News @ M-Media

Tag: Islam In France

  • ပြင်သစ်အစိုးရ၏ ဘုရ်ကီနီပိတ်ပင်မှုကို အဆင့်မြင်တရားရုံးက ယာယီပယ်ဖျက်

    ပြင်သစ်အစိုးရ၏ ဘုရ်ကီနီပိတ်ပင်မှုကို အဆင့်မြင်တရားရုံးက ယာယီပယ်ဖျက်

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    france

    – ကမ်းခြေများတွင် အပန်းဖြေသည့် မွတ်စလင်အမျိုးသမီးများ ၀င်ဆင်လေ့ရှိသော ‘ဘုရ်ကီနီ’ (Burkini) ရေကူးဝတ်စုံအား ပြင်သစ်အစိုးရက အငြင်းပွားဖွယ် ပိတ်ပင်ထားမှုကို ပြင်သစ်၏ အမြင့်ဆုံး အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးဖြစ်သော State Council က ယာယီ ပယ်ဖျက်ပေးလိုက်ပြီး၊ တိကျသေချာသည့် ဆုံးဖြတ်ချက်မျိုး ထွက်လာသည့်အချိန်အထိ အကျုံးဝင်မည်ဟု သိရသည်။

    လူ့အခွင့်အရေးအဖွဲ့ League of Human Rights က မြေထဲပင်လယ်မြို့တစ်မြို့ဖြစ်သော Villeneuve-Loubet တွင် အဆိုပါ ဘုရ်ကီနီဝတ်ဆင်မှု ပိတ်ပင်ထားခြင်းမှာ နိုင်ငံသားများ လွတ်လပ်မှုအခွင့်အရေးနှင့် ဆန့်ကျင်နေသောကြောင့် ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့တွင် State Council က ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။

    တရားရုံး၏ ကြေငြာချက်တွင် ထိုသို့ တားမြစ်ပိတ်ပင်မှုမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်မှု စသည်တို့ကို ပြင်းပြင်းထန် ချိုးဖောက်ခြင်းဖြစ်ကာ၊ တရားမ၀င်သည့်လုပ်ရပ် ဖြစ်သည်မှာလည်း ထင်ရှားနေကြောင်း ဖော်ပြထားသည်။

    ပြင်သစ်၏ တရားရေးစနစ်အရ ထိုကဲ့သို့ ယာယီထုတ်ပြန်သည့်အမိန့်များကို အကြောင်းအရာ၏ တရားဝင်ဖြစ်မှုအား အထောက်အထားခိုင်ခိုင်လုံလုံပြကာ ပြန်လည် ရုပ်သိမ်းနိုင်ခွင့် ရှိနေသည်။

    ပြင်သစ်အစိုးရမှာ အဆိုပါ ဘုရ်ကီနီဝတ်ဆင်မှုအား မြို့ပေါင်း ၃၀ ခန့်တွင် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ အပန်းဖြေကမ်းခြေများရှိရာ ကမ်းရိုးတန်းမြို့များ ဖြစ်သည်။

    State Council ၏ ထိုဆုံးဖြတ်ချက်ကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International က ကြိုဆိုခဲ့ပြီး၊ ပြင်သစ်ရှိ အစ္စလာမ်သာသနာရေးကောင်စီကလည်း ချီးကျူးခဲ့သည်။

    အစ္စလာမ်သာသနာတွင် အမျိုးသမီးများမှာ လုံလုံခြုံခြုံနှင့် ကာအိနြေ္ဒရှိစွာ ၀တ်စားဆင်ယင်ရမည်ဟု ပြဌာန်းသတ်မှတ်ထားခြင်းကြောင့် မွတ်စလင်အမျိုးသမီးများမှာ ရေကူးရာတွင် ခန္ဓာကိုယ်တစ်ခလုံး လုံခြုံစေသည့် ဘုရ်ကီနီကို ၀တ်ဆင်ခြင်းဖြစ်သည်။

    Ref: Aljazeera