News @ M-Media

Tag: Islam in Malaysia

  • သူတစ်ပါးကို မပုတ်ခတ်ဘဲ မိမိကိုယ်ကို မြှင့်တင်ခြင်းဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် မလေးဘုရင် ပြော

    သူတစ်ပါးကို မပုတ်ခတ်ဘဲ မိမိကိုယ်ကို မြှင့်တင်ခြင်းဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် မလေးဘုရင် ပြော

    သြဂုတ် ၂၇၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ညီလာခံပြီးနောက် တွေ့ရသည့် ဘုရင် မူအီဇူဒင် (လယ်) နှင့် တာ၀န်ရှိသူများ)

    -အကြောက်တရား ရိုက်ထည့်ပေးခြင်းထက်၊ မိမိတို့စွမ်းအားကို ကိုယ်တိုင်မြှင့်တင်ခြင်းနဲ့သာလျင် မွတ်စလင် လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်ရေး ဆောင်ရွက်သွားရမယ်လို့ မလေးရှားက ဘုရင်တစ်ပါးဖြစ်တဲ့ ဆူလ်တန် နဇ်ရင် မူအီဇူဒင်ရှားက ပြောပါတယ်။

    အခုတစ်ပတ် အစောပိုင်းက ပြုလုပ်တဲ့ ၇၂ ကြိမ်မြောက် အစ္စလာမ့်ရေးရာကောင်စီ နှစ်ပတ်လည် ညီလာခံမှာ ဘုရင်ကြီးက ပြောကြားခဲ့တာပါ။ ဘုရင် မူအီဇူဒင်ရှားဟာ ကောင်စီဥက္ကဌဖြစ်ပြီး ညီလာခံကို ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

    အခြားဘာသာ၀င်တွေနဲ့ပတ်သက်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှာ အကြောက်တရား ရိုက်ထည့်ပေးခြင်းဟာ ကလေးငယ်တွေကို သရဲပုံပြင်တွေပြောပြီး ခြောက်လှန့်တာနဲ့ ဆင်တူကြောင်း၊ မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကိုလည်း စိတ်အနှောက်အယှက်ဖြစ်စေကြောင်း ဘုရင်ကြီးက ဆိုပါတယ်။

    “အကြောက်တရားရိုက်ထည့်ခြင်းဟာ လူ့အဖွဲ့အစည်းကို အလွန်ထိခိုက်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု လျော့ကျစေတယ်။ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ ပြင်ပ၊ အထူးသဖြင့် ကမ္ဘာနဲ့ချီပြီး ယှဥ်ပြိုင်ရတဲ့ အခါမျိုးမှာ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်”

    လူ့အဖွဲ့အစည်းနဲ့ အစ္စလာမ်သာသနာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ဆီးစေတဲ့ လုပ်ရပ်မျိုးတွေကို မွတ်စလင်လူ့အဖွဲ့အစည်းက လုံး၀ လက်မခံဖို့လည်း ဘုရင် မူအီဇူဒင်က တိုက်တွန်းခဲ့ပါတယ်။

    ညီလာခံကို မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နဲ့ အစိုးရ၀န်ကြီးတစ်ချို့လည်း တက်ရောက်ခဲ့ပါတယ်။

    Ref: The Straits Times


  • ကမ်ပုန် တွန်ကူဗလီ (သို့) အော်တစ်ဇင်ကလေးများ နားခိုရာ

    ကမ်ပုန် တွန်ကူဗလီ (သို့) အော်တစ်ဇင်ကလေးများ နားခိုရာ

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ တည်ရှိတဲ့ Kampung Tunku ဗလီဝတ်ကျောင်းတော်ဟာ အပြင်ကနေကြည့်မယ်ဆိုရင် ဝတ်ပြုရာနေရာတစ်ခု၊ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအရအားကိုးအားထားပြုစရာ နေရာတစ်ခုသာ ဖြစ်ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်ခွဲတာကာလအတွင်း ဒီဗလီကို အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ ပိုပိုပြီး ရောက်လာကြပါတယ်။ ဘာသာရေးအတွက် လာရောက်တာမဟုတ်ဘဲ အော်တစ်ဇင်ဖြစ်နေတဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ခိုလှုံရာအဖြစ် လာရောက်ကြတာ ဖြစ်ပါတယ်။

    အော်တစ်ဇင်ကလေးငယ်တွေကို ပြုစုပြိုးထောင်ပေးတဲ့ Kumpulan Anak Autisme Masjid (Kami) Playgroup အဖွဲ့ကို ဒီဗလီမှာ ၂၀၁၇ ခုနှစ်က စတင် တည်ထောင်ခဲ့တာပါ။ မိဘတွေနဲ့ မိသားစုတွေပါ ပါဝင်နိုင်တဲ့ ပန်းချီဆွဲတာ၊ ဂိမ်းကစားတာနဲ့ အားကစားလှုပ်ရှားမှုတွေ လုပ်ဆောင်ပေးတဲ့ ဒီနေရာလေးဟာ အော်တစ်ဇင်ကလေးငယ်တွေအတွက် ခိုနားရာနေရာတစ်ခု ဖြစ်လာပါတယ်။

    ဗလီဂေါပကအဖွဲ့အကြီးအကဲ ၀မ် ဟူဇိုင်နီ ဝမ် ဟူစိန်က Kami Playgroup ဟာ ဘာသာလူမျိုးမခွဲခြားဘဲ လာရောက်သမျှလူ အားလုံးကို စောင့်ရှောက်ပျိုးထောင်ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အော်တစ်ဇင်ကလေးငယ်တွေရဲ့ အထူးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့က အဓိကအရေးကြီးဆုံးပါ”

    ကလေးငယ်များ ပန်းချီဆွဲနေစဉ်

    ဗလီကဦးစီးပြီး ဆောင်ရွက်နေတဲ့ အော်တစ်ဇင်ကလေးငယ်များ ကူညီရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာတစ်ဦးက ဒီအဖွဲ့ဖွဲ့ဖို့ အကြံရခဲ့တာလို့ ဝမ်ဟူစိန်က ပြောပါတယ်။

    အဖွဲ့စဖွဲ့ပြီးကတည်းက ကလန်းဗာလီမြို့နယ်က မိဘတွေရဲ့ ချီးကျူးမှုကို ရခဲ့ပြီ လူသတင်းလူချင်းဆောင်ကာ အခြားမြို့နယ်တွေက မိဘတွေရဲ့ ပူးပေါင်းမှုကိုပါ နောက်ပိုင်းမှာ ရခဲ့တယ်လို့ ဝမ်ဟူစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “Kami Playgroup ဟာ အော်တစ်ဇင်ကလေးငယ်ရှိတဲ့ မိဘတွေ သူတို့ရဲ့ စိတ်ခံစားမှု၊ ပြဿနာတွေနဲ့ သတင်းအချက်အလက်တွေကို မျှဝေရာ နေရာတစ်ခုဖြစ်တယ်လို့ ကျွန်တော် အမြဲ ပြောပါတယ်။ သူတို့ဟာ အထီးကျန်စရာမလိုဘဲ ကျွန်တော်တို့ဆီ့က ပံ့ပိုးကူညီမှု ရရှိမှာ ဖြစ်ပါတယ်”

    ဒေသခံပြည်သူတွေက ဒီလှုပ်ရှားမှုကို လက်ခံရုံသာမက ပံ့ပိုးကူညီကြတဲ့အတွက် အလွန်ကျေးဇူးတင်တယ်လို့လည်း ဟူစိန်က ဆိုပါတယ်။ Kami Playgroup ကို စေတနာ့ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

    “ဗလီဆိုတာ ဝတ်ပြုဆုတောင်းရာ နေရာတစ်ခုသာ မဟုတ်ဘူးဆိုတာကို ပြသဖို့အတွက် သူတို့အားလုံးဟာ အစွမ်းကုန် ပံ့ပိုးကူညီကြပါတယ်”

    အော်တစ်ဇင်ကလေးငယ်တွေအတွက် သီးသန့် ပုဂ္ဂလိကကျောင်းတွေဟာ စျေးအရမ်းကြီးတဲ့အတွက် Kami Playgroup ဟာ ဝင်ငွေနည်းတဲ့ မိသားစုတွေ အားထားရာ နေရာတစ်ခု ဖြစ်လာတယ်လို့ အဖွဲ့အကြီးအကဲ အဒ်လင်း အဘ်ဒူလ် ဂနီက ပြောပါတယ်။

    ဆရာ၊ ဆရာမများ

    “ကျွန်မမှာ အော်တစ်ဇင်ကလေးရှိပြီး ဒီလိုကလေးမျိုးရှိတဲ့ အခြားမိဘတွေလိုပဲ အခက်အခဲတွေကို ကြုံရပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့လိုအပ်ချက်ကို ကျွန်မ နားလည်ပါတယ်။ ကလေးတွေဟာ ကစားခုန်စားဖို့နဲ့ လှုပ်ရှားမှုတွေလုပ်ဖို့ နေရာတစ်ခု လိုပ်ပါတယ်” လို့ အဒ်လင်းက ပြောပါတယ်။

    Kami Playgroup အတွက် လခက တစ်လကို မလေးရှားရင်းဂစ် ၃၀ (ကျပ်တစ်သောင်းဝန်းကျင်) သာ ဖြစ်ပါတယ်။

    အဖွဲ့ဟာ အော်တစ်ဇင်ကလေးငယ်တွေရဲ့ ဆက်သွယ်ပြောဆိုမှု၊ စိတ်ခံစားမှု၊ လူမှုရေးဆက်ဆံရေးနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိရေး စတဲ့စွမ်းရည်တွေ တိုးတက်အောင် ဆောင်ရွက်ပေးနေတယ်လို့လည်း အဒ်လင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “စိန်ခေါ်မှုတစ်ခုက အသက်အရွယ်မတူတဲ့ ကလေးတွေအတွက် သီးခြားလှုပ်ရှားမှုတွေကို စီစဉ်ပေးရတာပါ။ အသက် ၃ နှစက်နေ ၁၃ နှစ်အရွယ်အထိ ကျွန်မတို့ လက်ခံပါတယ်”

    Covid-19 ကပ်ရောဂါကို ဒီကျောင်းကို ခေတ္တပိတ်ထားပေမယ့် မကြာခင်မှာ ပြန်ဖွင့်ခွင့်ရအောင် စီစဉ်နေတယ်လို့ အဒ်လင်းက ပြောပါတယ်။ ဒီလှုပ်ရှားမှု ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အဒ်လင်းတို့အဖွဲ့က အာဏာပိုင်ကို စာတင်သွားမှာဖြစ်ပြီး၊ ကလေးတွေနဲ့ အုပ်ထိန်းသူတွေ အန္တရာယ်ကင်းစေဖို့အတွက် ဆောက်ရွက်ထားတာတွေကိုလည်း တစ်ပါတည်း အသိပေးသွားမှာ ဖြစ်ပါတယ်။

    “အရင်အခြေအနေမျိုး မဟုတ်ဘူးဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေကို ကာကွယ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ လိုပါတယ်။ ကျွန်မတို့ကိုယ်တိုင်နဲ့ သာမန်ကလေးတွေတောင် အိမ်မှာနေရတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားနေရတယ်ဆိုရင် အော်တစ်ဇင်ကလေးငယ်တွေက ပိုဆိုးတာပေါ့။ ဘာတွေဖြစ်နေလဲဆိုတာ သူတို့လေးတွေ သိမှာတောင် မဟုတ်ပါဘူး” လို့ အဒ်လင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ကျောင်း ဘယ်​တော့ပြန်ဖွင့်မလဲဆိုတာကို မိဘတွေက လှမ်းလှမ်းမေးကြတယ်လို့လည်း သူမက ဆိုပါတယ်။

    Ref: Free Malaysia Today

  • KL မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ မဟာသီဘာပြောလဲ

    KL မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ မဟာသီဘာပြောလဲ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    -မလေးရှားက ဦးဆောင်ကျင်းပတဲ့ မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ( Kuala Lumpur Summit 2019) ဟာ ဘယ်နိုင်ငံကိုမှ ခွဲခြားဖို့၊ သီးသန့်ဖယ်ထုတ်ဖို့မဟုတ်ဘဲ မွတ်စလင်ကမ္ဘာက လက်ခံနိုင်မယ့်၊ အလုပ်ဖြစ်မယ့် အဆိုပြုချက်တွေ၊ အဖြေတွေကို ရှာဖွေဖို့ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    အဲဒီထိပ်သီးအစည်းအဝေးဟာ ရှိပြီးသား OIC အဖွဲ့ကို စင်ပြိုင်လုပ်တယ်လို့ ဆော်ဒီအာရေဗျက စွပ်စွဲထားပြီး တက်ရောက်ခြင်းလည်း မရှိပါဘူး။ OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံကို မလေးရှားက ဖိတ်ကြားရာမှာ နိုင်ငံ ၂၀ လောက်သာ တက်ရောက်ပါတယ်။

    မလေးရှားဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးရဲ့ ရည်ရွယ်ချက်ဟာ ဘာသာရေးဆွေးနွေးဖို့မဟုတ်ဘဲ ‘ဒုက္ခသုက္ခရောက်နေတဲ့’ မွတ်စလင်ကမ္ဘာက ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ဖြစ်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက် မွတ်စလင်နိုင်ငံတွေ ဖျက်ဆီးခံနေရတယ်။ နိုင်ငံသားတွေ ထွက်ပြေးနေရတယ်။ မွတ်စလင်မဟုတ်တဲ့နိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် သွားရောက်ခိုလှုံနေရတယ်။ လူထောင်သောင်းချီသေဆုံးပြီး၊ ခိုလှုံခွင့်တွေလည်း ငြင်းပယ်ခံနေရတယ်။ တစ်ဖက်ကိုကြည့်လိုက်ရင်လည်း မွတ်စလင်တွေဟာ အကြမ်းဖက်ဖို့၊ အပြစ်မဲ့သူတွေ၊ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ နေထိုင်မကောင်းသူတွေကို သတ်ဖြတ်ဖို့ လုပ်နေကြတယ်”

    အခု ထိပ်သီးအစည်းအဝေးဟာ ဒီကိစ္စတွေကိုဖြေရှင်နိုင်ရေး အစပျိုးတာဖြစ်တယ်လို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ ဘယ်သူ့ကိုမှ ခွဲခြားတာ၊ ပစ်ပယ်တာ မရှိပါဘူး။ သေးသေးလေးကနေ စတင်တာဖြစ်တယ်။ ဒီကထွက်လာမယ့် အတွေးအမြင်တွေ၊ အဆိုပြုချက်တွေ၊ အဖြေတွေဟာ လက်ခံနိုင်စရာဖြစ်မယ်၊ အလုပ်ဖြစ်မယ်ဆိုရင် ပိုပြီး ကြီးမားထိရောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်”

    မဟာသီဟာ ထိပ်သီးအစည်းအဝေးရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။ အစည်းအဝေးမှာ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ အစ္စလာမ်ကြောက်ရောဂါကို ဖြေရှင်းရေး၊ မွတ်စလင်ကမ္ဘာက ချို့ယွင်းချက်တွေကို ပြုပြင်ရေး၊ မွတ်စလင်တွေရဲ့ အသက်ရှင်နေထိုင်မှုအခြေအနေ တိုးတက်ကောင်းမွန်ရေး ဆွေး‌နွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    မွတ်စလင်နိုင်ငံတွေမှာ ဂိုဏ်းကနပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေဖြစ်နေတာ၊ ခိုင်မာတောင့်တင်းတဲ့ အစိုးရမရှိတာနဲ့ အခြား ပြဿနာတွေကို မဟာသီက ထောက်ပြခဲ့ပြီး ဒါတွေကိုဖြေရှင်းရေး ခိုင်မာတဲ့ ဆောင်ရွက်မှုမျိုးကိုလည်း မတွေ့ရဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒုတိယကမ္ဘာစစ်ကြောင့် ပျက်ဆီးသွားတဲ့ နိုင်ငံတစ်ချို့ဟာ အလျင်အမြန် ပြန်လည်ထူထောင်နိုင်ရုံသာမက၊ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ဒါပေမယ့် မွတ်စလင်နိုင်ငံ တစ်ချို့ကတော့ ဖွံ့ဖြိုးဖို့၊ သာယာ၀ပြောဖို့မပြောနဲ့ ‌ကောင်းမွန်တဲ့အုပ်ချုပ်ရေးမျိုး ရှိလာအောင်တောင် မလုပ်နိုင်ပါဘူး”

    ဒါတွေကို နားလည်အောင်ကြိုးစားခြင်းဟာ မွတ်စလင်ကမ္ဘာကို နိမ့်ပါးစေတဲ့ ပြဿနာတွေကို ကျော်ဖြတ် ဖြေရှင်းနိုင်ရေး လမ်းကြောင်းတစ်ခုပေါ်လာအောင် မျက်စိဖွင့်ပေးလိမ့်မယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၃ ရက်တာကြာမြင့်မယ့် Kuala Lumpur Summit 2019 ထိပ်သီးအစည်းအဝေးကို အီရန်သမ္မတ ဟာဆန်ရူဟာနီ၊ တူရကီသမ္မတ အာဒိုဂန်တို့ အပါအဝင် မွတ်စလင်ကမ္ဘာက ခေါင်းဆောင်တစ်ချို့ တက်ရောက်ခဲ့ကြပါတယ်။

    Ref: The Star

  • ကောင်းမြတ်သော အကျင့်သီလများဖြင့် အစ္စလာမ့်သတင်းစကားဖြန့်ချီရန် မွတ်စလင်များကို မဟာသီ တိုက်တွန်း

    ကောင်းမြတ်သော အကျင့်သီလများဖြင့် အစ္စလာမ့်သတင်းစကားဖြန့်ချီရန် မွတ်စလင်များကို မဟာသီ တိုက်တွန်း

    နိုဝင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -မွတ်စလင်မဟုတ်သူတွေ အစ္စလာမ်သာသနာကို နားလည်လာစေဖို့ဆိုရင် မွတ်စလင်တွေက ကောင်းမြတ်တဲ့ ကိုယ်ကျင့်သီလတွေကို ‌မွေးမြူပြသဖို့ လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    မလေးရှား မွတ်စလင်ရေးရာအဖွဲ့အစည်း (Perkim) ရဲ့ ၅၈ နှစ်မြောက် နှစ်ပတ်လည် ညစာစားပွဲကို မနေ့က ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် မဟာသီ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။ မဟာသီဟာ Perkim ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

    မစဉ်းစားမဆင်ခြင်တာ၊ အခြားလူမျိုး၊ အခြားဘာသာတရားတွေကို စော်ကားတာ၊ သဘောထား မတိုက်ဆိုင်မှုအပေါ် ငြင်းခုံရန်ဖြစ်တာလို မကောင်းတဲ့ အကျင့်မျိုးတွေကို မမွေးဘဲ စစ်မှန်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်လာရေးအတွက်လည်း တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့ ကိုယ်တိုင်က ကိုယ်ကျင့်တရားမကောင်းဘူး၊ ဘ၀မှာ မအောင်မြင်ဘူးဆိုရင် မွတ်စလင်မဟုတ်သူတွေက ကျွန်တော်တို့ကို ဝိုင်းပယ်မှာပါ။ ကောင်းမြတ်တဲ့အကျင့်သီလတွေကို ကျွန်တော်တို့ ပြသဖို့လိုတယ်။ ဒါမှ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို သဘောကျပြီး အစ္စလာမ်ရဲ့ သွန်သင်မှုတွေအပေါ် လက်ခံယုံကြည်လာမှာပါ”

    အတ္တကို ရှေ့တန်းမတင်ဘဲ အများနဲ့ လိုက်လျောညီထွေနေ‌ကြဖို့လည်း မဟာသီက တိုက်တွန်းခဲ့ပါတယ်။

    “လူသားတွေဟာ လူ့အဖွဲ့အစည်းတွေ စုပေါင်းနေထိုင်ကြတာပါ။ သီးခြားနေထိုင်တာမဟုတ်ပါဘူး။ စိတ်ခံစားမှုကို ရှေ့တန်းမတင်ဖို့လိုအပ်တယ်။ အဲဒီလို ရှေ့တန်းတင်တင်နေမယ်ဆိုရင် ပြဿနာတွေဖြစ်ပြီး အားလုံးဆုံးရှုံးမှာပါ”

    နိုင်ငံအတွင်းမှာ ပြည်သူတွေအချင်းချင်း တိုက်ကြခိုက်ကြမယ်ဆိုရင် ငြိမ်းချမ်းတော့မှာမဟုတ်ဘဲ တစ်ခြားနိုင်ငံတွေက ဝင်ရောက် အခွင့်အရေးရယူသွားလိမ့်မယ်လို့ မဟာသီက ထည့်သွင်း သတိပေးခဲ့သလို၊ Perkim အနေနဲ့ အစ္စလာမ့်သတင်းစကား ဖြန့်ချီရေးမှာ တက်တက်ကြွကြွဆက်လက်ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Perkim ရဲ့ ဒုတိယဥက္ကဌ ၁ ဒါတွတ်ဆရီ ရှာဟီဒန် ကာဆင်ကလည်း မဟာသီရဲ့ ပြောကြားမှုကို ကြိုဆိုခဲ့ပြီး မွတ်စလင်တွေအနေနဲ့ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုအောက်မှာ ညီညွတ်ဖို့လိုအပ်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

    “မွတ်စလင်တွေ စည်းလုံးညီညွတ်ရေး ဆောင်ရွက်တဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်ပါတယ်။ ဒေါက်တာမဟာသီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့အချိန်မှာတော့ သူက ဒီတာဝန်တွေကို ထမ်းဆောင်တယ်။ တစ်ခြားလူတွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါတယ်”

    Ref: Malay Mail

  • အစ္စလာမ်တွင် ‘ဘာသာတူရာဆိုင်မှာ အားပေးပါ’ လှုပ်ရှားမှုကို လက်ခံခွင့်ပြုထားသလား

    အစ္စလာမ်တွင် ‘ဘာသာတူရာဆိုင်မှာ အားပေးပါ’ လှုပ်ရှားမှုကို လက်ခံခွင့်ပြုထားသလား

    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media

    -မွတ်စလင်မဟုတ်သူများက ထုတ်လုပ်သည့် ပစ္စည်းများကို မွတ်စလင်များက သပိတ်မှောက်ခြင်း၊ မွတ်စလင်ထုတ်ပစ္စည်းများကို မွတ်စလင်မဟုတ်သူများက သပိတ်မှောက်ခြင်းတို့သည် တစ်ဖက်နှစ်တစ်ဖက် သွေးကွဲစေပြီး လူမျိုးစုံဘာသာစုံရှိသည့် လူ့အဖွဲ့အစည်းတွင် မလိုမုန်းထားမှုကိုသာ ပေါက်ဖွားစေသည်။ အပြန်အလှန် တုန့်ပြန်မှုကို ဖိတ်ခေါ်နေသည့် ထိုလှုပ်ရှားမှုသည် ဗဟုလူ့အဖွဲ့အစည်းအတွက် အနာဂတ်ကောင်း ဖြစ်လာမည်မဟုတ်။

    အမှန်ကိုဆိုရလျှင် – မွတ်စလင်မဟုတ်သူများ၏ ပစ္စည်းများကို သပိတ်မှောက်ရန် အုပ်စုတစ်ချို့က လတ်တလော ဆော်သြဆောင်ရွက်နေမှု အဓိကအကြောင်းအရင်းမှာ နိုင်ငံရေးအကျိုးစီးပွားဖြစ်ပြီး၊ နိုင်ငံ၏ လူမျိုးစုံ ညီညွတ်နေမှုကို ဖျက်ဆီးသည့် လှုံ့ဆော်မှုမျိုး ဖြစ်လာနိုင်သည်။ မွတ်စလင်အချင်းချင်း လုပ်သည်ဖြစ်စေ၊ မွတ်စလင်မဟုတ်သူများနှင့် လုပ်သည်ဖြစ်စေ သမ္မာအာဇီဝမကျသော စီးပွားရေးမျိုးကိုသာ အစ္စလာမ်သာသနာက တားမြစ်ထားခြင်းဖြစ်သည်။

    သပိတ်မှောက်လှုပ်ရှားမှုကို ဆောင်ရွက်သူများက ဆိုရှယ်မီဒီယာကို အသုံးပြု၍ ဝါဒဖြန့်ရာတွင် မွတ်စလင်မဟုတ်သူများ ပိုင်ဆိုင်သည်ဟုဆိုသည့် ကုမ္ပဏီများ၊ အမှတ်တံဆိပ်များကိုပင် စာရင်းထုတ်ထားသည်။ ထိုလုပ်ငန်းများ အမှတ်တံဆိပ်များကို သပိတ်မှောက်ခြင်းသည် စိန်ခေါ်မှုတစ်မျိုးဖြစ်ပြီး အောင်မြင်မည်လည်း မဟုတ်ပေ။ နိုင်ငံအတွင်း သုံးစွဲနေသည့် ပြည်တွင်းထုတ်ပစ္စည်း၊ နိုင်ငံခြားမှ တင်သွင်းသည့်ပစ္စည်းအများစုကို မွတ်စလင် မဟုတ်သူများက ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြစ်သည်။

    ပြည်တွင်းကို ကြည့်လျှင် မွတ်စလင်မဟုတ်သူများပိုင်ဆိုင်သည့် ကုမ္ပဏီအားလုံးနီးပါးက ထောင်သောင်းချီသော မွတ်စလင်များကို အလုပ်ခန့်ထားသည်။ မွတ်စလင်များ၏ ၀င်ငွေရင်းမြစ်ဖြစ်သည်။

    ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မသမာသည့်နည်းလမ်းများ အသုံးပြုခြင်း မရှိသည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် လိုအပ်ပါ၏လော??? မွတ်စလင်မဟုတ်သူများ ထုတ်လုပ်သော်လည်း တစ်ပါးသူကို ထိခိုက်နစ်နာစေခြင်းမရှိသည့် ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်းသည် အစ္စလာမ်သာသနာ၏ အခြေခံသင်ကြားမှုနှင့် ဆန့်ကျင်နေသည်။ စီးပွားရေးလုပ်ရာတွင်ဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရာတွင်ဖြစ်စေ ‘ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ’ နည်းလမ်းကိုသာ အစ္စလာမ် သာသနာက အားပေးထားသည်။ မိမိတို့၏ စီးပွားရေးသည် အခြားသူများ၏ သာယာဝပြောမှုကို မထိခိုက်စေရန် အမြဲတမ်း အပြန်အလှန် နားလည်မှုထားရှိရမည် ဟူ၏။

    အစ္စလာမ့်သမိုင်းက သင်ခန်းစာများ

    လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ အစ္စလာမ်သာသနာ ပေါ်ပေါက်စဉ်ကတည်းက အစ္စလာမ်ဘာသာဝင်များသည် လူမျိုးစုံ၊ ဘာသာစုံ လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်နေထိုင်လာခဲ့ကြပြီး ယခုကဲ့သို့ ‘သူ၊ ငါ စည်းခြား’ လှုပ်ရှားမှုလည်း အလျင်းမရှိခဲ့။ တကယ်တော့ ထိုလှုပ်ရှားမှုကို ဆော်သြသူများကိုယ်တိုင် အစ္စလာမ်သမိုင်းကို ထဲထဲဝင်ဝင် နားမလည်ကြ။

    သမိုင်းကိုပြန်ကြည့်လျှင် မွတ်စလင်မဟုတ်သူများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ စီးပွားရေးပြုလုပ်ခြင်း မှားယွင်းသည်ဟု အစ္စလာမ်က မပြောခဲ့။ တမန်တော် မုဟမ္မဒ်သခင်၏ ဇနီးဖြစ်သူ ခတီဂျာသခင်မကိုယ်တိုင် ဂျူးများအပါအ၀င် မွတ်စလင်မဟုတ်သူများနှင့် လူမှုရေး၊ စီးပွားရေး ဆက်နွယ်ပတ်သက်မှု ရှိသည်။ သူမသည် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။

    တမန်တော် မုဟမ္မဒ်သခင် ကိုယ်တော်တိုင်ပင် ဂျူးများနှင့် စီးပွားရေးဆက်ဆံမှုကို ထိန်းသိမ်းထားခဲ့သည်။ ခိုင်ဘာဒေသ စီးပွားရေးစီမံခန့်ခွဲမှုများအတွက် အကျိုးအမြတ်မျှစားသည့် ပုံစံဖြင့် တမန်တော်က ဂျူးများကို ယုံကြည်စွာ လွှဲအပ် တာဝန်ပေးခဲ့သည်။ တမန်တော်မှာ ကွယ်လွန်ချိန်အထိ ဂျူးများနှင့် စီးပွားရေးအဆက်အသွယ် ပြုခဲ့လေသည်။

    အီမာမ် ဘူခါရီ၊ အီမာမ် မွတ်စလင်၊ အီမာမ် အဟ်မဒ်နှင့် အခြားသော အစ္စလာမ့်ပညာရှိ ကဝိကျော်များကလည်း ၎င်းတို့၏ ဟဒီးစ်သြဝါဒတော်ကျမ်းများတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။

    “…..တစ်ခါက တမန်တော်မြတ် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) သည် ဂျူးကုန်သည်တစ်ဦးထံမှ ဂျုံအနည်းငယ် ၀ယ်ယူခဲ့သည်။ သို့သော်လည်း ပေးချေစရာ ငွေမရှိသောကြောင့် ဒိုင်းလွှားတစ်ခုကို အပေါင်အဖြစ် ဂျူးကုန်သည်ထံ ထားခဲ့လေသည်။ ကိုယ်တော်သည် ကွယ်လွန်သွားသည့်အချိန်အထိ အဆိုပါ ဒိုင်းလွှားကို ငွေသားဖြင့် ပြန်လည်ရွေးယူနိုင်ခြင်းမရှိပေ”

    တမန်တော်၏နောက်ပိုင်း သြဇာအာဏာ အထွပ်အထိပ်သို့ ရောက်ခဲ့သည့် အချိန်တွင်လည်း မွတ်စလင်များသည် အခြားဘာသာဝင်များနှင့် စီးပွားရေးဆောင်ရွက်မှုကို ရပ်တန့်ခဲ့ခြင်းမရှိပေ။ အူမရ် အစ်ဗနေ့ အလ် ခသဘ် ဘုန်းမီးနေလ ထွန်းတောက်သည့် အချိန်တွင် ထိုအခြေအနေက ဆက်ရှိနေခဲ့သည်။ မွတ်စလင်များအခြား အခြားဘာသာဝင်များအကြား တစ်ဖက်နှစ်တစ်ဖက် ရန်စောင်နေသည့်အချိန်မျိုးတွင်ပင် စီးပွားရေးဆက်ဆံမှုက ပျက်သုဉ်းခြင်းမရှိဘဲ ပိုမိုတိုးတက်၍လာခဲ့သည်။ အူမရ်သခင်သည် ၎င်း၏ အင်ပါယာအတွင်းသို့ ၀င်ရောက် ရောင်းဝယ်ဖောက်ကားသည့် မွတ်စလင်မဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များကို တန်းတူညီမျှ ဆက်ဆံခဲ့သည့် သမိုင်းလည်း ရှိခဲ့သည်။

    အတိတ်ကိုပြန်ကြည့်လျှင် တမန်တော် မုဟမ္မဒ်သခင်သည် ဂျူးမျိုးနွယ်တစ်ချို့၊ ကိုရိုက်ရှ်မျိုးနွယ်တို့နှင့် ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့သည်။ အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်လာခဲ့သည့်အချိန်မှ အထွပ်အထိပ်သို့ ရောက်ရှိချိန်၊ ‘အစ္စလာမ့်ရွှေခေတ်’ ဟု ခေါ်တွင်သည့် ၈ ရာစုမှ ၁၄ ရာစုကာလတို့ကို လေ့လာကြည့်လျှင် ထိုကာလသည့် အစ္စလာမ့်သမိုင်းတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် သိပ္ပံဆိုင်ရာ တိုးတက်ထွန်းကားဆုံးဖြစ်သည်ကို တွေ့ရမည်။ အခြားဘာသာဝင်များနှင့် စီးပွားဆက်နွယ်သည့် မွတ်စလင်များ၏ အလေ့အထလည်း ပြောင်းလဲမှုမရှိပေ။ ယနေ့ကမ္ဘ္ဘာတွင်လည်း မွတ်စလင်ကမ္ဘ္ဘာသည် မွတ်စလင်မဟုတ်သည့် နိုင်ငံများနှင့် ကုန်သွယ်နေကြသည်။ စီးပွားရေးလုပ်ရာတွင် မည်သည့်မွတ်စလင်နိုင်ငံကမှ အပယ်ခံလိုခြင်း မရှိကြ။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအပါအ၀င် မွတ်စလင်နိုင်ငံများသည့် မွတ်စလင်မဟုတ်သည့်နိုင်ငံများမှ အများအပြား ရယူခံစားနေကြသည်။

    အထက်ပါအချက်များက တရားတော်တွင်တားမြစ်ထားသည့် လုပ်ငန်းများအပ အခြားဘာသာဝင်များနှင့် စီးပွားရေး ဆက်နွယ်ပတ်သက်မှုကို အစ္စလာမ်က လက်ခံသည်ဆိုသည့် အထောက်အထားပင် ဖြစ်သည်။

    တားမြစ်ထားမှုမရှိ

    နိုင်ငံတကာကုန်သွယ်မှုတွင် မွတ်စလင်နိုင်ငံ၊ မွတ်စလင်မဟုတ်သည့်နိုင်ငံ စသဖြင့် မည်သည့်နိုင်ငံနှင့် ကုန်သွယ်သင့်သည်ဆိုသည်ကို ဆုံးဖြတ်ရန်မှာ အစိုးရ၏ အခန်းကဏ္ဍဖြစ်သည်။ နိုင်ငံရေးအကျိုးစီးပွား မျှော်ကိုးသည့် အဖွဲ့များ၏ ကိစ္စမဟုတ်။ တရားတော်နှင့် မကိုက်ညီသည့် ကုန်ပစ္စည်းများကို ပိတ်ပင်ခြင်း၊ အခြားနိုင်ငံများက ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်း တင်သွင်းခွင့်ပိတ်ပင်ခြင်း စသည့်ဆုံးဖြတ်ချက်များသည် အစိုးရအာဏာပိုင်များ၏လက်တွင်သာရှိပြီး သာမန်နိုင်ငံသားများနှင့် မဆိုင်ပေ။ အစိုးရက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မိမိတို့၏ နိုင်ငံရေးအကျိုးစီးပွားအတွက် ထိုကဲ့သို့ သပိတ်မှောက်မှုကို ခွင့်ပြုပေးထားပါက လူမျိုးစုံ ဘာသာစုံရှိသော မိမိတို့တိုင်းပြည်တွင် မလိုလားအပ်သည့် ဆိုးကျိုးများကိုသာ ဖြစ်လာစေမည်ဖြစ်သည်။

    ပြည်တွင်းတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူ စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို မလေးရှားနိုင်ငံသားအများစုက လက်ခံသုံးစွဲကြသည်။ မလေးရှားနိုင်ငံသား လူမျိုးစုံသည် နိုင်ငံအတွင်း ငြိမ်းချမ်းစွာ၊ သဟာဇတဖြစ်စွာ နေထိုင်နေကြပြီး တစ်မိုးအောက်တွင် အလုပ်အတူ တွဲလုပ်ကြသည်။ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများတွင် မိတ်ကောင်းဆွေကောင်းများ ဖြစ်နေကြသည်။ တရားတော်ကတားမြစ်ထားသည့် ပစ္စည်းမျိုး မဟုတ်လျှင် မွတ်စလင်မဟုတ်သူများ ထုတ်လုပ်ရောင်းချသည့် ပစ္စည်းများကို ၀ယ်ယူသုံးစွဲမှုကို တားမြစ်ထားခြင်းမရှိဆိုသည့် သဘောထားမျိုးကို လက်ခံကြပါစို့။ မွတ်စလင်မဟုတ်သူများကလည်း မွတ်စလင်များ ထုတ်လုပ်သည့် ထုတ်ကုန်များကို မ၀ယ်ဘဲ ရှောင်ရှားမှုမျိုး မရှိသင့်ပေ။

    Ref: Freemalaysiatoday

    ( မလေးရှားနိုင်ငံသား Moaz Nair ရေးသားထားပြီး Free Malaysia Today တွင် လွှင့်တင်ထားသည့် ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးသည် မလေးရှားနိုင်ငံတွင် ပြီးခဲ့တစ်ပတ်က ပေါ်ထွက်လာသော ‘မွတ်စလင်ထုတ်ကုန်များကို အရင်ဝယ်ပါ’ ဆိုသည့် လှုပ်ရှားမှုကို သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။)