News @ M-Media

Tag: Islam In UK

  • လန်ဒန်မှာလုပ်မယ့် ကမ္ဘာ့ ဟာလာလ်အစားအသောက်ပွဲတော်

    လန်ဒန်မှာလုပ်မယ့် ကမ္ဘာ့ ဟာလာလ်အစားအသောက်ပွဲတော်

    စက်တင်ဘာ ၁၆၊ ၂၀၂၃

    M-Media


    – ကမ္ဘာ့အကြီးဆုံး ဟာလာလ် အစားအသောက်ပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အခုလစတုတ္ထပတ်အတွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။ 

    စက်တင်ဘာ ၂၃၊ ၂၄ ရက် Queen Elizabeth Olympic Park မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အခုတစ်ကြိမ်ပါဆို ဒီပွဲတော်ဟာ ၈ ကြိမ်မြောက် ရှိပါပြီ။ 

    အရင်က ‘လန်ဒန်ဟာလာလ်အစားအသောက်ပွဲတော်’ လို့ အမည်ပေးခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ‘ကမ္ဘာ့ ဟာလာလ် အစားအသောက်ပွဲတော်’လို့ ပြောင်းလိုက်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက ထင်ရှားတဲ့ ဟာလာလ်အစားအသောက် လုပ်ငန်းတွေ၊ နာမည်ကျော် စားဖိုမှူးတွေ ဒီပွဲတော်မှာ ပါ၀င်မှာဖြစ်ပါတယ်။ 

    ဗြိတိန်က နာမည်ကျော် စာဖိုမှူးနဲ့ စာရေးဆရာမ နာဒီယာ ဟူစိန်က ပွဲတော်မှာ လက်တွေ့ ချက်ပြုတ်ပြမှာဖြစ်ပါတယ်။ သူမဟာ ဘီဘီစီ တီဗီရဲ့ အစားအသောက်အစီအစဥ်မှာ တင်ဆက်နေသူလည်း ဖြစ်ပါတယ်။ 

    လန်ဒန်ရဲတပ်ဖွဲ့၊ Western Union၊ ဗြိတိန် အစ္စလာမ့်ကုန်သွယ်ရေးအသင်းတို့က မိတ်ဖက်အဖြစ် ဟာလာလ်ပွဲတော်မှာ ပါ၀င်မှာဖြစ်ပြီး Tariq Halal Meats လုပ်ငန်းက အဓိက စပွန်ဆာပေးထားပါတယ်။ 

    “လူ့အဖွဲ့အစည်းအားလုံးက လူတွေ ကမ္ဘာ့စားဖွယ်စုံ လက်ရာတွေကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လာရောက် မြည်းစမ်း ခံစားဖို့အတွက် ကမ္ဘာ့ဟာလာလ်အစားအသောက်ပွဲတော်က အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်” လို့ ပွဲကို စီစဥ်တဲ့ Algebra Festivals အဖွဲ့ မန်းနေဂျင်းဒါရိုက်တာ ၀ါလစ် ဂျာဟန်ဂီရ်က ပြောပါတယ်။ 

    Ref: Arab News 

  • ဗြိတိန်တွင် ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်ရန် အိန္ဒိယအခြေစိုက် အကောင့်တုများက လှုံ့ဆော်ခဲ့

    ဗြိတိန်တွင် ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်ရန် အိန္ဒိယအခြေစိုက် အကောင့်တုများက လှုံ့ဆော်ခဲ့

    နိုင်၀င်ဘာ ၁၈၊ ၂၀၂၂
    M-Media

    -အင်္ဂလန်နိုင်ငံ လက်စတာမြို့မှာ မွတ်စလင်နဲ့ ဟိန္ဒူတွေအကြား လူမျိုးရေးအဓိကရုဏ်း ပိုမိုကြီးထွားလာအောင် အိန္ဒိယအခြေစိုက် ဆိုရှယ်မီဒီယာကွန်ယက်က လုပ်ဆောင်ခဲ့တာကို တွေ့ရကြောင်း သုတေသနအဖွဲ့တစ်ခုက ပြောပါတယ်။

    သြဂုတ်လ ၂၇ ရက်နေ့မှာကစားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ ခရစ်ကတ်ပွဲအပြီး လက်စတာမြို့က ဟိန္ဒူနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။

    အဆောက်အဦးတွေ၊ ကားတွေကို ခဲတွေ၊ တုတ်တွေ၊ လက်လုပ်မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်ဖျက်ဆီးတာမျိုး ရှိခဲ့ပြီး ရဲတပ်ဖွဲ့က အနည်းဆုံး ၄၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    ဒီလို လူ့အဖွဲ့အစည်းနှစ်ခုအကြား အဓိကရုဏ်း ပိုမိုကြီးထွားလာအောင် Twitter မှာ အိန္ဒိယအခြေစိုက် အကောင့်တုတွေက အချိတ်အဆက်နဲ့ လှုံ့ဆော်ပေးခဲ့ကြတယ်လို့ သုတေသနအဖွဲ့ Network Contagion Research Institute က ပြောပါတယ်။

    ဟိန္ဒူအစွန်းရောက်အဖွဲ့ Hindutva နောက်လိုက် ဟိန္ဒူတွေက မွတ်စလင်အမျိုးသားတွေကို တိုက်ခိုက်တဲ့ ဗီဒီယိုကို ပြဿနာဖြစ်မယ့်အချိန်နဲ့ အချိန်ကိုက် ဒီအကောင့်တွေက လွှင့်တင်ခဲ့ပြီး၊ ဗလီတွေ မီးရှို့ခံနေရပြီ၊ မွတ်စလင်တွေ ပြန်ပေးဆွဲခံနေရတယ်ဆိုတဲ့ အရေးသားတွေနဲ့ မွတ်စလင်တွေရဲ့ စိတ်ကို ဆွပေးခဲ့တာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    လက်စတာမြို့တော်၀န် ပီတာ ဆိုလ်စ်ဘီက ဆိုရှယ်မီဒီယာတွေဟာ အဓိကရုဏ်း ပိုမိုကြီးထွားလာစေဖို့ အထောက်အပံ့ဖြစ်ခဲ့ပြီး ဒီလှုံ့ဆော်မှုတွေကြောင့် မြေပြင်မှာ လူတွေဟာ တုတ်တွေ၊ ဓားတွေယူပြီး တိုက်ခိုက်မယ့်အထိ လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောပါတယ်။

    Network Contagion Research Institute အဖွဲ့ဟာ Facebook၊ Youtube၊ Twitter၊ Tiktok စတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံက လက်စတာအဓိကရုဏ်းနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေ၊ ဗီဒီယိုတွေ၊ ရေးသားမှုတွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

    အဲဒီပို့စ်တွေမှာ ‘ဟိန္ဒူ’ စကားလုံးဟာ ‘မွတ်စလင်’ စကားလုံးထက် ၄၀ ရာခိုင်နှုန်း ပိုများခဲ့ပြီး ဟိန္ဒူတွေဟာ ရန်လိုသူတွေ၊ တစ်မ္ဘာလုံးမှာ ကွန်ယက်ချိတ်ဆက်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြံရွယ်နေတယ်ဆိုတဲ့ အရေးအသားတွေလည်း ရှိခဲ့ပါတယ်။

    တော်တော်လေးပြန့်နှံ့သွားပြီး နောက်ပိုင်း Twitter က ဖြုတ်ချလိုက်တဲ့ ကာတွန်းတစ်ခုမှာဆိုရင် မွတ်စလ်လူ့အဖွဲ့အစည်းကို အင်းဆက်တွေအဖြစ် ပုံပေါ်ထားကာ မွတ်စလင်တွေပေါင်းပြီး အိန္ဒိယကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်ဆိုတဲ့ ပုံစံမျိုး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီကာတွန်းကို #HindusUnderAttackInUK (ယူကေမှာ ဟိန္ဒူတွေ အသတ်ခံနေရပြီ) ဆိုတဲ့ ခေါင်းစဥ်နဲ့ ရှယ်ကြတာပါ။

    ပို့စ်တွေကို အလိုအလျောက် ပြန်ရှယ်တဲ့ အကောင့်တွေဟာ အဓိကရုဏ်းဖြစ်နေတဲ့အချိန်အတွင်း Twitter စာမျက်နှာမှာ ပေါ်ပေါက်လာပြီး မွတ်စလင်ဆန့်ကျင်ရေး၊ ဟိန္ဒူဆန့်ကျင်ရေးတွေကို အပြန်အလှန် ရှယ်ကြတာ ဖြစ်ပါတယ်။ ဒီအကောင့်တွေရဲ့ အလိုအလျောက် ပို့စ်မျှ၀ေမှုဟာ တစ်မိနစ်ကို အကြိမ် ၅၀၀ လောက် ရှိတာကို လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP ပါတီ အာဏာရတဲ့ ၂၀၁၄ ခုနှစ်ကစတင်ပြီး အိန္ဒိယမှာ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အမုန်း၀ါဒဖြန့်မှုတွေ၊ တိုက်ခိုက်မှုတွေ မြင့်တက်လာတာပါ။

    လက်စတာ အဓိကရုဏ်းကို သုတေသနလုပ်ခဲ့တဲ့ ပညာရှင်တွေဟာ ယူကေမှာရှိတဲ့ မွတ်စလင်နဲ့ ဟိန္ဒူအသိုင်းအ၀ိုင်းတို့အကြား ပြည်ပက အမျိုးသားရေးအဖွဲ့တွေက အမြတ်ထုတ်လို့ရတဲ့အထိ တင်းမာမှုတွေရှိတာကို ဒီအဖြစ်အပျက်က မီးမောင်းထိုးပြနေတယ်လို့ သတိပေးခဲ့ပါတယ်။

    Ref:The Indian Express

  • လန်ဒန်က မွတ်စလင်မြို့တော်ဝန် ဒုတိယအကြိမ် အရွေးခံရ

    လန်ဒန်က မွတ်စလင်မြို့တော်ဝန် ဒုတိယအကြိမ် အရွေးခံရ

    မေ ၉၊ ၂၀၂၁
    M-Media

    -ယူကေနိုင်ငံ လန်ဒန်မြို့က မွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန်းဟာ ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံလိုက်ရပါတယ်။

    အတိုက်အခံ လေဘာပါတီက ဆာဒစ်ခန်းဟာ ၂၀၁၆ ခုနှစ်က လန်ဒန်မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြောက်ခံခဲ့ရတာပါ။ အခုရွေးကောက်ပွဲမှာ ထောက်ခံမဲအရေအတွက် ၅၅.၂ ရာခိုင်နှုန်း ရခဲ့ပြီး အာဏာရ ကွန်ဆာဗေးတစ်ပါတီက ရှောင်ဘီလီကို ၁၁ ရာခိုင်နှုန်းကျော် အသာနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

    “ကမ္ဘာပေါ်က ထိပ်တန်းမြို့တော်တစ်ခုကို ဆက်လက်ဦးဆောင်ဖို့ လန်ဒန်မြို့သူမြို့သားတွေက ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်” လို့ ဆာဒစ်ခန်းက ပြောကြားခဲ့ပါတယ်။

    လူဦးရေ ၉ သန်းရှိတဲ့ လန်ဒန်မှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဆာဒစ်ခန်းက မဲဆွယ်ခဲ့တာပါ။

    အခုဒုတိယသက်တမ်းမှာ ​မတူညီတဲ့လူ့အဖွဲ့အစည်းတွေအကြား ပေါင်းကူးပေးရေး၊ မြို့တော်ကောင်စီနဲ့ အစိုးရအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်ရေး အာရုံစိုက် ဆောင်ရွက်သွားမယ်လို့လည်း ဆာဒစ်ခန်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ပိုမိုစိမ်းလန်းတဲ့မြို့၊ သာတူညီမျှရှိတဲ့ အနာဂတ်ကို တည်ဆောက်ရာမှာ လန်ဒန်ကို တစ်စိတ်တစ်ပိုင်း ပါစေချင်တယ်”

    ငယ်ငယ်က ရုန်းကန်ကြိုးစားလာခဲ့ရတဲ့ဘဝကို ဘယ်တော့မှ မမေ့ဘူးလို့လည်း အနိုင်ရမိန့်ခွန်းမှာ ခန်းက ပြောကြားခဲ့ပါတယ်။

    “မြို့တော်ကောင်စီကပေးတဲ့အိမ်ယာမှာ ကျွန်တော် ကြီးပြင်းလာရတယ်။ ပြောင်းရွှေ့အခြေချသူတွေက မွေးဖွားလာတဲ့ ကျွန်တော်ဟာ အလုပ်သမားလူတန်းစားက ဖြစ်ပါတယ်။ အခုတော့ ကျွန်တော် လန်ဒန်မြို့တော်ဝန်ဖြစ်နေပါပြီ။ လန်ဒန်သားဆိုတာ အမြဲတမ်း လန်ဒန်သားပါပဲ”

    Ref: Aljazeera

  • လန်ဒန်ဗလီတွင် ယူကေဘုရင်မကြီး၏​သားနှင့်ချွေးမတို့ အီးဒ်နေ့ လုပ်အားပေး

    လန်ဒန်ဗလီတွင် ယူကေဘုရင်မကြီး၏​သားနှင့်ချွေးမတို့ အီးဒ်နေ့ လုပ်အားပေး

    မေ ၂၆၊ ၂၀၂၀
    M-Media

    ရှားဂျဟန်ဗလီရှေ့တွင်တွေ့ရသည့် မင်းသား အဒ်ဝပ်နှင့် ကြင်ယာတော် ဆိုဖီ

    -ဗြိတိန်ဘုရင်မကြီး အလိဇဘက် ၂ ​ရဲ့ အငယ်ဆုံးသားနဲ့ ချွေးမတို့ဟာ လန်ဒန်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဝါကျွတ်အီးဒ်နေ့ အထိမ်းအမှတ် အစားအစာဝေငှရေးအစီအစဉ်မှာ လုပ်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

    မင်းသား အဒ်ဝပ်နဲ့ ကြင်ယာတော် ဆိုဖီတို့ဟာ တနင်္ဂနွေနေ့က လန်ဒန်အနောက်တောင်ပိုင်း ဝုတ်ကင်းရပ်ကွက်မှာရှိတဲ့ ရှားဂျဟန် ဗလီဝတ်ကျောင်းတော်ကို သွားရောက်ခဲ့ကြတာပါ။ ဝါကျွတ်အီးဒ်နေ့အထိမ်းအမှတ် အစားအသောက်ဝေငှရေး ထုတ်ပိုးတဲ့အစီအစဉ်မှာ မင်းသားနဲ့ ကြင်ယာတော်တို့ ပါဝင်လုပ်အားပေးခဲ့ကြပါတယ်။

    ကြင်ယာတော် ဆိုဖီက အခုလို အခက်အခဲဖြစ်နေတဲ့ကာလမှာ ကူညီဖေးမမှုကို တွေ့ရတဲ့အတွက် ပျော်ရွှင်ကြည်နူးမိတယ်လို့​ ဗြိတိန် ​တော်ဝင်မိသားစုရဲ့ Twitter စာမျက်မှာက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    “ဝုတ်ကင်းလူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေဟာ မိတ်ဆွေစိတ်ဓာတ်နဲ့ ဘယ်လိုကူညီဖေးမနေလဲဆိုတာ၊ ဒီလို အကြပ်အတည်းကာလမှာ လူတွေကို ဘယ်လို ကူညီထောက်ပံ့နေလဲဆိုတာကို ကျွန်မတို့ တွေ့မြင်ခဲ့ရတယ်။ ဒီလို အားထုတ်ဆောင်ရွက်မှုတွေအတွက် ကျွန်မတို့ အထူးပင် ကျေးဇူးတင်ရှိပါတယ်”

    မင်းသား အဒ်ဝပ်ကလည်း လူ့အဖွဲ့အစည်းမှာ ကူညီဖေးနေတဲ့လူတိုင်းကို ကျေးဇူးဥပကာရ အထူးတင်ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဗီဒီယိုနောက်ဆုံးမှာ မင်းသားနဲ့ ကြင်ယာတော်တို့ဟာ ပျော်ရွှင်စရာအီးဒ်နေ့မင်္ဂလာ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ်။

    ဝုတ်ကင်းရပ်ကွက်က ရှားဂျဟန်ဗလီဟာ ကိုဗစ်သံသယနဲ့ သီးသန့်စောင့်ကြည့်ခံရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အရင်ကတည်းက အစားအသောက်တွေ ဝေငှလှူဒါန်းခဲ့ပါတယ်။

    Ref: Ib Times

  • ကိုရိုနာတိုက်ဖျက်ရေး နိုင်ရာဝန်ထမ်းနေတဲ့ စကော့တလန်က မွတ်စလင်ဇနီးမောင်နှံ

    ကိုရိုနာတိုက်ဖျက်ရေး နိုင်ရာဝန်ထမ်းနေတဲ့ စကော့တလန်က မွတ်စလင်ဇနီးမောင်နှံ

    စကော့တန်လန်နိုင်ငံ အလယ်ပိုင်းမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ မွတ်စလင်ဇနီးမှောင်နှံဟာ ကိုရိုနာတိုက်ဖျက်ရေး လုပ်ငန်းမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေပြီး ဒေသခံပြုသူတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိနေပါတယ်။