News @ M-Media

Tag: Irish Muslims

  • IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်

    IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    irish

    – ပြီးခဲ့သည့်လအတွင်း တူနီးရှားနိုင်ငံ၌ အိုင်ယာလန်နိုင်ငံသားများ အသတ်ခံရမှုကို ဆန့်ကျင်ရန်နှင့် အစ္စလာမ်၏ အမည်နာမအား အလွဲသုံးစားလုပ်နေသော IS အဖွဲ့အား ရှုတ်ချရန်တို့အတွက် အိုင်းရစ်မွတ်စလင်များက ချီတက်ဆန္ဒပြမှု တစ်ခုကို ပြီးခဲ့သည့် တနင်္ဂနွေက ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ချီတက်ဆန္ဒပြမှုကို Not In Our Name အမည်ဖြင့် မြို့တော် ဒက်ဗလင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး IS ၏ တူနီးရှားတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃၈ ဦးသေဆုံးခဲ့ပြီး တစ်လအကြာ၌ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ သေဆုံးသူများတွင် အိုင်ယာလန်နိုင်ငံသား ၃ ဦး ပါဝင်ခဲ့သည်။

    “IS လက်ဝေခံ အိုင်းရစ်မွတ်စလင်တွေက နည်းနည်းလေးပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ မုသာဝါဒတွေကို တားဆီးဖို့ လိုအပ်ပါတယ်” ဟု အဘန့်ချဒ်တောင်းရှိ အလ်-မွတ်စ်တာဖာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး ဆန္ဒပြပွဲကို စီစဉ်ရာတွင် ကူညီပေးခဲ့သူ ဒေါက်တာ ရှိခ် အူမာရ် အလ်-ကွာဒရီက ပြောကြားခဲ့သည်။

    Not In Our Name ချီတက်ဆန္ဒပြမှုကို မွတ်စလင်ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကောင်စီက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး IS အကြမ်းဖက်အုပ်စု၏ လူသတ်လှုပ်ရှားမှုမှာ အစ္စလာမ်၏ သွန်သင်မှုများနှင့် လုံးဝဆန့်ကျင်နေသည်ကို ပြသလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။

    ထို့ပြင် ကောင်စီမှာ နိုင်ငံတစ်ဝှမ်းလုံးတွင် ထိုကဲ့သို့ ဆန္ဒပြမှုများပြုလုပ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။

    “လွန်ခဲ့တဲ့နှစ်တွေက တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ကို ရုပ်ပြောင်ရေးဆွဲမှုနဲ့ပတ်သက်ပြီး မွတ်စလင်တွေဟာ ဒက်ဗလင်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အခုတော့ အကြမ်းဖက်သမားတွေက အစ္စလာမ်နဲ့ မွတ်စလင်တွေကို ဒီရုပ်ပြောင်တွေထက် ပိုပြီးတော့တောင် ထိခိုက်ပျက်ဆီးစေပါတယ်။ အစ္စလာမ်ကြောက်ရောဂါတွေကလည်း ဒီ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရှိန်အဟုန်နဲ့ကို မြင့်တက်လာခဲ့ပါတယ်” ဟု အလ်-ကွာဒရီက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်အား မပျက်စီးစေသော ရုပ်ပြောင်များအတွက် မွတ်စလင်များအနေဖြင့် ချီတက်ဆန္ဒပြနိုင်လျှင် အစ္စလာမ်၏ သွန်သင်ဆုံးမမှုများကို ဖျက်ဆီးနေသော IS နှင့်ပတ်သက်၍ ဆန္ဒပြနိုင်ရမည်ဖြစ်ကြောင်း၊ မွတ်စလင်များ တိတ်ဆိတ်နေခြင်းက IS အား လက်ခံသူများအဖြစ် အခြားသူများ၏ အထင်မှားအမြင်မှားဖြစ်မှုကို ခံရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းလုံးက၊ အထူးသဖြင့် ငြိမ်းချမ်းမှုကို မြတ်နိုးသော မွတ်စလင်အများစုကြီးက မဖြစ်မနေ ရှုတ်ချရမည်ဟုလည်း ဒေါက်တာ အလ်-ကွာဒရီက ဆိုသည်။

    “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုအတွက် အစ္စလာမ်မှာ နေရာမရှိပါဘူး။ ဒါတွေနဲ့လည်း သာသနာကို လုံးဝ တန်းညှိလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ တမန်တော်မြတ်ကြီးက အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်”

    အိုင်ယာလန်နိုင်ငံ၏ ၄.၅ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူ အရေအတွက်မှ ၁.၁ ရာခိုင်နှုန်းရှိပြီး၊ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူများနှင့် ပြောင်းရွှေ့အခြေချလာသူများကြောင့် မြင့်တက်လျက်ရှိနေသည်။

    Ref: Onislam

  • ရမ်ဇာန်၏ ဥပမာကောင်းများအား အိုင်းရစ်မွတ်စလင်များ အိမ်နီးချင်းများကို မျှဝေမည်

    ရမ်ဇာန်၏ ဥပမာကောင်းများအား အိုင်းရစ်မွတ်စလင်များ အိမ်နီးချင်းများကို မျှဝေမည်

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    irish

    – မကြာမီကျရောက်တော့မည့် ရမ်ဇာန်လအတွင်း ကြုံတွေ့ရမည့် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံကို သိရှိစေခြင်းဖြင့် အိမ်နီးချင်းများအား ချစ်ခြင်းမေတ္တာမျှဝေရန်နှင့် အစ်ဖ်သာရ်အစီအစဉ်များတွင် ဖိတ်ခေါ်ရန်အတွက် အိုင်ယာလန် မွတ်စလင်ခေါင်းဆောင်က နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းလိုက်သည်။

    “ကမ္ဘာတစ်ဝှမ်းက သန်းတစ်ထောင်ကျော်တဲ့ မွတ်စလင်တွေ ရမ်ဇာန်ဥပုသ်လကို ဥပုသ်သီလဆောက်တည်ခြင်း၊ မိမိတို့အပေါ်မှာ ချီးမြှင့်ထားတဲ့ ကောင်းချီးမင်္ဂလာတွေကို ချီးကျူးခြင်းတွေနဲ့ ဖြတ်သန်းကြပါတယ်။ ပြီးတော့ အစ္စလာမ့်ရဲ့ စစ်မှန်တဲ့အရှိတရားရဲ့ ဥပမာအဖြစ် အိမ်နီးချင်းတွေကို ကူညီဖေးမှုတာဟာလည်း အိုင်ယာလန်မွတ်စလင်တွေအတွက် ညီတူညီမျှ အရေးပါပါတယ်” ဟု အိုင်းရစ်မွတ်စလင် ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကောင်စီကို ထူထောင်သူ ရှိခ်မိုဟာမက် အူမာရ် အလ်-ကွာဒရီက The Irish Times သို့ ပြောကြားခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဟု သတ်မှတ်ထားသည့် ရမ်ဇာန်ဥပုလ်မှာ ယခုလ ၁၇၊ ၁၈ ရက်များတွင် စတင်ကျရောက်မည်ဖြစ်သည်။

    အဆိုပါလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလ ဆောက်တည်ခြင်းကို မလုပ်မနေရဟု အစ္စလာမ်က သတ်မှတ်ထားသည်။ သို့သော်လည်း ကျန်းမာရေးမကောင်းသောသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလဆောက်တည်ပါက ကျန်းမာရေး အခြေအနေ ဆိုးရွားသွားနိုင်သော သူများအတွက်မူ ပလပ်ခွင့်ရှိသည်။

    အလ်-ကွာဒရီကမူ ရမ်ဇာန်ဥပုသ်လအတွင်း အိမ်နီးချင်းများအား အစ်ဖ်သာရ် (၀ါထွက်စားသောက်ခြင်း) တွင် ဖိတ်မန္တကပြုခြင်းဖြင့် ကောင်းမွန်သော ရင်းနှီးမှုယူရန် အိုင်ယာလန် မွတ်စလင်များအား တိုက်တွန်းခဲ့သည်။

    ထို့ပြင် ထိုသို့ပြုလုပ်ခြင်းက အစ္စလာမ်၏ လှပသော သတင်းစကားကို ထုတ်ဖော်ခြင်းလည်း ဖြစ်မည်ဟု ဆိုသည်။

    အလ်-ကွာဒရီကမူ ၎င်းတို့၏ ကောင်စီမှာ ဒက်ဘလင်ရှိ အလ်-မွတ်စ်တာဖာ အစ္စလာမ့်စင်တာတွင် ဇွန်လ ၂၆ ရက်နေ့၌ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ပြီး ထိုပွဲသို့ နာဇီတို့၏ ဟိုလိုကပ်စ်သတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ဂျူးလူမျိုး တော်မီ ရီချန်တဲလ်ကိုလည်း အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အိုင်ယာလန်၏ ၄.၅ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁.၁ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့် နှစ် ၂၀ ကမူ ၄၀၀၀ သာ ရှိသည်။

    ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုများအရ ကျောင်းနေအရွယ် ကလေးငယ် ၁၂၀၀၀ အပါအ၀င် အစ္စလာမ်ဘာသာဝင် ၄၉၂၀၄ ဦးရှိသည်ဟု သိရသည်။ ထိုအရေအတွက်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ၅၁ ရာခိုင်နှုန်း တက်လာခြင်းလည်းဖြစ်သည်။

    Ref: Onislam