News @ M-Media

Tag: Islam in Thailand

  • မွတ်စလင်ခရီးသွားများအတွက်  လမ်းညွှန်စာအုပ်ကို ထိုင်းအစိုးရ ထုတ်၀ေ

    မွတ်စလင်ခရီးသွားများအတွက် လမ်းညွှန်စာအုပ်ကို ထိုင်းအစိုးရ ထုတ်၀ေ

    မတ် ၄၊ ၂၀၂၃

    M-Media 


    -ကမ္ဘာတစ်၀ှမ်းက မွတ်စလင်ခရီးသွားတွေ ထိုင်းနိုင်ငံမှာ လွယ်ကူစွာ သွားလာစားသောက်နိုင်ဖို့အတွက် ထိုင်းအစိုးရက ခရီးသွားလမ်းညွှန်စာအုပ်တစ်ခု ထုတ်၀ေလိုက်ပါတယ်။ 

    Muslim Friendly and Gastronomy Tourism Routes လို့ အမည်ပေးထားတဲ့ စာအုပ်ဖြစ်ပြီး ထိုင်းခရီးသွားလာရေး၀န်ကြီးဌာနရဲ့ ၀ဘ်ဆိုက်မှာ အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။ ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားတာပါ။

    ဒီစာအုပ်မှာ ထိုင်းနိုင်ငံက မလေးလူမျိုးဒေသတွေဖြစ်တဲ့ တောင်ပိုင်း ပြည်နယ် ၁၄ ခုကနေ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားက ဘာတန်ကျွန်းအထိ ခရီးသွားလမ်းညွှန်တွေကို ထည့်သွင်းပေးထားတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒနာဒီရက်က ပြောပါတယ်။ 


    စာအုပ်မှာ အပိုင်းနှစ်ပိုင်းပါ၀င်ပြီး တစ်ပိုင်းက ခရီးသွားလမ်းညွှန်နဲ့ နောက်တစ်ပိုင်းက အစားအသောက်လမ်းညွှန် ဖြစ်ပါတယ်။ 

    ခရီးသွားလမ်းညွှန်မှာ မွတ်စလင်တွေ စိတ်၀င်တစား သွားရောက်လည်ပတ်ရမယ့် နေရာတွေကို ဖော်ပြထားပါတယ်။ အစားအသောက်လမ်းညွှန်မှာတော့ ဟာလာလ် အစားအသောက် ရရှိနိုင်မယ့် နေရာတွေ ပါ၀င်ပါတယ်။ 

    ခရီးသွားလမ်းညွှန်ထဲက အချက်အလက်တွေဟာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့အထိ ရရှိထားတာတွေဖြစ်ပြီး သက်ဆိုင်ရာ ၀ဘ်ဆိုက်တွေကိုလည်း စာအုပ်ကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 

    လမ်းညွှန်စာအုပ်ထဲမှာ ရက် ၂၀ ကြာမယ့် ခရီးသွားလမ်းကြောင်းနှစ်ခုကို ဖော်ပြထားပြီး ထိုင်းနိုင်ငံတောင်ပိုင်း Chumphon ပြည်နယ်ကနေ စတင်ကာ အဲဒီမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ 

    ဖူးကတ်၊ ကရာဘီ၊ ဘာတမ်ကျွန်း၊ ပီနန်၊ စင်ကာပူ၊ နာရာသီ၀ပ်၊ ဆွန်ခလာ၊ စတဲ့ ဒေသတွေက နာမည်ကြီး အပန်းဖြေစခန်းတွေ၊ အစားအသောက်ကောင်းတဲ့ နေရာတွေကို လမ်းညွှန်စာအုပ်မှာ ဖော်ပြထားပါတယ်။ 

    မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ကို ၀င်ရောက်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကိုလည်း စာအုပ်ထဲမှာ ထည့်သွင်းပေးထားပါတယ်။ 

    Ref: The Star

  • မွတ်စလင်ပညာရေးစင်တာများကို အစိုးရက ထောက်ပံ့ပေးရန် ထိုင်းတရားရုံးချုပ် ဆုံးဖြတ်

    မွတ်စလင်ပညာရေးစင်တာများကို အစိုးရက ထောက်ပံ့ပေးရန် ထိုင်းတရားရုံးချုပ် ဆုံးဖြတ်

    ဇွန် ၅၊ ၂၀၂၀
    M-Media

    မြို့တော်ဘန်ကောက်မှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    -ဘန်ကောက်မြို့အတွင်းက မွတ်စလင်တွေတည်ထောင်ထားတဲ့ ပညာရေးစင်တာတွေကို အစိုးရက ငွေကြေးထောက်ပံ့ပေးဖို့ ထိုင်း အုပ်ချုပ်ရေးဆိုင်ရာတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

    မွတ်စလင်ပညာရေးစင်တာတွေဟာ ၂၀၁၃ ခုနှစ်ကစလို့ အစိုးရရဲ့ထောက်ပံ့မှုတွေ မရတော့ပါဘူး။ မြို့တော်ဘန်ကောက်မှာ စာသင်ကျောင်းတွေ တော်တော်များများ ဖွင့်လှစ်ထားတဲ့ မွတ်စလင်ဖောင်ဒေးရှင်း Tarbiyatul Foundation က အစိုးရထံကနေ ထောက်ပံ့ကြေး ရရှိဖို့အတွက် ၂၀၁၃ ခုနှစ်မှာ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးချုပ်ကို အသနားခံစာ တင်သွင်းခဲ့ပါတယ်။

    တရားရုံးချုပ်က ဒီကိစ္စနဲ့ပတ်သက်ပြီး မေလ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ အခြေခံပညာကျောင်းတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုကို ရရှိခံစားပိုင်ခွင့်ရှိပြီး ဒီအတွက် ဘန်ကောက်မြို့က မွတ်စလင်ပညာရေးစင်တာအားလုံးကို တစ်လအတွင်း ငွေကြေးထောက်ပံ့ပေးရမယ်လို့ ဒီဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

    ထိုင်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်အများစုဟာ မလေးလူမျိုးတွေဖြစ်ပြီး နိုင်ငံတောင်ပိုင်းက ပြည်နယ် ၄ ခုမှာ အခြေစိုက်နေထိုင်ကြပါတယ်။

    ဒီကနေ့ ထိုင်းပြည်နယ်တွေဖြစ်နေတဲ့ ပတ္တာနီ၊ ယာလာ၊ နာရာသီဝပ်နဲ့ မလေးရှားမြောက်ပိုင်းတွေဟာ ၁၃ ရာစုကတည်းကစလို့ မလေးဘုရင့်နိုင်ငံ (Pattani Kingdom) အဖြစ် တည်ရှိခဲ့တာပါ။ ဒီဒေသတွေကို ထိုင်းဘုရင်တွေက အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့ကြပြီး ၁၇၈၅ ခုနှစ်မှာတော့ လုံး၀ သိမ်းပိုက်နိုင်ခဲ့ကာ ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

    Ref : Bangkokpost

  • ထိုင်းနိုင်ငံမှ နှစ် ၃၀၀ ဗလီ (AD 1634) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၅)

    ထိုင်းနိုင်ငံမှ နှစ် ၃၀၀ ဗလီ (AD 1634) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၅)

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    နှစ် ၃၀၀ ဗလီဝတ်ကျောင်းတော်

    – ‘အလ်ဟူစိန်’ (Al-Hussein) ဗလီဝတ်ကျောင်းတော်လို့ ခေါ်ပြီး ‘နှစ် ၃၀၀’ ဗလီလို့ ကျော်ကြားတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ပြည်နယ်ရဲ့ မြို့တော် နရာသီဝပ်က ဘာချိုခရိုင် တာလိုမာနိုရွာမှာ တည်ရှိပြီး ထိုင်းနိုင်ငံအတွင်းနဲ့ မလေးကျွန်းဆွယ်က ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်တွေထဲမှာ ပါဝင်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ နောက်ထပ် အမည်တစ်မျိုးက ‘တာလို မာနို’ (Talo Mano) ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဗလီကို အခုထက်တိုင် ထိုင်းမွတ်စလင်တွေက အသုံးပြုနေကြပါတယ်။

    သမိုင်းကြောင်း

     

     

    အလ်ဟူစိန် ဗလီဝတ်ကျောင်းတော်ကို လက်ရှိ မလေးရှားနိုင်ငံမြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံက ပတ္တာနီ၊ နရာသီဝပ်နဲ့ ယာလာပြည်နယ်တို့ပါဝင်ပြီး မလေးဆူလ်တန်က အုပ်ချုပ်တဲ့ ပတ္တာနီဘုရင့်နိုင်ငံ ဘုန်းတန်ခိုးအရှိန်အ၀ါကြီးမားတဲ့ ကာလအတွင်း ၁၆၃၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

    ၁၆၂၄ ခုနှစ်မှာ ပတ္တာနီဘုရင့်နိုင်ငံကို ပြောင်းရွှေ့လာတဲ့ အစ္စလာမ့်ဓမ္မပညာရှင် ၀မ် ဟူစိန် အဇ်-ဆာနာဝီ (Wan Husein Az-Sanawi) က ဦးစီးကာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒေသတွင်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေက ကူညီပေးခဲ့ကြတယ်လို့ အဆိုရှိပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်မှာ ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူတစ်ခုနဲ့ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်း စာရွက်စာတမ်းတွေကို ထိန်းသိမ်းထားပါတယ်။

    ဗိသုကာ

    ဗလီအတွင်းပိုင်း

    ဗလီဝတ်ကျောင်းတော်ကို ကံ့ကော်သားနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး အိမ်ရိုက်သံ မပေါ်သေးတဲ့ အဲဒီအချိန်မှာ သစ်သားသပ်တွေကို အသုံးပြုထားပါတယ်။

    အပြင်ပိုင်းကြည့်ရင် ဘုန်းကြီးကျောင်းတစ်ခုနဲ့ ဆင်တူပြီး ဗိသုကာလက်ရာမှာတော့ တရုတ်၊ ထိုင်းနဲ့ မလေး လက်ရာတွေကို ပေါင်းစပ်ထားပါတယ်။

    ဗလီဝတ်ကျောင်းတော်ဟာ အဆောင် ၂ ခုကို ဆက်ထားတာပါ။ ပထမအဆောင်ကို ‘မဟ်ရဘ်’ လို့ခေါ်တွင်ပြီး ၀တ်ပြုဆုတောင်းရာမှာ ဦးဆောင်မယ့် ရှေ့ဆောင်အီမာမ်နေရာ၊ တရားဒေသနာ ဟောကြားတဲ့ တရားဟောစင်မြင့်တစ်ခုတို့ ပါဝင်ပါတယ်။

    ‘ဘာလိုင်း’ လို့ခေါ်တဲ့ ဒုတိယအဆောင်ကတော့ ၀တ်ပြုခန်းမဖြစ်ပြီး ထိုင်း ဗိသုကာလက်ရာ လွှမ်းမိုးတဲ့ အဆောက်အဦးဖြစ်ပါတယ်။

    မဟ်ရဘ်အဆောင်မှာ တရုတ်လက်ရာနဲ့ တည်ဆောက်ထားတဲ့ မင်နာရတ် နိဗ္ဗာန်ဆော် မျှော်စင်တစ်ခု ရှိပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ ကနဦးအမိုးဟာ သက်ကယ်ဖြစ်ပြီး နောက်ပိုင်းမှာ အုပ်ကြွပ်တွေနဲ့ အစားထိုးထားပါတယ်။

    ဗလီတစ်ခုလုံးရဲ့ နံရံတွေမှာ ဂျာဗား၊ တရုတ်နဲ့ ထိုင်းစတိုင် သစ်သားထွင်း ကနုတ်လက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။

    အလ်-ဟူစိန်ဗလီဝတ်ကျောင်းတော်ဟာ ၀တ်ပြုရာနေရာတစ်ခုအပြင် ဒေသတွင်း လူ့အဖွဲ့အစည်းအတွက် လူမှုစင်တာတစ်ခုအဖြစ်လည်း အသုံးတော်ခံနေပါတယ်။

    နိဗ္ဗာန်ဆော်ဗုံ

    တရုတ်ဗိသုကာလက်ရာနှင့် မင်နာရတ်မျှော်စင်

    ဗလီဝတ်ကျောင်းတော်အတွင်းမှာ ‘ဂဒုက်’ (Geduk) လို့ခေါ်တဲ့ ဗုံအပျက်တစ်လုံးလည်း ရှိပါတယ်။ အသံချဲ့စက်တွေမပေါ်ခင်က ၀တ်ပြုချိန် နှိုးဆော်ဖို့အတွက် ဒီဗုံကြီးကို အသုံးပြုခဲ့ပါတယ်။

    သစ်ပင်ပင်စည်ကို ထွင်းထားပြီး တစ်ဖက်ကို ကျွဲသားရေနဲ့ အုပ်ချည်ကာ နောက်တစ်ဖက်ကို ဟောင်းလောင်းပေါက်ထားတဲ့ ဒီဗုံးကို မုအ်ဇင် (နိဗ္ဗာန်ဆော်) က ၀တ်ပြုဖို့ နှိုးဆော်သံ မဟစ်ကြွေးမီ စည်းချက်အနှေးကနေ စည်းချက်အမြန်အထိရောက်အောင် တီးခတ်လေ့ရှိပါတယ်။

    တိတ်ဆိတ်နေတဲ့ မနက်ပိုင်းမှာဆိုရင် ဒီဗုံသံဟာ ဗလီတစ်ဝိုက်က ရွာရဲ့ မိုင်ဝက်လောက်အထိ ကြားနိုင်ပါတယ်။ အခုအချိန်မှာတော့ သားရေဟာ ဆုတ်ပြဲသွားခဲ့ပြီး ဗုံကိုလည်း အမှတ်တရအနေနဲ့ ထိန်းသိမ်းထားပါတယ်။

    သမိုင်းအမွေအနှစ်

    နိုင်ငံရဲ့ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ နှစ် ၃၀၀ ဗလီကြီးကို ပြန်လည် ပြုပြင်မွမ်းမံဖို့၊ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်နိုင်ဖို့နဲ့ ယဉ်ကျေးမှုစင်တာတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပြီး ထိုင်းအစိုးရက ၂၀၁၄ ခုနှစ်မှာ ဘတ် သန်း ၂၀၀ ထောက်ပံ့ခဲ့ပြီး ပြုပြင်ရေးလုပ်ငန်းတွေကို ထိုင်း နယ်စပ် စီမံခန့်ခွဲရေးစင်တာက ဦးစီး ဆောင်ရွက်ခဲ့ပါတယ်။

    Ref : travelogdidi, wiki

     

    တရားဟောစင်မြင့်

    တရုတ်လက်ရာ ကနုတ်ပန်း

     

     

    ဗလီဆောက်လုပ်ခဲ့သည့် ၀မ် ဟူစိန် အဇ်-ဆာနာဝီ၏ အုတ်ဂူ

    သစ်သားထွင်း အာရဘီလက်ရာ

     

  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဖြတ်သန်းခြင်း

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဖြတ်သန်းခြင်း

    ဇွန် ၁၄၊ ၂၀၁၇

    M-Media

    ဘန်ကောက်မြို့ရှိ Alistikhomah ဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ မွတ်စလင်များ ၀တ်ပြုနေပုံ

    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အစ္စလာမ့်စင်တာတစ်ခုမှာ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေဟာ မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ အစ်ဖ်သာရ်ဝါဖြေပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ အစ္စလာမ့်စင်တာကို တည်ထောင်သူတွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပူးပေါင်းကာ နှစ်စဉ်ပြုလုပ်တဲ့ ဒီအခမ်းအနားဟာ ဘန်ကောက်မြို့ Suan Luang ဒေသမှာ နေထိုင်ကြသူတွေအတွက် ရမ်ဇာဉ်ဥပုသ်လ အမှတ်ရစရာလည်း ဖြစ်ပါတယ်။

    အဲဒီအစ္စလာမ့်စင်တာဟာ  Suan Luang ဒေသနဲ့ ဘန်ကောက်မြို့အနီးအနားမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝတ်ပြုတဲ့နေရာ၊ ရမ်ဇာန်လမှာ နေ့စဉ် စုပေါင်း ၀ါဖြေကြတဲ့နေရာပါ။ ရမ်ဇာန်ဥပုသ်လဟာ ဘာသာရေးအရ အရေးပါတဲ့ လမျိုးသာမကဘဲ မိမိတို့ တတ်နိုင်သမျှကို ပတ်ဝန်းကျင်နဲ့အတူ မျှဝေခံစားတဲ့ လ,လည်းဖြစ်ပါတယ်။ Suan Luang ဒေသက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဒီလို မျှဝေမှုတွေထဲက နည်းလမ်းတစ်ခုဟာ သူတို့ရဲ့ အစ်ဖ်သာရ်ဝါဖြေပွဲမှာ အခြားသော ဘာသာဝင်တွေကို မကြာခဏ ပါဝင်စေတာပါ။

    Suan Luang ဒေသဟာ ၁၈ ရာစုနှစ်ကတည်းက ဘာသာစုံလူမျိုးစုံရှိတဲ့ ဒေသတစ်ခုဖြစ်ပြီး မလေး၊ လာအို၊ ခမာ၊ မွန် စသဖြင့် မတူကွဲပြားတဲ့ လူမျိုးတွေ စုပေါင်း နေထိုင်ကြပါတယ်။ ဒီနေ့မှာတော့ ဒီဒေသက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြပါတယ်။

    WAT PAK BO ဘုန်းတော်ကြီးသင် စာသင်ကျောင်း

    WAT PAK BO စာသင်ကျောင်းတွင် ကျောင်းသားများက အလှူငွေ ထည့်ဝင်နေပုံ

    ဖရာခနောင်တူးမြောင်းရဲ့ ကမ်းနဖူးပေါ်မှာ တည်ရှိတဲ့ WAT PAK BO စာသင်ကျောင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။
    Pak Bo ဘုန်းကြီးကျောင်းက ကြီးမှူးဖွင့်လှစ်တဲ့ ဒီစာသင်ကျောင်းရဲ့ လူ့အဖွဲ့အစည်းအပေါ် အလုပ်ကျွေးပြုတဲ့သက်တမ်းဟာ တော်တော်လေး ကြာမြင့်နေပြီဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင်မခွဲခြားဘဲ အားလုံးအတွက် တံခါးဖွင့်ထားတဲ့ကျောင်းလည်း ဖြစ်ပါတယ်။ ကျောင်းသားအရေအတွက်မှာ မွတ်စလင်က နည်းနည်းလောက်သာ ရှိပေမယ့် စာသင်ကျောင်းက ဘုန်းတော်ကြီးတွေ၊ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားအားလုံးကို သာတူညီမျှ ဆက်ဆံပါတယ်။

    ဒီကျောင်းရဲ့ ထူးခြားချက်တစ်ခုက ကျောင်းသားအားလုံးအတွက် ဟာလာလ် အစားအသောက်ကို ပြင်ဆင်ချက်ပြုတ်ပေးတာဖြစ်ပြီး၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ကျောင်းသားအားလုံးဟာ တူညီတဲ့နေ့လယ်စာကို စားသောက်ကြရပါတယ်။

    “အရေအကြီးဆုံးအရာတစ်ခုက ဘုန်းကြီးတို့ဟာ တစ်ယောက်ရဲ့ အခွင့်အရေး၊ ဂုဏ်သိက္ခာကို တစ်ယောက်က အလေးထားတာဖြစ်ပါတယ်။ ဘုန်းကြီးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမကြပါတယ်။ ဒါဟာ ဘုန်းကြီးတို့ အတူတကွ ယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေခံအချက်ပါပဲ” လို့ Wat Pak Bo ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် Prah Kru Worakitjatorn က ပြောကြားခဲ့ ပါတယ်။

    ထိုင်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေဟာ လူနည်းစုဖြစ်ပြီး၊ ဘန်ကောက်က မွတ်စလင်တွေဟာလည်း ရာစုနှစ်နဲ့ချီပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။

    “ညီရင်းအစ်ကို မောင်ရင်းနှမလို နေထိုင်လာတဲ့ကာလ ရှည်ကြာတာကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားမှာ ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမကြပါတယ်” လို့ Suan Luang ခရိုင်မှာ ကြီးပြင်းလာတဲ့ အပီဆက်က ပြောကြားခဲ့ပါတယ်။

    Suan Luang မှာ အရင်နေထိုင်ခဲ့သူ အက်စမတ်က “ထိုင်းနိုင်ငံမှာ ဘုန်းကြီးကျောင်းတွေနဲ့ ဗလီတွေ ဘေးချင်းကပ်ရှိနေတာ မြင်ရမယ်။ နေရာတော်တော်များမှာ ဒီလိုပါပဲ။ ကိုယ့်ဘာသာရေးအလုပ် ကိုယ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် လေးစားကြတာကြောင့် ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီဒေသမှာပဲ နေထိုင်ကြီးပြင်းခဲ့သူ မာနတ်ချိုင်ကလည်း  ထိုင်းနိုင်ငံမှာ ဘယ်လို ဘာသာရေးပြဿနာမှ မရှိဘူးလို့ ဆိုပါတယ်။

    WAT PAK BO စာသင်ကျောင်းတွင် ဟာလာလ်အစားသောက် ချက်ပြုပေးသည့် မီးဖိုဆောင်

    “ထိုင်းမှာ ဘာသာရေးပြဿနာဆိုတာ မရှိသလောက်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အတူနေထိုင်လာခဲ့ကြတာ ကြာပြီလေ။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာ ကျောင်းတက်ရင်း ကြီးပြင်းလာကြတဲ့ မွတ်စလင်ကလေးတွေ ရှိသလို မွတ်စလင်ကျောင်းတွေမှာ သွားတက်တဲ့ ဗုဒ္ဓဘာသာကလေးတွေလည်း ရှိပါတယ်”

    ဘာသာပေါင်းစုံညီညွတ်ရေး ပိုလုပ်ရမယ်

    ပြည်တွင်းနှင့် နိုင်ငံခြားမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များ အမှတ်တရ

    ထိုင်းနိုင်ငံမှာ မွတ်စလင်တွေဟာ သူတို့ရဲ့ ဘာသာတရားကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရခဲ့ပြီး အခြားသော ဘာသာတရားတွေနဲ့ ပြဿနာမရှိသလောက် ဖြစ်ပေမယ့် နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ အစ္စလာမ်ဆန့်ကျင်ရေး သဘောထားတွေက မြင့်တက်လာနေပါတယ်။

    ကမ္ဘာတစ်ဝှမ်း ဘာသာရေးတင်းမာမှုတွေနဲ့ နိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတာကို သတိထားမိလာတဲ့ ထိုင်းမွတ်စလင်တွေဟာ သဟဇာတဖြစ်မှု၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုကို ဆက်လက်ထိန်းသိမ်းသွားဖို့၊ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဘာသာတရားတွေနဲ့ ညီညွတ်ရေး ပိုမိုဆောင်ရွက်ဖို့ စိုင်းပြင်းလာကြပါတယ်။

    “မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ မတူညီတဲ့ဘာသာတရားတွေကြားထဲမှာ ညီညွတ်ရေးဆောင်ရွက်မှု အမြဲတမ်းရှိခဲ့ပါတယ်။ ဒါကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ လိုပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ကွဲပြားနေပေမယ့် ထိုင်းနိုင်ငံသားဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အတူတကွယှဉ်တွဲနေထိုင်မှု တန်ဖိုးတွေ၊ ကျွန်တ်ာတို့အားလုံးရဲ့အမှတ်သညာတွေကို တစ်ချိန်တည်းမှာ ဆက်လက်ထိန်းသိမ်းသွားရပါမယ်” လို အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ထိုင်းမွတ်စလင်ဖိုရမ် (Muslim Siam Forum for Art and Culture) ရဲ့ အကြီးအကဲ ဆွတ်ခရီ ဆာရင်က ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • သာသနာနှင့် အာရပ်ယဉ်ကျေးမှု ကွဲပြားရန် မလေးရှားခေါင်းဆောင်တစ်ဦး တိုက်တွန်း

    သာသနာနှင့် အာရပ်ယဉ်ကျေးမှု ကွဲပြားရန် မလေးရှားခေါင်းဆောင်တစ်ဦး တိုက်တွန်း

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    မလေးရှား ဗလီဝတ်ကျောင်းတော်တစ်ခုမှ မြင်ကွင်း

    – ထိုင်းနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအနေဖြင့် အစ္စလာမ်သာသနာအား လိုက်နာကျင့်သုံးခြင်းနှင့် အာရပ်ယဉ်ကျေးမှုကို မရောထွေးရန် မလေးရှားမှ Global Movement of Moderates Foundation အဖွဲ့၏ စီအီးအို ဒါတွတ် ဒေါက်တာ နာရှာရူဒင် မတ် အီဆာက ပြောကြားလိုက်သည်။

    ချူလာလောင်ကွန်တက္ကသိုလ်တွင် ဧပြီလ ၉ ရက်နေ့က ‘Moderation — Islamic Approach to Face the Global Transition on Asean-Thailand’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် နှီးနှောဖလှယ်ပွဲတွင် နာရှာရူဒင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အာရပ်ဇာတ်အသွင်းခံရမှုမှာ မလေးရှားတွင်သာမကဘဲ ဒေသ
    တွင်း၌ ဖြစ်ပေါ်နေသည့် ကိစ္စဖြစ်သည်ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ဟာ အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးမှု အသက်ဝင်အောင် လုပ်ရပ်မှာဖြစ်ပြီး အာရပ်ယဉ်ကျေးမှု မဟုတ်ပါဘူး” ဟု နှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်းပြောကြားအပြီး Bernama သတင်းဌာနနှင့် တွေ့ဆုံစဉ် ၎င်းက ဖွင့်ဟခဲ့သည်။

    အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ထိုင်းနိုင်ငံမှ ပညာရှင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးသံအမတ်ကြီး ဒါတွတ် နာဇီရဟ် ဟူစိန်နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တန်ဆရီ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်တို့လည်း တက်ရောက်ခဲ့သည်။

    ၂၀၁၅ ခုနှစ်တွင် GMM ၏ စီအီးအိုအဖြစ် ခန့်အပ်ခံခဲ့ရသည့် နာရှာရူဒင်က လူတော်တော်များများမှာ ‘အာရပ်သည် အစ္စလာမ်ဖြစ်သည်။ အစ္စလာမ်သည်လည်း အာရပ်ဖြစ်သည်’ ဆိုသည့် အတွေးဝင်ကာ အာရပ်များကဲ့သို့ ဖြစ်ချင်နေကြသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် မလေးလူမျိုးများမှာ ကြွယ်ဝသော ယဉ်ကျေးမှုရှိသည့် လူမျိုးဖြစ်ပြီး အစ္စလာမ်သာသနာနှင့် ဆန့်ကျင်ခြင်းလည်း မရှိဟု ဆိုသည်။

    “ရှာရက် (အစ္စလာမ့်သွန်သင်မှုတွေ) နဲ့ မဆန့်ကျင်သမျှကာလပတ်လုံး ကိုယ့်ရဲ့ယဉ်ကျေးမှု လိုက်နာကျင့်သုံးတာကို အစ္စလာမ့်မှာ မတားထားပါဘူး”

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရင် ပစ်ဆူဝမ်ကလည်း မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ လက်ရှိတွင် ၎င်းတို့၏ ယဉ်ကျေးမှု၌ အာရပ်ဇာတ်သွင်းခြင်းခံရသည့် ပြဿနာကို ရင်ဆိုင်နေရသသည်ဟု နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။

    Ref: The Malay Mail