News @ M-Media

Tag: international short news

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၊ ၂၀၁၅)

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    အမေရိကန်တွင် ပြင်းထန်သည့် အဆုပ်ရောင်ရောဂါတစ်မျိုး ကူးစက်ပြန့်နှံ့
    ————————————
    အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဆိုးရွားသည့် အဆုပ်ရောင်ရောဂါတစ်မျိုးဖြစ်သော Legionnaire ရောဂါ ပြန့်နှံ့ကူးစက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူမှာ ဇူလိုင် ၁၀ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ၆၅ ဦး ရှိနေပြီဖြစ်သည်။ ထိုအထဲမှ ၅၅ ဦးကို ဆေးရုံတင်ထားရသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ ရောဂါမှာ ရေပူပိုက်များ၊ ရေအေးစက်များ၊ ရေပူကန်များနှင့် ရေငွေ့ပေးစက်များ အပါအ၀င် ရေပိုက်နှင့် စက်ဆပ်သည့် နေရာများတွင် ပေါက်ဖွားသော Legionella
    ဘက်တီးရီးယားကြောင့် ပြန့်နှံ့ဖြစ်ပွားခြင်းဖြစ်ပြီး ရေငွေ့များကို ရှုရှိုက်ခြင်းဖြင့် ကူးစက်နိုင်သည်။ သို့သော်လည်း လူတစ်ဦးမှတစ်ဦးကို ပြန့်နှံ့ကူးစက်နိုင်ခြင်း မရှိပေ။

    ရုရှားစစ်တပ် လေယာဉ်စွမ်းရည်ပြပွဲတွင် ရဟတ်ယာဉ်တစ်စီး ပျက်ကျ မီးလောင်
    ………………………………………
    ရုရှားနိုင်ငံတွင် ယနေ့ပြုလုပ်ခဲ့သော စစ်ဘက်လေယာဉ် စွမ်းရည်ပြသပွဲတွင် Mi-28N စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျကာ မီးလောင်ခဲ့သောကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ လေယာဉ်အုပ်တစ်ခုနှင့်အတူ စတန့် ပြသမှုများ ပြုလုပ်နေစဉ် ရုတ်တရက် အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး အခြားလေယာဉ်မှူးတစ်ဦးမှာ မီးလောင်နေသည့် လေယာဉ်မှ ရုန်းထွက်နိုင်ခဲ့သည်။

    ဗဟိုအာဖရိက ပစ်ခတ်မှုအတွင်း ငြိမ်းချမ်းရေးတပ်သားတစ်ဦး သေဆုံး
    ……………………………….
    ဗဟိုအာဖရိကနိုင်ငံ မြို့တော်ဘန်ဂွီမြောက်ဘက်တွင် လက်နက်ကိုင်များနှင့် ကုလ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအကြား ယနေ့တွင်ဖြစ်ပွားခဲ့သော အပြန်အလှန် ပစ်ခတ်မှုများအတွင်း အနည်းဆုံး ငြိမ်းချမ်းရေးတပ်သားတစ်ဦး သေဆုံးခဲ့သည်။ တရားခံတစ်ဦးအား သွားရောက်ဖမ်းဆီးစဉ် လက်နက်ကိုင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးတပ်သား အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၊ ၂၀၁၅)

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    ပျောက်ဆုံး မလေးလေယာဉ်မှဟု ယူဆရသည့် အစိတ်အပိုင်း ပြင်သစ်သို့ ရောက်ရှိ
    …………………………….
    အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့ရပြီး ပြီးခဲ့သည့်နှစ်မတ်လက ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်း၏ MH370 မှဟု ယူဆရသော လေယာဉ်တောင်ပံ အစိတ်အပိုင်းတစ်ခုမှာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ပြစ်သစ်နိုင်ငံ တူးလော့စ်မြို့သို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်။ အဆိုပါ အပိုင်းအစမှာ ဘိုးအင်း ၇၇၇ မှ အစိတ်အပိုင်းဖြစ်မည်ဟု ကျွမ်းကျင်သူများက ဟောကိန်းထုတ်ထားကြပြီး ထိုအမျိုးအစားမှာ MH370 ၏ လေယာဉ်အမျိုးအစားလည်း ဖြစ်သည်။ စစ်ဆေးမှုများကို လာမည့်သီတင်းပတ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    ဂျပန်တွင် အပူလှိုင်းကြောင့် လူ ၃ ဦးသေဆုံး
    ………………………..
    ဂျပန်နိုင်ငံတွင် ကျရောက်နေသည့် အပူလှိုင်းကြောင့် ယနေ့တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၆၀၀ ကျော်ကို ဆေရုံများသို့ တင်ပို့ခဲ့ရသည်။ အပူလှိုင်းဒဏ်ကို တစ်နိုင်ငံလုံး ခံစားရခြင်းဖြစ်ပြီး အချို့ဒေသများတွင် အပူချိန်မှာ ၃၉ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရှိနေသည်။ ဆေးရုံတင်ထားရသူများတွင် ၁၂ ဦးမှာ စိုးရိမ်စရာကောင်းသည့် အခြေအနေ ရှိနေသည်။ အပူလှိုင်းမှာ ဇူလိုင်လ အစောပိုင်းကတည်းက ဂျပန်နိုင်ငံသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် နေရိပ်သောနေရာတွင် နေထိုင်ရန်၊ ဓာတ်ဆားရည်နှင့် အေးသော အရည်များသောက်ရန် ဆရာဝန်များက ညွှန်ကြားထားသည်။ ပြီးခဲ့သည့်နှစ် အပူလှိုင်းအတွင်း ဂျပန်နိုင်ငံတွင် လူ ၃၀ သေဆုံးခဲ့ကာ ၃၅၀၀၀ ခန့် ဆေးကုသမှု ခံယူခဲ့ရသည်။

    ဗင်နီဇွဲလားတွင် စူပါမားကတ်များအား ပြည်သူများ ၀င်လု
    ………………………………….
    ဆန်၊ နို့နှင့် ဂျုံအပါအ၀င် အဓိက စားသောက်ကုန်ပစ္စည်းများ ရှားပါးမှုကြောင့် ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်း စီအူဒက်မြို့ရှိ စူပါမားကတ်များတွင် ယမန်နေ့က လုယက်မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ နှိမ်နှင်းမှုအတွင်း ၁ ဦးသေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ အဖမ်းခံခဲ့ရသည်။ သမ္မတ နီကိုလက်စ် မာဒူရိုကမူ အဆိုပါ မငြိမ်မသက်ဖြစ်မှု၏ နောက်ကွယ်တွင် အမေရိကန်ပါဝင်သည်ဟု
    ဆိုသည်။ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်မှ တပ်မှူး ဗိုလ်ချုပ် ဂျွန်ကဲလီက ဗင်နီဇွဲလားနိုင်ငံတွင် ဇူလိုင်လ၌ လူမှုရေးဆိုင်ရာ မတည်မငြိမ်ဖြစ်မည်ဟု ဖေဖော်ဝါရီလက ပြောကြားမှုကို ကိုးကား၍ မာဒူရိုက ထိုကဲ့သို့ စွပ်စွဲခဲ့ခြင်းဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၃၀၊ ၂၀၁၅)

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    အမေရိကန်မှာ စစ်ဖြစ်အောင် ဖန်တီးနေသည်ဟု တရုတ်ပြော
    ………………………………
    အမေရိကန်နိုင်ငံမှာ တောင်တရုတ်ပင်လယ်အတွင်း ပတ္တရောင်လှည့်ခြင်းများ၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းအားဖြင့် စစ်ဖြစ်စေရန် ပုံသွင်းနေသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်ယူဂျွန်းက အမေရိကန်မှာ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် အခြားသော နိုင်ငံများအကြား သဘောထားကွဲလွဲအောင် သွေးထိုးပေးနေကြောင်း၊ မိမိတို့၏ စစ်ရေးလေ့ကျင့်မှုမှာ ပုံမှန် စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး မည်သည်ကိုမှ မရည်ရွယ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    တာလီဘန်အဖွဲ့ ခေါင်းဆောင်သစ်ရွေးချယ်ပြီး
    ……………………………………
    အာဖဂန် တာလီဘန်အဖွဲ့၏ အကြီးတန်းအရာရှိများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဖွဲ့၏ခေါင်းဆောင်သစ်အဖြစ် အခ်တာရ် မိုဟာမက် မန်ဆူရ်ကို ခန့်အပ်ခဲ့သည်ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ တပ်မှူး ၂ ဦးက ပြောကြားခဲ့သည်။ အိုစမာဘင်လာဒင် သေဆုံးပြီးနောက် ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ မွလ္လာအိုမာရ်မှာ လွန်ခဲ့သည့် ၂ နှစ်က သေဆုံးသွားခဲ့သည်ဟု အာဖဂန်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့ပြီးနောက် တာလီဘန်က ယခုကဲ့သို့ ခေါင်းဆောင်သစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ယူကရိန်းရှိ လူနေရပ်ကွက်ပေါ်သို့ ဗုံးဆံကျ၊ အရပ်သားများသေဆုံး
    ………………………………….
    ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်များ ထိန်းချုပ်ထားရာ ဒွန်ညက်မြို့ရှိ အရပ်သားများနေထိုင်ရာဒေသ၌ ယနေ့တွင် ဗုံးဆံများ ကျရောက်ခဲ့သောကြောင့် အရပ်သား ၄ ဦးနှင့် စစ်သား ၁ ဦးတို့ သေဆုံးခဲ့သည်။ ယခုကာလမှာ အပစ်ရပ်ရေးကာလဖြစ်ပြီး ယခုကဲ့သို့ ကျည်ကျရောက်မှုအတွက် အစိုးရနှင့် သူပုန်ဘက်က အပြန်အလှန်ပြစ်တင်ခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၉၊ ၂၀၁၅)

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    တာလီဘန်ခေါင်းဆောင် မွလ္လာအိုမာရ်သေဆုံးကြောင်း သတင်းထွက်ပေါ်လာ
    …………………………………………
    တာလီဘန်ခေါင်းဆောင် မွလ္လာအိုမာရ်မှာ လွန်ခဲ့သည့် ၂ နှစ်နှင့် ၄ လအရင်က အဆုတ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ပါကစ္စတန်နှင့် အာဖဂန်အစိုးရတို့က အတည်ပြုပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းကို ယခင်တာလီဘန်ဝန်ကြီဟောင်း တစ်ဦးက ထောက်ခံခဲ့ပြီး မွလ္လာအိုမာရ်ကို အာဖဂန်နယ်စပ်တွင် မြှုပ်နှံခဲ့သည်ဟု ဆိုသည်။
    သို့သော်လည်း တာလီဘန်အဖွဲ့ကမူ အဆိုပါသတင်းအား ငြင်းဆိုခဲ့ပြီး မွလ္လာအိုမာရ်မှာ ကျန်းကျန်းမာမာရှိနေသည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ပါလက်စတိုင်းပိုက်နက်တွင် ကျူးကျော်အိမ်ယာဆောက်လုပ်ရန် အစ္စရေးအတည်ပြု
    ……………………………………
    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် ကျူးကျော်အိမ်ယာ ၃၀၀ ကို ချက်ခြင်းဆောက်လုပ်ရန်အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယနေ့တွင် အတည်ပြုခဲ့သည်။ ထို့ပြင် ၎င်းတို့ကျူးကျော်ထားသည့် အရှေ့ဂျေရုစလင်တွင်လည် နေအိမ် ၅၀၄ လုံး
    ဆောက်လုပ်ရန်အစီအစဉ်ကိုလည်း အတည်ပြုခဲ့သည်။ ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချ ကျူးကျော်အိမ်ယာများ တည်ဆောက်ခြင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်ရှုတ်ချကာ ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ထားသော်လည်း အစ္စရေးက လိုက်နာခြင်း မရှိပေ။

    အိန္ဒိယရေကြီးမှု လူ ၂၆ ဦးသေဆုံး
    ………………………..
    မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ မိုးကြီးပြီး လေထန်မှုကြောင့် ဂူဂျာရတ်ပြည်နယ်မြောက်ပိုင်းတစ်ဝှမ်းတွင် ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိနေသည်။ ရေကြီးမှုဒဏ်ကို ရွာပေါင်း ၂၀၀၀ ကျော် ခံစားနေရပြီး အဆိုးရွားဆုံးနေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၈၊ ၂၀၁၅)

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    ဥရောပနိုင်ငံများမှာ ပို၍ လွတ်လပ်ပြီး အကျိုးစီးပွားကို ကာကွင်သင့်သည်ဟု ပူတင်ပြော
    ………………………………….
    ဥရောပ တိုင်းပြည်များအနေဖြင့် ပို၍ လွတ်လပ်ပြီး အချုပ်အခြာအဏာပိုရှိသည်ကို တွေ့ရပါက ကောင်းမွန်မည်ဖြစ်ပြီး ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား၊ ပြည်သူများနှင့် နိုင်ငံများ၏ အကျိုးစီးပွားတို့ကို ကိုယ်တိုင် ကာကွယ်နိုင်သည့် စွမ်းရည်လည်း ရှိသင့်သည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်သည်။ ထို့ပြင် မည်သည့် စစ်နိုင်ငံရေးအဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဖြစ်စေ မိမိတို့၏ အချုပ်အခြာအာဏာမှာ မုချ ဆုံးရှုံးသွားပြီး ၁၉၆၀ ပြည့်နှစ်များတွင် နေတိုးအဖွဲ့မှ ပြင်သစ်နှုတ်ထွက်မှုမှာ အချုပ်အခြာအာဏာကို ပို၍ တောင့်တင်းစေသည်ဟု ထောက်ပြခဲ့သည်။

    ကဒါဖီ၏သားနှင့် ပါတနာဟောင်းများ သေဒဏ်ချမှတ်ခံရ
    ……………………………
    လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ အသက်ရှင်ကျန်ရစ်သည့် သားဖြစ်သူ ဆအစ်ဖ် အလ်- အစ္စလာမ်မှာ ကာဒါဖီအစိုးရအဖွဲ့ဝင်ဟောင်းများနှင့်အတူ ယနေ့တွင် သေဒဏ် ချမှတ်ခံခဲ့ရသည်။ ထိုအထဲတွင် ကဒါဖီလက်ထက်က ထောက်လှမ်းရေးအကြီးအကဲ၊ ၀န်ကြီးချုပ်ဟောင်း ၂ ဦးတို့ ပါဝင်ပြီး လက်ဖြောင့်တပ်ဖွဲ့ဖြင့် အဆုံးစီရင်ခြင်း ခံရမည်ဖြစ်သည်။ ထို့ပြင် အခြား ၂၃ ဦးကိုလည်း လစ်ဗျားတရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

    အမေရိကန်အကျဉ်းထောင်တွင် လူမည်းအမျိုးသမီးတစ်ဦး သေဆုံးနေမှု တွေ့ရပြန်
    ……………………………………..
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမြို့အနီးရှိ အကျဉ်းထောင်တစ်ခုတွင် အသက် ၃၇ နှစ်အရွယ် လူမည်းအမျိုးသမီး ရာလ်ကီနာ ဂျုန်းစ်အား သေဆုံးလျက် တွေ့ခဲ့ရပြီးနောက် မိသားစုဝင်များက စောဒကတက်ခဲ့ကြသည်။ ခင်ပွန်းဟောင်းနှင့် ပြဿနာဖြစ်မှုအတွက် သောကြာနေ့က အဖမ်းခံခဲ့ရသည့် ဂျုန်းစ်မှာ တနင်္လာနေ့တွင် သေဆုံးနေသည်ကို
    တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အလောင်းစစ်ဆေးမှုများအရ မည်သည့်ဒဏ်ရာမှ မတွေ့ဟု ဆိုသည်။ သို့သော်လည်း မိသားစုဝင်များကမူ ဂျုန်းစ်မှာ မသေဆုံးခင် တစ်ရက်အရင်ကပင် ၎င်းတို့နှင့် ကျန်းကျန်းမာမာ စကားပြောခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားမြို့တစ်မြို့မှ IS တပ်ဖွဲ့ကို မောင်းထုတ်နိုင်
    ………………………….
    ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဟာဆာကာမြို့တွင် ဆီးရီးယားအစိုးရတပ်များနှင့် ကာ့ဒ်ပြည်သူစစ်များမှာ IS တိုက်ခိုက်ရေးသမားများကို မောင်းထုတ်နိုင်ခဲ့သည်ဟု ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့မှာ မဟာဗျူဟာအရ အချက်အချာကျသည့်မြို့ဖြစ်ပြီး IS အဖွဲ့က လွန်ခဲ့သည့် တစ်လက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: News Agencies