News @ M-Media

Tag: Islam in US

  • စော်ကားသူကို မေတ္တာဖြင့်တုန့်ပြန်လိုက်တဲ့ အမေရိကန်က အလ်-စလာမ်ဗလီ

    စော်ကားသူကို မေတ္တာဖြင့်တုန့်ပြန်လိုက်တဲ့ အမေရိကန်က အလ်-စလာမ်ဗလီ

    ဇန်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု အာရ်ကန်းနက်စ်ပြည်နယ် ဖို့သ်စမစ်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကို လာရောက်စော်ကားသူကို ဒေသတွင်း မွတ်စလင်လူ့အဖွဲ့အစည်းက ခွင့်လွှတ်ကျေအေးပေးခဲ့ပြီး သူ့ရဲ့ အကြွေးတွေကိုလည်း ဆပ်ပေးခဲ့ပါတယ်။

    “ဒီအရိပ်မည်းကြီးက သူ့ဘ၀တစ်လျှောက်လုံး လိုက်နေတာမျိုး မဖြစ်သင့်ပါဘူး” လို့ တိုက်ခိုက်ခံရတဲ့ ဗလီဝတ်ကျောင်းရဲ့ ဥက္ကဌ အလ် စလာမ် လူအေ နာဆရီက ပြောကြားခဲ့ပါတယ်။

    ဖို့သ်စမစ်မြို့က မတ်စ်ဂျစ် အလ် ဆလာမ်ဗလီကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အေဘရာဟမ် ဒေးဗစ်ဆိုသူက ညဘက် လာရောက်ကာ နံရံမှာ နာဇီတံဆိပ်နဲ့ စော်ကားတဲ့စကားလုံးတွေကို စပရေးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ဗလီဝတ်ကျောင်းတော်ရဲ့ လုံခြုံရေးကင်မရာကနေတစ်ဆင့် ဒေးဗစ်ကို ဖမ်းမိခဲ့ပြီး စွဲချက်တင်ခံခဲ့ရပါတယ်။

    “ဒီလူဟာ မကောင်းတာလုပ်ခဲ့ပြီး သူ့ရဲ့ လုပ်ရပ်တွေအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဘယ်သူ့အပေါ်ကိုမှ ကျွန်တော်တို့ မကောင်းတဲ့စိတ် မထားပါဘူး” လို့ နာဆရီက ဆိုပါတယ်။

    တရားရုံးက ဒေးဗစ်ကို လှုမှုရေးလုပ်ဖို့နဲ့ ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ဒဏ်ငွေပမာဏ များပြားတာကြောင့် ဒေးဗစ်တစ်ယောက် ပေးဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။

    ဒါ့ကြာင့် မတ်စ်ဂျစ်ဒ် အလ် ဆလာမ်ဗလီ ဥက္ကဌ နာဆရီက ဗလီပြင်ဖို့ ကောက်ခံရရှိထားတဲ့ အလှူငွေကနေ ဒဏ်ငွေကို စိုက်ထုတ်ပေးခဲ့ပါတယ်။

    “သူမှာ ငွေရေးကြေးရေး အခက်အခဲရှိတယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ ဒဏ်ငွေမပေးနိုင်ရင် ထောင် ၆ နှစ်ကျမှာပါ။ သူ ထောင်ထဲမှာ ၆ နှစ်နေရမှာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ အဲဒီနောက် (ငွေကြေးစိုက်ထုတ်ပေးပြီးနောက်) အားလုံး အဆင်ပြေသွားပါတယ်။ သူ ကြပ်ကြပ်တည်းတည်းနဲ့ နေထိုင်ရတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ပြောခဲ့သလိုပဲ သူ့ကို ပိုကောင်းတဲ့ အနာဂတ် ရစေချင်ပါတယ်” လို့ နာဆရီက ဆိုပါတယ်။

    ဒီလိုလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ထင်ကြောင်း၊ လူတစ်ယောက်က အမှားလုပ်ပြီးလို့ မှားကြောင်းဝန်ခံမယ်ဆိုရင် မိမိတို့က ခွင့်လွှတ်ရမှာဖြစ်ကြောင်းကိုလည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “(ဗလီနာမည်) အလ်-ဆလာမ်ဆိုတာဟာ ငြိမ်းချမ်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအနှစ်သာရကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ကျွန်တော်တို့အကြောင်း သိလာမယ်ဆိုရင် ဒါမျိုးတွေ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အပေါ် ဘယ်လိုပဲ မကျေမနပ်ဖြစ်ပါစေ၊ ကျွန်တော်တို့ သူ့ကို ကူညီဖို့ ကြိုးစားသွားမှာပါ။ ထိတွေ့ဆက်ဆံမှုဆိုတာ အရေးကြီးတယ်၊ ပညာရေးကလည်း အရေးကြီးပါတယ်”

    Ref: Arkanas Matters

  • ဗလီကို ၀င်ရောက်ဖျက်ဆီးပြီး ၀က်သားချသွားသူကို အမေရိကန်က ထောင် ၁၅ နှစ်ချ

    ဗလီကို ၀င်ရောက်ဖျက်ဆီးပြီး ၀က်သားချသွားသူကို အမေရိကန်က ထောင် ၁၅ နှစ်ချ

    ဒီဇင်ဘာ ၇၊ ၂၀၁၇
    M-Media

    အသက် ၃၇ နှစ်အရွယ် မီခေးလ် ၀ုလ်ဖီဆိုသူဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက တီတွတ်စ်ဗီလီရှိ မတ်စ်ဂျစ်ဒ် အလ်-မူနင် ဗလီဝတ်ကျောင်းတော်အား ဖျက်ဆီးဝင်ရောက်ကာ ၀က်သားအများအပြားကို ထားခဲ့မှုကြောင့် အမုန်းရာဇ၀တ်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရသည်။

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးအား ၀င်ရောက်ဖျက်ဆီးခဲ့သူကို တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်ဟု ပြည်နယ်ရှေ့နေချုပ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အသက် ၃၇ နှစ်အရွယ် မီခေးလ် ၀ုလ်ဖီဆိုသူဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက တီတွတ်စ်ဗီလီရှိ မတ်စ်ဂျစ်ဒ် အလ်-မူနင် ဗလီဝတ်ကျောင်းတော်အား ဖျက်ဆီးဝင်ရောက်ကာ ၀က်သားအများအပြားကို ထားခဲ့မှုကြောင့် အမုန်းရာဇ၀တ်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရသည်။

    ပြစ်မှုကျူးလွန်သည့်အချိန်တွင် ဓားရှည်ကိုင်ထာသော ၀ုလ်ဖီမှာ အဆိုပါဓားဖြင့် ဗလီအတွင်း မီးချောင်းများကို ဖျက်ဆီးခြင်း၊ ပြတင်းပေါက်များကို ရိုက်ခွဲခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။

    ကြားနာစစ်ဆေးမှုအတွင်း ၀ုလ်ဖီက ၎င်းအနေဖြင့် အမုန်းကြောင့် ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အင်္ဂါနေ့က ၀န်ခံခဲ့သည်။

    ရာဇ၀တ်မှုများကို ပုံမှန်ကျူးလွန်လေ့ရှိသည့် ၀ုလ်ဖီမှာ ဗလီဝတ်ဖျက်ဆီးမှုဖြင့် တရားစွဲဆိုခံနေရစဉ်အတွင်း ဓားပြမှုဖြင့် ထပ်မံ စွဲချက်တင်ခံခဲ့ရသည်။

    Ref: USA Today

  • သားကိုသတ်သူကို ခွင့်လွှတ်ကျေအေးပေးတဲ့ ကန်တာတီက မွတ်စလင်ဖခင် (မြန်မာစာတမ်းထိုး)

    သားကိုသတ်သူကို ခွင့်လွှတ်ကျေအေးပေးတဲ့ ကန်တာတီက မွတ်စလင်ဖခင် (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၉၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ကန်တာကီမြို့က မွတ်စလင်ဖခင်တစ်ဦးဟာ သူ့ရဲ့သားကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို ခွင့်လွှတ်ကျေအေးကြောင်း တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အသက် ၂၂ နှစ်အရွယ် တက္ကဆီယာဉ်မောင်း ဆလာဟွဒ်ဒင် ဂျစ်တ်မူဒ် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် ထရေး အလက်ဇန်းဒါး ရဲလ်ဖို့ဒ်က ကျူးလွန်ကြောင်း ပြီးခဲ့တဲ့လမှာ ၀န်ခံခဲ့ပြီးတဲ့နောက် တရားရုံးက အခုတစ်ပတ်မှာ ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခဲ့ပါတယ်။

    တရားလိုကြေငြာချက်ထုတ်ပြန်တဲ့အခါမှာ ဆလာဟွဒ်ဒင်ရဲ့ ဖခင် အဘ်ဒူလ်-မုအ်မင်က သားဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ ထရေးကို ခွင့်လွှတ်ကြောင်း၊ ဒီလိုဖြစ်အောင် တွန်းအားပေးခဲ့တဲ့ စိတ်ရိုင်းကိုသာ အပြစ်တင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ခွင့်လွှတ်ကြေအေးပေးတယ်ဆိုတာ အကြီးမားဆုံးလက်ဆောင်ဖြစ်ပြီး။ ဒါဟာ ဒါနပြုမှုတစ်ခုဖြစ်တယ်လို့ အစ္စလာမ်က သွန်သင်ပါတယ်” လို့ အဘ်ဒူလ်-မုအ်မင်က ဆိုပါတယ်။

    သူ့ရဲ့ ဒီလိုတုန့်ပြန်မှုကို တရားရုံးတစ်ခုလုံးက အံ့သြမှင်သက်ခဲ့ကြပြီး ကြေငြာချက်အဆုံးမှာတော့ အားလုံးက ငိုကြွေးခဲ့ကြပါတယ်။

    အလ်ဒူလ်-မုအ်မင်ဟာ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်ပါတယ်။

    Ref : ilmfeed

  • မက်ဟက်တန်တွင် အကြမ်းဖက်မှုဖြစ်ပြီးနောက် နယူးယောက်ရှိ ဗလီတစ်ချို့ ဖုန်းဆက်ခြိမ်းခြောက်ခံရ

    မက်ဟက်တန်တွင် အကြမ်းဖက်မှုဖြစ်ပြီးနောက် နယူးယောက်ရှိ ဗလီတစ်ချို့ ဖုန်းဆက်ခြိမ်းခြောက်ခံရ

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော်

    – အခုတစ်ပတ် နယူးယောက်မြို့ လိုးဝါးမတ်ဟက်တန်ရပ်ကွက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ကျူးလွန်သူ သွားရောက်လေ့ရှိတဲ့ ဗလီဝတ်ကျောင်းတော်ကို ဖုန်းဆက်ခြိမ်းခြောက်မှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။

    အင်္ဂါနေ့က ဥဇဘက်နွယ်ဖွား ဆိုက်ဖလို ဆိုင်ပေါ့ဗ်ဟာ စက်ဘီးလမ်းမှာ စက်ဘီးစီးတဲ့သူတွေ လမ်းလျှောက်နေတဲ့သူတွေကို ပစ်ကတ်ကားနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နောက်ပိုင်း ဆိုင်ပေါ့ဗ်နေထိုင်တဲ့ ပတ္တာဆန်မြို့က ဗလီကို ဖုန်းဆက်ခြိမ်းခြောက်တာမျိုးတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဒီသတင်းတွေကို အတည်ပြုခဲ့ပါတယ်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ နယူးဂျာဆီဌာနခွဲက ဒီလိုခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူ အပြစ်ပေးတာတွေလုပ်ဖို့ အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆိုပ်ပေါ့ဗ်သွားလေ့ရှိတဲ့ ပတ္တာဆန်က မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော် ဥက္ကဌ အိုမာရ်အ၀ဒ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းကစလို့ အနည်းဆုံး ၈ ကြိမ်လောက် ဖုန်းဆက်ခြိမ်းခြောက်ခံခဲ့ရပြီး၊ ဆဲရေးတိုင်းထွာတာ၊ ဗလီဝတ်ကျောင်းတော်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာ၊ သတ်ပစ်မယ်လို့ ပြောတာမျိုးတွေ လုပ်ခံရတယ်လို့ ဆိုပါတယ်။

    အဲဒီလို ခြိမ်းခြောက်မှုတွေကို ပတ္တာဆန် ရဲစခန်းနဲ့ အမိမြေ လုံခြုံရေးဌာနကို တိုင်ကြားထားတယ်လို့လည်း သူက ဆိုပါတယ်။

    “အရင်ကလည်း ဒီလိုခြိမ်းခြောက်မှုမျိုးတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ်တော့ ဘာမှမဖြစ်ပါဘူး။ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ ကောလဟာလတွေက ကျွန်တော်တို့အပေါ် ရိုက်ခတ်နေတာပါ” လို့ အ၀ဒ်က ပြောကြားခဲ့ပါတယ်။

    Ref: New York Post