News @ M-Media

Tag: Islam in South Africa

  • တောင်အာဖရိကစစ်တပ်တွင် မွတ်စလင်စစ်သမီးများကို ပုဝါဆောင်းခွင့်ပြု

    တောင်အာဖရိကစစ်တပ်တွင် မွတ်စလင်စစ်သမီးများကို ပုဝါဆောင်းခွင့်ပြု

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစ္စလာမ်ဘာသာဝင်စစ်သမီးတွေ တာဝန်ချိန်မှာ ပုဝါဆောင်းနိုင်ဖို့အတွက် ယူနီဖောင်းပေါ်လစီကို ပြင်ဆင်ခဲ့တယ်လို့ တောင်အာဖရိကစစ်တပ်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

    ဖာတီမာ အိုက်ဇက်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီး ဗိုလ်မှူးတစ်ဦး တာဝန်ချိန် ပုဝါဆောင်းတဲ့အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက တရားစွဲဆိုခံပြီးတဲ့နောက် အခုလို ပြင်ဆင်ပြောင်းလဲမှု ဖြစ်ပေါ်လာတာပါ။

    စစ်တပ်ရဲ့ ယူနီဖောင်းမူဝါဒမှာ တာဝန်ထမ်းဆောင်စဉ် ပုဝါဆောင်းခွင့်ရှိတယ်လို့ မပါတဲ့အတွက် ဖာတီမာဟာ စစ်ခုံရုံးမှာ စစ်ဆေးခံခဲ့ရပါတယ်။ ဒါပေမယ့် သူမအပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စစ်ခုံရုံးက ရုပ်သိမ်းခဲ့ပြီး နာရွက်မအုပ်စေဘဲ ပုဝါဆောင်းခွင့်လည်း ဖာတီမာကို ပေးခဲ့ပါတယ်။

    ဖာတီမာဟာ ဒီကိစ္စကို တောင်အာဖရိက တန်းတူညီမျှရေးဆိုင်ရာ တရားရုံးကို တင်ပြခဲ့ပြီး၊ တရားရုံးကလည်း စစ်တပ်ရဲ့ ဒီလိုတားဆီးပိတ်ပင်မှုဟာ အခြေခံဥပဒေက အာမခံထားတဲ့ ဘာသာရေးတန်းတူညီမျှမှုကို ဖောက်ဖျက်တာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါ့ကြောင့် စစ်တပ်တာဝန်ရှိသူတွေဟာ ယူနီဖောင်းဆိုင်ရာ သတ်မှတ်ချက်ကို အခုတစ်ပတ်မှာ ပြင်ဆင်ခဲ့ပြီး မွတ်စလင်စစ်သမီးတွေအားလုံး တာဝန်ထမ်းဆောင်ချိန်မှာ အနက်ရောင် တူညီပုဝါ ဆောင်းခွင့်ရှိတယ်လို့ ထည့်သွင်းခဲ့ပါတယ်။

    “ယူနီဖောင်း စည်းမျဉ်းမှာ သတ်မှတ်ထားတဲ့အတိုင်း မွတ်စလင်စစ်သမီးတွေ ပု၀ါဆောင်းနိုင်ဖို့ တောင်အာဖရိကာကွယ်ရေးတပ်ဖွဲ့ရဲ့ တူညီဝတ်စုံဥပဒေကို ထပ်တိုးပြင်ဆင်ခဲ့ပါတယ်” လို့ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဖီ အမ်ဂိုဘိုဇီက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေ ဆံပင်ကို ဖုံးအုပ်တာဟာ ဘာသာရေးဆိုင်ရာ တာဝန်တစ်ခုလို့ အစ္စလာမ်ဘာသာဝင်တွေက မှတ်ယူထားကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တောင်အာဖရိကရှိ သမိုင်းဝင်ဗလီတစ်လုံး မီးလောင်

    တောင်အာဖရိကရှိ သမိုင်းဝင်ဗလီတစ်လုံး မီးလောင်

    ဩဂုတ် ၂၅၊ ၂၀၂၀
    M-Media

    မီးလောင်သွားခဲ့သည့် Grey Street ဗလီ

    -တောင်အာဖရိကနိုင်ငံ ကမ်းရိုးတန်း ဒါဘန်မြို့က သမိုင်းဝင် Grey Street ဗလီဝတ်ကျောင်းတော်မှာ မနေ့က မီးအ​ကြီးအကျယ်လောင်ခဲ့ပါတယ်။

    Grey Street ဗလီဟာ နှစ်ပေါင်း ၁၃၉ နှစ်သက်တမ်းရှိပြီး ကမ္ဘာ့တောင်ဘက်အခြမ်းက အကြီးဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်လုံးလည်း ဖြစ်ပါတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

    တောင်အာဖရိက မွတ်စလင်ကွန်ယက် ဥက္ကဌ ဖိုင်ဆယ် ဆူလိုင်မန်က ဗလီအပေါ်ထပ်မှာရှိတဲ့ ဗလီဝန်ထမ်းတိုက်ခန်းမှာ ဝါယာရှော့ဖြစ်တာကြောင့် မီးလောင်တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။

    မီးသတ်တပ်ဖွဲ့ဟာ ၂ နာရီအတွင်း မီးညှိမ်းနိုင်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး။ မီးလောင်မှုကြောင့် ဗလီဘေးနားက အဆောက်အဦး ၃ ခုလည်း ပျက်ဆီးခဲ့ပါတယ်။

    Grey Street ဗလီဟာ လူပေါင်း ၇ ထောင်လောက် တစ်ပြိုင်တည်းဝတ်ပြုနိုင်ပြီး ဒါဘန်မြို့ရဲ့ အမှတ်သညာ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါတယ်။

    ကမ္ဘာကျော် လူဖြူလူမည်းခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နဲလ်ဆင် မင်ဒဲလား၊ လက်ဝှေ့ကျော် မိုဟာမက် အလီ၊ အစ္စလာမ်ကိုပြောင်းလဲသက်ဝင်ခဲ့တဲ့ ​ဗြိတိသျှနာမည်ကျော်အဆိုတော် ယူစွဖ် အစ္စလာမ်တို့လည်း အဲဒီ ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်ဖူးပါတယ်။

    Ref: Aljazeera

  • တောင်အာဖရိကမှ နာမည်ကျော်မွတ်စလင်တရားဟောဆရာ၏သား လုပ်ကြံခံရ

    တောင်အာဖရိကမှ နာမည်ကျော်မွတ်စလင်တရားဟောဆရာ၏သား လုပ်ကြံခံရ

    ဇန်နဝါရီ ၁၈၊ ၂၀၂၀
    M-Media

    လုပ်ကြံခံရသူ ယူစွဖ် ဒီးဒတ်

    -တောင်အာဖရိကက ကမ္ဘာကျော် မွတ်စလင်တရားဟောဆရာ ရှိခ် အဟ်မဒ် ဒီးဒတ်ရဲ့ သားဖြစ်သူ ယူစွဖ် ဒီးဒတ်ဟာ ဒါဘန်မြို့မှာ သေနတ်နဲ့ပစ်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၆၅ နှစ်အရွယ် ယူစွဖ်ဟာ ဗုဒ္ဓဟူးနေ့က ဇနီးဖြစ်သူနဲ့အတူ မိသားစုတရားရုံးကို သွားရောက်စဉ်မှာ အမည်မသိသူ တစ်ဦးရဲ့ သေနတ်နဲ့ပစ်ခတ်မှုကို ခံခဲ့ရတာပါ။ ဦးခေါင်းမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် သောကြာနေ့မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။

    ယူစွဖ်ဟာ ဒါဘန်မြို့မှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ၊ ပရဟိတသမားတစ်ဦး ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလို လုပ်ကြံခံရလဲဆိုတာ မသိရသေးဘဲ သေနတ်သမားကိုလည်း ဖမ်းမိခြင်း မရှိသေးပါဘူး။ ယူစွဖ်ရဲ့ ဈာပနအခမ်းအနားကို တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။။

    ဒါဘန်မြို့ဆင်ခြေဖုံးက အီမာမ် ဟူစိန်ဗလီရဲ့ ဂေါပကဥက္ကဌ အဇစ် ဒီးဒတ်က ယူစွဖ်ဟာ ဗလီဝတ်ကျောင်းတော်အတွက် လိုအပ်တဲ့အချိန် အမြဲတမ်းကူညီပေးခဲ့သူဖြစ်ပြီး အခုလို ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်း တုန်လှုပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖခင်ဖြစ်သူ အဟ်မဒ် ဒီးဒတ်ဟာ တောင်အာဖရိကက ထင်ရှားတဲ့ မွတ်စလင်တရားဟောဆရာဖြစ်ပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို စိတ်နှစ်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ထင်ရှားကျော်ကြားသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသလို အစ္စလာမ်၊ ခရစ်ယာသာသနာတို့နဲ့ပတ်သက်ပြီး စာအုပ်စာတမ်းပေါင်းများစွာကို ရေးသားခဲ့ပါတယ်။

    အစ္စလာမ်သာသနာကို ကမ္ဘာတစ်ဝှမ်းက နားလည်သဘောပေါက်နိုင်ရေးအတွက် သာသနာပြုစင်တာ Islamic Propagation Centre International တစ်ခုကိုလည်း အဟ်မဒ် ဒီးဒတ်က တည်ထောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • တောင်အာဖရိကမှ ဗလီတစ်လုံး နိုင်ငံ၏ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    တောင်အာဖရိကမှ ဗလီတစ်လုံး နိုင်ငံ၏ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    အောက်တိုဘာ ၁၊ ၂၀၁၉
    M-Media

    အမွေအနှစ်စာရင်းသွင်းခံရသည့် Al-Jaamia Masjid ဗလီ

    – တောင်အာဖရိနိုင်ငံ မြို့တော် ကိပ်တောင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြီးခဲ့တဲ့တစ်ပတ်မှာ သတ်မှတ်ခံလိုက်ရပါတယ်။

    Al-Jaamia Masjid လို့ အမည်တွင်တဲ့ အဲဒီဗလီဟာ ကိပ်တောင်းမြို့ ဆင်ခြေဖုံးက ကလာရာမောင့် ရပ်ကွက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ တောင်အာဖရိက နာမည်ကျော် လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အဘ်ဒူလာ ဟာရွန်က ဒီဗလီကို တည်ထောင်ခဲ့ပြီး၊ ၁၂ နှစ်လောက် ရှေ့ဆောင်အီမာမ်ဖြစ် တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

    ဒီဗလီ သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံရဖို့အတွက် ကိပ်တောင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် တောင်အာဖရိက ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

    “အီမာမ်ဟာရွန်ဟာ ဘာသာရေး သွန်သင်မှုတွေကနေတစ်ဆင့် လူမှုအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲပေးခဲ့ပြီး၊ ဒါ့ကြောင့်ပဲ လူမှုရေးဆိုင်ရာ မညီမျှမှုတွေကို လူတွေက နားလည် သဘောပေါက်လာကြပါတယ်။ အလ်-ဂျာမီယာ ဗလီက သူ့ရဲ့အတန်းတွေမှာ လာတက်သူတွေရဲ့ အတွေးအခေါ်တွေကလည်း ပြောင်းလဲတိုးတက်သွားခဲ့ကြပါတယ်” လို့ တောင်အာဖရိက ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး Anroux Marais က ပြောကြားခဲ့ပါတယ်။

    ဒီဗလီကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်တာဟာ ဒီကနေ့ တောင်အာဖရိကမှာ ရရှိခံစားနေရတဲ့ ဒီမိုကရက်တစ် အသိုက်အ၀န်း ဖြစ်ပေါ်လာအောင် ကူညီပေးခဲ့သူတွေ၊ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သူတွေကို သတိတရ အောက်မေ့ အသိအမှတ်ပြုမှုတစ်ခု ဖြစ်တယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။

    ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ အီမာမ် ဟာရွန်ရဲ့သားဖြစ်သူ မိုဟာမက် ဟာရွန်နဲ့ ဗလီဝတ်ကျောင်းတော် တာဝန်ရှိသူတွ၊ တောင်အာဖရိက အစိုးရတာဝန်ရှိသူတွေက ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။

    အီမာမ် ဟာရွန်

    လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အီမာမ် အလ်ဒူလာ ဟာရွန်

    အီမာမ် အဘ်ဒူလာ ဟာရွန်ဟာ တောင်အာဖရိကရဲ့ လူဖြူ၊ လူမည်း ခွဲခြားမှု တိုက်ဖျက်ရေး သမိုင်းမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး၊ လူဖြူတွေကြီးစိုးတဲ့ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံရစဉ် ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

    တောင်အာဖရိမှာ လူဖြူ၊ လူမည်း ခွဲခြားမှု ကျင့်သုံးနေစဉ်အတွင်း အီမာမ် ဟာရွန်ဟာ ဒီစနစ်ကိုဆန့်ကျင်ဟောပြောမှုကြောင့် ရက်ပေါင်း ၁၂၃ တိတိ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။

    အီမာမ်ဟာရွန် သေဆုံးမှု နှစ် ၅၀ ပြည့်မြောက်တဲ့ အခုနှစ်မှာတော့ သူဖမ်းဆီးခံရတဲ့ မေလ ၂၈ ရက်နေ့ သေဆုံးသွားတဲ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ တောင်အာဖရိက နိုင်ငံတစ်ဝှမ်း ပညာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အားကစားနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဖမ်းဆီးခံရစဉ်အတွင်း အီမာမ် ဟာရွန်တစ်ယောက် နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်ခံရပါတယ်။ ကိပ်တောင်းက ရဲစခန်းမှာ ဆပ်ပြာတုံးနင်းမိကာ လှေကားကနေ ခြေချော်ကျ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် ညှင်းပမ်းသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ အများစုက ယူဆထားကြပါတယ်။

    Ref: iol.co.za

  • တောင်အာဖရိကလွတ်မြောက်ရေး လှုပ်ရှားခဲ့သည့် မွတ်စလင်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    တောင်အာဖရိကလွတ်မြောက်ရေး လှုပ်ရှားခဲ့သည့် မွတ်စလင်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    မတ် ၂၈၊ ၂၀၁၇
    M-Media

    နယ်ဆင်မင်ဒဲလား၏ ဈာပနတွင်တွေ့ရသည့် အဟ်မဒ်

    – တောင်အာဖရိကတွင် လူဖြူ၊ လူမည်း ခွဲခြားမှုအား ဆန့်ကျင်ခဲ့ပြီး နိုင်ငံလွတ်မြောက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ၊ လူဖြူအစိုးရ၏ ရက်စက်မှုများကို ခါးစီးခံခဲ့ရသူ အဟ်မဒ် ကက်သ်ရာဒါမှာ ယနေ့မနက် မနက်ပိုင်းက မြို့တော် ဂျိုဟန်နစ္စဘတ်တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    အသက် ၈၇ နှစ်အရွယ်ရှိ အဟ်မဒ်ကို ယခုလအစောပိုင်းတွင် ဦးနှောက်တွင် သွေးပိတ်ဆို့မှုကြောင့် ဆေးရုံသို့ တင်ခဲ့ရပြီး ထိုရောဂါဖြင့်ပင် ကွယ်လွန်သွားခြင်းဖြစ်သည်။

    အဟ်မဒ်ကို ၁၉၂၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် အိန္ဒိယမှ ရွှေ့ပြောင်းအခြေချသူ မိဘများက တောင်အာဖရိက အနောက်မြောက်ဖက်တွင် မွေးဖွားခဲ့သည်။

    အသက် ၁၇ နှစ်ရွယ်မှာပင် တောင်အာဖရိက လူနည်းစု လူဖြူအသိုင်းအ၀ိုင်းက လူမည်းအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများကို ဆန့်ကျင်ခဲ့ကာ နောင်တွင် နိုင်ငံခေါင်းဆောင်ဖြစ်လာမည့် နယ်ဆင်မင်ဒဲလား၊ အခြား တက်ကြွလှုပ်ရှားသူများနှင့်အတူ ၁၉၆၄ ခုနှစ်တွင် ဖမ်းဆီး တရားစွဲဆိုခြင်း ခံခဲ့ရသည်။

    Rivonia တရားစီရင်မှုဟု ကျော်ကြားသည့် ထိုအဖြစ်အပျက်မှာ တောင်အာဖရိကတွင် လူဖြူအသိုင်းအ၀ိုင်းက ချုပ်ကိုင်ထားသည့် ဆိုးရွားသော တရားရေးစနစ်ကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်လာခဲ့သည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။

    အဟ်မဒ်မှာ ၁၉၆၄ ခုနှစ်တွင် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပြီး ထောင်ထဲတွင် ၂၆ နှစ်နှင့် ၃ လ ကြာမြင့်ခဲ့ကာ အချိန်အများစုကို မင်ဒဲလားနှင့်အတူ နေထိုင်ခဲ့ရသည်။

    လူဖြူလူမည်းခွဲခြားသည့်စနစ် အဆုံးသတ်သွားပြီး အာဖရိကအမျိုးသားကွန်ဂရက်၏ ပထမဆုံးအစိုးရ ပေါ်လာပြီးနောက်ပိုင်း သမ္မတ မင်ဒဲလား၏ လွှတ်တော်ဆိုင်ရာ အကြံပေးအဖြစ် အဟ်မဒ်မှာ ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် နယ်ဆင်မင်ဒဲလား၏ ဈာပနတွင် အဟ်မဒ်မှာ အလွန်ကြေကွဲဖွယ်ကောင်းသည့် မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပြီး မိမိ၏ ညီအစ်ကိုတစ်ယောက် ဆုံးရှုံးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဟ်မဒ်မှာ တောင်အာဖရိကပြည်သူများအကြားတွင် အလွန်လေးစားခံရသူဖြစ်ပြီး၊ ကိုယ်ပိုင် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ကာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး၊ လွတ်လပ်စွာပြောဆိုခွင့် စသည်တို့နှင့်ပတ်သက်၍ အသိပညာပေးမှု လုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။

    Ref: Aljazeera