News @ M-Media

Tag: Jordan

  • ရှာဒီယာ ဘစီဆို (သို့မဟုတ်) အာရပ်အားကစားလောကတွင် သမိုင်းသစ်ထိုးသူ

    ရှာဒီယာ ဘစီဆို (သို့မဟုတ်) အာရပ်အားကစားလောကတွင် သမိုင်းသစ်ထိုးသူ

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်နွယ်ဖွားဖြစ်ပြီး လက်ရှိ ဒူဘိုင်းမှာနေထိုင်တဲ့ အာရပ်အမျိုးသမီး ရှာဒီယာ ဘစီဆိုဟာ အာရပ်ကမ္ဘာရဲ့ အားကစားလောကမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

    ဒါကတော့ နိုင်ငံတကာ နပန်းအားကစားလောက နာမည်ကြီး ကုမ္ပဏီ WWE နဲ့ စာချုပ်ချုပ်နိုင်ခဲ့တာဖြစ်ကာ နပန်းလောကထဲဝင်ရောက်လာတဲ့ ပထမဆုံး အာရပ်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ရှာဒီယာဟာ အားကစားလောကထဲကို ၀င်တာ သိပ်မကြာသေးပါဘူး။ ၂၀၁၃ ခုနှစ်မှာ ဂျူဂျစ်ဆု စတင်ကစားခဲ့ပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုကြောင့် အချိန်တိုတိုအတွင်းမှာ အောင်မြင်မှု ရခဲ့ပါတယ်။

    “ခါးပတ်အဖြူရပြီး ၃ လအကြာမှာ ဒူဘိုင်းက ပြိုင်ပွဲတစ်ခုမှာ ဆုရခဲ့ပါတယ်။ ကြေးတံဆိပ်ရတာပါ။ အဲဒီပြိုင်ပွဲကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်ပါဘူး” လို့ ပထမဆုံးအောင်ပွဲအတွက် ရှာဒီယာက ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

    ယူအေအီးက နောက်ပိုင်း ဂျူဂျစ်ဆုပြိုင်ပွဲတွေမှာ ဆုတွေ ဆက်တိုက်ယူနိုင်ခဲ့တဲ့ သူမဟာ လော့စ်အိန်ဂျလိစ်၊ နယူးယောက်တို့က နိုင်ငံတကာပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

    “ဒီပြိုင်ပွဲတွေက WWE မှာ ၀င်စမ်းကြည့်ဖို့ ယုံကြည်မှုတွေ ရခဲ့ပါတယ်။ CrossFit ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ တစ်နေ့ကို ၃ ကြိမ် ၄ ရက်လေ့ကျင့်ခဲ့ရပြီး တကယ့် အားကစားသမားတစ်ယောက်ရဲ့စိတ်ဓာတ်ကို ရရှိစေခဲ့ပါတယ်။ တော်တော်လေးကို ကောင်းမွန်တဲ့ အတွေ့အကြုံပါ”

    WWE ကို စိတ်ဝင်စားလာတဲ့ ရှာဒီယာဟာ ဒူဘိုင်းမှာ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် WWE က လူသစ်ရှာဖွေရေးအဖွဲ့ အကြီးအကဲ ၀ီလီယံ ရီဂဲလ်နဲ့ တွေ့ဆုံခဲ့ကာ အော်လန်ဒိုက WWE ရဲ့ Performance Center ကို ဖိတ်ခေါ်ခဲ့ရပါတယ်။

    “WWE က ခေါ်ယူစာချုပ်ချုပ်တဲ့ ပထမဆုံး အာရပ်အမျိုးသမီး ဖြစ်ရတဲ့အတွက် ကျွန်မ တကယ်ကို ဂုဏ်ယူမိပါတယ်။ ဒါဟာ ဂုဏ်ယူစရာနဲ့ အခွင့်အထူးဖြစ်သလို ကြီးမားတဲ့ တာဝန်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မပေါ်မှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားကြမယ်ဆိုတာ ကျွန်မ သိသလို၊ အပြင်းအထန်ကြိုးစားကာ
    အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ WWE ကြိုးဝိုင်းထဲမှာ အရှေ့အလယ်ပိုင်းကို ကိုယ်စားပြုပြီး သူတို့ ဂုဏ်ယူနိုင်စေဖို့ပေါ့ရှင်” လို့ ရှာဒီယာက သူ့ရဲ့ခံစားရမှုကို ပြောကြားသွားခဲ့ပါတယ်။

    WWE နပန်းပွဲကို အမျိုးသမီးအားကစားသမားတွေ စိတ်ဝင်စားမှုဟာ ဒီနှစ်ပိုင်းမှာ မြင့်တက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက အမျိုးသမီး လူငယ်ကစားသမားတွေ လက်စွမ်းပြနိုင်ဖို့အတွက် အမျိုးသမီးသီးသန့် Mae Young Classic နပန်းပြိုင်ပွဲကို WWE က ဒီနှစ်နွေရာသီမှာ စီစဉ်ပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ရှာဒီယာလည်း သွားရာက်ြ
    ကည့်ရှုခွင့်ရခဲ့ပါတယ်။

    WWE ပြိုင်ပွဲတွေအတွက် လေ့ကျင့်ဖို့ ရှာဒီယာဟာ ဇန်န၀ါရီမှာ အမေရိကန်ပြည်ထောင်စု အော်လန်ဒိုမြို့ကို သွားရောက်ရမှာ ဖြစ်ပါတယ်။

    “ကျွန်မရဲ့ ကိုယ်ပိုင်ဟန်ပန်ပဲ ဖြစ်ချင်ပါတယ်။ ကျွန်မ အရှေ့အလယ်ပိုင်းမှာ ကြီးပြင်းတယ်။ ကျွန်မ ဂျော်ဒန်ကပါ။ ဒါ့ကြောင့် ကိုယ်ပိုင်ဟန်မှာ ဒါတွေ ပါဝင်မှာပါ။ ကျွန်မ ကြိုးဝိုင်းထဲဝင်တဲ့ ဂီတကို အာရပ်ဂီတဖြစ်ချင်တယ်။ ဒါဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုပါ။ အဲတာတွေကို ကိုယ်စားပြုရတာ နှစ်သက်ပါတယ်”

    ပြီးတော့ သူမဟာ အရှေ့အလယ်ပိုင်းက အမျိုးသမီးငယ်တွေ အားကျရသူတစ်ဦးလည်း ဖြစ်ချင်နေပါတယ်။

    “လုပ်သာလုပ်ပါ။ ဘယ်လိုရည်မှန်းချက်တွေကို ချမှတ်ထားသည်ဖြစ်စေ အဲဒီရည်မှန်းချက်အပေါ်မှာ အရူးအမူး လုပ်ဆောင်ပါ။ WWE က စူပါစတားပဲဖြစ်ဖြစ်၊ တီဗီ စူပါစတားပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ချစ်ဖြစ်ချင် အဲဒီရည်မှန်းချက်အပေါ် အရူးအမူးသာ လျှောက်လှမ်းပါ”

    Ref: Alarabiya

  • ဂျော်ဒန်ဘုရင်နှင့် ပါလက်စတိုင်းသမ္မတတို့ ရာမာလာတွင် တွေ့ဆုံ

    ဂျော်ဒန်ဘုရင်နှင့် ပါလက်စတိုင်းသမ္မတတို့ ရာမာလာတွင် တွေ့ဆုံ

    သြဂုတ် ၇၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်ဘုရင်အဘ်ဒူလာမှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းသို့ ယနေ့တွင် ရောက်ရှိလာခဲ့ပြီး ပါလက်စတိုင်းသမ္မတ မဟ်မူဒ်ဘတ်စ်နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ရာမာလာရှိ ပါလက်စတိုင်းအစိုးရ အဆောက်အဦးတွင် ခေါင်းဆောင် ၂ ဦးမှာ ၂ နာရီကြာ ဆွေးနွေးခဲ့ပြီး၊ အလ်-အက်ဆာပြဿနာအပါအ၀င် ပါလက်စတိုင်းပြည်သူများအတွက် ဂျော်ဒန်နိုင်ငံ၏ ကူညီမှုကို ကျေးဇူးတင်ကြောင်း အဘတ်စ်က ဘုရင်အဘ်ဒူလာကို ပြောကြားခဲ့သည်။

    ဂျော်ဒန်ဘုရင်ကလည်း မိမိအနေဖြင့် ပါလက်စတိုင်းပြည်သူများအား အားပေးထောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့သည်။ ဂျော်ဒန်မှာ ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အား စီမံခန့်ခွဲရေးတာဝန် ယူထားရသည်။

    ရာမာလာသို့ ဂျော်ဒန်ဘုရင် လာရောက်လည်ပတ်မှုမှာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

    ပြီးခဲ့သည့်လအတွင်း အလ်-အက်ဆာဗလီဝတ်ကျောင်းတော် ဂိတ်ပေါက်ဝတွင် သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများ အစ္စရေးက တပ်ဆင်ကာ မွတ်စလင်တို့၏ မြင့်မြတ်ရာနေရာကို အပိုင်စီးလိုသည့် လုပ်ရပ်ကြောင့် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုကို ဂျော်ဒန်က ကူညီဖြေရှင်းပေးခဲ့သည်။

    Ref: Aljazeera

  • ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်ဘုရင် ဘဘ်ဒူလာ ၂ မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့သို့ လာမည့်သီတင်းတင်းပတ် အစောပိုင်းတွင် သွားရောက်ရန် ရှိနေပြီး ၅ နှစ်အတွင်း ပါလက်စတိုင်းသို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။

    တနင်္လာနေ့တွင် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံရန်ရှိနေပြီး ၂၀၁၄ ခုနှစ်ကတည်းက ရပ်တန့်နေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး အကြောင်းများကို ဆွေးနွေးမည်ဟု ဖာတာပါတီမှ ထိပ်တန်းတာဝန်ရှိသူ မိုဟာမက် ရှာတေယဟ်က ပြောကြားခဲ့သည်။

    ၂၀၀၄ ခုနှစ် အစ္စရေးနှင့် ငြိမ်းချမ်းစာချုပ်အရ ဂျော်ဒန်မှာ ဂျေရုစလင်ရှိ အစ္စလာမ်ဘာသာဝင်များ၏ မြင့်မြတ်ရာနေရာများကို ထိန်းသိမ်းစောင့်ရှောက်ရသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ အစ္စရေးက သိမ်ပိုက်ထားသည့် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်း၏ နိုင်ငံရေးမြို့တော် ရာမာလာကို ဘုရင် အဒ်ဒူလာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် နောက်ဆုံး ရောက်ရှိခဲ့သည်။

    ဂျေရုစလင်ရှိ ဟရမ် အလ်-ရှရစ်ဖ် ပရ၀ုဏ်ဂိတ်ပေါက်ဝအတွင် အစ္စရေးက သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများကို တပ်ဆင်ကာ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်မှုနောက်ပိုင်း ဖြစ်လာခဲ့သည့်ပြဿနာကို ပြေလည်စေရေး ပြီးခဲ့သည့်လတွင် ဂျော်ဒန်က ၀င်ရောက်ဖြေရှင်းပေးခဲ့သည်။

    Ref: Alarabiya

  • ဂျော်ဒန်ဘုရင်၏ Interfaith Harmony ဆုပေးပွဲအခမ်းအနား ကျင်းပ

    ဂျော်ဒန်ဘုရင်၏ Interfaith Harmony ဆုပေးပွဲအခမ်းအနား ကျင်းပ

    မေ ၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ ဘာသာတရားများအကြား သဟဇာတဖြစ်ရေး ဆောင်ရွက်သူများကို ဂျော်ဒန်ဘုရင်က ချီးမြှင့်သည့် King Abdullah II of Jordan Prize for World Interfaith Harmony Week 2017 ဆုပေးပွဲအ ခမ်းအနားကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဂျော်ဒန်ဘုရင် အဘ်ဒူလာ တက်ရောက်ခဲ့သည်ဟု သိရသည်။

    အလ်ဟူစိန်နီယာ နန်းတော်တွင် ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားတွင် ဘုရင် အဘ်ဒူလာ၏ ကိုယ်စားလှယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြံပေး မင်းသား ဂါဇီက မိန့်ခွန်းပြောကြားခဲ့ပြီး ၅ နှစ်တိုင်လာခဲ့ပြီဖြစ်သည့် ယခုဆုမှာ မတူညီသည့် ဘာသာဝင်များအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယခုနှစ်အတွက် ပထမဆုကို ကနေဒါမှ Calgary Interfaith Council၊ ဒုတိယဆုကို ဘော့စနီးယားနှင့် ဟာဇီဂိုဗီနာမှ International Forum Bosnia’s Centre for Interfaith Dialogue အဖွဲ့၊ တတိယဆုကို ဗြိတိန်မှ PL84U AL-SUFFA အဖွဲ့တို့က ရရှိခဲ့သည်။

    ဘုရင် အဘ်ဒူလာ၏ အဆိုပါ Interfaith Harmony ဆုကို ၂၀၁၀ ခုနှစ် ကုလသမဂ္ဂ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံ၌ အဆိုပြုခဲ့ကာ အောက်တိုဘာလတွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

    Ref : Jordan Times

  • အာရပ်လိဂ်၏ ၂၈ ကြိမ်မြောက်အစည်းအဝေး ယနေ့ စတင်

    အာရပ်လိဂ်၏ ၂၈ ကြိမ်မြောက်အစည်းအဝေး ယနေ့ စတင်

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – အာရပ်လိဂ် (Arab League) ၏ ၂၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်းကို ဂျော်ဒန်နိုင်ငံ မြို့တော် အမ်နန်၌ ယနေ့တွင် စတင်ကျင်းပခဲ့ပြီး ခေါင်းဆောင်များ၏ မိန့်ခွန်းတွင် ပါလက်စတိုင်းအရေး၊ ဆီးရီးယားနှင့် ယီမင်အရေးတို့ကို အလေးထား ထည့်သွင်းပြောကြားခဲ့သည်။

    ဂျော်ဒန်ဘုရင် အဘ်ဒူလာက လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ မတည်ထောင်ဘဲနှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး မရနိုင်ဟု ဆိုပြီး ထိုကဲ့သို့ နှစ်နိုင်ငံတည်ရှိရေးမူမှာ အာရပ်-အစ္စရေး ပြည့်ဝသော ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေခံဖြစ်သည်ဟုလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီဘုရင် အဘ်ဒူလာက ယီမင်ပြဿနာတွင် ငြိမ်းချမ်းသောအဖြေတစ်ခု ရရှိရန် မိမိတို့က လိုလားကြောင်း၊ နိုင်ငံတည်ငြိမ်ရေးမှာ အလွန်အရေးကြီးပြီး ပင်လယ်ကွေ့နိုင်ငံများ၏ အဆိုပြုချက်ကို အခြေခံကာ အဖြေရှာရမည်ဟုလည်း ဆိုသည်။

    ထို့ပြင် ဆီးရီးယား၌ အစိုးရနှင့် အတိုက်အခံတို့အကြား လက်ရှိဆောင်ရွက်နေသော ဆွေးနွေးမှုများမှာ နိုင်ငံရေးလုပ်ငန်းစဉ်ကို အစပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ လစ်ဗျားနှင့် ယီမင်တို့တွင် တည်ငြိမ်အေးချမ်းမှုရှိရေး ဆောင်ရွက်မှုများကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။

    အာရပ်လိဂ် အတွင်းရေးမှူးချုပ် အဟ်မဒ် အဘူလ်-ဂဟစ်က ပါလက်စတိုင်းပြဿနာမှာ ဒေသတွင်း၌ အဓိက အာရုံစိုက်ရာကိစ္စ ဖြစ်နေသည်ဟု ဆိုသည်။

    ၂ ရက်တာကြာမြင့်မည့် အဆိုပါ အာရပ်ညီလာခံတွင် အာရပ်လိဂ်အဖွဲ့ဝင် ၂၂ နိုင်ငံမှ ခေါင်းဆောင်းအများအပြား တက်ရောက်ခဲ့ကြပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတက်ဖန် ဒီ မစ္စတူရာ၊ အမေရိကန်နှင့် ရုရှားမှ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

    Ref: Alarabiya