News @ M-Media

Tag: Jesus

  • အစ္စလာမ် သာသနာ၌ ခရစ်တော်၏ အရေးပါမှုကို ဖော်ကျူးထားသည့် ဓမ္မတေး ထွက်ရှိ

    အစ္စလာမ် သာသနာ၌ ခရစ်တော်၏ အရေးပါမှုကို ဖော်ကျူးထားသည့် ဓမ္မတေး ထွက်ရှိ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    christ
    I believe in Jesus ဓမ္မတေးကိုဖန်တီးသည့် ဆော်ဒီမှ မွတ်စလင်တရားဟောဆရာ အေအီဒ် အလ် ကာရ်နီ

    – ယေရှုခရစ်တော်အပေါ် အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြည်ညိုလေးစားမှုကို ဖော်ကျူးတဲ့ ဓမ္မတေးတစ်ပုဒ်ကို ဆော်ဒီက ထင်ရှားတဲ့ မွတ်စလင် တရားဟောဆရာတစ်ဦးက ခရစ္စမတ်အမီ ထုတ်ပြန်လိုက်ပါတယ်။

    I believe in Jesus လို့အမည်ပေးထားတဲ့ အဲဒီ ဓမ္မတေးကို မွတ်စလင်တရားဟောဆရာ အေအီဒ် အလ် ကာရ်နီက အဆိုတော် မူဆာ အိုမိုင်ရာနဲ့ ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး ၆ မိနစ်တာကြာမြင့်တဲ့ MTV ကို တူရကီမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဓမ္မတေးရဲ့ တစ်ချို့အပိုဒ်တွေကို အဆိုတော် အိုမိုင်ရာက သီဆိုပေးထားပါတယ်။

    သီချင်းရဲ့ ရည်ရွယ်ချက်က အစ္စလာမ်ဘာသာတရားမှာ ယေရှုခရစ် (မွတ်စလင်များက တမန်တော် အီဆာဟု ခေါ်ဝေါ်သည်) ရဲ့ အရေးပါမှုကို သိရှိစေပြီး၊ မတူညီတဲ့ဘာသာဝင်တွေကြားမှာ သည်းခံနိုင်မှုတွေ မြင့်တက်လာရေး ပညာပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ၎င်းတို့ နှစ်ဦးစလုံးက ပြောကြားခဲ့ပါတယ်။

    ယေရှုခရစ်တော်ဟာ လူသားတွေကို တရားလမ်းမှန်ပြဖို့ ထာဝရဘုရားသခင်က ရွေးချယ်တဲ့ တမန်တော်တွေထဲက တစ်ပါးဖြစ်တယ်လို့ မွတ်စလင်တွေက ယုံကြည်ကြပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာလည်း ခရစ်တော်ရဲ့မိခင် မယ်တော် မေရီ (မရ်ယမ်သခင်မ) ရဲ့ အမည်နာမနဲ့ ကဏ္ဍတစ်ခုပါဝင်ပြီး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ ဒီပုဂ္ဂိုလ်မွန် နှစ်ဦးစလုံးကို ယုံကြည်လက်ခံမှု မရှိဘူးဆိုရင်တော့ စစ်မှန်တဲ့ ဘာသာဝင်မဟုတ်ဘူးလို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။

    Ref: Alarabiya

    (ဓမ္မတေးကို အောက်ပါလင့်တွင် နားထောင်နိုင်ပါသည် )

    https://www.youtube.com/watch?v=0yM8reUWdf

  • ယေရှု ဟီဘရူး စကားပြောကြောင်း အစ္စရေးဝန်ကြီးချုပ် အမှားကို ပုပ်ရဟန်းမင်းကြီး ပြင်ဆင်ပေးခဲ့

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    Jesus Did Not Speak Hebrew
    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ တနင်္လာနေ့ကတွေ့ခဲ့ရာမှာ ယေရှုနဲ့ပတ်သက်ပြီး နေတန်ရာဟုရဲ့ မှားယွင်းမှုတစ်ခုကို ပုပ်ရဟန်းမင်းကြီးက ပြင်ဆင်ပေးခဲ့ပါတယ်။

    ခရစ်ယာန်နဲ့ ဂျူးဝါဒတို့အကြား နက်ရှိုင်းနဲ့ ဆက်သွယ်မှုကို ပုပ်ရဟန်းမင်းကြီးနဲ့ ဆွေးနွေးခဲ့ရာမှာ နေတန်ရာဟုက “ယေရှုဟာ ဒီမှာမွေးပြီး ဟီဘရူးစကားပြောပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးကို ပြောခဲ့ပါတယ်။ ဘာသာပြန်ပေးသူကနေ ပြန်ကြားရတဲ့ ပုပ်ရဟန်းမင်းက ချက်ချင်းဆိုသလိုပဲ “အာရမိုက်” စကားဖြစ်တယ်လို့ ပြင်ဆင်ပေးခဲ့ပါတယ်။

    ရုတ်တရတ် ကြားဖြတ်ပြောလိုက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဟန်ပန်ကြောင့် နေတန်ယာဟု အပါအ၀င် အနားမှာ ရှိတဲ့သူတွေအားလုံး ရယ်ခဲ့ကြပြီး နေတန်ယာဟုကလည်း “ယေရှုဟာ အာရမိုက်စကားကိုပြောတယ်။ ဒါပေမယ့် ဟီဘရူးဘာသာစကားကိုလည်း နားလည်တယ်” လို့ သူရဲ့အမှားကို ပြင်လည်ပြင်ဆင်ခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ အရှေ့အလယ်ပိုင်းခရီးစဉ်အဖြစ် ဂျော်ဒန်၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို သွားရောက်လည်ပတ်ခဲ့ပြီး ဒေသတွင်းငြိမ်းရေးရဖို့အတွက်ဆုတောင်းခဲ့ကာ ဘာသာသုံးခုက ခေါင်းဆောင်တွေကိုလည်း ညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Time

  • ယေရှုခရစ်ကို ကြမ်းကြုတ်သူ အဖြစ် ရိုက်ကူးသော ရုပ်ရှင်ကို အမေရိကန် မွတ်စလင်များ ဒေါသဖြစ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
    M-Media

    ကိုင်ရို။ ။ယေရှုခရစ်တော်အား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူတစ်ဦးပုံစံ ရိုက်ကူးထားသည့် အမေရိကန် ရုပ်ရှင်တစ်ခုက ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များနှင့် ခရစ်ယာန် သန်းပေါင်းများစွာအား စော်ကား သကဲ့သို့ဖြစ်နေပြီး အမေရိကန်မွတ်စလင်များထံမှ ကန့်ကွက် ရှုတ်ချမှုကို ဖိတ်ခေါ်လျက်ရှိသည်။

    Jesus movie.jpg1

    “ယေရှု(ငြိမ်းချမ်းမှု သက်ရောက်ပါစေ) နဲ့ ပက်သက်ပြီး ဒီလို လွဲမှားစွာဖော်ပြမှုဟာ သူ့ရဲ့ သတင်းစကားကို ယုံကြည်သူအားလုံးနဲ့ မွတ်စလင်တွေကို လွန်လွန်ကျူးကျူး စော်ကားခြင်းသာ ဖြစ်ပါတယ်။ ” ဟု OnIslam.net မှ ဖေဖော်ဝါရီ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရရှိသော ကြေညာချက်တွင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (Council on American-Islamic Relations) ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ် (Nihad Awad) က ပြောဆိုထားသည်။

    NBC ရုပ်သံဌာနက “Saturday Night Live” အစီအစဉ်တွင် ထုတ်လွှင်ခဲ့သော ရုပ်ရှင်နမူနာတွင် ယေရှုအား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူ တစ်ဦးပုံစံအဖြစ် လည်းကောင်း၊ သေနတ်တ၀င့်ဝင့်ကိုင်ကာ ရောမတို့အား တိုက်ခိုက်ချေမှုန်းသူ တစ်ဦးအဖြစ်လည်းကောင်း ရိုက်ကူးပုံဖော်ထားသည်။

    “ရယ်ရွှင်ဖွယ်ရာ တုန့်ပြန်မှုတစ်ခုကို ဖြစ်စေဖို့ တုန်လှုပ်ဖွယ်ပုံရိပ်တွေ၊ ယုတ္တိကင်းမဲ့မှုတွေ အသုံးပြုထားတာကို ကျနော်တို့မြင်ရတဲ့အခါ၊ သန်းပေါင်းများစွာသော ခရစ်ယာန်တွေ၊ မွတ်စလင်တွေ ကြည်ညိုလေးစားတဲ့ ဘာသာရေး ပြယုဂ်တစ်ဦးကို ဒီလို မနှစ်မြို့ဖွယ် ပုံဖော်မှုဟာ ဟာသ စည်းမျဉ်းကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အားလုံးအတွက် လွတ်လပ်စွာ ပြောဆိုမှုကို ကျနော်တို့ လေးလေးနက်နက် ထောက်ခံပါတယ်။ ဒါပေမယ့် အခြားသူတွေရဲ့ ယုံကြည်မှုအတွက် လေးစားမှုနဲ့ လူမှုကျင့်ဝတ်တွေကို အလေးထားရပါလိမ့်မယ်။ ဒီလို မကောင်းတဲ့ ပုံဖော် ရိုက်ကူးမှုတွေကိုလည်း ရှောင်ရှားရပါလိမ့်မယ်။ ” ဟု အ၀ဒ် ကဆိုသည်။

    တမန်တော်များအား အသရေဖျက်ထားသည့် ရုပ်ရှင်ရိုက်ကူးမှုများမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တမန်တော်မိုဟာမက် (ငြိမ်းချမ်းမှု သက်ရောက်ပါစေ) အား ပျက်ရယ်ပြုထားသည့် အမေရိကန်လုပ် ရုပ်ရှင်တစ်ခု ထွက်ရှိခဲ့လေသည်။ အဆိုပါ ရုပ်ရှင်ကြောင့် မွတ်စလင်ကမ္ဘာတွင် ကြီးမားသည့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လစ်ဗျားနိုင်ငံရှိ အမေရိကန် သံအမတ် အပါအ၀င် လူအများအပြား သေဆုံးခဲ့သည်။

    နောက်ပိုင်းတွင် ဘာသာရေးဆိုင်းရာစော်ကားမှုကို ပိတ်ပင်တားမြစ်ခြင်းနှင့်ပက်သက်၍ ကုလသမ္မဂ္ဂမှ အဖြေရှာရန် ဆော်သြမှုများလည်း ရှိခဲ့လေသည်။

    ကြီးကျယ်သော တမန်တော်တစ်ပါး

    မွတ်စလင်များက ယေရှုကို အလ္လာအရှင်မြတ်၏ တမန်တော်များထဲမှ တစ်ဦးအဖြစ် ကြည်ညိုလေးစားကြသည်ဟု အ၀ါဒ် ကဆိုသည်။

    “မွတ်စလင်တွေက ယေရှုကို အလ္လာဟ်ရှင်မြတ်စေလွှတ်တော်မူတဲ့ တမန်တော်တွေထဲက တစ်ပါးအဖြစ် ချစ်ခင်လေးစားကြတယ်ဆိုတာကို လူတော်တော် များများက မသိကြပါဘူး။ ယေရှုရဲ့ နာမတော်ကို ပြောတိုင်းပြောတိုင်းမှာ မွတ်စလင်တွေဟာ “ငြိမ်းချမ်းမှုသက်ရောက်ပါစေ” ဆိုတာကို ထည့်ပြောလေ့ရှိပါတယ်။” ဟု သူက ဆိုသည်။

    မွတ်စလင်များသည် ယေရှုအား အလ္လာဟ်အရှင်မြတ်၏ တမန်တော်များမှ တစ်ပါးအဖြစ်လည်းကောင်း၊ မေရီသခင်မ၏ သားအဖြစ်လည်းကောင်း လက်ခံ ယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ်၏ သားတော် အဖြစ် ယုံကြည်ခြင်းမရှိပေ။

    ယေရှုကို ကုန်အာန်ကျမ်းတော်မြတ်တွင် အီစာ(Isa) ဟုခေါ်ဝေါ်ပြီး၊ အလ်-မစီ(the Christ) ဟူ၍လည်းကောင်း၊ အစ်ဗနေ့ မရ်ယမ် (Son of Mary) ဟူ၍ လည်းကောင်း သုံးနှုန်းထားသည်။

    လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့်ပက်သက်၍ မွတ်စလင်များက ယုံကြည်ခြင်းမရှိဘဲ၊ လက်ဝါးကပ်တိုင် အတင်မခံရဘဲ ကောင်းကင်သို့ ဆောင်ယူခြင်း ခံရသည် ဟူ၍သာ လက်ခံထားကြသည်။

    နောက်ဆုံးနေ့ မတိုင်မှီအချိန်တွင် အမှန်တရားနှင့် တရားမျှတမှုကို ရယူရန်၊ အလ်-မစီအား ဆန့်ကျင်သူကို တွန်းလှန်ရန်နှင့် ငြိမ်းချမ်းမှုကို ပြန်လည် ထိန်းသိမ်းရန် ယေရှုသည် ဤကမ္ဘာမြေသို့ ပြန်လည် ကြွရောက်လာမည်ဟု မွတ်စလင်များက ယုံကြည်ကြသည်။

    Ref:OnIslam