News @ M-Media

Tag: international short news

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၈၊ ၂၀၁၅)

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    ဆိုက်ဘာရာဇ၀တ်မှုအတွက် တရုတ်တွင် လူတစ်သောင်းခွဲအား ဖမ်းဆီး
    ……………………………..
    အင်တာနက်လုံခြုံရေးကို ဘေးသင့်စေသောပြစ်မှုဖြင့် လူပေါင်း ၁၅၀၀၀ ခန့်ကို ဖမ်းဆီးထားသည်ဟု တရုတ်ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ တရုတ်သမ္မတ ဇီဂျင်ပင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၏ အင်တာနက်သုံးစွဲမှုကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဆိုက်ဘာရာဇ၀တ်မှုပေါင်း ၇၄၀၀ ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဖြော်ပထားသည်။ သို့သော်လည်း မည်သည့်အချိန်တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိဘဲ၊ အဆိုပါအမှုများကို ပြီးခဲ့သည့် ဒီဇင်ဘာရက်စွဲဖြင့် ဖော်ပြထားသည်။

    ပြောင်းရွှေ့အခြေချသူများကို ငြှင်းပန်းမှုဖြင့် လူကုန်ကူးသူ ၈ ဦးကို အီတလီတရားစွဲ
    ………………………………………….
    မြေထဲပင်လယ်တွင် ပြောင်းရွှေ့ခြေချသူ ၄၉ ဦးကို စက်လှေ၏ အင်ဂျင်ခန်းထဲတွင် ပိတ်လှောင်ထားပြီး မီးခိုးငွေ့များဖြင့် အသက်ရှုကြပ်စေအောင် ပြုလုပ်ခဲ့သည့် လူကုန်ကူးသူ ၈ ဦးကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးလိုက်သည်ဟု အီတလီရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ ပြောင်းရွှေ့အခြေချသူများက အသက်ရှုမရ၍ အပြင်ထွက်လာသည့်အခါတွင် အချို့သော လူကုန်ကူးသူများမှာ ဦးခေါင်းများကို ကန်ကျောက်မှုများ ပြုလုပ်ခဲ့သည်ဟု စစ္စလီကျွန်းရှိ တရားသူကြီးကဆိုသည်။

    မာလီတွင် စစ်ရိပ်စစ်ငွေ့သန်းနေသောကြောင့် ကုလငြိမ်းချမ်းတပ်များ တပ်ဖြန့်ချထားရ
    ………………………………………
    သူပုန်များနှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များအကြား တိုက်ခိုက်မှုများ ဖြစ်လာမည်ကို တားဆီးရန်အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များမှာ မာလီနိုင်ငံမြောက်ပိုင်းရှိ သူပုန်များခြေကုပ်ယူရာ ပတ်ဝန်းကျင်တွင် တပ်ဖြန့်ချထားရသည်ဟု Reuters သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ သူပုန်အဖွဲ့ဖြစ်သော CMA နှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များမှာ ပြီးခဲ့သည့်ဇွန်လက
    ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးထားသော်လည်း ပြည်သူ့စစ်များက CMA ခြေကုပ်ယူထားသည့်နေရာမှ မြို့တစ်မြို့ကို ယမန်နေ့က သိမ်းယူခဲ့ပြီး တိုက်ခိုက်မှုများ မြင့်တက်လာမည့် အနေအထားရှိနေသည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၆၊ ၂၀၁၅)

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၈၀ ကျော်သေဆုံး
    ………………………………….
    ဒမတ်စကတ်မြို့အနီး သူပုန်များ သိမ်းပိုက်ထားသော ဒူးမားဒေသရှိ ဈေးတစ်ခုကို ဆီးရီးယားအစိုးရတပ်များက လေကြောင်းမှ ယနေ့တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အနည်းဆုံး ၈၂ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ နီးပါး ဒဏ်ရရခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူအများစုမှာ အရပ်သားများ ဖြစ်ကြပြီး ဒဏ်ရာရသူများတွင် အခြေအနေဆိုးရွားသူများ ပါဝင်သောကြောင့် သေဆုံးသူအရေအတွက်မှာလည်း တိုးလာဖွယ်ရှိနေသည်။

    MH370 မှဟု ယူဆရသည့် အစိတ်အပိုင်းများကို ထပ်မံတွေ့ရှိပြန်
    ………………………………..
    ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်မှဟု ယူဆရသော အစိတ်အပိုင်းနှစ်ခုကို မော်လ်ဒိုက်နိုင်ငံတွင် တွေ့ရှိခဲ့သည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး လီအို တီအွန်က ယနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များကလည်း အဆိုပါလေယာဉ်မှ တောင်ပံအစိတ်အပိုင်းတစ်ခုကို အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည်။ ယခုတွေ့ရှိရသည့် အစိတ်အပိုင်းများအား စမ်းသပ်စစ်ဆေးရန်အတွက် ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ပြီး သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဟု တီအွန်က ထည့်သွင်းပြောကြားခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းပြဿနာ ပေါက်ကွဲလုနီးပါးဖြစ်နေဟု ဂျာမနီပြော
    …………………………………….
    ယူကရိန်းအရှေ့ပိုင်းရှိ အခြေအနေမှာ ပေါက်ကွဲလုမတတ်ဖြစ်နေပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် တိုက်ခိုက်မှုများကို ရှောင်ရှားရေးအတွက် အလျင်အမြန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါလ်တာ စတိုင်မီယာက ယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ယူကရိန်းအစိုးရနှင့် သူပုန်များအကြား ဖေဖော်ဝါရီ လလယ်ပိုင်းက ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်မှာ အခြေအနေကို လျော့ပါးစေခဲ့သော်လည်း တိုက်ခိုက်မှုများမှာမူ ရပ်တန့်သွားခြင်းမရှိပေ။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၅၊ ၂၀၁၅)

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    တရုတ်ရှိ တီယန်ဂျင်းမြို့တွင် ပေါက်ကွဲမှုများ ထပ်ဖြစ်ပြန်
    ………………………………
    တရုတ်နိုင်ငံ တီယန်ဂျင်းမြို့ရှိ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သော သိုလှောင်ရုံနေရာတစ်ဝိုက်တွင် ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းက ပေါက်ကွဲ ၈ ခုခန့် ဖြစ်ပွားခဲ့သောကြောင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာနှင့် အချင်းဝက် ၃ ကီလိုမီတာအတွင်းရှိ ဒေသခံများအား အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်ပေးခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူပေါင်း ၈၅ ဦးခန့် သေဆုံးခဲ့သည်။

    ယီမင်အစိုးရတပ်ဖွဲ့များ ပြည်နယ်တစ်ခုကို ပြန်သိမ်းနိုင်
    ………………………………….
    အဝေးရောက် ယီမင်အစိုးရအား ထောက်ခံသည့် တပ်ဖွဲ့များမှာ ယနေ့တွင် နိုင်ငံတောင်ပိုင်းရှိ ရှဘ်ဝါ ပြည်နယ်ကို သီသူပုန်များလက်ထဲမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါပြည်နယ်အား ဟူသီသူပုန်များက ပြီးခဲ့သည့်နှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မတ်လတွင် မြို့တော်ဆန်နာကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှဘ်ဝါပြည်နယ်ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ ယီမင်အစိုးရအား ထောက်ခံသည့်တပ်ဖွဲ့များက ဟူသီသူပုန်များလက်မှ ပြန်သိမ်းနိုင်ခဲ့သည့် ပဉ္စမမြောက်ပြည်နယ်လည်း ဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    ကက်ရှ်မီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ပါကစ္စတန်က အိန္ဒိယကို ကမ်းလှမ်း
    …………………………………
    ပိုင်နက်အငြင်းပွားမှုများရှိနေသော ကက်ရှ်မီးယားဒေသကိစ္စအား ဖြေရှင်းရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးမှုများပြုလုပ်ရန် ပါကစ္စတန်သမ္မတ မန်မွန်ဟူစိန်က အိန္ဒိယသို့ ထပ်မံကမ်းလှမ်းခဲ့သည်။ ယနေ့တွင်ကျရောက်သည့် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဟူစိန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါကစ္စတန်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ယုံကြည်သည်ဟုလည်း ဆိုသည်။ ၎င်းတို့ နှစ်နိုင်ငံမှာ ၁၉၄၇ ခုနှစ် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုအတွက် ၂
    ကြိမ်တိုင်တိုင် စစ်ဖြစ်ပွားခဲ့သည်။

    ကျူးဘားရှိ အမေရိကန်သံရုံး ပြန်ဖွင့်
    …………………………….
    နှစ်ပေါင်း ၅၄ နှစ် ကြာပြီးနောက် ကျူဘားနိုင်ငံ မြို့တော်ဟာဗားနားရှိ အမေရိကန်သံရုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အမေရိကန်အလံလွှင့်တင်ခဲ့ကာ ဖွင့်ပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်အတူ ၁၉၆၁ ခုနှစ်က သံရုံးရှိ အမေရိကန်အလံကို ချခဲ့သော မရိန်းတပ်ဖွဲ့မှ အငြိမ်းစား တပ်ဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့သည်။ ဂျွန်ကယ်ရီကမူ ကျူးဘားအား စစ်မှန်သည့် ဒီမိုကရေစီရရှိရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး မိမိတို့အနေဖြင့် ကျူးဘား ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးမှုကို
    ရပ်တန့်သွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၃၊ ၂၀၁၅)

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    ပက်ရှ်ဝါရ်ရှိ စာသင်ကျောင်းတိုက်ခိုက်မှုတွင် ပါဝင်သူများကို ပါကစ္စတန်က သေဒဏ်ချမှတ်
    ……………………………………..
    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ပက်ရှ်ဝါရ်မြို့ရှိ စာသင်ကျောင်းအား တာလီဘန်များက ၀င်ရောက်ပစ်ခတ်မှုအတွက် နောက်ကွယ်မှ ပါဝင်ခဲ့သူ ၇ ဦးမှ ၆ ဦးကို ပါကစ္စတန်က ယနေ့တွင် သေဒဏ်ချမှတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ကလေးငယ် အများစုအပါအ၀င် လူ ၁၅၁ ဦး သေဆုံးခဲ့သည်။ ၎င်းတို့ ၇ ဦးအား စစ်ခုံရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ ပါကစ္စတန် စစ်ဦးစီးချုပ်က အတည်ပြုခဲ့သည်။ သတ္တမမြောက် တရားခံအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

    ဂျူးအစွန်းရောက်များ ပါလက်စတိုင်းအိမ်တစ်အိမ်ကို မီးရှို့ပြန်
    …………………………………
    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဘဒူအင်ရွာတစ်ရွာမှ အိမ်တစ်လုံးမှာ ယနေ့တွင် မီးရှို့ခံခဲ့ရသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ မီးလောင်မှုဖြစ်ပွားစဉ် တဲအတွင်း မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေဟု ရွာသားများနှင့် အစ္စရေး အန်ဂျီအိုအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။ မီးရှို့သူများမှာ နံရံတွင် “အုပ်ချုပ်ရေးအတွက် လက်စားချေခြင်း” ဟု ဂရပ်ဖစ်တီ ရေးဆွဲခဲ့ပြီး ဂျူးအစွန်းရောက်များက
    ဆောင်ရွက်ခဲ့သည်ဟု ယူဆရသည်။ ဂျူးအစွန်းရောက်များမှာ ဇူလိုင် ၃၁ ရက်နေ့က အနောက်ဘက်ကမ်းရှိ ဒူးမားရွာကိုလည်း မီးရှို့ခဲ့ပြီး အသက် ၁၈ လအရွယ် ပါလက်စတိုင်းကလေးငယ်တစ်ဦးနှင့် ၎င်း၏ ဖခင်တို့ သေဆုံးခဲ့သည်။

    အစားသောက်တင်ပို့မှု ပိတ်ပင်သည့်စာရင်းတွင် ရုရှားက လေးနိုင်ငံထပ်တိုး
    ………………………………………..
    အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအား လက်စားချေသည့်အနေဖြင့် ပြုလုပ်သည့် အစားအသောက် တင်ပို့မှု ပိတ်ပင်သည့်စာရင်းတွင် အလ်ဘေးနီးယား၊ မွန်တီနီဂရိုး၊ လက်ချင်စတိန်းနှင့် အိုက်စလန်တို့ကို ရုရှားက ထပ်မံထည့်သွင်းလိုက်သည်။ စောစောပိုင်းက ပိတ်ပင်ထားသည့် နိုင်ငံများတွင် အမေရိကန်၊ ကနေဒါ၊ သြစတေးလျနှင့် ဥရောပ ၂၈ နိုင်ငံတို့ ပါဝင်ပြီး တင်ပို့မှု ပိတ်ဆို့ထားသည့် အစားအသောက်များမှာ အသား၊ ငါး၊ နို့ထွက်ပစ္စည်း၊ အသီးအနှံနှင့် အရွက်များဖြစ်သည်။

    Ref: News Agencies