News @ M-Media

မက်ဟက်တန်တွင် အကြမ်းဖက်မှုဖြစ်ပြီးနောက် နယူးယောက်ရှိ ဗလီတစ်ချို့ ဖုန်းဆက်ခြိမ်းခြောက်ခံရ

နိုဝင်ဘာ ၄၊ ၂၀၁၇
M-Media

မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော်

– အခုတစ်ပတ် နယူးယောက်မြို့ လိုးဝါးမတ်ဟက်တန်ရပ်ကွက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ကျူးလွန်သူ သွားရောက်လေ့ရှိတဲ့ ဗလီဝတ်ကျောင်းတော်ကို ဖုန်းဆက်ခြိမ်းခြောက်မှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။

အင်္ဂါနေ့က ဥဇဘက်နွယ်ဖွား ဆိုက်ဖလို ဆိုင်ပေါ့ဗ်ဟာ စက်ဘီးလမ်းမှာ စက်ဘီးစီးတဲ့သူတွေ လမ်းလျှောက်နေတဲ့သူတွေကို ပစ်ကတ်ကားနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်း ဆိုင်ပေါ့ဗ်နေထိုင်တဲ့ ပတ္တာဆန်မြို့က ဗလီကို ဖုန်းဆက်ခြိမ်းခြောက်တာမျိုးတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဒီသတင်းတွေကို အတည်ပြုခဲ့ပါတယ်။

အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ နယူးဂျာဆီဌာနခွဲက ဒီလိုခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူ အပြစ်ပေးတာတွေလုပ်ဖို့ အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဆိုပ်ပေါ့ဗ်သွားလေ့ရှိတဲ့ ပတ္တာဆန်က မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော် ဥက္ကဌ အိုမာရ်အ၀ဒ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းကစလို့ အနည်းဆုံး ၈ ကြိမ်လောက် ဖုန်းဆက်ခြိမ်းခြောက်ခံခဲ့ရပြီး၊ ဆဲရေးတိုင်းထွာတာ၊ ဗလီဝတ်ကျောင်းတော်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာ၊ သတ်ပစ်မယ်လို့ ပြောတာမျိုးတွေ လုပ်ခံရတယ်လို့ ဆိုပါတယ်။

အဲဒီလို ခြိမ်းခြောက်မှုတွေကို ပတ္တာဆန် ရဲစခန်းနဲ့ အမိမြေ လုံခြုံရေးဌာနကို တိုင်ကြားထားတယ်လို့လည်း သူက ဆိုပါတယ်။

“အရင်ကလည်း ဒီလိုခြိမ်းခြောက်မှုမျိုးတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ်တော့ ဘာမှမဖြစ်ပါဘူး။ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ ကောလဟာလတွေက ကျွန်တော်တို့အပေါ် ရိုက်ခတ်နေတာပါ” လို့ အ၀ဒ်က ပြောကြားခဲ့ပါတယ်။

Ref: New York Post