News @ M-Media

Tag: IslamInWorld

  • မက္ကဆီကို နှင့် အစ္စလာမ်သာသနာ

    မက္ကဆီကို နှင့် အစ္စလာမ်သာသနာ

    ဧပြီ ၁၄ ၊ ၂၀၁၅
    M-Media
    လေးမောင် ရှာဖွေတင်ဆက်သည်။
    MexicoWorldMap
    ၁၅ ရာစုမှာ စပိန်လူမျိုးတွေက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး တဲ့နောက်ပိုင်းမှာ မြောက် အာဖရိကနဲ့ အနောက်အာဖရိကက ကျွန်ရောင်း ကျွန်ဝယ်စနစ်နဲ့ အတူ အစ္စလာမ် သာသနာဟာလည်း အမေရိကတိုက်ကို စတင်ရောက်ရှိ လာခဲ့ပါတယ်။ ဒါပေမယ့် စပိန်ကိုလိုနီလက်ထက် တင်းကျပ်လှတဲ့ ခရစ်ယာန် ဘာသာရေး ဥပဒေအောက်မှာ အခြားဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ ညှင်းပန်းသတ်ဖြတ်တာကို အစ္စလာမ် ဘာသာဝင်တွေလည်း ခံစားခဲ့ရပြီး နေရပ် စွန့်ခွာခဲ့ရတာကြောင့် အမေရိကတိုက် နိုင်ငံတွေမှာ အစ္စလာမ် သာသနာဟာ မှေးမှိန်ခဲ့ရပါတယ်။

    ၁၈၅၀ ခုနှစ်နဲ့ ၁၈၆၀ ခုနှစ်တွေမှာ အာရပ် လူမျိုးတွေ အမေရိကတိုက်ဖက်ကို အုံနဲ့ကျင်းနဲ့ ပြောင်းရွှေ့ အခြေချလာတာ၊ ၁၆ ရာစုအဆုံးမှာ ကျွန်စနစ်ပျက်သုဉ်းခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန်က လူတွေ ပြောင်းရွှေ့ အခြေချလာခဲ့တာကြောင့် အစ္စလာမ် သာသနာဟာလည်း သူတို့နဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ အဲဒီအချိန်ကစလို့ အစ္စလာမ်သာသနာဟာ အမေရိကတိုက်မှာ တစ်စတစ်စတိုးပွားလာခဲ့ပြီး အခုအချိန်မှာ အာရဗ်နဲ့ ဌာနေ လူမျိုးတွေအပါအ၀င် အစ္စလာမ် ဘာသာကို သက်ဝင် ယုံကြည်သူတွေဟာ အမေရိကတိုက်မှာ ၄ သန်းရှိလာခဲ့ပြီလို့ စစ်တမ်းများကဆိုပါတယ်။

    မက္ကဆီကိုမှ အစ္စလာမ်သာသနာ

    အစ္စလာမ်သာသနာ မက္ကဆီကို ရောက်ရှိလာတဲ့ မူလဘူတနဲ့ပတ်သက်ပြီး သိပ်မသိရပေမယ့် ခရစ်ယာန်သာသနာနည်းတူ စပိန်ကိုလိုနီလက်ထက်မှာ စတင်ရောက်ရှိလာခဲ့တယ်ဆိုတာကိုတော့ သမိုင်းပညာရှင်တွေအားလုံးက လက်ခံထားကြပါတယ်။

    နောက်ပိုင်းမှာ ဆီးရီးယား၊ လက်ဘနွန်၊ အီဂျစ်၊ အီရန် လို အရှေ့အလယ်ပိုင်းက ပြောင်းရွှေ့ အခြေချနေထိုင်သူတွေကြောင့် အစ္စလာမ်ဘာသာဝင် ဦးရေ တိုးလာခဲ့ရပြီး ၂၀၁၀ ခုနှစ် အစိုးရက ကောက်ခဲ့တဲ့ စစ်တမ်းအရ မက္ကဆီကိုမှာ အစ္စလာမ်ဘာသာဝင် တစ်သောင်း နီးပါးလောက် ရှိတယ်လို့ ဆိုပေမယ့် ကမ္ဘာ့နိုင်ငံ အသီးသီးက ဘာသာ အယူဝါရေးရာတွေကို လေ့လာနေတဲ့ ၀ါရှင်တန်အခြေစိုက် Pew Forum အဖွဲ့ကတော့ မက္ကဆီကိုမှာ အစ္စလာမ်ဘာသာဝင် ဦးရေ ၁၁၀၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။ အများစုကတော့ စွန်နီတွေဖြစ်ကြပြီး ရှီယာနဲ့ စလဖီအုပ်စု အနည်းငယ်လည်း ရှိပါတယ်။

    မက္ကဆီကိုစီးတီး

    မြို့တော်ဖြစ်တဲ့ မက္ကဆီကို စီးတီးမှာ အစ္စလာမ် ဘာသာဝင်ဦးရေ အများဆုံးဖြစ်ပြီး အစိုးရရဲ့ ထုတ်ပြန်ချက်အရ ခန့်မှန်းချေ  ၄ ထောင် နီးပါလောက်ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေက အစ္စလာမ် ဘာသာရေးဆိုင်ရာ ၀တ်ပြုမှုတွေကို အီရန်သံရုံး၊ ပါကစ္စတန် သံရုံးတို့မှာ သွားရောက်ပြုလုပ်ခဲ့ရပေမယ့် ၁၉၉၅ ခုနှစ်မှာ CCIM အဖွဲ့ ပေါ်ပေါက်လာမှုနဲ့ အတူ မက္ကဆီကိုစီးတီမှာ ဗလီဝတ်ကျောင်းတော်များ ပေါ်ပေါက်လာခဲ့ပြီး ဟာလာလ် စားသောက်ဆိုင်တွေလည်း အတော် များများ ဖွင့်လှစ်ခဲ့ကြပါတယ်။

    မိုရီလို့စ်ပြည်နယ်က တီကွီစ်ကွီတန်ဂိုမြို့၊ ချီယာပက်စ်ပြည်နယ်က  ဆန်ခရစ္စတိုဘဲလ် ဒီ လက်စ် ကာဆက်မြို့၊ ကိုအာဟီလာပြည်နယ်က တိုရီယွန်မြို့တွေမှာလည်း မွတ်စလင် လူအဖွဲ့အစည်းတွေ သတ်သတ်မှတ်မှတ် ရှိကြပြီး နိုင်ငံရဲ့ အခြားဒေသတွေမှာလည်း အစ္စလာမ်ဘာသာဝင်တွေဟာ ပြန့်ကျဲနေထိုင်ကြပါတယ်။

    Mezquita_soraya

    ချီယာပက်စ်ပြည်နယ်မှ တိုင်းရင်းမွတ်စလင်များ

    နိုင်ငံတောင်ဘက်စွန်းစွန်းက ဒီပြည်နယ်ဟာ တိုင်းရင်းသား ဌာနေလူမျိုးတွေ အစ္စလာမ်ကို အများဆုံး ပြောင်းလဲ သက်ဝင် ယုံကြည်လာကြတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ဒီပြည်နယ်မှာ စပိန်လူမျိုး မွတ်စလင် အသိုင်းအ၀ိုင်းဖြစ်တဲ့ `မူရာဘီတန်´ အသိုင်းအ၀ိုင်း တစ်ခု ရှိပါတယ်။  ဒီအသိုင်းအ၀ိုင်းဟာ စပိန်နိုင်ငံ ဂရာနာဒါ ဒေသအခြေစိုက် အစ္စလာမ့်ရေးရာ အဖွဲ့ဖြစ်တဲ့ Comunidad Islámica en España နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိပြီး အစ္စလာမ်ကိုပြောင်းလဲ သက်ဝင်လာတဲ့ စပိန်လူမျိုး မိုဟာမက်နာဖီယာက အဲဒီဒေသက အစ္စလာမ့်ရေးရာအဖွဲ့ဖြစ်တဲ့ Comunidad Islámica en México အဖွဲ့ကို ဦးဆောင်ပါတယ်။

    နာဖီယာဦးဆောင်တဲ့ ဒီအဖွဲ့ရဲ့ စွမ်းစွမ်းတမံ သာသနာပြုမှုကြောင့် အဲဒီဒေသက ဌာနေတိုင်းရင်းသား မာယန်လူမျိုးတွေနဲ့ တီဇွတ်ဇီလ်လူမျိုးတွေဟာလည်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာကြပါတယ်။ မာယန်တွေဟာ အစ္စလာမ့်ရေးရာ ၀တ်ပြုဆောက်တည်မှုတွေကို အလွယ်တကူလုပ်နိုင်ဖို့အတွက် ဆန်ခရစ္စတိုဘဲလ် ဒီလက်စ် ကာဆက်မြို့မှာ အလ်-ကောက်စရ်အမည်နဲ့ ဗလီဝတ်ကျောင်းတော် တစ်လုံးကို ဆောက်လုပ်ခဲ့ပါတယ်။ ဒီဗလီမှာ ငါးကြိမ်ဆွလာသ်နဲ့ ဂျူမုအဟ် ဆွလာသ်တို့ကို ၀တ်ပြုနိုင်ပြီး အမျိုးသမီးတွေ ၀တ်ပြုဖို့ သီးသန့်အဆောင်တစ်ခုကိုလည်း လုပ်ပေးထားပါတယ်။ မက္ကဆီကို တစ်နိုင်ငံလုံးနည်းတူ ချီယာပက်စ်ဒေသမှာလည်း အစ္စလာမ်ဘာသာကို ပြောင်းလဲ သက်ဝင်ယုံကြည်သူ အရေအတွက်ဟာ တိုးတက်လျက် ရှိနေပါတယ်။

    Dar_as_salam

    အဖွဲ့အစည်းများ

    မက္ကဆီကိုမှာ အစ္စလာမ့်ရေးရာအဖွဲ့တွေ အများအပြားရှိကြပြီး ယနေ့ခေတ် မက္ကဆီကိုမှာ အစ္စလာမ် သာသနာကို ပြောင်းလဲ သက်ဝင် ယုံကြည်သူ အရေအတွက် အလျင်အမြန် မြင့်တက် လာတာဟာ ဒီအဖွဲ့အစည်းတွေရဲ့  စွမ်းစွမ်းတမံ ဆောင်ရွက် မှုကြောင့်ပဲဖြစ်ပါတယ်။
    Tequesquitengo2010 046
    ဗြိတိန်မှာမွေးဖွားတဲ့ မက္ကဆီ ကို နွယ်ဖွားဖြစ်ပြီး ၁၉၈၈ ခုနှစ်က အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာခဲ့တဲ့ အိုမာ ၀က်စ်တန် တည်ထောင်ထားတဲ့ Cultural Islámico de México (CCIM) (မက္ကဆီကိုအစ္စလာမ့်ယဉ်ကျေးမှုစင်တာ) အဖွဲ့ဟာ မက္ကဆီကိုက အတက်ကြွဆုံး အစ္စလာမ်အဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ သာသနာပြုလုပ်ငန်းကစလို့ လူမှုရေးလုပ်ငန်း အဆုံး ဆောင်ရွက်နေတဲ့ အဖွဲ့ တစ်ခုလည်းဖြစ်ပါတယ်။ ၀က်စ်တန်ဟာ မဒီနာမြို့က အစ္စလာမ့်တက္ကသိုလ်တစ်ခုမှာ အစ္စလာမ့်ရေးရာနဲ့ ပတ်သက်ပြီး ဘွဲ့ရထားသူလည်း ဖြစ်ပါတယ်။

    ၁၉၉၅ ခုနှစ် မြို့တော် မက္ကဆီကိုစီးတီးမှာ ဖွဲ့စည်းခဲ့ပြီးနောက် CCIM ဟာ အစ္စလာမ့်ရေးရာ ကိစ္စရပ်တွေကို ဘက်စုံထောင့်စုံအောင် အားကြိုး မာန်တက်ဆောင်ရွက်ခဲ့ပါတယ်။ ၀တ်ပြုမှုတွေကို ဦးဆောင်ပြုလုပ်တာ၊ အစ္စလာမ့်စာပေတွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေတာ၊ မြို့တကာ နယ်တကာလှည့်ပြီး အစ္စလာမ့်အကြောင်း ဟောပြောတင်ပြတာ၊ မက္ကဆီကို တီဗီအစီအစဉ်တွေကနေ တစ်ဆင့် အစ္စလာမ့်ရေးရာအကြောင်းအရာတွေကို ထုတ်လွှင့် တင်ဆက်ပေးတာ စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးပြီး ဒီအဖွဲ့ရဲ့ စွမ်းစွမ်တမံ ကြိုးပမ်းမှုတွေကြောင့် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူ အရေအတွက်ဟာလည်း တိုးလာခဲ့ပါတယ်။ ပြီးတော့ မက္ကဆီကိုစီးတီးမှာ အချိန်ပြည့် အစ္စလာမ့်ရေးရာ သင်တန်းကျောင်း တစ်ခုကိုလည်း MCM က ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး မွတ်စလင်လူငယ်တွေကို အစ္စလာမ့်ရေးရာနဲ့ပတ်သက်တဲ့ အဆင့်မြင့်ပညာရပ်တွေကို သင်ကြားပေးနေကာ မက္ကာ၊ မဒီနာတို့မှာ ရှိတဲ့ အစ္စလာမ့်တက္ကသိုလ်တွေဆီကိုလည်း ပို့ဆောင် သင်ကြားပေးလျက်ရှိပါတယ်။

    မိုရီလို့စ်ပြည်နယ်မှာဆိုရင် CCIM အဖွဲ့ဟာ `ဒါရွတ်စလာမ်´လို့ခေါ်တဲ့ အစ္စလာမ့်စင်တာ တစ်ခုကို ဖွင့်လှစ်ထားပြီး အဲဒီအစ္စလာမ့်စင်တာမှာ ၀တ်ပြုဆောင်တစ်ခု၊ သင်ကြားရေးနဲ့ အစည်းအဝေးကျင်းပရာနေရာ တစ်ခုတို့ ပါဝင်ပါတယ်။ ဒီစင်တာရဲ့အနီးအနားမှာ `ဟိုတယ်အိုအေစစ်´ ဆိုတဲ့အမည်နဲ့ ဟိုတယ်တစ်ခုကိုလည်း ၀က်စ်တန်က ဖွင့်လှစ်ထားပြီး ဟာလာလ် စားသောက်ဆိုင် မပေါလှတဲ့ အဲဒီဒေသမှာ ဟာလာလ် အစားအသောက်တွေ စီစဉ်ပေးတာ၊ မွတ်စလင်ခရီးသွားတွေအတွက် အဆင်ပြေ လွယ်ကူအောင် စီစဉ်ပေးတာမျိုး စတဲ့ ၀န်ဆောင်မှုတွေကိုလည်း ပေးနေပါတယ်။

    နောက်ပိုင်းမှာတော့ အိုမာ ၀က်စ်တန်ဟာ CCIM ရဲ့ ကျောင်းခွဲအဖြစ် မက္ကဆီကို တနံတလျားမှာ အစ္စလာမ့်စင်တာတွေကို ဖွင့်လှစ်ပြီး သာသနာပြု လုပ်ငန်းတွေကို အောင်မြင်စွာ လုပ်ဆောင်နေပါတယ်။

    မက္ကဆီကိုစီးတီးမှာ ဆူဖီအဖွဲ့တစ်ခုဖြစ်တဲ့ Nur Ashki Jerrahi Sufi Order အဖွဲ့တစ်ခုလည်းရှိပြီး ဒီအဖွဲ့ကိုတော့ ရှေခါ ဖာတီမာ ဖာရီဟာနဲ့ ရှေခါ အာမေနာ တက်စ်လီမာဆိုတဲ့ အမျိုးသမီးနှစ်ဦးက တည်ထောင်ထားတာ ဖြစ်ပါတယ်။

    နောက်ထပ် အဖွဲ့တစ်ခုကတော့ Centro Salafi de México လို့ခေါ်တဲ့ ဆာလာဖီအဖွဲ့ငယ်တစ်ခုဖြစ်ပြီး အစ္စလာမ်ကိုသက်ဝင်ယုံကြည်လာပြီးတဲ့နောက် မဒီနာမြို့မှာ အစ္စလာ့မ်ရေးရာတွေကို သွားရောက်သင်ယူခဲ့တဲ့ မက္ကဆီကိုမွတ်စလင် အီဆာ ရိုဂျာက တည်ထောင်ထားပြီး အရှေ့အလယ်ပိုင်းက မွတ်စလင်အချို့ စီမံခန့်ခွဲနေတဲ့ အစ္စလာမ့်သင်ကြားရေးစင်တာတစ်ခုလည်း မြို့တော် မက္ကဆီကိုစီးတီးမှာ ရှိနေပါတယ်။

    ဗလီဝတ်ကျောင်းတော်များ

    မက္ကဆီကိုနိုင်ငံတစ်ဝှမ်းမှာ ဗလီဝတ်ကျောင်းတော်ကြီးပေါင်း ၁၄ ခုရှိပြီး ၀တ်ပြုဆောင်တွေလည်း နိုင်ငံ တစ်ဝှမ်း မြောက်များစွာ ရှိနေပါတယ်။

    သစ်လွင်မွတ်စလင်များ

    အမေရိကတိုက်မှ အခြားသောနိုင်ငံများနည်းတူ မက္ကဆီကိုမှာလည်း အစ္စလာမ် သာသနာကို ပြောင်းလဲသက်ဝင်လာတဲ့ အရေအတွက်ဟာ ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းမှာ တရှိန်ထိုး မြင့်တက်လာခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဟာ တကယ်ပဲအကြမ်းဖက်ဝါဒကို အားပေးသလား ဆိုတာနဲ့ပတ်သက်ပြီး လေ့လာကြရာကနေ စစ်မှန်တဲ့ အစ္စလာမ်အကြောင်း နားလည်ပြီး သက်ဝင်လာကြတယ်ဖြစ်တယ်လို့ မက္ကဆီကိုမှာ အစ္စလာမ်သာသနာ ထွန်းကားမှုကို လေ့လာဆန်းစစ်ခဲ့တဲ့ Fox News Latino သတင်းဌာနက  ၂၀၀၁၃ ခုနှစ်မှာ ရေးသားခဲ့တဲ့ Muslim Converts In Mexico Make Up A Diverse, Fast-Growing Community ဆောင်းပါးမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ယုံကြည်မှု တိုးပွားလာတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ အစ္စလာမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ကြိုက် မေးမြန်းလေ့လာနိုင်တဲ့ အင်တာနက်ကြောင့်ဖြစ်ပြီး မက္ကဆီကိုက သစ်လွင်မွတ်စလင်အချို့ဟာ အစ္စလာမ့်သင်ခန်းစာတွေကို အင်တာနက်ကနေတစ်ဆင့် သင်ယူ တတ်မြောက်ကြပါတယ်။

  • ရုရှားနိုင်ငံနှင့် အစ္စလာမ် သာသနာ

    ရုရှားနိုင်ငံနှင့် အစ္စလာမ် သာသနာ

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    .ဇင်ဇင် စုစည်းတင်ဆက်သည်။

    islam-in-russia-mapအစ္စလာမ်သာသနာသည် ရုရှားနိုင်ငံတွင် ဒုတိယမြောက်ကိုးကွယ်မှုဆိုင်ရာ အများဆုံးဘာသာဖြစ်သည်။ ရုရှားနိုင်ငံ၏ ရှေးယခင် သမိုင်းအစဉ် အဆက် ကိုးကွယ် ယုံကြည်ခဲ့ကြသော ဘာသာတရားများအနက်တစ်ခုအပါအ၀င်ဖြစ်သည်ကို ရုရှားနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များအရ သိရှိရသည်။

    ရုရှားနိုင်ငံ၏ လူထုရေးရာ စစ်တမ်းများအရ နိုင်ငံလူဦးရေ၏ (၆)ရာခိုင်နှုန်းသည် မွတ်စလင်များဖြစ်ကြသည်။ ရိုက်တာ သတင်းဌာန၏ အဆိုတွင်မူ နိုင်ငံလူဦးရေ၏ (၁၄)ရာခိုင်နှုန်းသည် မွတ်စလင်များ ဖြစ်ကြသည်။ ပင်လယ်နက် နှင့်ကက်စပီယန် ပင်လယ်ကြားရှိ ကော့ကေးဆပ်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်လျက်ရှိကြသော ဆကားစီးယန်းလူမျိုးများ၊ ဘော်လ်ကာ လူမျိုးများ၊ ချေချင်းလူမျိုးများ၊ အင်ဂုရှ် လူမျိုးများ၊ ကဘာရ်ဒင် လူမျိုးများ၊ ကရာရှေး လူမျိုးများနှင့် ဒါဂျစ္စတန်နီ လူမျိုး အများအပြားတို့၌ တိုင်းရင်းနွယ် မွတ်စလင်များအဖြစ် အခြေစိုက်နေထိုင်လျက်ရှိကြသည်။

    ဗော်လ်ကာချိုင့်ဝှမ်းဒေသအလယ်ပိုင်းတွင်လည်း တာတာလူမျိုးများနှင့် ဘက်ရှ်ကီးရ်လူမျိုးများနေထိုင်လျက်ရှိပြီး ၎င်းတို့အနက် အများစုမှာ မွတ်စလင်များဖြစ်ကြသည်။ စွန္နီ၊ ရှီအာ နှင့် ဆူဖီအယူဝါဒဆိုင်ရာ မွတ်စလင် အဖွဲ့အစည်းပေါင်း (၅၀၀) ကျော်ရှိသည်ဟု  (၂၀၀၆) ခုနှစ် ဒီဇင်ဘာလ၊ ရုရှားနိုင်ငံ၏ အစဉ်အလာဘာသာရေးအဖွဲ့အစည်းမှတ်ပုံတင်ချက်အရ သိရသည်။

    Akhmad_Kadyrov_Mosque_Grozny_2008
    ရုရှနိုင်ငံ ချေချင်းညှာရှိ ဥရောပတိုက်ရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်း

    ရုရှားနိုင်ငံသို့ အစ္စလာမ်သာသနာ ရောက်ရှိလာပုံ
    ————————————————
    လက်ရှိရုရှားပိုင်နက်အတွင်း ပထမဆုံးသော မွတ်စလင်များမှာ ရှစ်ရာစုနှစ်က အာရဗ်သြဇာခံဖြစ်ခဲ့သော ဒါဘန့်ဒေသရှိ ဒါဂျစ္စတန်နီလူမျိုးတို့ ဖြစ်ကြသည်။ ဗော်လ်ကာ ဘူလ်ဂေးရီးယား ဒေသသည် ရုရှားနိုင်ငံ၏ ပထမဆုံးမွတ်စလင်ပြည်နယ်ဖြစ်ပြီး တာတာလူမျိုးတို့သည် ထိုပြည်နယ်မှတဆင့် အစ္စလာမ်သာသနာကို အမွေဆက်ခံခဲ့ကြ၏။ နောင်သောအခါ ဥရောပတိုက်သားများနှင့် ကော့ကေးရှန်းအနွယ် တူရကီလူမျိုးတို့သည် အစ္စလာမ်သာသနာအား လက်ခံယုံကြည်လာကြသည်။

    (၁၅၅၂) ခုနှစ် ကာဇန်ကြီးစိုးချိန်မှစ၍ (၁၇၆၂) ခုနှစ် ကက်သရင်း သည်ဂရိတ် Catherine the Great နန်းတက်ချိန်ကာလအထိ ဗလီဝတ်ကျောင်းများကဲ့သို့ အစ္စလာမ့်အမှတ်သညာများကို ဖျောက်ဖျက်ခြင်းဖြင့် အစ္စလာမ့်ယဉ်ကျေးမှုအား ဖယ်ထုတ်ချိုးနှိမ်ရေးမူဝါဒများ အသုံးပြု၍ မွတ်စ်လင်တို့အပေါ် အကွက်ချဖိနှိပ်ခဲ့သည်။

    ကနဦးပိုင်းတွင် ရုရှားလူမျိုးတို့သည် မိမိတို့နှင့်အမြင်မတူသော ကာဇက်သားများကိုသာမက မွတ်စလင်တို့အား တရားဟောပြောပို့ချစေရန် ဒေသအသီးသီးမှ မွတ်စလင်ဘာသာရေးဆရာများကို ဖိတ်ခေါ်ခြင်းဖြင့် အစ္စလာမ်သာသနာ စည်ပင်ဖွံ့ဖြိုးရေးအပေါ် လှိုက်လှိုက်လှဲလှဲရှိကြောင်း ပြသခဲ့သည်။

    သို့ရာတွင် ရုရှားနိုင်ငံရေးမူဝါဒသည် အစ္စလာမ်ဘာသာမတိုင်မီက ယုံကြည်မှုများကို လူထုအတွင်း ပျံ့နှံ့စေသောနည်းဖြင့် အစ္စလာမ်သာသနာအား ချည့်နဲ့စေရေးဖက်သို့ ပြောင်းလဲ သွားသည်။ ထိုသို့ကြိုးပမ်းရာတွင် အစ္စလာမ်ဘာသာ မထွန်းကားမီ သမိုင်းဝင်ဖြစ်ရပ်များအား အလေးကဲအမွှမ်းတင်ခြင်းနှင့် ကာဇက်လူမျိုးများအား လူမျိုးရေး၊ ဘာသာရေးအရ နှိမ့်ချကာ ရုရှားစစ်မှုထမ်းကျောင်းများဆီသို့ အတင်းအဓမ္မပို့ဆောင်သြဇာခံစေခဲ့ခြင်း နည်းလမ်းတို့ကိုလည်း အသုံးပြုခဲ့ကြသည်။

    ၎င်းကိုတုန့်ပြန်သောအားဖြင့် ကာဇက် ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေး ယုံကြည်ခိုင်မာမှု စိတ်ဓါတ်ကိုမြှင့်တင်နိုင်ရန် တူရကီထောက်ခံရေး လှုပ်ရှားမှုကို ကြိုးပမ်းဖော်ဆောင်ခဲ့သည်။

    စပိန်၊ ပေါ်တူဂီနှင့် စစ်စလီကဲ့သို့ အခြားခရစ်ယာန် တိုင်းပြည်များ အတိုင်း နယ်နှင်ရန်သော်လည်းကောင်း – မွတ်စလင် အများအပြားကို နေရာပြောင်းရွှေ့၍ မွတ်စလင်နယ်မြေများ အတွင်း အခြား ရုရှားလူမျိုးနှင့် မွတ်စလင် မဟုတ်သူများကို ပို့လွှတ် အစားထိုးကာ မြေယာပေးကမ်းခြင်းစသော မူဝါဒများဖြင့်လည်းကောင်း –   ယူရယ်တောင်တန်းတောင်ဖက် ဒေသ အချို့မှ အော်တိုမန် တူရကီဒေသ အထိရှိနေသော မွတ်စလင်တို့ကို လူနည်းစုဝင်ဖြစ်သွားစေခြင်းဖြင့်လည်းကောင်း –  ဆကားစီးယန်းလူမျိုးများ၊ ခရိုင်းမီးယားတာတာ လူမျိုးများနှင့် ကော့ကေးဆပ်နယ်ရှိ မွတ်စလင် အများစုတို့အား အမြစ်ဖြုတ် ရှင်းလင်းခြင်းဖြင့်လည်းကောင်း ကြိုးစားခဲ့သော်လည်း တစ်စုတည်းသော ရုရှားအောသိုဒေါ့ဖြစ်ရေး အစီအမံမှာ မအောင်မြင်ခဲ့ပေ။

    ရုရှားနိုင်ငံအစိုးရသည် လူထုကို ၀ိုင်းရံပိတ်ဆို့ကာ မွတ်စလင်တို့အား ရွာပြင် ထွက်စေ၍ ပင်လယ်နက် ဆိပ်ကမ်းများသို့ မောင်းထုတ်ခဲ့ကြသည်။ အိမ်နီးချင်းအော်တိုမန် အင်ပါယာမှ သင်္ဘောများစေလွှတ်ပြီး ၎င်းတို့အား ခေါ်ဆောင်သွားခဲ့သည်။ တစ်စစီပြိုကွဲလျက်ရှိသော ရုရှားနိုင်ငံ၏ ထင်ရှားသော ရည်ရွယ်ချက်မှာ ဒေသခံမွတ်စလင် တို့အား ဇာတိမြေမှ ဖယ် ထုတ်ခြင်းဖြစ်သည်။ အော်တိုမန် အင်ပါယာအတွင်း သွားရောက် အခြေချရမည်လော (သို့တည်းမဟုတ်) ရုရှားနိုင်ငံအတွင်း မူလနေရာများ မဟုတ်သော ဒေသများသို့ ပြောင်းရွှေ့အခြေချမည်လော ဟူသည့် ပြဿနာကိုပေး၍ ၎င်းတို့အား ရွေးချယ်စေခဲ့ကြသည်။

    ထိုအခြေအနေများကြောင့် ရုရှားအစိုးရနှင့်ကော့ကေးရှန်းပြည်သူများ အကြား စစ်ပွဲများဖြစ်ပွားခဲ့လေသည်။ (၁၈၆၄) ခုနှစ်၊ ဇွန်လ(၂) ရက်နေ့တွင် ကော့ကေး ရှန်းခေါင်းဆောင်များ အညံ့ခံခဲ့ပြီးနောက်မှာမှ စစ်ပွဲပြီးဆုံးခဲ့ရသည်။

    ၎င်းနောက်ဝယ် ခရစ်ယာန် ဘာသာရေး ဥပဒေဖြင့် အုပ်ချုပ်မှုကို လက်မခံ မလိုလားသော ဆကားစီးယန်းပြည်သူများ အတွက် အော်တိုမန် အင်ပါယာမှ လာရောက် အခြေစိုက်နေထိုင်ရန် တံခါး ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းတို့ အများအပြားမှာ အော်တိုမန် အင်ပါယာ၏အဓိက အထင်ကရနယ်မြေဖြစ်သော အနာတိုလီယာသို့ ပြောင်းရွှေ့ ခဲ့ကြသည်။ အနာတိုလီယာ အတွင်းသို့ ပြောင်းရွှေ အနာတိုလီယာသည် ယနေ့ခေတ် သမယတွင် တူရကီ၊ ဆီးရီးယား၊ ဂျော်ဒန် ၊အစ္စရေး၊ အီရတ်နှင့် ကိုဆိုဗို စသည့်နိုင်ငံများ ဖြစ်တည်လာကြသည်။

    (၁၈၆၀) ခုနှစ်များအတွင်း ရုရှားနိုင်ငံမှ ထွက်ခွာစေခြင်းခံရသော ကော့ကေးဆပ် ကုန်းမြင့်ဒေသသားများမှာ ၅ သိန်း အထိရှိခဲ့သည်ဟု ရုရှား၊ ကော့ကေးဆပ်နှင့် အနောက်တိုင်း သမိုင်းပညာရှင်များက အဆိုညီကြသည်။ ရွှေ့ပြောင်းကာလ၌ ရောဂါကပ်ဆိုက်ကာ သေဆုံးခဲ့ရသော ပမာဏ အများအပြားရှိသည်။ ရုရှားသစ္စာခံ တစ်ချို့မှာမူ ကူဘန်မြစ်ကမ်းဘယ်ဖက်ရှိ မြေနိမ့် လွင်ပြင်ဒေသများထဲတွင် အခြေစိုက်နေထိုင်ခဲ့သည်။ ရုရှားလူမျိုးကြီးဝါဒသည် ဇာဘုရင်ခေတ်နှင့် ဆိုဗီယက်ခေတ်ကာလများ တစ်လျှောက် နေရာ အသီးသီး၌ ပျံ့နှံ့နေခဲ့သည်။ ထို့ကြောင့် ယခုအခါ တာတာလူမျိုးတို့သည် တာတာရ်စတာန် သမ္မတနိုင်ငံ အတွင်းမှာထက် ထိုနိုင်ငံပြင်ပ၌သာ ပိုမိုတွေ့ကြရခြင်းဖြစ်သည်။

    ကွန်မြူနစ်အုပ်ချုပ်ရေး လက်အောက်တွင် ရှရှားနိုင်ငံရှိ အခြား ဘာသာတရားများကဲ့သို့ အစ္စလာမ်ဘာသာသည်လည်း အပယ်ခံ၊ အဖိနှိပ်ခံဘ၀သို့ ကျရောက်ခဲ့ရာ ဗလီဝတ်ကျောင်းတော် အမြောက်အများ ပိတ်ပင်ခံရသည်။ ဥပမာပေးရလျှင် အစ္စလာမ့်နယ်မြေဖြစ်ခဲ့သော ကာဇန်ဒေသရှိ မာကာနီဗလီမှအပ ကျန်ဗလီ ၀တ်ကျောင်းတော်များ သက်ဝင် လှုပ်ရှားမှု မရှိတော့ချေ။

    Muslims in Russia
    မော်စကိုမြို့မှ သောကြာနေ့ ဝတ်ပြု ဆုတောင်းနေကြသည့် မွတ်စလင်များ

    မျက်မှောက်ခေတ်အခြေအနေ
    ——————————-
    (၁၉၉၀) ခုနှစ်များအတွင်း ရုရှားနိုင်ငံတွင် အစ္စလာမ့်ရေးရာ ကြိုဆိုရင်ကြားစေ့မှုဆိုင်ရာ  တရားဝင်အထောက်အထား များစွာရှိခဲ့လေသည်။ ဆိုဗီယက်ခေတ်အလွန် (၁၉၉၁) ခုနှစ်၌မြောက်များစွာသောမွတ်စလင်တို့သည် မက္ကဟ်ရွှေမြို့တော်သို့  ဟဂ်ျသွားရောက်ခွင့် ရခဲ့ကြသည်။တာတာရ်စတာန်မှ အီမာမ် Khatyb Mukaddas ဦးဆောင်ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံ မွတ်စလင်သမဂ္ဂသည် ရုရှားတို့၏ အစ္စလာမ်ဘာသာအပေါ် ကာလရှည်အမြင်စောင်းမှုများ အဆုံးသတ်ရန်နှင့် လူမျိုးစုများအကြား အပြန်အလှန်နားလည်မှုတည်ဆောက်ရန်  (၁၉၉၅)ခုနှစ်တွင်  စတင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။

    ယင်းအဖွဲ့ အစည်းသည် ပထမကမ္ဘာစစ်ကြိုကာလအတွင်း ရုရှားနိုင်ငံလွှတ်တော်(Russian Duma)၏ အစိပ်အပိုင်းတစ်ရပ်ဖြစ်ခဲ့သော မွတ်စလင်သမဂ္ဂ၏ တိုက်ရိုက် အမွေခံအဖွဲ့အစည်းဖြစ်သည်။ ကွန်မြူနစ်ခေတ်လွန်သော် မွတ်စလင်များသည် ရုရှားမွတ်စလင်လူထုရေးရာအဖွဲ့အစည်း (Nur All-Russia Muslim Public Movement)  ဟုအမည်ရသော နိုင်ငံရေး ပါတီတစ်ခု ဖွဲ့စည်းခဲ့ကာ မွတ်စလင် လူထုနှင့် အခြား လူနည်းစု ဘာသာဝင်များ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ကာကွယ်ရန် မွတ်စလင် အီမာမ်များနှင့် အနီးကပ် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

    thumb_6946_atlas_big
    ရုရှနိုင်ငံ ချေချင်းညှာရှိ ဥရောပတိုက်ရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်း

    မဒ္ဒရစာ(ဘာသာရေးစာသင်ကျောင်း) တစ်ခု ပါဝင်သော ရုရှားအစ္စလာမ့် ယဉ်ကျေးမှုစင်တာ (Islamic Cultural Center of Russia)ကို (၁၉၉၁) ခုနှစ်တွင် မော်စကိုမြို့၌ ဖွင့်လှစ်သည်။ (၁၉၉၀)နှစ်များတွင် အစ္စလာမ်စာပေ ပုံနှိပ် ထုတ်ဝေခြင်းများ တိုးမြင့် များပြားလာသည်။ ၎င်းတို့အနက် Islam ဟု အဓိပ္ပာယ်ထွက် “Ислам” မဂ္ဂဇင်း၊ “Эхо Кавказа” – Ekho Kavkaza မဂ္ဂဇင်းနှင့် “Исламский вестник”  – Inslamsky Vestnik အစရှိသော ရုရှားဘာသာ စကားမဂ္ဂဇင်းများနှင့် ရုရှားဘာသာစကားဖြင့် ထုတ်ဝေသော “Ассалам” – Assalam သတင်းစာ အပြင် ဒါဂျစ္စတန်နယ် Makhachkala တွင် ပုံနှိပ်သည့် “Нуруль Ислам” – Nural Islam သတင်းစာတို့ ထွက်ရှိနေပြီဖြစ်သည်။

    တာတာရ်စတာန်၊ ကာဇန်ရှိ မွတ်စလင်တို့သည် ရုရှားရှိ အကြီးမားဆုံး တိုင်းရင်း မွတ်စလင်အုပ်စုဖြစ်ကာ ရုရှားနိုင်ငံမော်စကိုမြို့နေ မွတ်စလင် လူဦးရေနောက်တွင် ဒုတိယအများဆုံးဖြစ်ကာ ရုရှားအစ္စလာမ့် တက္ကသိုလ်(Russian Islamic University) တည်ရှိသည့်ဒေသဖြစ်သည်။ ဒါဂျစ္စတန်တွင် အစ္စလာမ့်တက္ကသိုလ်များနှင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းပေါင်းများစွာရှိရာ ၎င်းတို့အနက် ဒါဂျစ္စတန် အစ္စလာမ်မစ် တက္ကသိုလ်(Dagestan Islamic University)၊ (၂၀၁၁)ခုနှစ် ဇွန်လ (၈)ရက်နေ့တွင် လုပ်ကြံခံရသော ပါမောက္ခ မက်ဆုဒ်ဆာဒီကောဗ့် (Maksud Sadikov) တာဝန်ယူခဲ့သည့် ဘာသာအယူဝါဒနှင့်နိုင်ငံတကာ ဆက်ဆံရေးတက္ကသိုလ် တို့မှာ ထင်ရှားသည်။

    ရုရှားနိုင်ငံ၏ ဓမ္မသတ်မှူးချုပ်မှာ (Talgat Tadzhuddin) တဲလ်ဂတ် တက်ဇူဒင်  ဖြစ်ခဲ့သည်။ ဆိုဗီယက်ခေတ်ကတည်းက ရုရှားအစိုးရသည် နိုင်ငံတွင်း၌ မွတ်စလင်အဖွဲ့ အစည်းငယ်များ အသီးသီး  ဖွဲ့စည်းပေးခဲ့သည်။ (၁၉၈၀)ခုနှစ်တွင် ၎င်းကို European USSR နှင့် ဆိုက်ဘေးရီးယားဒေသ အတွက် ဓမ္မသတ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ (၁၉၉၂)ခုနှစ် မှစတင်၍ ရုရှားနိုင်ငံ တစ်ဝှမ်းရှိ အကွဲကွဲ အပြားပြားဖြစ်နေသော မွတ်စလင် အဖွဲ့အစည်းငယ်များ အားလုံးကို ပေါင်းစုနိုင်အောင် ဦးဆောင်ပေးခဲ့သည်။

    KONICA MINOLTA DIGITAL CAMERA

    လူဦးရေ
    ———
    ရုရှားနိုင်ငံရှိ မွတ်စလင် အများစုမှာ စွန္နီ အုပ်စုဝင်များဖြစ်ကြပြီး ၎င်းတို့အနက် (၅)ရာခိုင်နှုန်းခန့်မှာ ရှီအာ မွတ်စလင်များ ဖြစ်သည်။ အချို့ဒေသများ အထူးသဖြင့် ဒါဂျစ္စတန် နှင့် ရှက်ခ်ျငြာ(ချေချင်းညာ)ဒေသ တို့တွင် နက်ရှ်ဘန်ဒီ နှင့် ရှာဇီလီ အမည်ရှိ နာမ်ပိုင်းဆိုင်ရာ လမ်းစဉ် စွန္နီဆူဖီ အုပ်စုဝင် တစ်ရပ်ရှိသည်။ ယင်းဆူဖီလမ်းစဉ် အကြီးအကဲ စအီးဒ် အဖန်ဒီ အလ်စာကာဝီ (Said Afandi Alcirkawi) ဆိုဒ်အဖ်ဖန်ဒီ အလ်ဆိုင်ကာဝီ ထံသို့ နေ့စဉ်နှင့်အမျှ  လာရောက်တွေ့ဆုံသူ ရာပေါင်းများစွာ ရှိ၏။ အဇာရစ်ဒေသတွင်လည်း ယနေ့ ထက်တိုင် ရှေးရိုးစွဲ ရှီအာ မွတ်စလင်များရှိသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲသောအခါ အဇာရစ်ဒေသခံတို့သည် ရုရှားနိုင်ငံသို့ အလုပ် ရှာဖွေရန် ပြောင်းရွှေ့နေထိုင်ကြသည်။ မွတ်စလင် မဟုတ်သူများအစ္စလာမ်ဘာသာအား လက်ခံယုံကြည်လာရာတွင် အစ္စလာမ်ကို လက်ခံခဲ့သည့် ထင်ရှားသောခေါင်းဆောင်များမှာ (Vyacheslay Polosin) ယာချက်လေ ပိုလိုစင်၊ ဗလာဒီမာ ကိုဒေါဗ့်(Valadimir Khodov) နှင့် ရုရှားထောက်လှမ်းရေးမှဘ က်ပြောင်းလာသူ အလက်ဇန္ဒား လစ်ဗင်နန်ကို(Alexander Litvinenko) ဖြစ်သည်။ အလက်ဇန္ဒားသည် ကွယ်လွန်အံ ဆဲဆဲအချိန်တွင်  အစ္စလာမ်ဘာသာအား သက်ဝင် လက်ခံသွားခဲ့သည်။

    ဟဂ်ျခရီးစဉ်ကဏ္ဍ
    ——————-
    (၂၀၀၆) ခုနှစ်မှတ်တမ်းများအရ နိုင်ငံအ၀ှန်းမှ ရုရှား မွတ်စလင်ပေါင်း (၁၈၀၀၀) ခန့်သည် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တော်သို့ ဟဂ်ျသွားရောက်ခဲ့ကြသည်။ (၂၀၁၀) ခုနှစ်တွင် ရုရှားမွတ်စလင်ခေါင်းဆောင်များက ဟဂ်ျခရီးစဉ်ဗီဇာပေါင်း(၂၅၀၀၀)မှ(၂၈၀၀၀)အထိ တိုးမြှင့်ပေးပါရန် ဆော်ဒီအာရေဗျဘုရင်ထံ စာပို့တောင်းဆို ခဲ့သောကြောင့်  ရုရှားမွတ်စလင် (၂၀၀၀၀)နှင့် အထက် ဟဂ်ျ ခရီးစဉ်သို့ သွားရောက်ခွင့်ရခဲ့ကြသည်။ ရုရှားမွတ်စလင်များ၏ တခဲနက်တောင်းဆိုမှုဖြင့် (၂၀၁၁)ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ တွင် ဓမ္မသတ်မှူးများက မေတ္တာရပ်ခံကြရာ ရုရှားသမ္မတ Dmitry Medvedev ၏ထောက်ခံမှုဖြင့် ဗလာဒီကဖ်ကဇ် ဒေသအတွက် ဟဂ်ျခရီးသွားဦးရေ တိုးမြှင့်ပေးနိုင်ခဲ့သည်။ (၂၀၁၁) ခုနှစ် ဇူလိုင်လ(၇)ရက်မှ(၉)ရက်အထိ ကာဇန်တွင် ကျင်းပသော ဟဂ်ျ ခရီးစဉ်ဖြစ်မြောက်စီမံရေး တတိယမြောက် ကမ္ဘာ့ ညီလာခံသို့  နိုင်ငံပေါင်း(၁၂)နိုင်ငံမှ ကိုယ်စားလှယ်(၁၇၀)ဦး တက်ရောက်ခဲ့သည်။

    800px-Башня_Сююмбике,_вид_с_Преображенской_башни

    ဘာသာစကားနှင့် ယဉ်ကျေးမှု
    ——————————
    လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကတည်းက တာတာလူမျိုးတို့သည် ဥရောပဖက်ခြမ်း ရုရှားဒေသများတွင် တစ်စုတည်းသော တိုင်းရင်းမွတ်စလင်အုပ်စုအဖြစ် တည်ရှိလာ ခဲ့သဖြင့် ဗလီဝတ်ကျောင်းတော်များတွင် တာတာ ဘာသာစကား တစ်မျိုးတည်းကိုသာ အသုံးများခဲ့သည်။ ၂၀ ရာစုနှောင်းပိုင်းတွင် ဗဟိုအာရှတိုက်သား မွတ်စလင်များနှင့်ကော့ကေးရှန်း လူမျိုးတို့သည် ရုရှားနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ တအုံတကျင်း ၀င်ရောက်လာရာ အနေအထား အပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်ရန် တာစူနေသည်။ တာတာဘာသာ စကားသုံး ဗလီဝတ်ကျောင်းတော်များ၌ ရုရှားဘာသာ စကားကို ပြောင်းလဲ အသုံးပြုစေရေးအတွက် အိမာမ်များအပေါ် ဖိအားတစ်ရပ် ဖြစ်လာရသည်။ တာတာ လူများစုဖြစ်သည့် တာတာရ်စတာန် အတွင်းမှာပင် ထိုပြဿနာဖြစ်နေပေသည်။

    ဆိုဗီယက်ခေတ်ကာလ အတွင်း မွတ်စလင်များသည် လူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ ကွဲပြားခဲ့ကြသည်။ တူရကီဘာသာစကား (၁၅)မျိုး၊ အီရန်နီယန်ဘာသာ စကား(၁၀)မျိုးနှင့် ကော့ကေးရှနှ်းဘာသာ စကားပေါင်း(၃၀)တို့ဖြင့် အသီးသီး အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် မွတ်စလင်တို့ အချင်းချင်းအကြား ပြောဆိုဆက်ဆံရေးတွင် ခက်ခဲမှုများရှိခဲ့သည်။ (၁၉၈၉)ခုနှစ်များတွင် မွတ်စလင်ခေတ် ပညာတတ်များအကြား ရုရှားဘာသာ စကားကို ကျွမ်းကျင်လာကြပြီး  အများသုံးအဖြစ် ကျယ်ပြန့်လာသည်။
    စွမ်းအင်စက်မှု ဖွံ့ဖြိုးတိုးတက်ရာဒေသများတွင်  မြို့ပြ ယဉ်ကျေးမှုများအတိုင်း နေထိုင်သည့် မြို့နေ မွတ်စလင်များရှိသလို၊ တောင်တန်းဒေသများတွင် သီးခြားနေထိုင်သူများလည်း ရှိသည်။ နိုင်ငံတွင်း မွတ်စလင်တို့သည် တူညီသောယုံကြည် ကိုးကွယ်မှုအောက်မှ အမျိုးသား အင်အားစုပြယုဂ်တစ်ရပ်အသွင်ဖြင့် ရပ်တည်လျက် ရှိသည်။

    r03
    (၁၇၆၈) ခုနှစ်တွင် တည်ဆောက်ခဲ့သော (Khan’s Mosque) ခန်းဗလီ

    ဗလီဝတ်ကျောင်းတော်များကဏ္ဍ
    ———————————-
    ရှေးအကျဆုံးဗလီမှာ (၁၇၆၈) ခုနှစ်တွင် တည်ဆောက်ခဲ့သော (Khan’s Mosque) ခန်းဗလီဖြစ်ပြီး၊ ရုရှားနိုင်ငံ၏ အကြီးမားဆုံးဗလီဝတ်ကျောင်းတော်မှာ  ကာဇန်ရှိ ကုလ်ရှရိဖ် (Qolsharif)  ဖြစ်သည်။

     

  • အာဂျင်တီးနား နိုင်ငံနှင့် အစ္စလာမ်သာသနာ

    အာဂျင်တီးနား နိုင်ငံနှင့် အစ္စလာမ်သာသနာ

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    .လေးမောင် စုစည်းတင်ဆက်သည်။
    argentina-location-map
    – ၁၅ ရာစုမှာ စပိန်လူမျိုးတွေက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ မြောက်အာဖရိကနဲ့ အနောက်အာဖရိကက ကျွန်ရောင်း ကျွန်ဝယ်စနစ်နဲ့အတူ အစ္စလာမ်သာသနာဟာလည်း တောင်အမေရိကတိုက်ကို စတင်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် စပိန်ကိုလိုနီလက်ထက် တင်းကျလှတဲ့ ခရစ်ယာန်ဘာသာရေး ဥပဒေအောက်မှာ အခြားဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ ညှင်းပန်း သတ်ဖြတ်တာကို အစ္စလာမ်ဘာသာဝင်တွေလည်း ခံစားခဲ့ရပြီး နေရပ်စွန့်ခွာခဲ့ ရတာကြောင့် တောင်အမေရိကနိုင်ငံတွေမှာ အစ္စလာမ်သာသနာဟာ မှေးမှိန်ခဲ့ရပါတယ်။

    ၁၈၅၀ ခုနှစ်နဲ့ ၁၈၆၀ ခုနှစ်တွေမှာ အာရပ်လူမျိုးတွေ အမေရိက တိုက်ဖက်ကို အုံနဲ့ကျင်းနဲ့ ပြောင်းရွှေ့ အခြေချလာတာ၊ ၁၆ ရာစုအဆုံးမှာ ကျွန်စနစ်ပျက်သုဉ်းခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန်က လူတွေ ပြောင်းရွှေ့ အခြေချလာခဲ့တာကြောင့် အစ္စလာမ်သာသနာဟာလည်း သူတို့နဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ အဲဒီအချိန်ကနေတစ်ဆင့် အစ္စလာမ်သာသနာဟာ တောင်အမေရိကတိုက်မှာ တစ်စတစ်စတိုးပွားလာခဲ့ပြီး အခုအချိန်မှာ အာရဗ်နဲ့ ဌာနေ လူမျိုးတွေအပါအ၀င် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတွေဟာ တောင်အမေရိကတိုက်မှာ ၄ သန်းရှိလာခဲ့ပြီလို့ စစ်တမ်းများကဆိုပါတယ်။

    အာဂျင်တီးနားမှ အစ္စလာမ်သာသနာ
    ——————————
    stock-footage-argentina-flag-waving-against-time-lapse-clouds-backgroundအာဂျင်တီးနားနိုင်ငံဟာ ဘရာဇီးလ်ပြီးရင် လက်တင်အမေရိကမှာ အစ္စလာမ်ဘာသာဝင် အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ သန်းခေါင် စာရင်းကောက်ယူမှုမှာ ဘာသာအယူဝါဒကို ထည့်မတွက်တာကြောင့် နိုင်ငံတစ်ဝှမ်း အစ္စလာမ်ဘာသာဝင် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရပါဘူး။ ဒါပေမယ့် နိုင်ငံလူဦးရေရဲ့ ၁ ရာခိုင်နှုန်း (လေးသိန်းကနေ ငါးသိန်းအကြား) ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေ ဖြစ်တယ်လို့ ၂၀၁၀ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့ဘာသာရေးလွတ်လပ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    The Pew Research Centre ကတော့ ၂၀၁၀ ခုနှစ် အာဂျင်တီးနားမှာ အစ္စလာမ်ဘာသာဝင်ဦးရေ ၁ သန်းလောက်ရှိမယ်လို့ ဖော်ပြထားပါတယ်။ ဘာသာရေးဆိုင်ရာ အချက်အလက် စုဆောင်းရေးအဖွဲ့က အာဂျင်တီးနားလူဦးရေရဲ့ ၁.၉ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

    စောစောပိုင်း မွတ်စလင်များ
    —————————–
    အိုက်ဘေးရီးယန်း ကျွန်းဆွယ်ပေါ်မှာ မူးရ်လူမျိုးမွတ်စလင်တွေရဲ့ ခိုင်မာတဲ့ အမွေအနှစ်တွေကို တွေ့ရတာကြောင့် မူးရ်လူမျိုး မွတ်စလင်တွေ၊ စပိန်နဲ့ ပေါ်တူဂီလူမျိုးတွေနဲ့အတူ အမေရိကတိုက်ကို ရှာဖွေခဲ့ကြတဲ့  မြောက်အာဖရိကနွယ်ဖွား မော်ရိုကို မွတ်စလင်တွေဟာ အာဂျင်တီးနားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ရှိခဲ့တယ်ဆိုတာ သိရပါတယ်။

    ၂၀ရာစုလောက်မှာ လက်ဘနွန်နဲ့ ဆီးရီးယားတို့က အာရပ်တွေပြောင်းရွှေ့ အခြေလာခဲ့ကြပြီး လက်ရှိအချိန်မှာတော့ အာဂျင်တီးနားမှာ အာရပ်နွယ်ဖွားအရေအတွက်ဟာ ၃.၅ သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အာရပ်လူမျိုး ရွှေပြောင်းအခြေချလာသူ အများစုဟာ ခရစ်ယာန်နဲ့ ဂျူးဘာသာဝင်တွေဖြစ်ကြပြီး တိကျတဲ့ အချက်အလက် မရှိပေမယ့် အဲဒီအာရပ်လူမျိုးတွေရဲ့ လေးပုံတစ်ပုံအောက်သာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အာဂျင်တီးနားကို ရွှေ့ပြောင်းအခြေချခဲ့တဲ့ အာရပ်ဂျူးတွေဟာ ဒီနေ့ခေတ်မှာ သူတို့ကိုသူတို့ အာရပ်ဆိုတာထက် ဂျူးလို့သာ ခံယူကြပါတယ်။

    ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုမှာတော့ အာဂျင်တီးနားမှာ အစ္စလာမ်ဘာသာကို ပြောင်းလဲ သက်ဝင်သူ အရေအတွက်ဟာ သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။

    အာဂျင်တီးနားမှ ဗလီဝတ်ကျောင်းတော်များ
    —————————————
    အာဂျင်တီးနား အစ္စလာမ်ဘာသာဝင်လူဦးရေရဲ့ အများစုဟာ မြို့တော် ဗျူနိုအေရီးစ်မှာ ရှိကြပါတယ်။ အထင်ကရ ဗလီဝတ်ကျောင်းတော် ၃ လုံးရှိပြီး Al-Ahmad၊ Al-Tauhid နဲ့ Rey Fahd ဗလီဝတ်ကျောင်းတော်တို့ ဖြစ်ပါတယ်။

    ဗျူနိုအေရီးစ်ရဲ့ မြို့လယ်ကောင်က အလ်ဘာတီ စိန့်ဒေသမှာ ရှိတဲ့ Al-Ahamd ဗလီဝတ်ကျောင်းတော်ကိုတော့ ဒေသခံ အာဂျင်တီးနားမွတ်စလင်တွေက ၁၉၈၉ မှာ ဆောက်လုပ်ခဲ့တာပါ။ နိုင်ငံတစ်ဝှမ်း အခြားသောမြို့တွေနဲ့ ဒေသတွေမှာလည်း ဗလီဝတ်ကျောင်းတော်အများအပြားရှိပြီး အာဂျင်တီးနား၊ ဘရာဇီးလ်နဲ့ ပါရာဂွေး သုံးနိုင်ငံနယ်စပ် Triple Frontier မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်ကတော့ ထင်ရှားပါတယ်။

    Rey Fahd ဗလီဝတ်ကျောင်းတော်
    ————————————
    mesquita_palermo
    တောင်အမေရိကတိုက်ရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်းတော် The King Fahd Islamic Cultural Centre (Rey Fahd) ကို ဆော်ဒီက ဘုရင်ကြီး ဖဟ်ဒ်ရဲ့ အကူအညီနဲ့ မြို့တော် ဗျူနိုအေရီးစ်ရဲ့ ပါလာမိုခရိုင်မှာ ၁၉၉၉ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

    အဲဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့အတွက် အာဂျင်တီးနား သမ္မတ ကားလို့စ် မီနမ် ၁၉၉၂ ခုနှစ်မှာ ဆော်ဒီကို သွားရောက်စဉ် ကတိပြုခဲ့တာဖြစ်ပြီး ဗလီဆောက်လုပ်ဖို့ မြေနေရာ ၃၄၀၀၀ စတုရန်းမီတာ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဗလီဝတ်ကျောင်းတော်ကို စတုရန်း မီတာ ၂၀၀၀၀ အကျယ်အ၀န်းမှာပဲ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃၀ လောက် ကုန်ကျခဲ့ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်ကြီးကို ဆော်ဒီဗိသုကာ ပညာရှင် ဇူဟီရ်ဖိုက်ဇ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အဓိက ၀တ်ပြုဆောင်မှာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၆၀၀ လောက် တစ်ချိန်တည်း ၀တ်ပြုလို့ရပါတယ်။ နောက်ပြီး စာကြည့်တိုက်တစ်ခု၊ စာသင်ကျောင်းနှစ်ခုနဲ့ ပန်းခြံတစ်ခုလည်း ထိုဗလီဝတ်ကျောင်းတော် ပရ၀ုဏ် အတွင်းမှာ ဆောက်လုပ်ထားရှိပါတယ်။

    အစ္စလာမ့်အဖွဲ့အစည်းများ
    —————————–

    အာဂျင်တီးနားမှာ ၁၉၃၁ ခုနှစ်လောက်ကတည်းက ဖွဲ့စည်းထားတဲ့ အာဂျင်တီးနား သမ္မတနိုင်ငံ အစ္စလာမ့်စင်တာ CIRA အဖွဲ့ရှိပြီး အစ္စလာမ်နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို ဦးဆောင် ပြုလုပ်ပါတယ်။

    လက်တင်အမေရိက အစ္စလာမ်ဘာသာရေး အဖွဲ့ IOLA ရဲ့ ရုံးချုပ်ဟာလည်း ဗျူနိုအေရီးစ်မှာပဲရှိပြီး လက်တင်အမေရိကရဲ့ အတက်ကြွဆုံး အစ္စလာမ့်အသင်း အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ လက်တင်အမေရိကမှာရှိတဲ့ မွတ်စလင်များ ညီညွတ်ရေးနဲ့ အစ္စလာမ်သာသနာပြန့်ပွားရေးတို့ အတွက် အခမ်းအနားများစွာကိုလည်း ကျင်းပခဲ့ပါတယ်။

    အစ္စလာမ်သာသနာအား အစိုးရ၏ အားပေးမှု
    ———————————————-

    ebrahimpour20110504093802560
    အာဂျင်တီးနာမှာ အစ္စလာမ်သာသနာကို လွတ်လပ်စွာကျင့်သုံးခွင့်ရပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ ဟီဂျဘ်ကို လုံခြုံလွတ်လပ်စွာ ၀တ်ဆင်နိုင်ဖို့ အတွက် ဥပဒဒေတစ်ခုကိုလည်း အာဂျင်တီးနားအစိုးရက ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း မှာ ပြဌာန်းပေးခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ၊ အီးဒ် အခမ်းအနားတွေမှာ အာဂျင်တီးနား သမ္မတအပါအ၀င် အစိုးရအကြီးတန်း အရာရှိတွေ တက်ရောက် ချီးမြှင့်တာမျိုးတွေလည်း ရှိပါတယ်။

    နောက်ပြီး အာဂျင်တီးနားလူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေ ပူးပေါင်းပါဝင်တာကို အသိအမှတ်ပြုဖို့၊ နိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အာဂျင်တီးနားနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ “ငြိမ်းချမ်းရေးသာသနာ အစ္စလာမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို အာဂျင်တီးနား အောက်လွှတ်တော်မှာ ၂၀၁၂ ခုနှစ် နှောင်းပိုင်းလောက်က ကျင်းပပေးခဲ့ပါတယ်။ ဒီအခမ်းအနားကို အာဂျင်တီးနားအစိုးရ တာဝန်ရှိသူတွေနဲ့ မွတ်စလင်ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ပါတယ်။

    ခရစ်ယာန် ကက်သလစ် အသင်းတော်ရဲ့ အကြီးဆုံး ရဟန်းမင်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာလည်း အာဂျင်တီးနား အစ္စလာမ့်လူ့အဖွဲ့အစည်းနဲ့ ရင်းနှီးတဲ့ဆက်သွယ်မှုတွေရှိပြီး ဗျူနိုအေရီးစ်က ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်တာမျိုးတွေတောင် ရှိခဲ့ပါတယ်။

    ဘုန်းတော်ကြီး ဖရန်စစ် ဗာတီကန်ရဲ့ ပုပ်ရဟန်းမင်းကြီး အဖြစ် ရွေးချယ်ခံရတဲ့အချိန်မှာလည်း အာဂျင်တီးနား မွတ်စလင်တွေက ပုပ်ရဟန်းမင်းကြီးကို ဂုဏ်ပြုခဲ့ကြပါတယ်။

    Ref : wiki

  • အင်ဒိုနီးရှား နှင့် အစ္စလာမ် သာသနာ

    ဇူလိုင်-၂၃၊ ၂၀၁၃
    M-Media
    ဂျူလိုင်ရဲရင့် စုစည်းတင်ဆက်သည်။
    flag

    အင်ဒိုနီးရှားနိုင်ငံ၏ အဓိကသာသနာမှာ အစ္စလာမ် ဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံများအနက် မွတ်စ်လင်မ်လူဦးရေ အများပြားဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ၂၀၀၉ ခုနှစ် မှတ်တမ်းအရ နိုင်ငံ၏ စုစုပေါင်း လူဦးရေ ပမာဏ ၂၀၂.၉ သန်း၌ မွတ်စ်လင်မ်တို့သည် ၈၈.၂ % ရှိသည်။

    အများစုမှာ  ရှာဖိအီ မည်သောလမ်းကြောင်းလိုက်နာသူ စွန္နီမွတ်စ်လင်မ်များ ဖြစ်ကြသည်။ မွတ်စ်လင်မ်အသိုက်အ၀န်းအတွင်း အကြမ်းအားဖြင့် အုပ်စုနှစ်မျိုး ခွဲခြားတွေ့ ရှိနိုင်သည်။ ရှေးရိုး အယူအဆကို လက်ကိုင်ပြုလျက် ခေတ်ပညာကိုလည်း လက်ခံကြသူ “ ခေတ်သစ်ဝါဒီ ” များ (နှင့်) ဒေသခံ ဘာသာရေးခေါင်းဆောင်တို့၏ ဖွင့်ဆိုချက်နောက်ကိုသာ လိုက်နာလိုသော ” မိရိုးဖလာဝါဒီ ” များ ဖြစ်၏။ ဒုတိယအမျိုးအစားကို ဂျာဗား၌ အများဆုံး တွေ့ရသည်။

    သမိုင်းကြောင်း ( ၁၂၀၀ မှ ၁၆၀၀ ခုနှစ် )

    800px-Great_Mosque_Medan_Indonesia  အင်ဒိုနီးရှားသို့ အာရေဗျမှ မွတ်စ်လင်မ်ကုန်သည်များသည် ၈ ရာစု၏အလျင်ကတည်းက ရောက်ခဲ့သည့် အထောက်အထားရှိနေသည်။ အင်ဒိုနီးရှား၏ မူလဘူတနေထိုင်သူတို့သည် သက်မဲ့/သဘာဝကိုးကွယ်မှုဝါဒ၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ၁၃ ရာစုအကုန်တွင်မူ အစ္စလာမ်သာသနာ ပြန့်ပွားလာခဲ့သည်။

    ကနဦးပိုင်း၌ အာရဗ်မွတ်စ်လင်မ်ကုန်သည်တို့မှတဆင့် အစ္စလာမ်ကို သိရှိခဲ့သည်။ နောက်ပိုင်းတွင် ဒေသခံအုပ်ချုပ်သူများ၊ ဘုရင်များမှ အစ္စလာမ် သာသနာကို ကူးပြောင်း လက်ခံလိုက်သော အခါ အင်ဒိုနီးရှားလူထုများစွာလည်း မွတ်စ်လင်မ်ဖြစ်လာခဲ့ကြသည်။ မွတ်စ်လင်မ်ကုန်သည်များနှင့် ဒေသခံတို့၏အိမ်ထောင်ထူမှုအားဖြင့်လည်းကောင်း၊ ကြွယ်ဝချမ်းသာသော ကုန်သည်အချို့သည် မင်းမျိုးမင်းနွယ် မိသားစုဝင်ဖြစ်သွားခြင်းဖြင့် လည်းကောင်း အစ္စလာမ် ပြန့်ပွားမှု မပြတ်ဖြစ်လာခဲ့သည်။

    အစ္စလာမ်သာသနာ ပြန့်ပွားပုံ

    အင်ဒိုနီးရှားကျွန်းစုပြင်ပနှင့်ကုန်သွယ်ကူးသန်းမှု တိုးတက်လာသည်နှင့်အမျှ ကုန်သည်များနှင့် နယ်မြေခံမင်းစိုးရာဇာများမှတဆင့် အစ္စလာမ်သာသနာ အခြေတည်ပြန့်ပွား ခဲ့သည်ဟု ယေဘူယျအားဖြင့် ဆိုနိုင်ပေသည်။ ထိုစဉ်က အင်ဒိုနီးရှားပိုင်နက်သည် ဂျာဗားအလယ်ပိုင်းရှိ Mataram ၊  Maluku ကျွန်းစုများရှိ Ternate နှင့် Tidore စော်ဘွား နယ်များမှသည် အရှေ့ဖျား အထိ ကျယ်ပြန့်သည်။ ၁၃ ရာစုအကုန်တွင် အစ္စလာမ်သည် ဆုမတြားမြောက်ပိုင်း၌လည်းကောင်း၊ ၁၄ ရာစုတွင် Malaya အနောက်မြောက်ပိုင်းနှင့် ဘရူနိုင်း၌ လည်းကောင်း၊  ၄င်းပြင် ဖိလစ်ပိုင် အနောက်တောင်ဖက်နှင့် အရှေ့ဂျာဗားတစ်ခွင်၌ လည်းကောင်း၊ ၁၅ ရာစုတွင် Malacca နှင့် မလေး ကျွန်းဆွယ်ဒေသများ၌လည်းကောင်း အခြေခိုင်ခဲ့ပြီးဖြစ်သည်။

    အစ္စလာမ်သာသနာအား နှစ်သက်လက်ခံသူများပြားလာသည်၌ ၁၆ ရာစုအကုန်တွင် ဂျာဗားနှင့်ဆုမတြားပေါ် လွှမ်းမိုးလျက်ရှိသော ဟိန္ဒူနှင့်ဗုဒ္ဓ၀ါဒများ နေရာဖယ်ပေးလိုက်ရသည်။ ၁၇Banda_Aceh's_Grand_Mosque,_Indonesia ရာစု နှင့် ၁၈ ရာစုနှစ်များအတွင်း အစ္စလာမ် နှင့် ခရစ်ယာန်သာသနာ ပြန့်ပွားမှုအရှိန်အဟုန် အားကောင်းလာသည့်တိုင် ဟိန္ဒူအများစုမှာ ဘာလီ၌ လည်းကောင်း၊ သဘာဝ/သက်မဲ့ကိုးကွယ်မှုမှာ အရှေ့ဖျားကျွန်းစုများ၌လည်းကောင်း စွဲမြဲကျန်ရစ်နေသေး၏။ ဤကာလတစ်လျှောက် ဟိန္ဒူ-ဗုဒ္ဓအယူအဆကြီး စိုးနေသော ယဉ်ကျေးမှုမှာ အစ္စလာမ့် ယဉ်ကျေးမှုအောက်၌ မှေးမှိန်သွားခဲ့သည်။

    အင်ဒိုနီးရှားသို့ အစ္စလာမ်ရောက်ရှိခြင်းသည် ဒေသတွင်း အလွန်ထင်ရှားသောတိုးတက်မှုဖြစ်လာကြောင်း သမိုင်းများက ဆိုသည်။ အင်ဒိုနီးရှား လူမျိုးတို့ အစုလိုက်အပြုံလိုက် အစ္စလာမ် လက်ခံရသည့် အကြောင်းရင်းကောက်ချက်မှာကား ပညာရှင်တို့၏အမြင်များ ကွဲပြားလျက် ရှိနေသည်။ ဤပြောင်းလဲမှုဖြစ်စဉ် အစောပိုင်းကာလသမိုင်းကို မူလရင်းမြစ် အထောက်အထားများဖြစ်သည့် ကျောက်စာများ၊ ကုန်သည်အချို့၏ မှတ်တမ်းများတွင် တွေ့ရသော်လည်း အချို့သော အချိန်ကာလ နှင့် နေရာဒေသရှိ ဒေသခံ မွတ်စ်လင်မ်များ အကြောင်းကိုသာ ဖော်ပြထားသည်။

    ဤသာသနာသည် လူနေမှုပုံဟန်များ နှင့် လူ့အဖွဲ့အစည်းများအတွင်း မည်သို့မည်ပုံ နက်ရှိုင်းစွာစိမ့်ဝင်သွားကြောင်းကိုမူ ယင်းအထောက်အထားတို့က ရှင်းလင်းအောင် မဖော်ပြနိုင်ကြချေ။ ဥပမာ – အုပ်ချုပ်သူတစ်ဦးသည် မွတ်စ်လင်မ်ဖြစ်ယုံမျှနှင့် အင်ဒိုနီးရှားတို့ အားလုံး မွတ်စ်လင်မ်ဖြစ်သွားရခြင်းဟု ယူဆ၍ မရပါ။ ထိုအချက်က ယနေ့တိုင်အောင် ပဟေဠိသဖွယ် ဖြစ်နေ ရသည်။ ကျွန်းဆွယ်၏အနောက်ပိုင်း တွင် အစ္စလာမ် စတင်ပျံ့နှံ့သည်ဟု ထင်ရှားသော်ငြား ၊   ၄င်းနှင့် ကပ်လျက်ရှိသောဒေသများ၌ ကူးပြောင်းသက်ဝင်လာမှုမှာ ဒီရေလှိုင်းလုံးသဖွယ် မဟုတ်ခဲ့ဘဲ ဖြေးဖြေးချင်းသာ ဖြစ်လာခဲ့ကြောင်း ကောက်သင်းကောက် အထောက်အထားများက ဖော်ပြနေသည်။

    ၁၅ ရာစုနှောင်းပိုင်းတွင် ဂျာဗားမှ သြဇာကြီးလှသည့် Majapahit အင်ပါယာ ပြိုလဲသွားသည်။ ဂျာဗားရှိ ဟိန္ဒူတို့၏နောက်ဆုံးပိုင်နက်သည် အကြိမ်ကြိမ် စစ်ရှုံးပြီးသည့်နောက် ဒိန်းမတ်လက်အောက်ခံ ဖြစ်သွားခဲ့သည်။ ထို့နောက်မှာမှ အစ္စလာမ်စော်ဘွားတို့၏ သြဇာကြီးမားလာကြသည်။ ဂျာဗား၌  Wali Songo ဟုခေါ်ဆိုကြသော သူတော်စင်ကြီးကိုးပါး၏ အရှိန်အ၀ါကြောင့် အစ္စလာမ်သာသနာ စတင်ပြန့်ပွားခဲ့ခြင်း ဖြစ်သည်။

    ဥရောပသားတို့၏ကိုလိုနီနယ် ဖြစ်ခဲ့မှု

    COLLECTIE_TROPENMUSEUM_Moskee_Indonesië_TMnr_10016740ဒတ်ခ်ျ တို့သည် ဒေသတွင်းကုန်သွယ်ရေးနှင့်သယံဇာတအားလက်ဝါးကြီးအုပ်ရန် ၄င်းတို့၏ စီးပွားအကျိုးအရ ကျူးကျော်နယ်ချဲ့ခဲ့ကြသည်။ အင်ဒိုနီးရှားကျွန်းဆွယ်မှ Maluku ကျွန်းများမှာ ဟင်းခတ် အမွှေးအကြိုင်၏ ကျွန်းများအဖြစ် ကျော်ကြားခဲ့သည်။ ၄င်းဒေသထွက် ဇာဒိပ္ဖိုလ်သီး၊ ငရုတ်ကောင်း၊ လေးညှင်းပွင့် အပါအ၀င် ဟင်းခတ်အမွှေးအကြိုင်တို့မှာ အလွန်ဈေးကောင်းကြသည်။ အခြား ရေပန်းစားသည့် ကုန်စည်များမှာ စန္ဒကူးနံ့သာပင်၊ ရာဘာ နှင့် ကျွန်းသစ်များ ဖြစ်သည်။

    အင်ဒိုနီးရှားအားကျူးကျော် ၀င်ရောက်မှုက ဒေသတွင်းရှိ ဗဟိုကုန်သွယ်ရေးဆိပ်ကမ်းများကို လက်ဝါးကြီး အုပ်နိုင်ခဲ့သော်လည်း၊ ဒေသခံ မွတ်စ်လင်မ် ကုန်သည်တို့သည် အခြားကုန်သွယ် ဆိပ်ကမ်းငယ်များ ဖန်တီးလိုက်ကြရာမှ ယင်းဒေသ တစ်ခွင် အစ္စလာမ်ပြန့်ပွားမှု ပိုပြီး အားကောင်းသွားလေသည်။

    ၂၀ ရာစုအ၀င်သို့ရောက်သော် အစ္စလာမ်သည် ကိုလိုနီဝါဒဆန့်ကျင်တိုက်ထုတ်သော တံခွန်တိုင်ကြီး ဖြစ်လာခဲ့သည်။ အစ္စလာမ့်ပညာရှင် မုဟမ္မဒ် အဗ်ဒူးဟ်မှ သာသနာ၏မူလကျမ်းဂန်ဖက်သို့ ပြန်လှည့်ရန် လှုပ်ရှားမှုတစ်ရပ် စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ သာသနာ့ပညာနှင့်ခေတ်ပညာရေး ပေါင်းစပ်ကျောင်းများထူထောင်ဖြင်းဖြစ်ပြီး၊ အမျိုးသမီးများအတွက် အမျိုးသမီးပညာရှင်တို့ကို မွေးထုတ်ပေးခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသမား တို့၏ လှုပ်ရှားဆောင်ရွက်ချက်များ နှင့် အတိုက်အခံတို့၏တုန့်ပြန်မှုများကြောင့် အင်ဒိုနီးရှားပြည်သူတို့သည် သီးခြားစီ ဖြစ်နေရာမှ စုစည်းကျစ်လစ်မှု ရရှိလာကြသည်။

    အစောပိုင်းကာလလှုပ်ရှားမှုတွင် Minangkabau ပညာရှင်တို့သည် အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြသည်။ ၁၉၀၆ ခုနှစ်တွင် စင်္ကာပူ၌ သွာဟိရ် ဗင်န် ဂျလာလုဒ္ဒီးန်မှ အလ် အီမာန် အမည်ရှိ မလေးသတင်းစာ ထုတ်ဝေသည်။ ငါးနှစ်ကြာပြီးသော် Padang ၌ အလ်မုနီးရ် သတင်းစာ ထွက်ရှိလာပြန်သည်။ ၂၀ ရာစုအစပိုင်းတွင် ခေတ်သစ်ဝါဒီမွတ်စ်လင်မ်ကျောင်းများမှာ အနောက်ဆုမတြား၌ အဒါဗီယဟ် (၁၉၀၉ ခုနှစ်)၊ ဒီနီယဟ် ပူထရီ (၁၉၁၁ ခုနှစ်) အစရှိသဖြင့် အလျှိုလျှို ပေါ်ပေါက်လာကြသည်။ နောင်သော် NU  နှင့် Muhammadiyah တို့ ထွက်ရှိလာခြင်းနှင့်အတူ အစ္စလာမ့်လှုပ်ရှားမှုမှာ ပိုပြီး အရှိန်အဟုန် မြင့်တက်သွားခဲ့သည်။

    လွတ်လပ်ရေးရပြီးခေတ်

    Bojonegoro_mosque
    အရှေ့ဂျာဗားမှ ဗလီတလုံး

    ၁၉၄၅ ခုနှစ် အင်ဒိုနီးရှားမှ လွတ်လပ်ရေးကြေငြာသောအခါတွင်  အင်ဒိုနီးရှားသည် ကမ္ဘာ့ဒုတိယမြောက် မွတ်စ်လင်မ်အများစုရှိသည့် နိုင်ငံ ဖြစ်လာသည်။ ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်ခွဲထွက်လိုက်သည့်အခါတွင် ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေအများဆုံးနိုင်ငံ အဖြစ် ထင်ရှားသွားသည်။ ယနေ့သော် အင်ဒိုနီးရှား၏ လူဦးရေ ၂၃၅ သန်းအနက် ၈၈ % မှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။ လက်ရှိကာလတွင် ရှေးရိုးအစ္စလာမ့်လမ်းကြောင်းတစ်ရပ်ဖက် ပြန်ယိမ်းလာသည်။

    လွတ်လပ်ရေးရပြီးသောအခါ အစ္စလာမ့်အခန်းကဏ္ဍသည် နိုင်ငံရေးလောကအတွင်း အငြင်းပွားဖွယ်ပြဿနာများရှိလာကြသည်။ သို့ဖြင့် အစ္စလာမ့်ဥပဒေ အစား နိုင်ငံရေးမူဝါဒ ဥပဒေကို ကျင့်သုံးလိုက်ကြသည်။

    သမ္မတ ဆူဟာတို လက်ထက်နှစ်များ၌ မွတ်စ်လင်မ်တို့အကြား ယုံကြည်ချက်ပြင်းထန်မှု ရှိခဲ့သည်။ ဆူဟာတို၏စီစဉ်မှုဖြင့် အစ္စလာမ်ပါတီအားလုံးကို စုစည်း၍ အစိုးရမှကွပ်ကဲသည့် တစ်ခုတည်းသော ပါတီ (Party for Unity and Development or PPP) အဖြစ်သို့ပြောင်းလဲစေလိုက်သည်။ ၁၉၉၈ ခုနှစ်တွင် ဆူဟာတို နှုတ်ထွက်လိုက်ရခြင်းနှင့်အတူ သာသနာရေးနှင့်လူထုရေးရာ အကျင့်ပျက်ခြစားမှုများကို နှိမ်နှင်းခဲ့ကြသည်။

    လက်ရှိအခြေအနေတွင် မွတ်စ်လင်မ်တို့သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံလွှတ်တော်အမတ်များ ဖြစ်နိုင်ကြလေပြီ။ သို့ရာတွင် ဆူဟာတိုလက်ထက် အင်ဒိုနီးရှားမှ နယ်နှယ်ခံရပြီး တစ်ကျော့ပြန်ဝင်ခြေကုပ်ယူခဲ့သည့် အစွန်းရောက်ခေါင်းဆောင် Abu Bakar Bashir ကို ဥပမာပေးလျက် – ယင်းသို့ အနေအထားက Laskar Jihad နှင့် Jemaah Islamiyah ကဲ့သို့သော အစွန်းရောက်အုပ်စုများ ထွက်ပေါ်လာစေခဲ့သည်ဟု ဝေဖန်သူအချို့က ဆိုကြသည်။

    လူဦးရေကဏ္ဍ
    ————-

    ဂျာဗား၊ ဆုမတြား၊ Nusa Tenggara အနောက်ပိုင်း၊ Sulawesi၊ Kalimantan ၏ကမ်းရိုးတန်း၊ Maluku မြောက်ပိုင်းမှ ဒေသတို့တွင် မွတ်စ်လင်မ် အများစု နေထိုင်ကြသည်။ ပါပူးဝါး၊ ဘာလီ၊  Nusa Tenggara အရှေ့ပိုင်း၊ ဆုမတြားမြောက်ဖျား၊  Kalimantan ၏ကုန်းတွင်းပိုင်း နှင့် Sulawesi မြောက်ဖက်တွင်မူ မွတ်စ်လင်မ်ဦးရေ နည်းပါးသည်။ မွတ်စ်လင်မ်အများစုမဟုတ်သည့် ဤဒေသများသည် ဆူဟာတိုအစိုးရမှ ကမကထပြုသော တစ်အုံတစ်ကျင်းပြောင်းရွှေ့မှုမတိုင်မီကပင် အင်ဒိုနီးရှားလူဦးရေ သုံးပုံနှစ်ပုံမက ရှိနေခဲ့သည်။ လက်ရှိအချိန်တွင်လည်း မိမိသဘောဖြင့် ရွှေ့ပြောင်းအခြေချလာသူများ ရှိဆဲပင်။

    နိုင်ငံတွင်းရွှေ့ပြောင်းအခြေချမှုက နိုင်ငံ့လူဦးရေကို လွန်ခဲ့သည့်နှစ်သုံးဆယ်ကထက် အပြောင်းအလဲဖြစ်သွားစေသည်။ နိုင်ငံအရှေ့ပိုင်းမှာ ကနဦးပိုင်း၌ ခရစ်ယာန်များ လွှမ်းမိုးခဲ့သော်လည်း ထိုအချက်ကြောင့် မွတ်စ်လင်မ်လူဦးရေ ရာခိုင်နှုန်း တိုးပွားလာခဲ့သည်။ ၁၉၉၀ ခုနှစ်အစောပိုင်းကာလများမှစ၍ Maluku ကျွန်းများတွင် ခရစ်ယာန်တို့မှာ လူနည်းစု စာရင်းဝင်သွားရသည်။  Java နှင့် Madura ဒေသများတွင် လူဦးရေအဆမတန်ကြီးထွားလာမှုကိုလျှော့ချရေးအတွက် အစိုးရမှ နိုင်ငံတွင်းရွှေ့ပြောင်းအခြေချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်ဒေသများအတွင်း မွတ်စ်လင်မ်အများစုဖြစ်လာစေရန် ရည်ရွယ်ထားခြင်း မရှိခဲ့ချေ။ မွတ်စ်လင်မ်တို့မှ မိမိသဘောဆန္ဒအလျောက် ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။ ယင်းမူဝါဒ၏အကျိုးဆက်က Maluku ၊  Sulawesi အလယ်ပိုင်းနှင့် ပါပူးဝါး တို့၌ စီးပွားရေးနှင့်နိုင်ငံရေး တွင် ဂယက်ရိုက်ခတ်သွားစေခဲ့သည်။

    အသင်းအပင်းအဖွဲ့အစည်းများ

    800px-MuseumSumpahPemuda-17-Jong_Islamieten_Bondခေတ်မီဝါဒီများကို ဦးဆောင်သည့် အမျိုးသားအဖွဲ့မှာ Muhammadiyah ဖြစ်သည်။ နိုင်ငံအ၀ှန်း ဌာနခွဲများ ဖွင့်လှစ်ထားပြီး နောက်လိုက် သန်း ၃၀ ခန့်ရှိသည်။ ၁၉၁၂ ခုနှစ်မှ စတင်တည်ထောင်သော Muhammadiyah သည် ဗလီဝတ်ကျောင်းများ၊ ဆေးခန်းများ၊ မိဘမဲ့ကလေးများဂေဟာ၊ သူဆင်းရဲစောင့်ရှောက်ရေး ဌာန၊ ကျောင်းများ၊ လူထုစာကြည့်တိုက်များ၊ တက္ကသိုလ်များကို တည်ထောင်ပြုလုပ်ခဲ့ကြသည်။ နောင်တွင် Muhammadiyah ၏ ဗဟိုဦးစီးအဖွဲ့နှင့် ဌာနေခေါင်းဆောင်များက Muhammadiyah ၏ ဥက္ကဌသည် သမ္မတရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သဘောတူထောက်ခံရာမှ အဖွဲ့အစည်းအတွင်း နိုင်ငံအား သန်သူတို့ ဖောက်ထွင်း ၀င်ရောက်လာပြီး အဖွဲ့ဝင်များအကြား ကွဲလွဲမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။ ၄င်းတို့၏ ဌာနချုပ်မှာ ဂျကာတာ၌ တည်ရှိပြီး နိုင်ငံ၏ ဒုတိယမြောက် အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သည်။

    ရှေးရိုးစွဲဝါဒီလူမှုအဖွဲ့အစည်းများအနက် အကြီးမားဆုံးဖြစ်သည့် Nahdlatul Ulama (NU) သည်လည်း ဖော်ပြပါအဖွဲ့အစည်း၏ဆောင်ရွက်မှုများစွာကို ဦးတည်ဆောင်ရွက်ခဲ့ပြီး ၊ သာသနာ့နှစ်ရှည် စာသင်ကျောင်း အများစုကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်။ နောက်လိုက်မှာ ခန့်မှန်းခြေ သန်း ၄၀ ခန့်ရှိ၍ နိုင်ငံ၏ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သည့်အပြင် ကမ္ဘာ့အကြီးဆုံးအစ္စလာမ့်အုပ်စုဟုပင် ဆိုနိုင်ဖွယ် ဖြစ်သည်။ NU သည်လည်း နိုင်ငံအတွင်း ကျယ်ပြန့်စွာရှိသော်လည်း ဂျာဗား၌ အဓိကခြေကုပ်ယူထားသည်။ NU နောက်လိုက်သားတို့ထံ ဂျာဗားဒေသခံယဉ်ကျေးမှု အမြောက်အများ စိမ့်ဝင်လာရာ အစ္စလာမ့်ပြဌာန်းမှုလမ်းကြောင်းမှ သွေဖည်လုနီးနီး အခြေအနေရောက်ခဲ့သည်။ NU နောက်လိုက်များစွာတို့သည် NU ၏ ကနဦး ၀ါရင့် သာသနာ့ခေါင်းဆောင်များ – Kyais သို့မဟုတ်  Ulama (အုလမာ) တို့၏ အမြင်၊ လမ်းညွှန်မှု နှင့် ဖွင့်ဆိုချက်များနှင့် ဆန့်ကျင်ဖက်ဖြစ်လာကြပြီး သာသနာရေးရာမြှင့်တင်ပြောင်းလဲမှုများ၊ သမမျှတစွာ အတူယှဉ်တွဲနေထိုင်မှုများဖက်သို့ တွန်းအားပေးလျက် ရှိကြသည်။

    အစ္စလာမ့်ရေးရာအတွေးအခေါ်လမ်းကြောင်း မတူညီကြသော အဖွဲ့အစည်းငယ်များလည်း ရှိနေကြသည်။ ၄င်းတို့အနက် Islam Liberal Network (JIL) အဖွဲ့သည် အစ္စလာမ့်ဒဿနအား အမြင်ကျယ်စွာဖွင့်ဆိုရေးနှင့်အသုံးချနိုင်ရေးဖက်သို့ဦးတည်သည်။ ဤအဖွဲ့အစည်းနှင့် ဆန့်ကျင်ဖက်မှာ Hizbut Tahrir Indonesia (HTI) ဖြစ်သည်။ ၄င်းက The Indonesian Mujahedeen Council (MMI) ဖွဲ့၍ နိုင်ငံဥပဒေအား ရှရီအဟ်တရားတော်နှင့်အစားထိုးရန်၊ အစ္စလာမ်နိုင်ငံအား ခလီဖဟ်စံနစ်ဖြင့်အုပ်ချုပ်ရန် တိုက်တွန်းသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အခြား အဖွဲ့အစည်းငယ်အများအပြားလည်း ဖြစ်ပေါ်လာသည်။ အခြားတစ်ဖက်တွင် The Indonesian Islamic Propagation Institute (LDII) ဟူသော အဖွဲ့ငယ်သည်လည်း တဖြည်းဖြည်း ကြီးထွားလျက်ရှိသည်။

    စွန္နီမွတ်စ်လင်မ်အတွေးခေါ်လမ်းကြောင်းမှ သီးသန့်ခွဲထွက်လာသော အဟ်မဒီယာ တို့မှာ လူနည်းစုလေးသာဖြစ်သော်လည်း နိုင်ငံအတွင်း ဌာနခွဲပေါင်း ၂၄၂ ခုထိ ရှိသည်။ ၁၉၈၀ ခုနှစ်တွင် အင်ဒိုနီးရှားသာသနာ့ပညာရှင်များကောင်စီ – The Indonesian Council of Ulamas (MUI) မှ ဤအုပ်စုဝင် အဟ်မဒီများသည် အစ္စလာမ်၏တရားဝင်သဏ္ဍာန် မဆောင်ကြောင်း ဓမ္မသတ်ထုတ်ပြန် ကြေငြာခဲ့သည်။

    လူ့အဖွဲ့အစည်းပုံဟန်

    COLLECTIE_TROPENMUSEUM_Een_Koranschool_op_Java_TMnr_10002385
    ဒတ်ခ်ျတို့ လက်အောက်ကျရောက်စဉ် ခေတ်က အင်ဒိုနီးရှားကလေးငယ်များ ကုရ်အာန်ကျမ်းစာ သင်ကြားနေစဉ်

    အင်ဒိုနီးရှားနိုင်ငံ၏ ရှုပ်ထွေးသော သမိုင်းကြောင်းရိုက်ခတ်မှုက နိုင်ငံအနှံ့အပြားတွင် တွေ့ရသည့် အစ္စလာမ့် အနက်သဘောနှင့်ကျင့်သုံးပုံများမှာ အရှေ့အလယ်ပိုင်း ကျင့်သုံးပုံများလောက် တင်းကြပ်မှု မရှိဘဲ သိသိသာသာခြားနားမှု ရှိနေစေသည်။ ကုန်သည် အသီးသီးတို့၏ တဖြည်းဖြည်း မိတ်ဆက်ပေးမှုကြောင့်လည်းကောင်း၊ အိန္ဒိယမှ တရားအားထုတ်သူအာဂန္တုများကြောင့်လည်းကောင်း ဆုမတြား၏ ကမ်းရိုးတန်းဒေသများ၊ ဂျာဗားမြောက်ပိုင်း နှင့် ကလီမန်တန်တို့တွင် ၁၂ ရာစုနှင့် ၁၅ ရာစုအကြား အစ္စလာမ် စတင်အခြေခိုင်ခဲ့သည်။ ထိုဒေသများသို့ အစ္စလာမ်ဝင်ရောက်သည့် အစစ်အမှန်ပုံဟန်မှာ အဇ္ဈတ္တသန့်စင်ရေးတရားကျင့်ကြံသူ (ဆွူဖီ)များ၏ လမ်းစဉ်ဖြစ်သည်။

    ယင်းဆွူဖီဝါဒကို ဒေသခံများက လွယ်ကူစွာလက်ခံခဲ့ပြီးနောက် ဒေသထုံးတမ်းနှင့် ပေါင်းစပ်သွားခဲ့သည်။   ကျွန်းစုဒေသများထံ အစ္စလာမ်ချဉ်းနင်းဝင်ရောက်မှုမှာ တစ်ပုံစံတည်းတော့ မဟုတ်ပေ။ ၁၆ ရာစုတွင် ဟိန္ဒူ-ဗုဒ္ဓဘာသာဝင်များရှိရာ အရှေ့ဂျာဗားသို့ အစ္စလာမ့်သြဇာလွှမ်းမိုးလာသောအခါ ဂျာဗားမှ မြို့မျက်နှာဖုံးတို့သည် ၄င်းတို့၏ မူလဘူတ ဟိန္ဒူဝါဒ ရှင်သန်ဆဲဖြစ်သည့် ဘာလီသို့ ထွက်သွားခဲ့ကြသည်။ ၄င်း၌ ဟိန္ဒူဘာသာဝင် ၂.၅ သန်းရှိခဲ့သည်။ ဆုမတြားကမ်းရိုးတန်းဒေသများနှင့်မတူ  တမူထူးခြားစွာဖြင့် ဂျာဗားအတွင်းပိုင်းရှိ ဟိန္ဒူ-ဗုဒ္ဓဘာသာဝင် မင်းမျိုးမင်းနွယ်တို့သည် စီးပွားရေးနှင့်နိုင်ငံရေးအင်အားထိပ်တိုက်တိုးကြရာမှ အစ္စလာမ်ကို တဖြည်းဖြည်းချင်း လက်ခံလာကြပြီးနောက် မိမိတို့၏ တရားဝင်ဘာသာတရားနှင့်နာမ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအဖြစ် ပုံဖော်ခဲ့ကြပေသည်။

    220px-Masjid_Jami_Koto_Marapak
    ဘူကစ်တင်ဂီရှိ ရိုးရာ ဗိသုကာ ဒီဇိုင်းဖြင့် ဆောက်လုပ်ထားသော ဗလီဝတ်ကျောင်းတော်

    ဤသမိုင်းဖြစ်စဉ်များအားဖြင့် မိရိုးဖလာမွတ်စ်လင်မ်များ နှင့် လမ်းကြောင်းမမှန်သည့်မွတ်စ်လင်မ်များအကြား တင်းမာမှုကို ၁၉၉၀ နှစ်များအစောပိုင်းကာလအထိ တွေ့ကြရသည်။ အချို့မွတ်စလင်မ်အုပ်စုများ၌ ဟိန္ဒူ-ဗုဒ္ဓ နှင့် ရိုးရာကိုးကွယ်မှုအယူများ ရောထွေးပါဝင်နေခြင်းများ ရှိနေခဲ့ကြသည်။ ၁၉၇၃ ခုနှစ် သမ္မတဆူဟာတိုလက်ထက်တွင် မွတ်စ်လင်မ်တို့အဖို့ တစ်ဆူရှင်ဝါဒကိုသာ လက်ခံရန်ပြဌာန်းခဲ့ပြီး သူကိုယ်တိုင်လည်း တစ်ဆူရှင်ကိုးကွယ်မှုဝါဒီအဖြစ် ခံယူခဲ့သည်။ ထိုအခါ တစ်ဆူရှင်ဝါဒမှ သိသိသာသာကွဲထွက်နေသော kebatinan အုပ်စုသည် မိမိတို့၏ သီးသန့်ဘာသာတရားတစ်ခုအဖြစ်သတ်မှတ်၍ နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား ( ၆ ခုအနက် ) တစ်ခုအပါအ၀င် ထည့်သွင်းရန် တောင်းဆိုခဲ့သည်။ ၄င်း The Kebatinan သို့မဟုတ် Kepercayaan အယူ၌ တမန်တော်၊ ကျမ်းဂန်၊ သာသနာ့ကျင့်ဝတ်နှင့်ပွဲတော်များ ဟူ၍ မရှိ၊ မိမိတို့တစ်ဦးချင်းစီက ဖန်ဆင်းရှင်နှင့် အတွင်းပိုင်းဆက်သွယ်မှုရှိနေသည် ( ထို့ကြောင့် ထိုအရာများမလို ) ဟု ခံယူကြသည်။ ရံဖန်ရံခါ ၀ိညာဉ်များ၊ နတ်ဘုရားများပူဇော်ပွဲကိုလည်း ကျင်းပလေ့ရှိကြသည်။

    ရှေးရိုးစွဲမွတ်စ်လင်မ် နှင့် ခေတ်သစ်မွတ်စ်လင်မ်တို့အကြားတွင်လည်း ကွဲလွဲသည့်အမြင် ရှိနေပြန်၏။ ယင်းအမြင်နှစ်ရပ်အားပြိုင်မှုကို ၁၉၉၀ နှစ်များအစောပိုင်း၌ တရားဝင် ယှဉ်ပြိုင်ဆွေးနွေးကြသော်လည်း ၊ ရှေးရိုးစွဲမွတ်စ်လင်မ်တို့ဖက်မှ ခေတ်သစ်မွတ်စ်လင်မ်တို့အား အနောက်တိုင်း၏ ပညာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အမွေခံများဟု ဆို၍သာ ငြင်းဆိုလျက် ရှိခဲ့သည်။ ခေတ်ကဏ္ဍရေးရာများကိုပါ ထည့်သွင်း သင်ကြားသည့် တိုးမြှင့်မွမ်းမံရေး စာသင်ကျောင်းများဖြစ်အောင် ခေတ်သစ် မွတ်စ်လင်မ်တို့၏ အားပေးမှုအပေါ် ရှေးရိုးစွဲ ၀ါဒီများက သံသယရှိနေသည်။ ၄င်းတို့က မွတ်စ်လင်မ်မှန်သမျှ ၄င်းတို့ဖွင့်ဆိုသော ရှရီအဟ်ဥပဒေနောက်သို့သာလိုက်ရန် အရေးဆိုလျက်ရှိသည်။

    ယင်းသို့ကွဲပြားမှုရှိနေလင့်ကစား ယင်းရှေးရိုးစွဲအုလမာ (NU)၊ The progressive Consultative Council of Indonesian Muslims (Masyumi) နှင့် အခြားပါတီနှစ်ခုကို တစ်ခုတည်းသောအစ္စလာမ့်နိုင်ငံရေးပါတီအဖြစ် ၁၉၇၃ ခုနှစ်၌ ဖွဲ့စည်းစေခဲ့ရာ PPP ပါတီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့ဖြင့် ယင်းအက်ကြောင်းများ လျော့ပါးသွားကာ စုစည်းညီညွှတ်သည့် နိုင်ငံ့အင်အားစုအဖြစ်သို့ ကူးပြောင်းမှု စတင်သည်။
    အင်ဒိုနီးရှားနှင့် အရှေ့အလယ်ပိုင်းယဉ်ကျေးမှုအကြား အမျိုးသမီး ၀န်ထမ်းခန့်အပ်ခြင်း ကိစ္စမှာလည်း မတူကွဲပြားမှု ရှိနေသည်။

    ဘာသာရေးလွတ်လပ်ခွင့်

    အင်ဒိုနီးရှား၏ ဖွဲ့စည်းပုံအခြေခံဥပဒေသ၌  “ လူတိုင်းသည် မိမိယုံကြည်ရာ ကိုးကွယ်နိုင်သည့်အခွင့်အရေး ရှိသည် ” ဟုလည်းကောင်း၊ “ နိုင်ငံတော်သည် တစ်ဆူရှင်အယူဝါဒအပေါ် အခြေခံသည် ” ဟုလည်းကောင်း ဖော်ပြသည်။ အစိုးရများသည် ဤအချက်တို့ကို ယေဘူယျအားဖြင့် လေးစားတန်ဖိုးထားကြသည်။ သို့ရာတွင် အချို့သော (ထိခိုက်နစ်နာဖွယ်ရှိသည့်) ဘာသာရေးလှုပ်ရှားမှု အချို့ နှင့် အသိအမှတ် မပြုထားသည့် ဘာသာရေးကိစ္စများကိုမူ ကန့်သတ်ချက် ရှိသည်။

    200px-Muslim_girls_at_Istiqlal_Mosque_jakarta
    အင်ဒို အမျိုးသမီးငယ်လေးများ ဗလီဝတ်ကျောင်းတော် တခုအတွင်း တွေ့ရစဉ်

    သာသနာ့ရေးရာဝန်ကြီးဌာနမှ အယူဝါဒ ၆ မျိုးကို  တရားဝင်ခွင့်ပြုထား၏။ အစ္စလာမ်၊ ကက်သလစ်၊ ပရိုတက်စတင့်၊ ဗုဒ္ဓ၊ ဟိန္ဒူ နှင့် ကွန်ဖြူးရှပ် တို့ဖြစ်သည်။ ဤအသိအမှတ်ပြုဘာသာတရား ၆ ရပ် အပြင် အခြားအယူဝါဒဆိုင်ရာ အဖွဲ့အစည်းများသည်လည်း အစိုးရထံ မှတ်ပုံတင်ခွင့်ရှိသည်။ သို့သော် သာသနာရေးရာဝန်ကြီးဌာနတွင် မဟုတ်ဘဲ လူမှုအဖွဲ့အစည်းအဖြစ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနတွင် မှတ်ပုံတင်စေသည်။ ယင်းအမျိုးအစားရှိ အချို့သော ဘာသာရေးဆောင်ရွက်ချက်များကို ကန့်သတ်ထားသည်။ တရားဝင် မှတ်ပုံမတင်ထားသော ဘာသာရေးအုပ်စုများမှာ နေရာငှားရမ်းပြီး အကောင်အထည်ဖော် ခွင့်မရှိ၊ မိမိတို့အယူဝါဒအား အခြားနည်းလမ်းများဖြင့် ကျင့်သုံးရသည်။

    မွတ်စ်လင်မ်အများစုဖြင့် ပြည့်နှက်နေသော်လည်း အင်ဒိုနီးရှားသည် အစ္စလာမ်နိုင်ငံ မဟုတ်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်တွင် အစ္စလာမ့်အုပ်စုအများအပြားမှ အစ္စလာမ်နိုင်ငံအဖြစ်ထူထောင်ရန် ရံဖန်ရံခါ ကြိုးပမ်းတတ်ကြ၏။ သို့သော် Muhammadiyah နှင့် NU ကဲ့သို့ သြဇာကြီးလူမှုအဖွဲ့အစည်းများ အပါအ၀င် နိုင်ငံ၏အဓိက အင်အားစုဖြစ်ကြသည့် မွတ်စ်လင်မ်အသိုက်အမြုံကြီးမှ ယင်း အကြံအစည်ကို လက်မခံကြချေ။ အစ္စလာမ်နိုင်ငံပြုရေးအဆိုတင်သွင်းချက်ကို ၁၉၄၅ ခုနှစ်တွင် ပြုလုပ်သော်လည်း မအောင်မြင်ခဲ့။ အလားတူစွာ ၁၉၅၀ ခုနှစ်များတစ်လျှောက် ဒီမိုကရေစီ ပါလီမန်တွင်လည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း၌ မွတ်စ်လင်မ်များအတွက် ရှရီအဟ်ဥပဒေကိုသာ လိုက်နာစေရေးထည့်သွင်းရန် ကြိုးပမ်းခဲ့ကြသေးသည်။ ဆူဟာတိုလက်ထက်တွင် အစ္စလာမ်နိုင်ငံထူထောင်ရေး တွန်းအားပေးမှုအားလုံးကို အစိုးရမှ တားမြစ်လိုက်သည်။

    ၁၉၉၈ ခုနှစ် ဆူဟာတို ပြုတ်ကျပြီးနောက် ဘာသာရေးလွတ်လပ်ခွင့်နှင့်လွတ်လပ်စွာပြောဆိုခွင့်အား ပိတ်ပင်ထားမှု လျော့ရဲသွားသည်နှင့်အမျှ တွန်းအားပေးမှု ပြန်လည်ခေါင်းထောင် လာခဲ့သည်။ သို့သော် အာဏာရပါတီများမှ ခွင့်မပြုခဲ့။ ၂၀၀၃ ခုနှစ်တွင် ပညာရေးဖွံ့ဖြိုးမှုအတွက်တော့ ဥပဒေပြုအားပေးခဲ့သဖြင့် အစ္စလာမ်ပါတီများ ကျေနပ်သွားခဲ့သည်။ ၂၀၀၄ ခုနှစ်အတွင်း ယင်းပြဿနာဆိုင်ရာအငြင်းပွားမှုများစွာ ဖြစ်ပေါ်လာပြန်သည်။ တစ်နိုင်ငံလုံးတွင် Aceh ဒေသတစ်ခုတည်းသာ ရှရီအဟ်ဥပဒေဖြင့် ဒေသဆိုင်ရာအာဏာပိုင်များကို အုပ်ချုပ်ခွင့်ပေးခဲ့သည်။ သို့သော် ၄င်းမှာ မွတ်စ်လင်မ်များအတွက်သာဖြစ်၍ အရေးယူမှုများသည် နိုင်ငံတော်ဥပဒေနှင့် ဆီလျော်မှသာ စီရင်ခွင့်ပေးခဲ့သည်။ ထိုဒေသရှိ ရှရီအဟ်ဥပဒေသည် ဖိကဟ် (ဓမ္မသတ်အယူအဆ)များအပေါ်တင်းကြပ်မှု မပြု၊ နယ်သူနယ်သားတို့၏ စည်းကမ်း၊ ရိုးသားဖြောင့်မတ်မှု နှင့် အကျင့်အမူကောင်းများကိုသာ အစ္စလာမ့်စည်းမျဉ်းနှင့်အညီ ဖြစ်စေသည်ဟု ၄င်းတို့မှ ဆိုကြသည်။ ယင်းဒေသခံအများစုက ထိုပုံဟန်ကို နှစ်သက်လက်ခံကြခြင်းကလည်း အကြောင်းတစ်ရပ် ဖြစ်သည်။  လူ့အခွင့်အရေးနှင့်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူအချို့က လူမှုရေးပြဿနာများ၊ စာရိတ္တခြစားမှုများကို လျစ်လျူရှုပြီး၊ ၀တ်စားဆင်ယင်မှုကဲ့သို့သော အပေါ်ယံကိစ္စများ၌သာ ရှရီအဟ်ဥပဒေ ဟူ၍ အသုံးပြုသွတ်သွင်းနေခြင်းသည် အယူသည်းမှုသာဖြစ်သည်ဟု ဝေဖန်ကြ၏။

    အင်ဒိုနီးရှားတွင် အဓမ္မဘာသာပြောင်းစေခြင်းကိစ္စကို မှတ်တမ်းများ၌ အလျဉ်း မတွေ့ရချေ။ ၄င်းမှာ Maluku ၏အရှေ့ပိုင်းနှင့်မြောက်ပိုင်းဒေသများ၊  Sulawesi အလယ်ပိုင်း၌ ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခတို့မှ ထွက်ပေါ်လာသည့် ကောလဟလ သာဖြစ်၏။

    မွတ်စ်လင်မ်၊ ခရစ်ယာန်၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်တို့၏ အခါကြီးရက်ကြီးအချို့ကို နိုင်ငံတော်၏အားလပ်ရက်များအဖြစ် သတ်မှတ်ပေးထားသည်။ မွတ်စ်လင်မ်များအတွက် မိအ်ရာ့ဂ်ျ၊ အီဒုလ် ဖိသ်ွရ်နှင့်အီဒုလ်အဿွ်ဟာ ( အီးဒ်နေ့မြတ် နှစ်ရက် )၊ အစ္စလာမ့်နှစ်သစ်ကူး နှင့် တမန်တော်နေ့များ ဖြစ်ကြသည်။ ခရစ်ယာန်များအတွက် ခရစ္စမတ်၊ Pentecost ၊ အီစတာ နှင့် ခရစ်တော်တက်မြန်းသည့်နေ့များ ဖြစ်ကြသည်။ ဟိန္ဒူတို့အတွက် Nyepi ၊ ဗုဒ္ဓဘာသာဝင်များအတွက် Waisak ၊ ကွန်ဖြူးရှပ်ဝါဒီနှင့်အခြားတရုတ်လူမျိုးများအတွက် တရုတ်နှစ်သစ်ကူးနေ့ စသည်ဖြင့် ဖြစ်သည်။ ဟိန္ဒူဘာသာဝင်အများစုရှိကြသည့် ဘာလီတွင်မူ ဟိန္ဒူတို့၏အခါကြီးရက်ကြီးမှန်သမျှ ရုံးပိတ်ရက်၊ အားလပ်ရက်များ ဖြစ်ကြသည်။

    မက္ကဟ်မြို့သို့သွားရောက်ရသည့် ဟဂ်ျကိစ္စကို အစိုးရမှ ထိန်းချုပ်ကိုင်တွယ်သည်။ ထိုကဏ္ဍတွင်လည်း ဘုရားဖူးခရီးသွားများထံကောက်ယူသည့် ကုန်ကျစားရိတ်များနှင့်ပတ်သက်၍ ၊ ပို့ဆောင်ရေးကိစ္စနှင့်ပတ်သက်၍ သာသနာရေးရာဝန်ကြီးဌာနအား ဝေဖန်ချက်များ ရှိနေပါသည်။

    Ref: http://en.wikipedia.org/wiki/Islam_in_Indonesia

  • ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    ရေးသူ- ဖိုးတာ

    မွတ်စလင်မ် မုန်းသူတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ။ မွတ်စလင်မ်များကို ကမ္ဘာက အတော်မျက်စိ စူးကြသည်။ ဂျပန်နိုင်ငံက မွတ်စလင်မ်တွေကို အကြမ်းနည်းတမျိုး၊ အနုနည်းတမျိုးနဲ့  မွတ်စလင်မ်တွေ ပွားမလာအောင် ထိန်းချုပ်လျက်ရှိသည် (ဖေ့စ်ဘွတ်တွင်ဖတ်ရသည်၊)

    japan2
    Screen Short from Mohammed Naeem FB

    ကိုးရီးယားတွင်လည်း မွတ်စလင်မ်များကို ကန့် သတ် ထိန်းချုပ်လျက်ရှိကြောင်း၊ ဖေစ်ဘွတ် တွင်ဖတ်ရသည်။ မွတ်စလင်မ်တွေ မနေနိုင်အောင် နှိပ်ကွပ်လိုက်လို့  အစ္စလာမ်ဆိုရင် ပျောက် ပါပျောက်သွားတယ်ဟုဆိုသည်။ ပိုစ့်ဓာတ်ပုံမှာတော့ ကားပြိုင်ပွဲ တွင် အလံကိုင်အချက်ပြတဲ့ မလုံတလုံကိုးရီးယားမော်ဒဲယ်မလေး။  မွတ်စလင်မ်ကို ထိန်းချုပ်တဲ့ သတင်းထက် မော်ဒဲယ် မလေးပုံကို ပိုစိတ်ဝင်စားသဖြင့် ထိုသတင်းဖတ်ဖြစ်သွားသည်။ တတ်လည်းတတ်နိုင်ပါပေ့ ပိုစ့်တင်ဆရာသမား။ လူ့ အကြိုက်နတ်မလိုက်ပေသိ ဗမာအကြိုက် ဗမာလိုက်နိုင်ဟု ဆိုရမလို။

    ဂျပန်နှင့် ကိုးရီးယားတွင်သာမက စင်္ကာပူတွင်လည်း မွတ်စလင်မ်များကို ထိန်းချုပ်ရန် မွတ်စလင်မ်များကို မွတ်စလင်မ် မဟုတ်သူများနှင့် လက်ထပ်ခွင့်မပေး။ ဤအချက်သည် မြန်မာအတော်များများ သိပြီးဖြစ်သည်။ ဖေ့စ်ဘွတ်တွင် ပိုစ့်များပျံ့ နေပြီးဖြစ်သည်။

    အချုပ်အားဖြင့်ဆိုရသော် ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူလိုနိုင်ငံများပင်လျှင် မွတ်စလင်မ်များကို နှိပ်ကွပ်သည်၊ ပျောက်သွားအောင်လုပ်ပစ်သည်၊ မျိုးမပွားအောင်ရည်ရွယ်ပြီး အခွင့်အရေး လာမှမပေး။ ရှင်းရှင်းပြောရလျှင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တို့ ကို မျက်နှာသာမပေး။ အသိအ မှတ်လည်းမပြု။ အစိုးရတွေကလည်း မွတ်စလင်မ်ဆို ရှိသမျှ အကုန်ပိတ်ပင်သည်။ ဖေ့စ်ဘွတ်မှ ဖတ်မိသော ပိုစ့်များက ဤသို့ ဤနှယ်ဆိုကြသည်။

    သို့ သော် — သို့ သော်။

    ဖေ့စ်ဘွတ်မှာ ပြောသမျှ မဟုတ်ကဟုတ်ကများသည်။ တလွဲချည်း အလွဲများသာဖြစ်သည်။ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူလို နိုင်ငံတွေက သူတို့ နိုင်ငံမှာ လူမျိုးရေး ဘာသာရေးမီး အလောင်ခံမယ်လို့  မြန်မာတွေသာထင်ကြသည်။ မလုံတလုံမိန်းကလေးပုံတွေနဲ့ ရောပြီး မွတ်စလင်မ် ဆန့်ကျင်ရေး သတင်းအမှား ပေးသူကပေး၊ အားရပါးရ ယုံသူကယုံ။ လက်တွေ့ ထို နိုင်ငံများတွင်  အစိုးရ တွေက မွတ်စလင်မ်ကို နှိပ်ကွပ်ရန် နေနေသာသာ၊ တိုင်းပြည်ခေါင်း ဆောင်များကိုယ်တိုင်က ယခုကဲ့သို့  ဥပုတ်လမြတ်တွင်  မွတ်စလင်များနှင့် အတူ တကြမ်းတည်းထိုင်၊ တသားတည်းဘေးချင်းယှဉ်ပြီး မျက်နှာချင်းဆိုင် ၀ါဖြေကြသည်။ July 17 နေ့ တွင် စင်္ကာပူဝန်ကြီးချုပ်က မွတ်စလင်မ် များနှင့်အတူ ၀ါဖြေခဲ့သည်။ တိုကျိုမြို့ တွင်လည်း စုပေါင်းဝါဖြေပွဲကို ခမ်းခမ်းနားနားကျင်းပပြီး နိုင်ငံပေါင်းမျာစွာမှ ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင်လည်း အစ္စလာမ်ဘာသာ ကို ချီးမွမ်းသည့် ဆောင်းပါး ထုတ်လွင့်ထားသည်။

    (အယ်ဒီတာ မှတ်ချက် – ဆောင်းပါး ဘာသာပြန် ဖတ်ရန်။ အခြား ဂျပန်မွတ်စလင်မ်ဆောင်းပါးများ – )

    1. ဂျပန်နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြသော အစ္စလာမ်သာသနာ အပေါ်အမြင် ဆောင်းပါး  Link
    2. ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ Link1   Link2 
    3. တိုကျိုမြိုမှ ဂျပန်မွတ်စလင်မ်များရဲ့ရမဿွန်(ဥပုတ်လ)စုပေါင်းဝါဖြေပွဲ http://goo.gl/VOAlU
    4.  တောင်ကိုရီးယားသမ္မတနိုင်ငံ နှင့် အစ္စလာမ်သာသနာ Link

    စင်္ကာပူတွင် မွတ်စလင်မ်များကို မွတ်စလင်မ်မဟုတ်သူများနှင့် လက်ထပ်ခွင့်ပိတ်ပင်သည်ဟု ဆိုသော သတင်းမှာလည်း လွဲနေသည်။ နဲနဲလွဲတာမဟုတ်၊ တမင် မြန်မာများကို လူတုံး လူညံ့ လူဖျင်းလို ဖြစ်အောင်၊ ဘာမှမသိတဲ့ မုန်းတီးရေးသမားလို စဉ်းစားအောင် ပြောဆို နေထိုင်အောင် ရည်ရွယ်ချက်ရှိရှိ အချက်အလက်မှားများကို ဖေ့စ်ဘွတ်မှတဆင့် တမင် ဖွခဲ့ခြင်းဖြစ်သည်။ စ-လယ်-ဆုံး အမှားများချည်းသာ။

    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)

    1. စင်္ကာပူနိုင်ငံ ထိမ်းမြားလက်ထပ်ရေး ဆောင်းပါး – http://goo.gl/Nb6Bx
    2. ဝန်ကြီးချူပ် Mr Lee Hsien Loong စင်္ကာပူမွတ်စလင်မ်များနှင့် အတူ ဝါဖြေပွဲဆင်နွှဲ Link

    အနောက်နိုင်ငံများကရော ဘယ်လိုလဲ။

    အမေရိကန်ပြည်ထောင်စု သမ္မတကိုယ်တိုင်က နှစ်စဉ် ၀ါဖြေပွဲအခမ်းအနားကျင်းပသည်။ July 16 ရက်နေ့ ကလည်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ၀ါဖြေပွဲကျင်းပရာ သံအမတ်ကြီးကိုယ် တိုင်တက်ရောက်ခဲ့သည်။ ရွေဗမာများ၊ ရွေရခိုင်များထင်သကဲ့သို့  ကမ္ဘာကြီးက မွတ်စလင်မ် တွေကို အခြောက်တိုက်မမုန်းပါ။ စင်္ကာပူမှာ ရွေဗမာတွေလို မွတ်စလင်မ် မုန်းရင် ၀န်ကြီးချုပ်က ကြမ်းပြင်ပေါ်မှာ မွတ်စလင်မ်များနဲ့ ဘေးခြင်းယှဉ်ပြီး ထိုင်စားမယ်မထင်ပါ။ အမေရိကန် သမ္မတ လည်း နှစ်စဉ် ပွဲလုပ်စရာမလိုပါ။ ဂျပန်အစိုးရ စာမျက်နှာမှာလည်း အစ္စလာမ်ကောင်းကြောင်း အရေးတယူ လုပ်ကာရေးမယ် မထင်ပါ။ မြန်မာပြည်မှာလို ကမ္ဘာက မုန်းတီးရေးသမားများ မဟုတ်ကြပါ။ အရှက်သိက္ခာ၊ လူ့ ဂုဏ်၊ နိုင်ငံ့ပုံရိပ်ထိန်းပြီး မကြိုက်ရင်တောင် မုန်းမပြပါဘူး။

    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)

    1. အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား Link
    2. မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးမှ အစ္စလာမ်ဘာသာဝင်တို့ ဥပုသ်ထွက် ဝါဖြေပွဲတည်ခင်းကျင်းပ Link

    ဖေ့စ်ဘွတ်မှ ဘယ်သူရေးမှန်းမသိသော ပိုစ့်များ၊ စာတိုစာတောင်းများဖတ်ပြီး မိမိကိုယ်မိမိ လူဖျင်း၊ လူတုံး၊ လူညံ့များအဖြစ်မခံပဲ သိချင်တာ မရှင်းတာရှိပါက ယခုလို အင်တာနက်ခေတ် တွင် ဂူဂယ်တချက်ခေါက်ပါက အဖြေ ၁၀ ခုမက ရလာပါလိမ့်မည်။ ဖေ့စ်ဘွတ်တွင် ရည်ရွယ် ချက်ရှိရှိ ဖြန့် နေသော မုန်းတီးရေးစာများသာဖတ်ပြီး လူ့ ငတုံးများအဖြစ်မခံပဲ အနည်းဆုံး ဂူဂယ်တွင်တော့ သိချင်တာများ ရှာဖတ်ပြီး လူညံ့ဖြစ်ခြင်းမှ ကင်းဝေးနိုင်ပါစေ။

    မွတ်စလင်မ်များနှင့် ကြမ်းပြင်ပေါ်တပြေးတည်းထိုင်ပြီး ဥပုတ်ဖြေသည့်  စင်္ကာပူဝန်ကြီးချုပ် သတင်းကို ဥပမာကောင်းယူပြီး လူညစ် လူယုတ်မာများ သတင်းမှားများဖြန့် ကာ မိမိ တို့ မြန် မာပြည်သူများအား လူသတ်ကောင်များဖြစ်အောင်၊ အနည်းဆုံး မုန်းတီးရေးဝါဒီ များဖြစ်အောင် လုပ်နေကြောင်း သတိပြုမိရန် ရည်ရွယ်ပါသည်။