News @ M-Media
Tag: japan muslim
  • ဆော်ဒီမွတ်စလင်များ ပြောပြသည့် ဂျပန်နိုင်ငံက အစ္စလာမ်သာသနာ
    ဆော်ဒီမွတ်စလင်များ ပြောပြသည့် ဂျပန်နိုင်ငံက အစ္စလာမ်သာသနာ
    ဇူလိုင် ၄၊ ၂၀၁၉
    M-Media
    မြို့တော်တိုကျိုမှ ဂျပန်နိုင်ငံ၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော် Tokyo Camii
    -ဖူရတ်ဘန်တန်ဟာ ဆော်ဒီ ဘာသာပြန်တစ်ယောက်ဖြစ်ပြီး ဂျပန်မှာ ဘာသာပြန်အဖြစ် လုပ်ကိုင်နေတာ ၁၃ နှစ် ရှိနေပါပြီ။ သူ့ရဲ့ ဘ၀ရည်မှန်းချက်က ရိုးရှင်းပါတယ် – ဂျပန်ဘာသာစကားနဲ့ပတ်သက်ပြီး အကောင်းဆုံး အာရပ် ဘာသာပြန်တစ်ယောက် ဖြစ်လာဖို့၊ အာရပ်ကမ္ဘ္ဘာနဲ့ ဂျပန်နိုင်ငံတို့အကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ဖို့ – ဖြစ်ပါတယ်။
    အရင်ကာ ‘တိုကျို အာရပ် အစ္စလာမ်အသင်း’ မှာ အလုပ်လုပ်ခဲ့တဲ့ ဘန်တန်ဟာ လက်ရှိ လက်ဘနွန်သံရုံးမှာ ဘာသာပြန်တစ်ယောက်အဖြစ် ဆောင်ရွက်နေပါတယ်။ အဲဒီ အာရပ်အစ္စလာမ်အသင်းဟာ ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့ Al-Imam Mohammad ibn Saud တက္ကသိုလ်လက်အောက်မှာ ရှိပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ဖို့နဲ့ အာရပ်ယဉ်ကျေးမှုအပေါ် နားလည်လာစေရေး မျှော်မှန်းချက်တွေနဲ့ ဆော်ဒီအစိုးရက ဒီအသင်းကို တည်ထောင်ပေးထားတာပါ။
    “ဂျပန်တွေရဲ့ ယဉ်ကျေးမှု၊ ဘာသာတရားကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ချင်ပါတယ်။ ဒါမှသာ ကျွန်တော်ဟာ သူတို့ရဲ့ အတွေးအခေါ်ကို ဆက်စပ်နိုင်ပြီး သူတို့ နားလည် သဘောပေါက်တဲ့ ပုံစံမျိုးနဲ့ အစ္စလာမ့်သင်ကြားမှုတွေကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်” လို့ ဘန်တန်က ပြောကြားခဲ့ပါတယ်။
    အစ္စလာမ်သာသနာဟာ ကမ္ဘ္ဘာပေါ်မှာ လိုက်နာကျင့်သုံးမှု အများဆုံး ဘာသာတရားတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘ္ဘာတစ်ဝှမ်း အစ္စလာမ်ဘာသာကို သက်ဝင်သူ ၁.၆ ဘီလီယံလောက် ရှိတယ်လို့ Pew Research Center က ထုတ်ပြန်ထားပါတယ်။
    ဒါပေမယ့် ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ အခြားသော အရှေ့အာရှ နိုင်ငံတွေနဲ့ယှဉ်ရင် အလွန် နည်းနေပါးသေးတယ်။ မှတ်တမ်း အတိအကျ မရှိပေမယ့် အာဏာပိုင်တွေရဲ့ ထုတ်ပြန်မှုအရ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ ၁ သိန်းကနေ ၁၈၅၀၀၀ ကြား ရှိတယ်လို့ သိရပါတယ်။ ဒါဟာ လူဦးရေ ၁၂၆.၈ သန်းလောက်ရှိတဲ့ နိုင်ငံမှာ အလွန်နည်းပါးတဲ့ ပမာဏ ဖြစ်ပြီး ၀.၁ ရာခိုင်နှုန်းအောက်သာ ရှိနေတာပါ။
    အရေအတွက် နည်းပေမယ့် ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်မှုကတော့ ခိုင်မာလှပါတယ်။ အစ္စလာမ့်ရေးရာ သင်ကြားမှုတွေနဲ့ ၀တ်ပြုဆုတောင်းမှုတွေကို ဆောင်ရွက်ဖို့ အသင်းအဖွဲ့ တော်တော်များများ ဂျပန်နိုင်ငံမှာ ရှိနေပြီး ထင်ရှားတဲ့ အဖွဲ့တွေကတော့ Japan Islamic Trust၊ Islamic Center of Japan နဲ့ Nippon Asia Halal Association
    တို့ ဖြစ်ပါတယ်။
    ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀၀ ကျော်ရှိပြီး ဗလီအသွင်သဏ္ဍာန် အပြည့်အ၀ရှိတဲ့ Tokyo Camii ဗလီကနေ၊ ရပ်ကွက်၊ တက္ကသိုလ်က ၀တ်ပြုဆောင်တွေ၊ လေဆိပ်၊ ကားဂိတ်တို့က ၀တ်ပြုဆောင်တွေအထိ အရွယ်အစားမျိုးစုံ ရှိနေပါတယ်။
    မြို့ပြနဲ့ ဝေးကွာတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုဖို့ အဆင်ပြေစေရေးအတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှား မွတ်စလင်တွေဟာ ဗလီဝတ်အသေးလေးတွေ ဆောက်လုပ်ဖို့ ရန်ပုံငွေ မတည် ကောက်ခံနေတာတွေလည်း ရှိပါတယ်။
    တိုကျို အာရပ်အစ္စလာမ်အသင်းက အာရဘီ ဘာသာစကား စိတ်ဝင်စားတဲ့ ဂျပန်တွေကို အခမဲ့ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ဘန်တန်က လူတွေ ထင်ထားတဲ့ အရေအတွက်ထက်ပိုပြီး ဂျပန်တွေ ဒီသင်တန်းကို လာတက်ကြောင်း၊ ယနေ့ခေတ် နိုင်ငံရေး အခင်းအကျင်းမှာ ဂျပန်ပြည်သူတွေဟာ အစ္စလာမ်သာသနာအပေါ် ပိုပြီး စိတ်ဝင်စားလာကြောင်း ပြောကြားခဲ့ပါတယ်။
    ဒေသတွင်း အစ္စလာမ့်အသင်းအဖွဲ့တွေထံမှာ အစ္စလာမ်အကြောင်း လေ့လာခဲ့တဲ့ ဂျပန်လူမျိုးတစ်ချို့ နောက်ပိုင်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်လာကြတယ်လို့လည်း သူက ဆိုပါတယ်။
    “အာရပ်အစ္စလာမ်အသင်းမှာ ကျွန်တော် အလုပ်လုပ်တုန်းက တစ်ပတ်ကို လူ ၂ ယောက်၊ ၃ ယောက် အစ္စလာမ်ကို သက်ဝင်လာကြတာ တွေ့ခဲ့ရပါတယ်။ အခုအချိန်မှာ အစ္စလာမ်သာသနာကို ကျွမ်းကျင်တဲ့ ဂျပန်လူမျိုး တရားဟောဆရာ ရှိလာတဲ့အတွက်ကြောင့် ဒီအရေအတွက်က ဆပွားတိုးတက်လာပါတယ်”
    ဂျပန်နိုင်ငံက သေးငယ်လှတဲ့ အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်းဟာ နိုင်ငံတစ်ဝှမ်း အစ္စလာမ့်သတင်းစကား ပြန့်နှံ့ဖို့အတွက် လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါတယ်။ အခြား အရှေ့အာရှနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ဂျပန်နိုင်ငံကို အစ္စလာမ်သာသနာ ရောက်ရှိလာမှုဟာ တော်တော်လေး ကွဲပြားပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် တမန်တော် မိုဟမ္မဒ်ကို မှီလိုက်တဲ့ သာဝကကြီးတွေရဲ့ တရားဟောကြားမှုကြောင့် အစ္စလာမ်သာသနာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက ပြန့်နှံ့နေခဲ့ပြီး ဖြစ်ပါတယ်။
    ဂျပန်နိုင်ငံကို အစ္စလာမ်နဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့သူက ၉ ရာစုမှာ ရောက်လာတဲ့ ပါရှန် ပထဝီဗေဒပညာရှင် အစ်ဗနေ့ ခိုရ်ဒါဘတ် ဖြစ်တယ်လို့ ပြောစမတ် ရှိပါတယ်။ ဒါပေမယ့် တာ့က်-တာတာ မွတ်စလင်တွေ ရုရှားရဲ့ ဖိနှိပ်မှုကြောင့် ဂျပန်နိုင်ငံမှာ ခိုလှုံခဲ့ရတဲ့ Bolshevik တော်လှန်ရေးနောက်ပိုင်းမှသာ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာ သိသိသာသာ ထွန်းကားလာခဲ့တာပါ။ ခိုလှုံလာသူတွေထဲက အချို့ဟာ ဒေသခံ ဂျပန်ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံလာရာကနေ အစ္စလာမ်သာသနာကို ဟောကြား ဖြန့်ဖြူးခဲ့ကြတာ ဖြစ်ပါတယ်။
    ဂျပန်နိုင်ငံက အစ္စလာမ်သာသနာသမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုက ၁၉၆၈ ခုနှစ်မှာ ဂျပန်လူမျိုး အစ္စလာမ်ဘာသာဝင် ရိုအီချီ မီတာက ကုရ်အာန်ကျမ်းတော်မြတ်ကို ဂျပန်ဘာသာ ပြန်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက္ကာအခြေစိုက် ကမ္ဘ္ဘာ့မွတ်စလင်လိဂ်က အတည်ပြုပေးခဲ့ပြီးတဲ့နောက် ၁၉၇၂ ခုနှစ်မှာ ဂျပန်ဘာသာနဲ့ ကုရ်အာန်ကျမ်းစာကို ပထမဆုံး ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။
    ခေတ်သစ်ဂျပန်ပြည်ဟာ အစ္စလာမ်ကမ္ဘ္ဘာနဲ့ စီးပွားရေးဆက်ဆံမှု ကျယ်ကျယ်ပြန့်ပြန့် ရှိလာပါတယ်။ ဂျပန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံရဲ့ နှစ်စဉ် ကုန်သွယ်မှုပမာဏ တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ ၂၆.၆၇ ဘီလီယံ ရှိနေပါတယ်။ ဆော်ဒီအတွက် ဂျပန်ဟာ အကြီးမားဆုံး သွင်းကုန်မိတ်ဖက်နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးနိုင်ငံ၊ ကုန်သွယ်မှု တတိယအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
    ဂျပန် မွတ်စလင်တို့၏ ဘဝ
    ဒီကနေ့ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုဟာ ဘယ်လိုရှိမလဲ။ ဂျပန်မှာ နေထိုင်နေတာ ၁၂ တာ ကြာမြင့်ပြီဖြစ်တဲ့ ဆော်ဒီနိုင်ငံသား အဘ်ဒူလ် အဇစ် အလ် ဖိုရီက အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်ရခြင်းအတွက် ဂျပန်မှာ ထွေထွေထူးထူး အခက်အခဲ မရှိဘူးလို့ ပြောပါတယ်။ ဂျပန်တွေဟာ ဘာသာရေးလို ကိစ္စတွေနဲ့ပတ်သက်ပြီး တစ်စိမ်းတွေနဲ့
    ပြောဆိုတာမျိုး မရှိတဲ့အတွက် ဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။
    “ခင်ဗျားက ဘာသာတရားတစ်ခုခုကို လိုက်နာကျင့်သုံးနေပြီဆိုရင် သူတို့က ဒီဘာသာကို လက်ခံခံ၊ မခံခံ သိပ်ကို အလေးထားပါတယ်။ အပြင်တွေဘာတွေသွားလို့ ထောင့်တစ်နေရာမှာ ကျွန်တော် ဘုရားဝတ်ပြုလို့ရှိရင်လည်း ဘယ်သူမှ ဘာမှ မပြောကြပါဘူး”
    အလ်ဖိုရီဟာ နီပွန် နည်းပညာတက္ကသိုလ်ကနေ မဟာဘွဲ့ရရှိကာ ဂျပန်နိုင်ငံမှာ နေထိုင်နေသူပါ။ ဂျပန်လူမျိုးတစ်ချို့နဲ့ပေါင်းပြီး ကုမ္ပဏီတစ်ခုလည်း သူက ထူထောင်ထားပါတယ်။
    ဟာလာလ်အစားအသောက်ကတော့ ရှာဖို့ခက်တယ်လို့ သူက ပြောပါတယ်။ ဂျပန်စကားပြောတတ်ရင် ရှာရတာ လွယ်ကူပေမယ့် ခရီးသွားနေရာမဟုတ်ရင် အင်္ဂလိပ်ကစကားပြောတဲ့ သူတွေအတွက် ရှာရတာ ခက်တယ်လို့ ဆိုပါတယ်။
    “ဂျပန်စကားပြောတတ်တယ်ဆိုရင်တော့ ဟာလာလ် အစားအသောက် ရှာစားရတာ သိပ်လွယ်ပါတယ်”
    နားလည်မှု အလွဲ
    ဂျပန်နိုင်ငံမှာ သတိပြုမိတာတစ်ခုက ဂျပန်မီဒီယာတွေဟာ အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး ရှုထောင့်အမှားကနေ ဖော်ပြတာ ဖြစ်တယ်လို့ အလ်ဖိုရီက ပြောပါတယ်။ ဂျပန်တွေရဲ့ အဓိက အစားအသောက် ၂ မျိုးဖြစ်တဲ့ ၀က်သား၊ အရက်တွေကို မွတ်စလင်တွေက မစားမသောက်တာနဲ့ပတ်သက်ပြီး ဝေဖန်ဖော်ပြတာတွေ၊ ဆော်ဒီအမျိုးသားတိုင်းဟာ မိန်းမ ၄ ယောက်ယူကြတယ်ဆိုတဲ့ ဖော်ပြချက်မျိုးတွေကြောင့် လူတွေမှာ အသိပညာ ရမယ့်အစား လှုံ့ဆော်မှုတွေ ဖြစ်စေတယ်လို့ အလ်ဖိုရီက ထောက်ပြပါတယ်။
    “ဒီလို အထင်မှား အမြင်မှားတွေကို ကိုယ့်ဘက်ကတော့ နိုင်သလောက် ဖြေရှင်းပေးနေတာပဲ။ ထိရောက်မယ်လို့ မျှော်လင့်ပါတယ်”
    ဂျပန်မှာ ရမ်ဇာန်ဥပုသ်လဆိုရင် ဆော်ဒီထက်ပိုပြီး သက်တောင့်သက်သာဖြစ်တယ်လို့ အလ်ဖိုရီက ပြောပါတယ်။
    “ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက မွတ်စလင်ဘာလဲဆိုတာ သိကြတယ်။ ကျွန်တော် ဥပုသ်စောင့်ပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက စိတ်ဝင်တစားနဲ့ မေးကြ မြန်းကြတယ်။ လိုက်လုပ်ကြည့်ကြတယ်။ အလုပ်တွေများနေတော့ အချိန် ဘယ်လိုကုန်လို့ ကုန်မှန်းတောင် ကျွန်တော် မသိလိုက်ဘူး”
    ဒါပေမယ့် ဝါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲတဲ့အချိန်မှာတော့ အိမ်ကို လွမ်းမိတယ်လို့ အလ်ဖိုရီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    Ref: Arab News
    (Arab News သတင်းဌာနတွင် ဖော်ပြထားသည့် Japan-Islam ties in focus as Saudi Crown Prince tours G20 host country ဆောင်းပါးကို လေးမောင်က ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • အစ္စလာမ်ဘာသာဝင်များ အလွယ်တကူဝတ်ပြုနိုင်မည့် ဂျပန်က ရွေ့လျားဗလီ 
    အစ္စလာမ်ဘာသာဝင်များ အလွယ်တကူဝတ်ပြုနိုင်မည့် ဂျပန်က ရွေ့လျားဗလီ 
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    – ဂျပန်နိုင်ငံအလယ်ပိုင်းက အားကစားကွင်းတစ်ခု အပြင်ဘက်မှာ ရပ်ထားပြီး အဖြူရောင်နဲ့ အပြာရောင် စပ်ထားတဲ့ ထရပ်ကားကြီးတစ်စီးဟာ တစ်ဖြည်းဖြည်းနဲ့ ၀တ်ပြုရာနေရာတစ်ခု ဖြစ်လာပါတယ်။
    ဒါဟာ ရွေ့လျား ဗလီဝတ်ကျောင်းတော်တစ်လုံး ဖြစ်ပါတယ်။
    ၂၀၂၀ အိုလံပစ် အားကစားပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝှမ်းက ဧည့်သည်တွေကို ကြိုဆိုဖို့ ပြင်ဆင်နေတဲ့အချိန် တိုကျိုအခြေစိုက် အားကစားနဲ့ ယဉ်ကျေးမှုအခမ်းအနား ကျင်းပပေးတဲ့ ကုမ္ပဏီတစ်ခုဟာ မွတ်စလင် ခရီးသွားတွေ အဆင်ပြေစေဖို့အတွက် ထရပ်ကားနဲ့ ရွေ့လျားဗလီကို ဖန်တီးပေးခဲ့ပါတယ်။
    အဲဒီစီမံကိန်းကို Yasu Project လို့ခေါ်ပြီး စီမံကိန်းစီအီးအို ယာဆူဟာရူ အီနိုယူက ၂၀၂၀ မှာ ဧည့်သည်တွေလာတဲ့အချိန် ဗလီတွေမလောက်မယ့်ကိစ္စဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရေး နိုင်ငံအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရွေ့လျားဗလီတွေဟာ လိုအပ်ရင်လိုအပ်သလို တခြား အိုလံပစ်ကွင်းတွေဆီ သွားရောက်နိုင်မယ်လို့လည်း ဆိုပါတယ်။
    “ပွင့်လင်းပြီး ဖော်ရွေတဲ့ ကျွန်တော်တို့နိုင်ငံဟာ ကျွန်တော်တို့ရဲ့ ဖော်ရွေပျူငှာမှုကို မွတ်စလင်တွေကိုလည်း မျှဝေခံစားချင်ပါတယ်” လို့ အီနိုယူက ပြောကြားခဲ့ပါတယ်။
    ရွေ့လျားဗလီတွင် ၀တ်ပြုနေကြစဉ်
    ပထမဆုံးရွေ့လျားဗလီကို အခုတစ်ပတ်အစောပိုင်းက တိုယိုတာမြို့ ‘တိုကျိုအားကစားကွင်း’ ရှေ့မှာ စတင်အသုံးပြုခဲ့ပါတယ်။ တိုယာတာမြို့ဟာ နာမည်ကျော် တိုယိုတာကားကုမ္ပဏီ ဌာနချုပ်တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။
    ၂၅ တန် ထရပ်ကားကို အသွင်ပြောင်းထားတဲ့ အဲဒီ ရွေ့လျားဗလီက ကားတံးခါးကိုဖွင့်ပြီး ဘေးအကာတွေကို ဖြန့်ချလိုက်တဲ့အခါမှာ လူ ၅၀ လောက် ၀တ်ပြုနိုင်တဲ့ ၄၈ စကွဲယားမီတာအကျယ် အခန်းတစ်ခု ဖြစ်သွားပါတယ်။
    ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာက ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားကျောင်းသားတွေဟာ ဒီ ရွေ့လျားဗလီဖွင့်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
    “ဒီရွေ့လျားဗလီဟာ ဂျပန်မွတ်စလင်တွေအတွက်ပဲဖြစ်ဖြစ်၊ ခရီးသွားတွေအတွက်ပဲဖြစ်ဖြစ် အင်မတန်မှ အရေးပါပါတယ်။ ကျွန်မရဲ့သူငယ်ချင်းတွေကို မြင်စေချင်ပါတယ်” လို့ အသက် ၁၄ နှစ်အရွယ် နူရ်အဇီဇာက ပြောကြားခဲ့ပါတယ်။
    ဂျပန်မှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ ၁ သိန်းကနေ ၂ သိန်းလောက်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
    ဂျပန်ဧည့်သည်တစ်ယောက်ဖြစ်တဲ့ တာဆူယာ ဆာကာဂူချီက ရွေ့လျားဗလီဟာ ကမ္ဘာ့တစ်ဝှမ်းက လူတွေရဲ့အမြင်ကို ဖွင့်ပေးရာမှာ အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
    “ဗလီထဲကလူတွေကို အပြင်ကနေကြည့်လိုက်ရင် သူတို့ တော်တော်ပျော်ရွှင်နေတယ်ဆိုတာ တွေ့ရမှာပါ” လို့ အိုဆာကာအခြေစိုက် လက်ကားကုမ္ပဏီတစ်ခုက ကိုယ်စားလှယ် ဆာကာဂူချီက ပြောပါတယ်။
    အီနိုယူဟာ လွန်ခဲ့တဲ့ ၄ နှစ် ကာတာကို သွားရောက်စဉ်မှာ ဒီစီမံကိန်းအတွက် စိတ်ကူးရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    အစပိုင်းမှာ သူဟာ ဂျပန်နဲ့ နိုင်ငံခြားက အားကစားပွဲတွအတွက် ဒီစီမံကိန်းကို ရည်ရွယ်ဖန်တီးခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဒီရွေ့လျားဗလီတွေဟာ ဘာသာရေးအဆောက်အဦး လစ်ဟာမှုကို ဖြည့်ဆည်းပေးထာထက် ပိုပြီး အဓိပ္ပါယ်ရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
    “အင်ဒိုနီးရှား၊ မလေးရှား၊ အာဖရိက၊ အရှေ့အလယ်ပိုင်းကလူတွေ၊ ဆီးရီးယားက ဒုက္ခသည်တွေဟာ ဒီလို ရွေ့လျားဗလီတွေကို ကမ္ဘာကြီးငြိမ်းချမ်းမှုကို မြှင့်တင်ဖို့အတွက် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော် တော်တော်လေး ပျော်ရွှင်မိမှာပါ”
    Ref: Aljazeera
  • ဂျပန်နိုင်ငံတွင် ဟာလာလ်ထုတ်ကုန်ကဏ္ဍကို အရှိန်မြှင့်လာ
    ဂျပန်နိုင်ငံတွင် ဟာလာလ်ထုတ်ကုန်ကဏ္ဍကို အရှိန်မြှင့်လာ
    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media
    ၂၀၁၄ ဂျပန်အိတ်စပို ကုန်စည်ပြပွဲတွင် ပါကစ္စတန်သံအမတ်က ဟာလာလ်အစားအသောက်များကို မြည်းစမ်းနေစဉ်
    – မွတ်စလင်တွေအပါအ၀င် နိုင်ငံခြားခရီးသွားတွေ ဂျပန်နိုင်ငံကို အုံလိုက်ကျင်းလိုက် ၀င်ရောက်လာတဲ့အချိန်မှာ သူတို့တွေရဲ့ ဘာသာရေးဆိုင်ရာ အစားအသောက် ကန့်သတ်ချက်တွေ၊ အခြား လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက ဘယ်လို ပြင်ဆင် ဆောင်ရွက်ပေးရမလဲဆိုတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာခဲ့ပါတယ်။
    ‘ဂျပန် အမျိုးသား ခရီးသွားလာရေးအဖွဲ့’ က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနိးရှားနိုင်ငံက လာရောက်တဲ့ ခရီးသွားအရေအတွက်ဟာ ၂၀၁၆ ခုနှစ်မှာ ၂၇၀,၀၀၀ ကျော်လွန်ခဲ့ပြီး ၂၀၁၅ ခုနှစ်ထက်စာရင် ၃၂.၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
    ကျောင်းသားပေါင်း ၃၀၀ လောက် အာရဘီဘာသာစကားကို သင်ယူနေတဲ့ တိုကျိုအခြေစိုက် Arabic Islamic Institute အသင်းရဲ့ ဒါရိုက်တာ နာဆီရ် မိုဟာမက် အလိုမင်က အစားအသောက် ကန့်သတ်ချက်တွေအပါအ၀င် အစ္စလာမ့် ဓလေ့ထုံးတမ်းတွေကို စိတ်ဝင်စားမှုဟာ ဂျပန် ပြည်သူလူထုအတွင်းမှာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
    ဟာလာလ်ဆိုတာဘာလဲ၊ ဂျပန်လူ့အဖွဲ့အစည်းမှာ ဒါက ဘယ်လောက်အထိ အမြစ်တွယ်နေလဲ ဆိုတာတွေကို မသိသေးတဲ့ ဂျပန်ပြည်သူတွေ အများကြီး ရှိပါသေးတယ်။
    ဟာလာလ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသူတွေ၊ ဘာသာတရား အဆုံးအမအတိုင်း နေထိုင်လိုသူတွေဟာ ဂျပန်နိုင်ငံမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
    “သူမ အလုပ်လုပ်တဲ့ စားသောက်ဆိုင်တစ်ခုမှာ စားသုံးသူတွေက ဟာလာလ်အကြောင်း တော်တော်များများ မေးတာကြောင့် အာရဘီဘာသာစကားသင်တန်းတက်ဖို့ စိတ်ဝင်စားလာရတာဖြစ်တယ်လို့ ကျွန်တော့် ကျောင်းသူတစ်ယောက်က ပြောပါတယ်” လို့ အလိုမင်က ဆိုပါတယ်။
    အလိုမင်တို့အသင်းဟာ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းတွေအကြား ဆက်နွယ်မှုဆိုင်ရာ ဟောပြောပွဲတွေ၊ ပြပွဲတွေကို ကျင်းပပြုလုပ်ပေးပြီး အဲဒီအထဲမှာ အစ္စလာမ့်ဓလေ့နဲ့ အစားအသောက်တွေအကြောင်းလည်း ပါဝင်ပါတယ်။ ဒီပွဲတွေကို ဂျပန်လူမျိုးတွေအပါအ၀င် လူတော်တော်များများ တက်ရောက်ကြောင်း၊ အရှေ့အလယ်ပိုင်းကို ပစ္စည်းတွေတင်ပို့ရေး စိတ်ဝင်စားတဲ့ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ကြောင်း အလိုမင်က ပြောပါတယ်။
    ဟာလာလ်ဆိုတဲ့ စကားလုံးဟာ အစ္စလာမ့်ထုံးတမ်းအရ ခွင့်ပြုထားတဲ့၊ ဒါမှမဟုတ် ပြင်ဆင်ချက်ပြုထားတဲ့ အစားအသောက်ဖြစ်ပါတယ်။ အစားအသောက်အတွက်ဆိုရင် ထုတ်လုပ်တဲ့အဆင့် တစ်ခုလုံးမှာပါ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဒီကန့်သတ်ချက်တွေကတော့ နိုင်ငံတွေ၊ ဒေသတွေကိုလိုက်ပြီး ကွဲပြားခြားနားပါတယ်။
    ရမ်ဇာန်ဥပုသ်လရဲ့ တစ်ညနေမှာ အသက် ၂၇ နှစ်အရွယ် မလေးရှား အင်ဂျင်နီယာတစ်ဦးနဲ့ သူရဲ့ ဇနီးသည်တိုဟာ တိုကျိုက Panga စားသောက်ဆိုင်က အသားကင်ကို သွားရောက်စားသောက်ခဲ့ပါတယ်။
    မွတ်စလင်တွေ စားလို့ရတဲ့ ဟင်းအမယ်တွေ၊ ထင်းကနဲမြင်နေရတဲ့ ဟာလာလ် လိုဂိုတွေက သောင်ဖစ်က်လို့ခေါ်တဲ့ ဒီမလေးအင်ဂျင်နီးယာကို စွဲဆောင်စေခဲ့ပြီး ဂျပန်မှာ နေထိုင် အလုပ်လုပ်ကိုင်တဲ့ ၇ နှစ်တာ သက်တမ်းတစ်လျှောက်မှာ အပြင်ထွက်ပြီး စားသောက်ဖို့အတွက် ဒီအချက်တွေက အထောက်အကူ ဖြစ်ခဲ့ပါတယ်။
    “ကျွန်တော် စားသောက်မယ့် အသားဟာ ဟာလာလ် ဟုတ်၊ မဟုတ် ဆန်းစစ်ပါတယ်” လို့ သောင်ဖစ်က်က ဆိုပြီး အခြားစားသုံးသူတွေအတွက် အရက်ရောင်းပေးတာမျိုးတွေကို သိပ်ပြီး ဂရုမထားဘူးလို့ ပြောကြားခဲ့ပါတယ်။
    တိုကျိုက ‘ဂျပန်မွတ်စလင်အသင်း’ ဟာ အစ္စလာမ့်မစ်နိုင်ငံတွေကို တင်ပို့ဖို့ ရည်ရွယ်တဲ့ ဂျပန်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဟာလာလ် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနေပါတယ်။
    မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဆော်ဒီအာရေဗျတွေလို နိုင်ငံတွေကကို ဂျပန်စားသောက်ကုန်တွေ တင်ပို့မှုနဲ့ ပတ်သက်ပြီး အဲဒီနိုင်ငံတွေက အစိုးရအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ဟာလာလ် ဟုတ်၊ မဟုတ်၊ သူတို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ညီ၊ မညီ စစ်ဆေးတယ်လို့ သိရပါတယ်။
    ပြည်တွင်းဈေးကွက်အတွက်တော့ ဂျပန်မွတ်စလင်အသင်းက အစားအသောက်တွေ၊ ၀န်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ မွတ်စလင်တွေရဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီလားဆိုတာကို စစ်ဆေးပြီးထုတ်ပေးတာ ဖြစ်ပါတယ်။
    လက်ရှိမှာတော့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ထားခြင်း မရှိသေးဘဲ၊ လက်မှတ်ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေအပေါ်လိုက်ပြီး ကွဲပြားပါတယ်။
    မွတ်စလင်တွေ၊ အထူးသဖြင့် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်စလင်တွေကြားထဲမှာ အမှတ်မှားမှုတွေ ဖြစ်နိုင်တာကြောင့် ကဖေးတွေနဲ့ စားသောက်ဆိုင်တွေမှာ ဘာသာရေးအမှတ်အသားဖြစ်တဲ့ ဟာလာလ်လိုဂို အသုံးပြုတာကို တစ်ချို့က မေးခွန်းထုတ်ကြပြီး ကန့်ကွက်တာမျိုးတွေလည်း ရှိပါတယ်။
    ဂျပန်မွတ်စလင်အသင်းရဲ့ အမှုဆောင်ဒါရိုက်တာ တိုရှီယိုအန်ဒိုက ‘မွတ်စလင်တွေအတွက် သင့်လျော်သည့် အစားအသောက်များ ရသည်’ ‘မွတ်စလင်ဟင်းလျာများကို ၀န်ဆောင်မှုပေးသည်’ ဆိုတဲ့ ကြော်ငြာမျိုး ချိတ်ထားသင့်တယ်လို့ အကြံပြုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လာရောက်လည်ပတ်သူတွေက ဟာလာလ်လို့ဆိုတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်ကြတဲ့အခါ ပါဝင်ပစ္စည်းတွေသာ ဟာလာလ်ဖြစ်တာကို ရည်ညွှန်းကြတာဖြစ်ပြီး၊ ပြင်ဆင်ချက်ပြုတ်တာတွေလို ကဏ္ဍတွေမှာ ကန့်သတ်ချက်နဲ့ မညီတဲ့အတွက် တစ်ချို့တွေက စိတ်ကသိကအောက် ဖြစ်ကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    “ဘာသာရေး အသင်းအဖွဲ့တစ်ခုအနေနဲ့ ပြောရရင် ဒီလိုအဖြစ်အပျက်မျိုးတွေက ဂျပန်ပြည်သူတွေရဲ့ ပုံရိပ်ကို ပျက်ဆီးစေမှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”
    ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ နိုင်ငံအတွင်း လာရောက်လည်ပတ်ကြတဲ့ မွတ်စလင်ခရီးသွားအတွက် ဟာလာလ် သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးနေတဲ့ Halal Media Japan Co ကို ပူးတွဲတည်ထောင်သူ အကီဟီရို ရှူဂိုက အခုလို ပြောကြားခဲ့ပါတယ်။
    “(၂၀၂၀) မှာ ဂျပန်နိုင်ငံဟာ ခရီးသွား သန်း ၄၀ လောက်ကို စွဲဆောင်ချင်တယ်ဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံတစ်ပုံရှိတဲ့ မွတ်စလင်ခရီးသွားတွေအတွက် သင့်လျော်တဲ့ အစီအမံ မရှိဘဲနဲ့ ဒီရည်ရွယ်ချက် အထမြောက်မှာ မဟုတ်ပါဘူး”
    Ref: Japantimes
    (Japantimes မွ Japan’s halal industry gathers pace but experts say there’s more to do ေ
    ဆာင်းပါးကို လေးမောင်က ကောက်နှုတ်ပြန်ဆိုသည်။)
  • ဂျပန်က အကြီးဆုံးဗလီကြီးဟာ အစ္စလာမ့်သတင်းစကားတွေ ဘယ်လိုဖြန့်ချီနေလဲ
    ဂျပန်က အကြီးဆုံးဗလီကြီးဟာ အစ္စလာမ့်သတင်းစကားတွေ ဘယ်လိုဖြန့်ချီနေလဲ
    ဇူလိုင် ၁၇၊ ၂၀၁၇
    M-Media
    – အာရှမှာ အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး စိတ်ဝင်တစား လေ့လာကြတဲ့ နိုင်ငံတွေမှာ ဂျပန်နိုင်ငံက ထိပ်ဆုံးမှာ ရှိနေပါတယ်။
    အစ္စလာမ်သာသနာဟာ ဂျပန်နိုင်ငံကို နိုင်ငံရပ်ခြား ရင်းမြစ်တွေကနေတစ်ဆင့် ၀င်ရောက်လာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဂျပန်လူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ ပုံရိပ်တွေကို နိုင်ငံအတွင်း ဖြန့်ချီရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါပြီ။
    မြို့တော်တိုကျိုက နိုင်ငံရဲ့ အကြီးဆုံးဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ တိုကျိုကာမီ ဗလီဝတ်ကျောင်းတော်ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာသာမက အစ္စလာမ့်သတင်းစကားဖြန့်ချီပေးရာ နေရာလည်း ဖြစ်ပါတယ်။
    ဂျပန်ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေအတွက် ဒီဗလီကြီးက ဘယ်လိုအသုံးတော်ခံနေလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့မြင်ရမှာပါ။
    Press TV ရဲ့ ဖော်ပြမှုကို M-Media က စာတန်းတိုး တင်ဆက်တာ ဖြစ်ပါတယ်။
  • မွတ်စလင်ဈေးကွက်ကို ပစ်မှတ်ထားလာတဲ့ ဂျပန် ခရီးသွားလုပ်ငန်း
    မွတ်စလင်ဈေးကွက်ကို ပစ်မှတ်ထားလာတဲ့ ဂျပန် ခရီးသွားလုပ်ငန်း
    မေ ၁၅၊ ၂၀၁၇
    M-Media
    – ဂျပန်နိုင်ငံဟာ ဟိုတယ်တွေမှာ ကစ်ဗလာ (မွတ်စလင်များ ၀တ်ပြုလျှင် မျက်နှာလှည့်သည့်အရပ်) ကို ညွှန်ပြထားတာ၊ လေဆိပ်တွေနဲ့ စီးပွားရေး အဆောက်အဦးတွေမှာ ၀တ်ပြုဆောင်တွေ ထားရှိပေးတာ၊ စားသောက်ဆိုင်တွေ၊ မွတ်စလင်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကော်ဖီဆိုင်တွေမှာ ဟာလာလ်အစားအသောက်ကို ပုံမှန် ဟင်းလျာအဖြစ် ထည့်သွင်းလာတာ စသဖြင့် မွတ်စလင်နိုင်ငံတွေက ဧည့်သည်တွေကို စွဲဆောင်နိုင်ရေး ကြိုးစားလာပါတယ်။
    ဂျပန်နိုင်ငံကို မွတ်စလင်ခရီးသွားတွေ လာရောက်လည်ပတ်မှုကလည်း ပုံမှန် တိုးတက်လာနေပြီး ဟာလာလ် အစားအသောက်တွေကို လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်ခုလောက်ကတည်းက ရရှိပေမယ့် အခုနောက်ပိုင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုဟာ ရောင်းလိုအား၊ ၀ယ်လိုအားကို ပိုမိုမြင့်တက်စေပါတယ်။
    ၂၀၁၆ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသွားအရေအတွက်ဟာ ၂၄ သန်း ကျော်သွားခဲ့ပြီး အစိုးရက ၂၀၂၀ ရောက်ရင် ခရီးသွားဧည့်သည် သန်း ၂၀ ရှိရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ကောင်းကောင်းကြီး ကျော်သွားတာပါ။ လာရောက်သူတွေထဲမှာ မွတ်စလင်နိုင်ငံတွေက ခရီးသွား အရေအတွက်ဟာလည်း မြင့်တက်လာပါတယ်။
    ဂျပန် အမျိုးသား ခရီးသွားလာရေးအဖွဲ့ (JNTO) က ၂၀၁၆ ခုနှစ်မှာ ဂျန်ပနိုင်ငံကို အင်ဒိုနီးရှားက ခရီးသွား ၂၇၁၀၀၀ လာရောက်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်က ၆၃၀၀၀ သာ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နောက်ပြီး မလေးရှားက ခရီးသွားအရေအတွက်ကလည်း ၃၉၄၀၀၀ အထိ မြင့်တက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်ကဆိုရင် ၈၉၀၀၀ လောက်သာ ရှိတာပါ။
    အရှေ့တောင်အာရှက ခရီးသွားတွေ ဒီလို သိသိသာသာ မြင့်တက်လာတဲ့ အကြောင်းအရင်းက ဂျပန်အစိုးရဟာ ဗီဇာလိုအပ်ချက်တွေကို လျှော့ချပေးတာ၊ ဂျပန်ကို ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေ ပေါများလာတာ၊ အလတ်အလတ် လူတန်းစားတွေ ၀င်ငွေတိုးလာတာတွေကြောင့် ဖြစ်တယ်လို့ JNTO က ဆိုပါတယ်။ မွတ်စလင်ခရီးသွားတွေ မြင့်တက်လာရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ သူတို့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာကြောင့်ပါ။
    “ဒီ အားရစရာကောင်းတဲ့ အချက်အလက်တွေနောက်မှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ယန်းငွေဈေးနှုန်း ကျဆင်းတာကြောင့် အထူးသဖြင့် အရှေ့တောင်အာရှကလူတွေ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့အတွက် ပိုပြီး တတ်နိုင်စေမယ့် အချက်လည်း ပါဝင်ပါတယ်” လို့ စင်ကာပူ JNTO ရုံးက လက်ထောက်ဒါရိုက် ဆူဆန်အွန်က ပြောပါတယ်။
    “ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံခြားခရီးသွားတွေရဲ့ လက်ခံမှုကို ပိုမိုရရှိလာတယ်လို့ ကျွန်မ ထင်ပါတယ်”
    မစ္စတာ ရှီဂီရူ ယာမာရှီတာဆိုတဲ့ ဂျပန်လူမျိုးတစ်ဦးက မွတ်စလင်ခရီးသွားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ရှရီအာနည်းကျ ဟိုတယ် Hotel Fujisan ကို ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဖွင့်လှစ်ခဲ့ပါတယ်။
    “မွတ်စလင်တွေ ဂျပန်ကို လာရောက်လည်ပတ်တဲ့အခါမှာ အဆင်ပြေစေဖို့အတွက် ကျွန်တော် ဒီဟိုတယ်ကို ဖွင့်လှစ်ခဲ့တာပါ။ ကျွန်တော်တို့ဆီက ဟင်းလျာတွေအားလုံးက ဂျပန်ဟင်းလျာတွေပါ။ ဒါပေမယ့် ဟာလာလ်ပစ္စည်းတွေကို အသုံးပြုပြီး ချက်ပြုတ်တာ ဖြစ်ပါတယ်။ အခန်းတိုင်းမှာ ကစ်ဗလာဘက်ကို ညွှန်ပြထားတာ ရှိပြီး ၀တ်ပြုဆောင်တစ်ခုကိုလည်း သပ်သပ် ထားရှိပေးထားပါတယ်” လို့ ယာမာရှီတာက ဆိုပါတယ်။
    နေရာကျယ်တဲ့ လူနေအိမ်တစ်လုံးကို ပြင်ဆင်ဖွင့်လှစ်ထားတဲ့ ဒီဟိုတယ်ဟာ ဂျပန်ရောက်ရင် မသွားမဖြစ်နေရာတွေထဲက တစ်ခုဖြစ်တဲ့ နာမည်ကျော် ဖူဂျီတောင်ခြေက ကာဝါဂူချီကို ရေကန်ရဲ့ အနီးမှာ ရှိနေပါတယ်။
    “အခုအချိန်အထိ ကျွန်တော်တို့ဆီမှာ မွတ်စလင်ဧည်သည့် ၃၀၀ လောက် လာရောက်တည်းခိုခဲ့ကြပါတယ်။ ဒါပေမယ့် စီးပွားရေးက အစပဲ ရှိပါသေးတယ်။ ဒီကဏ္ဍဟာ တိုးတက်လာပြီး လာမယ့်နှစ်တွေမှာ မွတ်စလင်တွေဟာ ဂျပန်နိုင်ငံကို တော်တော်များများ လာရောက်ကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
    အခြားသော စီးပွားရေးလုပ်ငန်းတွေကလည်း မွတ်စလင်စားသုံးသူတွေဟာ အခွင့်အလမ်းကောင်း တစ်ခုလို့ ရှုမြင်နေကြပါတယ်။
    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက တိုကျိုမြို့မှာ Tokyo Modest Fashion ပွဲနဲ့အတူ ၂ ရက်တာ ပြုလုပ်ခဲ့တဲ့ ဟာလာလ်ကုန်စည်ပြပွဲ Halal Expo ကို လူပေါင်း ၇၀၀၀ ထောင်နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီလို အခမ်းအနားမျိုးကို မေလအတွင်း အိုဆာကာမြို့နဲ့ နိုဝင်ဘာအတွင်း တိုကျိုမြို့တွေမှာ ထပ်လုပ်သွားဖို့လည်း ရှိနေပါတယ်။
    အိုကာယာမာ ပြည်နယ်မှာဆိုရင် ကျန်းမာရေးနဲ့ ခရီးသွားလာရေးအသင်းဟာ မွတ်စလင်အတွက် သင့်လျော်မယ့် နေရာထိုင်ခင်းတွေ၊ အစားအသောက်တွေကို ၀န်ဆောင်မှုပေးတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအနေနဲ့ သီးသန့်လိုဂိုတစ်ခု ထားရှိရေး အစီအစဉ်ကို အခုနှစ်အစောပိုင်းမှာ စီစဉ်ခဲ့ပါတယ်။ ၀က်သားမရောင်းဘဲ၊ မွတ်စလင်တွေစားလို့ရတဲ့ နည်းလမ်းနဲ့ ချက်ပြုတ်တဲ့ စားသောက်ဆိုင်တွေ၊ ၀တ်ပြုရာနေရာ ထားပေးထားတဲ့ ဟိုတယ်တွေဟာ ဒီလိုဂိုရရှိဖို့ လျှောက်ထားနိုင်ပါတယ်။
    ချီဘာပြည်နယ်က Shisui Premium Outlets ဈေးဝယ်စင်တာမှာဆိုရင် ၂၀၁၄ ခုနှစ်ကတည်းက မွတ်စလင်တွေ ၀တ်ပြုဖို့အတွက် ၀တ်ပြုဆောင်တစ်ခုကို ထားရှိပေးခဲ့ပြီး၊ တာကာရှီယာမာ ဦးစီးတဲ့ Shinjuku စတိုးဆိုင်မှာလည်း ၀တ်ပြုရာနေရာတစ်ခုကို ထားရှိပေးခဲ့ပါတယ်။ ဆာပိုရိုက Shiroi Koibito ကစားကွင်းမှာလည်း အခုနှစ်အစောပိုင်းက ၀တ်ပြုခန်းတစ်ခုကို ပြုလုပ်ပေးထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ဒီကစားကွင်းကို လာရောက်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံသားဦးရေဟာ ၂၄၀၀၀ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်နဲ့ယှဉ်ရင် ၇၄ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။
    ဒီလိုအစီအစဉ်တွေကို ရေရှည်အတွက် ရည်ရွယ်ပြီး ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ၂၀၂၄ မှာ နိုင်ငံခြားကျောင်းသားအရေအတွက်ကို ၂၀၀၀ အထိ တိုးလာအောင် စီစဉ်ထားတဲ့ တိုကျိုက Rikkyo တက္ကသိုလ်မှာဆိုရင် ဧပြီလမှာ ၀တ်ပြုဆောင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီး ‘အစ္စလာမ့်ထုံးစံတွေကို ဂျပန်ကျောင်းသားတွေ လေ့လာနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ်’ လို့ တက္ကသိုလ်က ပြောကြားခဲ့ပါတယ်။
    မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံတွေက ကျောင်းသား ၅၀ နီးပါး တက်ရောက်နေတဲ့ အနီးအနားက Sophia တက္ကသိုလ်မှာ ဟာလာလ်အစားအသောက်တွေကို ၀န်ဆောင်မှုပေးတဲ့ ကော်ဖီဆိုင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
    သံထည်ပစ္စည်းတွေ ထုတ်လုပ်တဲ့ YKK Corp လုပ်ငန်းဟာ သူတို့ရဲ့လုပ်ငန်းခွင်မှာ အလုပ်သင်လာရောက်ကြတဲ့ မွတ်စလင်ကျောင်းသားအရေအတွက် မြင့်တက်လာတာကြောင့် ကူရိုဘီမြို့ စက်ရုံက ကော်ဖီဆိုင်မှာ ဟာလာလ် အစားအသောက် ရရှိအောင် စီစဉ်ပေးထားပါတယ်။ ဒီလုပ်ငန်းဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၇၁ ခုမှာလည်း စက်ရုံတွေ ဖွင့်လှစ်ထားပါတယ်။
    မစ္စတာ မိုဟာမက် နာဂျီ မာတာဟာ အိုဆာကာမြို့အခြေစိုက် မီယာကိုနိုင်ငံတကာ ခရီးသွား ကုမ္ပဏီကို ဆီးရီးယားကနေ လွန်ခဲ့တဲ့ လေးနှစ်က ရောက်ရှိလာခဲ့သူပါ။ ကုမ္ပဏီရဲ့ မွတ်စလင်ရေးရာကဏ္ဍကို သူက စတင်တာဝန်ယူပြီး ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။
    “ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေက မွတ်စလင်ခရီးသွားတွေ လာရောက်တာကို မြင်ခဲ့ကြရတယ်။ ဒါပေမယ့် အခုအချိန်မှာဆိုရင် ဒူဘိုင်း၊ ဆော်ဒီအာရေဗျနဲ့ အရှေ့အလယ်ပိုင်းက အခြားနိုင်ငံတွေကလည်း ဂျပန်ကို လာလည်ဖို့ စိတ်ဝင်စားတယ်ဆိုတာ တွေ့လာရပါတယ်” လို့ နာဂျီမာတာက ပြောကြားခဲ့ပါတယ်။
    Ref: Today Online