News @ M-Media

Tag: Islam In France

  • ပြင်သစ်သမ္မတ မာခရွန်ကို စိတ်ကျန်းမာရေး စစ်ဆေးရမည်ဟု အာဒိုဂန်ပြော

    ပြင်သစ်သမ္မတ မာခရွန်ကို စိတ်ကျန်းမာရေး စစ်ဆေးရမည်ဟု အာဒိုဂန်ပြော

    အောက်တိုဘာ ၂၅၊ ၂၀၂၀
    M-Media

    အာဒိုဂန် (ဝဲ) နှင့် မာခရွန် (ယာ)

    -ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ရဲ့ အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် အပြုအမူတွေကိုကြည့်ရင် မာခရွန်ဟာ စိတ်ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်နေတယ်ဆိုတာ တွေ့ရတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ဝေဖန်ပြောကြားလိုက်ပါတယ်။

    မာခရွန်ဟာ ပြင်သစ်က အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ မှတ်ချက်တစ်ချို့ကို အခုလအစောပိုင်းမှာ ပြောကြားခဲ့ပြီး ဒီအတွက်လည်း ဝေဖန်ခံခဲ့ရပါတယ်။ အစွန်းရောက်ဝါဒကြောင့် အစ္စလာမ်ဘာသာဟာ ကမ္ဘာတစ်ဝှမ်းမှာ အကြပ်အတည်းကို ရင်ဆိုင်နေရပြီး၊ ပြင်သစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းအတွင်းရှိနေတဲ့ ဒီအစွန်းရောက်ဝါဒကို တိုက်ဖျက်သွားမယ်လို့ မာခရွန်က ပြောကြားခဲ့တာပါ။

    ဒီကိစ္စအတွက် အရင်က မာခရွန်ကို ဝေဖန်ခဲ့ဖူးတဲ့ အာဒိုဂန်ဟာ မနေ့က အာဏာရ AK ပါတီရဲ့ ပြည်နယ်အဆင့်ညီလာခံမှာ ပိုမိုပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

    “အစ္စလာမ်၊ မွတ်စလင်တွေနဲ့ပတ်သက်ပြီး မာခရွန်လို့ခေါ်တဲ့လူဆီမှာ ဘာပြဿနာရှိနေလဲ မသိဘူး။ မာခရွန်ဟာ စိတ်ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်နေပါပြီ။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်လုပ်နေပြီး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို နားမလည်တဲ့သူ၊ ဘာသာပေါင်းစုံရှိနေတဲ့တိုင်းပြည်မှာ သန်းနဲ့ချီလူတွေကို ဒီလို ပြုမူဆက်ဆံတဲ့သူကို ဘာသွားပြောရမလဲ။ စိတ်ကျန်းမာရေးစစ်ဆေးပါလို့ပဲ ပထမဆုံး ပြောရလိမ့်မယ်”

    အာဒိုဂန်ရဲ့ ဒီမှတ်ချက်ဟာ လက်မခံနိုင်ဖွယ်ရာဖြစ်တယ်လို့ ပြင်သစ်က ပြန်လည်တုန့်ပြန်ခဲ့ပြီး၊ တူရကီနိုင်ငံဆိုင်ရာ သူတို့ရဲ့ သံအမတ်ကိုလည်း အကြံပြုဆွေးနွေးဖို့အတွက် ပြန်လည်ခေါ်ယူခဲ့ပါတယ်။

    “သမ္မတ အာဒိုရန်ရဲ့ မှတ်ချက်ဟာ လက်မခံနိုင်စရာပါ။ ကျိုးကြောင်းမညီတာတွေ၊ ရိုင်စိုင်းတာတွေက လက်ခံနိုင်စရာလမ်းစဉ် မဟုတ်ပါဘူး။ နယ်ပယ်တိုင်းအတွက် အန္တရာယ်ရှိနေတဲ့ အာဒိုဂန်ရဲ့ ဒီမူဝါဒကို ပြောင်းလဲဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ ပြင်သစ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ပတ်အရင်က ကျောင်းဆရာ ဆမ်မြူယဲလ် ပါတီ အကြမ်းဖက် သတ်ဖြတ်ခံရမှုအတွက် တူရကီဖက်က ဝမ်းနည်းကြောင်း စကားမပါးတာကို မိမိတို့ မှတ်သားထားတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ပါတီဟာ စာသင်ချိန်တစ်ခုမှာ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ခဲ့ပြီးတဲ့နောက် အသက် ၁၈ နှစ်အရွယ် ရုရှားနွယ်ဖွားတစ်ဦးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာပါ။

    နေတိုးအဖွဲ့ဝင်တွေဖြစ်တဲ့ ပြင်သစ်နဲ့ တူရကီတို့ဟာ မြေထဲပင်လယ်အရှေ့ပိုင်းက ရေပိုင်နက်ပြဿနာ၊ လစ်ဗျား၊ ဆီးရီးယားကစစ်ပွဲတွေ၊ လတ်တလောဖြစ်နေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်စစ်ပွဲ စတာတွေမှာ သဘောထားမတိုက်ဆိုင်ဘဲ တင်းမာမှုတွေ ရှိနေပါတယ်။

    ဒီကွဲလွဲချက်တွေကို ခေါင်းဆောင်နှစ်ဦးက ပြီးခဲ့တဲ့လမှာ ဖုန်းနဲ့ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

    Ref: Aljazeera

  • ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးနဲ့ ကလေးတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီးနှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

    တနင်္ဂနွေနေ့က အီဖယ်​မျှော်စင်နားမှာ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၉ ဦးပါဝင်တဲ့ အဖွဲ့တစ်ခု လမ်းလျှောက်နေစဉ် လူဖြူအမျိုးသမီးနှစ်ဦး ချဉ်းကပ်လာပြီး ဆွဲလာတဲ့ခွေးကို ကြိုးဖြေကာ ကိုက်ခိုင်းခဲ့တာပါ။

    မွတ်စလင်အမျိုးသမီးတွေက ခွေးကိုကြိုးချည်ဖို့ ပြန်ပြောစဉ်မှာ ဒီလူဖြူအမျိုးသမီး ၂ ဦးဟာ ဓားတွေထုတ်ပြီး တိုက်ခိုက်ခဲ့ကာ ‘အကျင့်မကောင်းတဲ့အာရပ်တွေ’ ‘နင်တို့နိုင်ငံ နင်တို့ပြန်ကြ’ ဆိုပြီးလည်း ဟစ်အော်ခဲ့ပါတယ်။ တိုက်ခိုက်ခံရသူတွေဟာ အလ်ဂျီးရီးယားလူမျိုး ပြင်သစ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း မွတ်စလင်အမျိုးသမီးနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး၊ တစ်ဦးဆိုရင် ဓားနဲ့ အနည်းဆုံး ၆ ချက်လောက် အထိုးခံရတာကြောင့် အဆုတ်ပေါက်ပြဲဒဏ်ရာ ကို ရရှိခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအမျိုးသမီးနှစ်ဦးက တစ်ယောက်ကို ပတ်ဝန်းကျင်က ဝိုင်းဖမ်းပေးခဲ့ပြီး နောက်တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကာ လူသတ်ရန််ကြိုးပမ်းအားထုတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ တိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ညဖက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် အင်္ဂါနေ့အထိ ပြင်သစ်ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ပါဘူး။

    တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကျောင်းဆရာတစ်ဦးကို ရုရှားနွယ်ဖွား အသက် ၁၈ နှစ်အရွယ် မွတ်စလင်လူငယ်တစ်ဦးက အကြမ်းဖက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး တစ်ပတ်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: RT

  • တမန်တော်မိုဟာမက်ကို စော်ကားသည့် ကျောင်းဆရာ အသတ်ခံရမှုကို ကမ္ဘာ့မွတ်စလင်အသိုင်းအဝိုင်းက ရှုတ်ချ

    တမန်တော်မိုဟာမက်ကို စော်ကားသည့် ကျောင်းဆရာ အသတ်ခံရမှုကို ကမ္ဘာ့မွတ်စလင်အသိုင်းအဝိုင်းက ရှုတ်ချ

    အောက်တိုဘာ ၁၈၊ ၂၀၂၀
    M-Media

    -တမန်တော် မိုဟာမက်ကို စော်ကားတဲ့ ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုကို ကမ္ဘာ့မွတ်စလင်အသိုင်းအဝိုင်းက ရှုတ်ချလိုက်ပြီး၊ ကမ္ဘာ့ ဘာသာတရားတွေကို မစော်ကားဖို့၊ အထွဋ်အမြတ်ပုဂ္ဂိုလ်တွေကို လေးစားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    အသက် ၄၇ နှစ်အရွယ် ကျောင်းဆရာ ဆမ်မြူယဲလ် ပါတီဆိုသူဟာ သောကြာနေ့က ကျောင်းကနေအိမ်အပြန်မှာ အသတ်ခံလိုက်ရတာပါ။ သတ်​ဖြတ်သူ ၁၈ နှစ်အရွယ် ရုရှားဇာတိ အဘ်ဒူလာ အန်ဇိုရော့ဗ်ကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြင်သစ်ပြည်သူတွေနဲ့ အတူရှိကြောင်း၊ သေဆုံးသူ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဖော်ပြထားပါတယ်။ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒအားလုံးကို ဆော်ဒီက ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး ဘာသာရေး အမှတ်သညာတွေကို အလေးထားဖို့၊ ဘာသာတရားတွေကို စော်ကားကာ မုန်းတီးမှုတွေဖြစ်လာအောင် မလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ကမ္ဘာ့မွတ်စလင်လိဂ်ဥက္ကဌ ရှိခ်မိုဟာမက် ဘင် အဘ်ဒူလ် ကရင်မ် အလ်အီဆာက အကြမ်းဖက်မှုကို ဘယ်ဘာသာတရားကမှ လက်မခံကြောင်း၊ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်အတွေးအခေါ်တွေကို အမြစ်ဖြုတ်တိုက်ဖျက်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှု ပုံစံအားလုံးကို တိုက်ဖျက်ပြီး လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ အရာမှန်သမျှကို ပြင်သစ်အနေနဲ့ ဆက်လက်ဖယ်ရှားသွားဖို့လည်း အလ်အီဆာက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

    အစ္စလာမ်ကမ္ဘာက ထိပ်တန်း ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ်ကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

    “​လူသတ်မှုကို ဘယ်လိုနည်းလမ်းနဲ့မှ တရားတယ်လို့ ပြောလို့မရပါဘူး။ အမုန်းစကားပြောဆိုမှုတွေ၊ အကြမ်းဖက်မှုတွေကို အလ်-အဇ်ဟာရ်က တစ်စိုက်မတ်မတ်ဆန့်ကျင်ကြောင်း အလေးထားပြောကြာလိုပါတယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြင့်မြတ်ရာတွေကို အလေးထားဖို့၊ ဘာသာရေးစော်ကားကာ အမုန်တရားပွားအောင် လုပ်ဆောင်တာတွေကို
    ရှောင်ကျဉ်ကြဖို့လည်း တိုက်တွန်းပါတယ်” လို့ အလ်-အဇ်ဟာရ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အသတ်ခံလိုက်ရတဲ့ ကျောင်းဆရာ ဆမ်မြူယဲလ် ပါတီဟာ Bois d’Aulne ကောလိပ်မှာ ပထဝီနဲ့ သမိုင်းဘာသာရပ်ကို သင်ကြားသူဖြစ်ပါတယ်။ အခုလအစောပိုင်း ‘လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်’ သင်ခန်းစာကို သင်ကြားရာမှာ တမန်တော်မိုဟာမက်ကို ရုပ်ပြောင်လုပ်ထားတဲ့ ရုပ်သေးရုပ်ကို အသုံးပြုခဲ့ပါတယ်။ သင်ခန်းစာ မသင်ခင်မှာ အတန်းထဲက အစ္စလာမ်ဘာသာဝင် ကျောင်းသားတွေအနေနဲ့ မသင်လိုလျှင် ထွက်သွားနိုင်တယ်လို့ ခွင့်ပေးခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ပြင်သစ်အစိုးရက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားပြီး ဒီသင်ခန်းစာကို ဝေဖန်ခဲ့တဲ့ ကျောင်းသားတစ်ဦးရဲ့ ဖခင်အပါအဝင် သံသယရှိသူ ၉ ဦးကို ထန်းသိမ်းစစ်ဆေးနေပါတယ်။

    လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ခေါင်းစဉ်အောက်မှာ တစ်ခြားဘာသာတွေထက် အစ္စလာမ်ဘာသာနဲ့ တမန်တော်မိုဟာမက်တို့ကို စော်ကားမှုတွေ ပြင်သစ်မှာ မကြာခဏရှိခဲ့ပြီး နောက်ဆက်တွဲ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

    ပြင်သစ်သရော်စာမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Charlie Hebdo ဟာ တမန်တော်မိုဟာမက်နဲ့ အစ္စလာမ်ဘာသာကို စော်ကားလှောင်ပြောင်တဲ့ ကာတွန်းတွေ အများအပြား ဖော်ပြခဲ့ပြီး ၂၀၁၁၊ ၂၀၁၅ နဲ့ ၂၀၂၀ တို့မှာ တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်က တိုက်ခိုက်မှုမှာ ပုံနှိပ်ဒါရိုက်တာနဲ့ အဓိက ကာတွန်းဆရာတွေအပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Arab News, Wiki

  • အစ္စလာမ်ဘာသာတွင် ပြဿနာများ ရင်ဆိုင်နေရသည်ဟု ပြင်သစ်သမ္မတ မာခရွန် ဖွင့်ဟ

    အစ္စလာမ်ဘာသာတွင် ပြဿနာများ ရင်ဆိုင်နေရသည်ဟု ပြင်သစ်သမ္မတ မာခရွန် ဖွင့်ဟ

    အောက်တိုဘာ ၃၊ ၂၀၂၀
    M-Media

    ပြင်သစ်သမ္မတ မာခရွန်

    -အစ္စလာမ်သာသနာဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဒါတွေကို ဖြေရှင်းဖို့ကြိုးသွားမှာဖြစ်သလို၊ နိုင်ငံအတွင်း အသိအဉာဏ်ဖွင့်ပေးတဲ့ အစ္စလာမ်သာသနာမျိုး ထွန်းကားစေချင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ပြင်သစ်က အစ္စလာမ်ဘာသာ၀င် လူ့အဖွဲ့အစည်းတွင်း အစွန်းရောက်အတွေးအခေါ်တွေ တိုက်ဖျက်ရေး မူ၀ါဒတစ်ခုကို မာခရွန်က မနေ့မှာ ချပြခဲ့ပြီး ဘာသာရေးမစွက်တဲ့ တိုင်းပြည်မူ၀ါဒကို ဆက်လက်ထိန်းသွားမယ်လို့ ဆိုပါတယ်။

    ခရစ်ယာန်ကက်သလစ်အသင်းတော်နဲ့ ဘုန်းကြီးတွေရဲ့ အာဏာကြီးစိုးမှုကို အပြင်းအထန် တွန်းလှန်ခဲ့ရပြီးတဲ့နောက် ပြင်သစ်ဟာ ၁၉၀၅ ခုနှစ်မှာ လုံး၀ ဘာသာရေးမစွက်တဲ့ နိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး ဒီမူကို ခိုင်ခိုင်မာမာ ဆက်လက်ထိန်းသိမ်းလာခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူး။ ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာဟာ ပြဿနာတွေကို ကြုံတွေ့နေရပါတယ်” လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။

    ပြင်သစ်က လူ့အဖွဲ့အစည်းတွေအတွင်း ဘာသာရေးအစွန်းရောက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းတစ်ခုကို မာခရွန်က လာမယ့်နှစ်အစောပိုင််းကျရင် လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေပါတယ်။

    အဲဒီဥပေဒထဲမှာ အစိုးရကျောင်းက သင်ရိုးနဲ့သွေဖည်ပြီး ကလေးငယ်တွေကို ဘာသာရေးအစွန်းရောက်ဝါဒ သွတ်သွင်းတဲ့ နေအိမ်သင်တန်းတွေကို ကန့်သတ်တာ၊ ကျောင်းတွေ၊ ရုံးတွေမှာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဝတ်စုံတွေကို ပိတ်ပင်တာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ဟီဂျဘ်ခေါင်းပေါင်းကို ပြင်သစ်က စာသင်ကျောင်းတွေ၊ အစိုးရရုံးတွေမှာ အရင်ကတည်းက ပိတ်ပင်ထားတာပါ။

    နိုင်ငံအတွင်း အာရဘီဘာသာစကား ​သင်ကြားမှုကို အားကောင်းဆောင်ရွက်ဖို့၊ အစ္စလာမ့်အင်စတီကျူတစ်ခု တည်ထောင်ပေးဖို့၊ ဗလီရှေ့ဆောင်အီမာမ်တွေကို ပြည်တွင်းမှာပဲ လေ့ကျင့်သင်ကြာပေးဖို့ စတဲ့ အစီအမံတွေလည်း ဒီဥပဒေသစ်ထဲမှာ ပါဝင်ပါတယ်။

    အစ္စလာမ်ဘာသာနဲ့ အစွန်းရောက်ဝါဒဟာ တစ်ခြားစီဖြစ်ပြီး နိုင်ငံအတွင်း လူတွေကို အသိဉာဏ်ဖွင့်ပေးတဲ့ အစ္စလာမ်ဘာသာမျိုးကိုသာ လိုချင်ကြောင်း၊ လာမယ့်ဥပဒေသစ်ဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ကန့်သတ်ဖို့မဟုတ်ကြောင်း ပြင်သစ်သမ္မတ မာခရွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံက မွတ်စလင်ခေါင်းဆောင်တွေက မာခရွန်ရဲ့ပြောကြားမှုဟာ အစွန်းရောက်ဝါဒအန္တရာယ်ကို ထောက်ပြချင်တာမျိုးဖြစ်ပြီး၊ တစ်ချို့ စကားလုံးအသုံးအနှုန်းတွေက အငြင်းပွားဖွယ်ရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters, Aljazeera

  • ဗလီဝတ်ကျောင်းကို တိုက်ခိုက်မှု ‘စက်ဆုပ်ဖွယ်ရာ’ ဟု ပြင်သစ်သမ္မတ ရှုတ်ချ

    ဗလီဝတ်ကျောင်းကို တိုက်ခိုက်မှု ‘စက်ဆုပ်ဖွယ်ရာ’ ဟု ပြင်သစ်သမ္မတ ရှုတ်ချ

    အောက်တိုဘာ ၃၀၊ ၂၀၁၉
    M-Media

    ပစ်ခတ်မှုဖြစ်ပွားရာ ဗလီဝတ်ကျောင်းတော်

    -တနင်္လာနေ့က လူဖြူအစွန်းရောက်တစ်ဦး ဗလီဝတ်ကျောင်းတော်အတွင်း ဝင်ရောက်ပစ်ခတ်မှုဟာ ‘စက်ဆုပ်ဖွယ်ရာ’ လုပ်ရပ်ဖြစ်ပြီး နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ပြင်သစ်နိုင်ငံတောင်ပိုင်းBayonne မြို့က ဗလီဝတ်ကျောင်းတော်ကို အသက် ၈၄ နှစ် အရွယ် လူဖြူအစွန်းရောက်တစ်ဦးက ဝင်ရောက်မီးရှို့ခဲ့ပြီး ဝတ်ပြုသူတွေ မြင်တွေ့တဲ့အခါမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် အသက် ၇၄ နှစ်နဲ့ ၇၈ နှစ်အရွယ် အဖိုးအို ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူ ကလောဒေးစင်ကီဟာ ပြင်သစ်က လက်ယာသမား မာရီ လီပန်ရဲ့ အမျိုးသားရေးပါတီ National Front ကို ကိုယ်စားပြုကာ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ပြစ်သစ်ရဲတပ်ဖွဲ့ဟာ ကလောဒေးစင်ကီကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ပြင်သစ်သမ္မတ မာခရွန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ‘စက်ဆုပ်ဖွယ်ရာ တိုက်ခိုက်မှု’ ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပြင်သစ်နိုင်ငံဟာ အမုန်းတရားတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး။ ကျူးလွန်သူတွေ ‌အရေးယူ အပြစ်ပေးဖို့အတွက် လုပ်ဆောင်သင့်တာအားလုံး လုပ်ဆောင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအစ်ကို မောင်နှမတွေကိုလည်း ကာကွယ်ပေးသွားမှာပါ။ ဒီအတွက် ကျွန်တော်ကတိပြုပါတယ်”

    ပြင်သစ် ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီ ကက်စ်တာနာကလည်း ‘မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကာ ကာကွယ်စောင့်ရှောက်သွားမယ်’ လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုရဲ့နောက်ကွယ်က အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ၂၀၀၇ ခုနှစ်ကစလို့ ပြစ်သစ်နိုင်ငံမှာ ဗလီဝတ်ကျောင်းတော်တွေနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေဟာ မကြာခဏဖြစ်ပွားခဲ့ပါတယ်။

    အခုနှစ်ဇွန်လအတွင်းက နိုင်ငံအနောက်မြောက်ပိုင်း Brest မြို့က ဗလီတစ်လုံးမှာ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် ရှေ့ဆောင်အီမာမ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera