးချက်များ မြင့်တက်လာခဲ့ပြီး သံရုံးပိတ်ထားခဲ့ရာမှ ယခုအခါ သံရုံးဝန်ထမ်းများကို နိုင်ငံထဲမှ ထွက်ခွာရန် ညွှန်ကြားထားသည်။
    _______________________________
    လက်ဘနွန်တွင် တူရကီ လေယာဉ်မှုးကို ပြန်ပေးဆွဲ

    လေယာဉ်မှုးနှင့် တွဲဘက်လေယာဉ်မှုးသည် လေဆိပ်သို့ ကားဖြင့်သွားစဉ် တားဆီး ပြန်ပေးဆွဲခံရသည်။ ဆီးရီးယား စစ်ပွဲကြောင့် ပြန်ပေးဆွဲခြင်းဟု ယူဆကြသည်။
    _______________________________
    ဆော်ဒီတွင် အယ်လ်ခိုင်းဒါး နှစ်ဦးကို ဖမ်းဆီး

    ဆော်ဒီရဲက ယီမင်နိုင်ငံ အယ်လ်ခိုင်းဒါးနှင့် ဆက်သွယ်လုပ်ဆောင်နေသူ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
    _______________________________
    ပါကစ္စတန်တွင် ပစ်ခတ်မှု ကိုးဦးသေဆုံး

    ဝန်ကြီးဟောင်း Ali Mohammad Jattack ပါဝင်သည် မော်တော်ယာဉ်ကို ပစ်ခတ်တိုကခိုက်ရာ လူကိုးဦးသေဆုံးခဲ့ရသည်။
    _______________________________
    လုံခြုံမှု အဓိကထားသော အီးမေးလ် ကုမ္ပဏီ ပိတ်သိမ်း

    အမေရိကန်အစိုးရမှ တောင်းဆိုလာပါက သုံးစွဲသူများကို ကာကွယ်ပေးနိုင်ရန် ခက်ခဲသောကြောင့် Silent Circle အီမေးလ်လုပ်ငန်းကို ရပ်ဆိုင်းလိုက်သည်။ Silent Circle သည် ပေးပို့သူ ရယူသူ နှစ်ဘက်စလုံးတွင် လုံခြုံရေး လက်မှတ် အသုံးပြု ဝှက်စာပို့ နည်းစံနစ် ဖြစ်သည်။

  • ၈-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၈-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    သြဂုတ်-၈ ၊ ၂၀၁၃
    M-Media

    Vladimir Putin နှင့် ထိပ်သီးဆွေးနွေးပွဲကို Barack Obama ဖျက်သိမ်း

    စနိုးဒန်းအား ခိုလှုံခွင့်ပေးခဲ့သည့် ရုရှနိုင်ငံကို မနှစ်မြို့သည့် သဘောကို ပြသသည့် အနေဖြင့် ရုရှ သမ္မတ ပူတင် နှင့် ဆွေးနွေးပွဲကို အမေရိကန် သမ္မတ အိုဘားမားက ဖျက်သိမ်းလိုက်သည်။
    __________________________________
    တောင်ပိုင်းကယ်လီဖိုးနီးယား တောမီး ပြင်းထန်

    အမေရိကန် တောင်ပိုင်းကယ်လီဖိုးနီးယားတွင် တောမီး ပြင်းထန်စွာလောင်ကကျွမ်းနေသောကြောင့် ဧက ၆၀၀၀ခန့် လောင်ကျွမ်းခဲ့ပြီး လူပေါင်း ၁၅၀၀ကို လဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
    __________________________________
    ရုပ်ရှင်မင်းသားBruce Willis၏ အနုပညာကြေး

    Expendables 3တွင် ပါဝင်ရိုက်ကူးရန် ၄ ရက်စာ အနုပညာကြေး ဒေါ်လာ ၃သန်း ပေးသော်လည်း ဘရုစ်ဝီလိစ် က ၄သန်း (တစ်ရက်အတွက် တစ်သန်း) တောင်းဆိုသောကြောင့် Bruce Willisအား လက်တွဲဖြတ်ခဲ့ရကြောင်း Sylvester Stallon ကဆိုသည်။
    __________________________________
    အီတလီ မာဖီးယားခေါင်းဆောင် ကို လန်ဒန်တွင်ဖမ်းမိ

    အီတလီနိုင်ငံ က ၁၉၉၄ ခုနှစ်ကတည်းက ရှာဖွေ ဖမ်းဆီလိုသည့် အသက် ၆၄ နှစ် အရွယ် မာဖီးယား ခေါင်းဆောင် Domenico Rancadore ကို လန်ဒန်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
    __________________________________
    ရှေ့မတိုးနောက်မဆုတ်သာအခြေအနေသို့ အီဂျစ်ရောက်ရှိ

    နိုင်ငံရပ်ခြားမှ ကြားဝင်ဖြန်ဖြေမှု မအောင်မမြင်ဖြစ်ခဲ့သည်ဟု အီဂျစ်ကြားဖြတ်အစိုးရက ပြောဆိုခဲ့ပြီး၊ အီဂျစ်နိုင်ငံ၏ မတိုးသာမဆုတ်သာ နိုင်ငံရေးအခြေအနေကို အဆုံးသတ်ရန် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက တိုက်တွန်းပြောကြားလိုက်သည်။ သမ္မတဟောင်းမော်စီအားထောက်ခံသူများ၏ ဆန္ဒပြမှုကို ချေမှုန်းမည်ဟု စစ်တပ်မှခန့်အပ်ထားသည့်အစိုးရက ခြိမ်းခြောက်ခဲ့ပြီးနောက် အနောက်နိုင်ငံများက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
    __________________________________
    ဗီယက်နမ်တွင်တိုက်ခတ်နေသည့် အပူပိုင်းမုန်တိုင်း အားနည်းလာ

    ယမန်နေ့က ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းတွင် တိုက်ခတ်လျက်ရှိသည့် အပူပိုင်းမုန်တိုင်းမှာ ယခုအခါအားပျော့လာပြီဟုသိရသည်။ ဗုဒ္ဓဟူးနေ့ကတိုက်ခတ်မှုကြောင့် မြေပြိုရေလျှံမှုများဖြစ်ပွားခဲ့ပြီး ၁၆ နှစ်အရွယ် လူငယ်တစ်ဦးပျောက်ဆုံးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
    __________________________________
    ရိုစာရီယို၌ ပြိုကျခဲ့သည့် အဆောက်အဦးအတွင်း ရှာဖွေကယ်ဆယ်မှုများပြုလုပ်

    အာဂျင်တီးနားနိုင်ငံ ရိုစာရီယို မြို့တွင် အင်္ဂါနေ့က အဆောက်အဦးတစ်ခု ပြိုကျခဲ့ပြီး အဆိုပါအဆောက်အဦးအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်လျက်ရှိသည်ဟုသိရသည်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်ပြိုကျခဲ့ရသည့် အဆိုပါဖြစ်စဉ်တွင် အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ကာ ၆၂ ဦးဒဏ်ရာရပြီး ၁၃ ဦးပျောက်ဆုံးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
    __________________________________
    အိုဘားမားကြောင့် ပူတင်စိတ်ပျက်

    မိမိနှင့် မော်စကိုတွင်တွေ့ဆုံမည့်အစီအစဉ်ကို အိုဘားမားဘက်မှ ဖျက်သိမ်းလိုက်သည့်အတွက်ကြောင့် စိတ်မသက်မသာ ဖြစ်ရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်သည်။ သို့သော်လည်းနှစ်နိုင်ငံအရေး၊ နိုင်ငံတကာအရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားအနေဖြင့် အဆင်သင့်ရှိနေသည်ဟု ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။
    __________________________________
    လေထုမသန့်ရှင်းမှုကြောင့် ပြောင်းရွှေ့နေရသူများ နေရပ်သို့ပြန်

    အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများ လေထုတွင်ပျံ့နှံ့မှုကြောင့် နေရပ်သို့စွန့်ခွာခဲ့ရသည့် လူဝီစီးယားနားပြည်နယ် ဘတန်ရုဂ်ျမှ ပြည်သူများမှာ ယနေ့နံနက်ပိုင်းတွင် နေအိမ်များသို့ ပြန်လည်လာရောက်နေထိုင်နိုင်ပြီဟုသိရသည်။ တနင်္ဂနွေနေနေ့ကဖြစ်ပွားခဲ့သည့် ရထားလမ်းချော်တိမ်းမှောက်မှု၏ အကျိုးဆက်အဖြစ် လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ရပြီး မိသားစု ၁၀၀ ခန့် နေရပ်သို့စွန်ခွာခဲ့ရသည်။

  • ၇-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၇-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    သြဂုတ် ၀၇၊ ၂၀၁၃
    M-Media

    ဂျပန်နိုင်ငံ စစ်အင်အားတည်ဆောက်ပြီလားဟု တရုတ်စိတ်ပူ

    ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး စစ်သင်္ဘောသစ် Izumo ကို ထုတ်ဖေါ်ပြသလိုက်ပြီး ၎င်း စစ်သင်္ဘောသည် ဖျက်သင်္ဘော အမျိုးအစားဖြစ်ကာ ရဟတ်ယာဉ် ကိုးစီးခန့် ရပ်နား သယ်ဆောင်နိုင်သည်။
    ____________________________________
    ဘန်ကောက်တွင် ဆန္ဒပြ

    ပါလီမန်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝထြာ အား တရားရုံးမှ အမိန့်ချထားခဲ့သော ထောင်၂ နှစ် ပြစ်ဒါဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခြေရှိသောကြောင့် ကန့်ကွက်သည့် အနေဖြင့် လူနှစ်ထောင်ခန့် စုရုံး ဆန္ဒပြခဲ့ကြသည်။
    ____________________________________
    အာဂျင်းတီးနား ပေါက်ကွဲမှု

    အင်္ဂါနေ့က Rosario မြို့တွင် အထပ်မြင့် အဆောက်အအုံတစ်ခု၌ ဂက်စ် ပိုက်လိုင်းပေါက်ကွဲမှု ကြောင့် ၈ဦးသေဆုံး၍ ၆၀ဦး ဒါဏ်ရာရသည်။
    ____________________________________
    ယီမင် အယ်လ်ကိုင်းဒါးကို နှိမ်နင်းနိုင်ခဲ့

    နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတွင် ရေနံပိုက်လိုင်းကို ဖေါက်ခွဲရန် ကြံစည်မှုကို ဖေါ်ထုတ်နိုင်ခဲ့ပြီး လုံခြုံရေး တင်းကြပ်စွာ ချထားသည်။
    ____________________________________
    ယီမင်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်

    နိုင်ငံတောင်ပိုင်းတွင် အယ်လ်ခိုင်းဒါး ဟု သံသယရှိသူ များလိုက်ပါလာသော မော်တော်ယာဉ် နှစ်စီးကို မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးသည်။
    ____________________________________
    ကန်ညာနိုင်ငံ နိုင်ငံတကာလေဆိပ် မီးလောင်

    Nairobi လေဆိပ်တွင် ယနေ့ မနက်ပိုင်းမှစတင်၍ ၇နာရီကြာ လောင်ကျွမ်းခဲ့သော မီးကြောင့် လေဆိပ်ကိုပိတ်ထားလိုက်ရသည်။

  • ၆-၈-၂၀၁၃ နိုင်ငံတကာသတင်း အကျဉ်းစုစည်းမှု

    ၆-၈-၂၀၁၃ နိုင်ငံတကာသတင်း အကျဉ်းစုစည်းမှု

    သြဂုတ်လ-၆ရက်၊ ၂၀၁၃
    M-Media

    ဟီးရိုရှီးမား ၆၈နှစ်မြောက် နှစ်ပါတ်လည်နေ့

    ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်က အနုမြူဗုံးကြောင့် ဟီးရိုရှီးမားမြို့တွင် လူပေါင်း ၁၄၀,၀၀၀ခန့် သေကြေပျက်စီးခဲ့ရသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့သည်။
    _______________________________
    ဝါရှင်တန်ပို့်စ်ကို အမေဇုန်ဝယ်ယူ

    နှစ်ပေါင်း ၁၅၀ကျော် ရပ်တည်လာခဲ့သော ဝါရှင်တန်ပို့စ်ကို ဒေါ်လာ သန်း ၂၅၀ ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အောင်မြင်မှုရလာသော Tumblr နှင့် Instagram များလောက်ပင် ဈေးမရခဲ့ပေ။ Tumblr မှာ ၁,၁၀၀ သန်း ဖြစ်ပြီး Instagram မှာ သန်း၁၀၀၀ ဖြစ်သည်။
    _______________________________
    ကရှ်မီးယားတိုက်ခိုက်မှုအတွင်း အိန္ဒိယ စစ်သား ၅ ဦးသေဆုံး

    အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသည့် ကရှ်မီးယားဒေသတွင် တနင်္လာနေ့ညက တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ၅ ဦးသေဆုံးခဲ့သည်ဟု အိန္ဒိယအစိုးရက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ထိုက်ခိုက်မှုတွင် ပါကစ္စတန်စစ်သားများ ပါဝင်နေသည်ဟု အိန္ဒိယအစိုးရက စွပ်စွဲထားပြီး ပါကစ္စတန်ဘက်မှ အဆိုပါစွပ်စွဲမှုအား ငြင်းဆိုထားသည်။
    _______________________________
    အမေရိကန် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှုကြောင့် အလ်ကိုင်းဒါးတိုက်ခိုက်ရေးသမားဟု သံသယရှိသူများ သေဆုံး

    ယီမင်နိုင်ငံ အရှေ့ပိုင်း မာရစ်ဘ်ပြည်နယ်တွင် အမေရိကန်မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် အလ်ကိုင်းဒါး အဖွဲ့ဝင်ဟု သံသယရှိသူလေးဦး သေဆုံးခဲ့သည်ဟုသိရသည်။
    _______________________________
    လူမျိုးရေးခွဲးခြားကာ သတ်ဖြတ်မှုကြောင့် ဟန်ဂေရီလူမျိုး ၄ ဦးအား ပြစ်ဒဏ်ချမှတ်

    ရိုးမားလူမျိုး ၆ ဦးအား သတ်ဖြတ်ခဲ့မှုတွင် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဟန်ဂေရီလူမျိုးလေးဦးကို တသက်တကျွန်းနှင့် ထောင်ဒဏ်များချမှတ်လိုက်သည်။ ၂၀၀၈နှင့် ၂၀၀၉ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် လူမျိုးရေးတိုက်ခိုက်မှုများအတွင်း အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် ရိုမားလူမျိုး ၆ ဦးအား သတ်ဖြတ်ခဲ့သည့် ဟန်ဂေရီလူမျိုးလေးဦးအနက် သုံးဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကိုလည်းကောင်း၊ ကျန်တစ်ဦးအား ထောင်ဒဏ် ၁၃ နှစ်ပြစ်ဒဏ်ကိုလည်းကောင်း အသီးသီး ချမှတ်လိုက်သည်။
    _______________________________
    အစိုးရနှင့် ထိုင်းတောင်ပိုင်းသူပုန်များအား စေ့စပ်ဆွေးနွေးရန် ကြိုးစားသူ မွတ်စလင်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

    ထိုင်းတောင်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအဆုံးသတ်ရန်ကြိုးစားနေသူ ထိုင်းမွတ်စလင်ခေါင်းဆောင်တစ်ဦးမှာ ယမန်နေ့ နေ့လည်ပိုင်းက လုပ်ကြံခံလိုက်ရသည်ဟုသိရသည်။ ထိုင်းတောင်ပိုင်း ပတ္တာနီရှိ အကြီးဆုံးဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော်ဖြစ်သူ ယာကွတ်ဗ် ရိုင်မနီးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပြည့်အ၀ထောက်ခံသူဖြစ်ကြောင်း၊ ၎င်းလုပ်ကြံခံရမှုမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲက ပြောကြားခဲ့သည်။
    _______________________________
    သြစတေးလျ ရွေးကောက်ပွဲ ရက်သတ်မှတ်

    သြစတေးလျ ၀န်ကြီးချုပ် ကီဗင်ရုဒ်က လာမည့် စက်တင်ဘာ ၇ ရက်နေ့အား ရွေးကောက်ပွဲ ကျင်းပမည့်နေ့အဖြစ် သတ်မှတ်လိုက်သည်။ ဂျူလီယာ ဂီလာဒ်၏လက်မှ ၀န်ကြီးချုပ်နေရာအား ရယူအပြီး သီတင်းပတ် ခြောက်ပတ်အကြာတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
    _______________________________
    တရားမ၀င်ဝင်ရောက်လာသည့် ဗီယက်နမ်နိုင်ငံသား ၅၉ ဦးအား တရုတ်ဖမ်းဆီး

    တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ်သို့ တရားမ၀င်ဝင်ရောက်လာကြသည့် ဗီယက်နမ်နိုင်ငံသား ၅၉ ဦးအား တရုတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်ဟုသိရသည်။ အမျိုးသား ၄၅ ဦး အမျိုးသမီး ၁၄ ဦးပါဝင်သည့် အဆိုပါအဖွဲ့အား ဂျူလိုင် ၂၉ရက် ည ၉နာရီတွင် ဘတ်စ်ကားပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
    _______________________________
    Galaxy Gear

    Samsung ၏ လက်ပတ်နာရီကဲ့သို့ ဝတ်ဆင်နိုင်မည်ဖြစ်ပြီး ဖုန်းတစ်လုံးကဲ့သို့ လုပ်ဆောင်နိုင်မည့် ကိရိယာကို ကွေးညွတ်နိုင်သော မျက်နာပြင်ဖြင့် ပြုလုပ်ထားကြောင်း မူပိုင်ခွင့်မှတ်ပုံတင်အရ သိရသည်။
    _______________________________
    အမဲသားကို ဓါတ်ခွဲခန်းတွင် ထုတ်လုပ်

    အမဲသားကို University of Maastricht တွင် သုတေသနပညာရှင် Mark Post နမူနာ စမ်းသပ်ပြုလုပ်နိုင်ခဲ့သည်။ နွား၏ပုခုံးသား မှ ပင်မဆဲလ် ထုတ်ယူကာ ကြွက်သားဆဲလ်များအဖြစ် ပွားယူထားသော အသားကို ဘာဂါပြုလုပ်ပြီး စမ်းသပ်စားသုံးကြည့်ခဲ့ကြသည်။
    _______________________________
    ဆီးရီးယား သူပုန်များ လေတပ် အခြေစိုက်စခန်းကို သိမ်းပိုက်

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အစိုးရ၏ လေတပ် အခြေစိုက်စခန်းကို သူပုန်တပ်များက ယနေ့ သိမ်းပိုက်လိုက်သည်။

  • ၅-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှု အကျဉ်း

    သြဂုတ်- ၅ရက်၊ ၂၀၁၃
    M-Media

     

    201384224726188734_20

    အမေရိကန်သံရုံး ၁၉ ခုအား ဆက်လက်ပိတ်ထားမည်

    အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ ၎င်းတို့၏ သံရုံး ၁၉ ရုံးအား သြဂုတ်လ ၁၀ ရက်နေ့အထိ ဆက်လက်ပိတ်ထားရန် အမေရိကန်နိုင်ငံက ညွှန်ကြားခဲ့သည်ဟု သိရသည်။ အကြမ်းဖက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံထားရခြင်းကြောင်း ကမ္ဘာ့တစ်ဝှမ်းရှိ အမေရိကန်သံရုံး အနည်းဆုံး ၂၅ ရုံးအား တနင်္ဂနွေနေ့တစ်ရက် ပိတ်ပင်ရန်စီစဉ်ထားခဲ့သော်လည်း လုံခြုံရေးအခြေအနေရ အဆိုပါ သံရုံး ၁၉ ရုံးအား ဆက်လက်ပိတ်ထားခြင်းဖြစ်သည်။
    ______________________________

    ဇင်ဘာဘွေ ရွေးကောက်ပွဲ

    ရောဘတ်မူဂါဘီ သည် ရွေးကောက်ပွဲ တွက် ပါလီမန် အမတ်နေရာ သုံးပုံနှစ်ပုံ အနိုင်ရခဲ့ပြီး ၃၃နှစ်ကြာ အာဏာကို ဆက်လက်ထိန်းသိမ်းသွားဦးမည် ဖြစ်သည်။
    ______________________________
    လောစ်အန်ဂျလစ်တွင် ကားမောင်းသမားလူအများကိုတိုက်

    လူအုတ်အတွင်း မောင်းဝင်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၍ ၁၁ဦး ဒါဏ်ရာရသွားသည်။
    ______________________________
    ပါကစ္စတန်တွင် ရေကြီး

    သုံးရက်ခန့်ကြာ မိုးကြီး၍ ကရာချိတွင် ရေကြီးခဲ့ပြီး လူ ၆၀ ခန့် သေဆုံးခဲ့ရသည်။
    ______________________________
    တူရကီ အာဏာသိမ်းကြံစည်သူကို ထောင်တစ်သက်ချ

    ငါးနှစ်ကြာအမှုရင်ဆိုင်ခဲ့ပြီးနောက် စစ်ဗိုလ်ချုပ်ဟောင်း Ilker Basbug ကို ထောင်တစ်သက်နှင့် အခြား ပါဝင်သူများကို ထောင် ၁၂ နှစ် ၃၅နှစ် စသည်ဖြင့် အမိန့်ချလိုက်သည်။
    ______________________________
    Android Device Manager

    ဂူးဂဲလ် မှ အန်းဒရွိုက် ဖုန်းများပျောက်ဆုံးပါက ရှာဖွေနိုင်ရန် အပြင် အဝေးမှ ထိန်းချုပ်၍ မိမိ၏ ကိုယ်ပိုင် အချက်အလက်များကို ဖျက်ပေးမည့် Android Device Manager ကို ထုပ်ဝေလိုက်သည်။
    ______________________________
    Samsung ထုတ်ကုန်သစ်များ

    Samsung Smartwatch နှင့် Galaxy Note 3 တို့ကို စက်တင်ဘာ ၄ရက်တွင် ရောင်းချရန် သတ်မှတ်ထားပြီး screen နှစ်ခုပါသော ခေါက်ဖုန်းတစ်မျိုးလည်း ထုတ်လုပ်လျက်ရှိသည်။
    ______________________________
    အမေရိကန် ရဟတ်ယာဉ်တစ်စင်း အိုကီနာဝါတွင်ပျက်ကျ

    ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းတွင် အမေရိကန် ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့သည်ဟု သိရသည်။ ဒေသစံတော်ချိန်ယနေ့နေ့လည် ၄ နာရီခွဲခန့်တွင် ပျက်ကြခဲ့ပြီး လိုက်ပါသွားသူ လေးဦးအနက် သုံးဦးအား ကယ်တင်နိုင်ခဲ့ကာ တစ်ဦးပျောက်ဆုံးနေသည်ဟု သိရသည်။
    ______________________________
    ရထားဗုံးကွဲမှု ပါကစ္စတန်တွင်ဖြစ်ပေါ်၊ အနည်းဆုံး လူ ၃ ဦးသေဆုံး

    ပါကစ္စတန်နိုင်ငံ လာဟိုးမြို့နှင့် ကရာချီမြို့အကြားပြေးဆွဲနေသည့် ရထားတစ်စင်းပေါ်တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး၊ ၁၂ ဦးထက်မနည်းဒဏ်ရာရှိခဲ့သည်။ ဗုံးကို ရထားတွဲရှိ အိပ်ရာတစ်ခုတွင် တင်ဆင်ထားကြောင်း၊ ပန်ဂျပ်ပြည်နယ် တိုဘာတက်ဆင်း မြို့အနားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
    ______________________________
    စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အနောက်နိုင်ငံများအား ရူဟာနီတိုက်တွန်း

    အီရန်နိုင်ငံနှင့်အနောက်နိုင်ငံများအကြား အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေရန် တစ်ခုတည်းသောနည်းလမ်းမှာ ညှိနှိုင်းဆွေးနွေးခြင်းသာဖြစ်ပြီး အီရန်၏ နျူးကလီးယားအစီအစဉ်များနှင့် ပက်သက်၍ အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ထားမှုများအား ရုပ်သိမ်းပေးရန် အီရန် သမ္မတသစ် ဟာဆန်ရူဟာနီက တောင်းဆိုလိုက်သည်။ အနောက်နိုင်ငံများသည်အီရန်နိုင်ငံအား လေးစားသမှုဖြင့်ဆွေးနွေးမှသာ သင့်လျော်သောအဖြေတစ်ခုရရှိမှာဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုဖြင့် အဖြေရရှိမှာမဟုတ်ကြောင်း ရူဟာနီက ပြောကြားခဲ့သည်။
    ______________________________
    ပဲရစ်မြို့ရှိ အိမ်ယာမဲ့များအား ပြင်သစ်မွတ်စလင်များက လှူဒါန်းကျွေးမွေး

    ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အိမ်ယာမဲ့များနှင့် ချို့တဲ့သူများအား လှူဒါန်းကျွေးမွေးရန်အတွက် ပြင်သစ်မွတ်စလင်များက  “Une Chorba Pour Tous” [Soup for Everyone]  အစီအစဉ်ကိုပြုလုပ်ခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လတစ်လုံးတွင် ပြုလုပ်သည့်အဆိုပါအစီအစဉ်တွင် မွတ်စလင် စေတနာ့ဝန်ထမ်း ၃၀ ကျော်လာရောက် လုပ်အားပေးကြပြီး နေ့စဉ် လူရာပေါင်းများစွာကို လှူဒါန်းကျွေးမွေးသည်ဟု သိရသည်။
    ______________________________
    အာဖဂန်တွင်ရေကြီး လူ ၇၀ သေဆုံး

    မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အနည်းဆုံး လူ ၇၀ သေဆုံးခဲ့သည်ဟုသိရသည်။ အာဖဂန်အရှေ့ပိုင်းရှိ ခရိုင်ကိုးခုတွင် ရေကြီးရေလျှံမှုများ ဖြစ်နေသောကြောင့် ယခုလောလောဆယ်တွင် ၆၉ ဦး အထိသေဆုံးပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြောင်း လူ ၁၁ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။