News @ M-Media

Tag: Justice

  • ပြေးလမ်းချော်လေရော့သလား  အမေစုရယ်?

    ပြေးလမ်းချော်လေရော့သလား အမေစုရယ်?

    နိုဝင်ဘာ ၂၇၊၂၀၁၂
    M-Media
    ဂျူလိုင်ရဲရင့်

     

    ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အိန္ဒိယနိုင်ငံရောက် မြန်မာမိသားစုဝင်များနှင့် တွေ့ဆုံကာ နယူးဒေလီမြို့၌ ဤသို့ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

    ”  ကျွန်မတို့ ဒီနောက်ဆုံးအပိုင်းကို အောင်အောင်မြင်မြင်နဲ့ကျော်လွှားနိုင်မယ်ဆိုယင် နောင်လာမယ့် ကျွန်မတို့ မျိုးဆက်သစ်တွေအတွက် ကျွန်မတို့နိုင်ငံဟာ တကယ့်ကိုတန်ဖိုးရှိတဲ့၊ တကယ့်ကို လုံခြုံတဲ့၊ တကယ့်ကို လွတ်လပ်တဲ့ ၊ တကယ့်ကို တိုးတက်တဲ့ ပြည်ထောင်စုကြီး ဖြစ်လာပါလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်  ”

    အမေစု ရည်ညွှန်းနေသော နောက်ဆုံးအပိုင်း ဟူသည်ကို  ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း သိချင်နေပါသည်။ ရခိုင်ပြည်နယ်တွင်းရှိ အစ္စလာမ်ဘာသာဝင် လူမျိုးနွယ်စုများအား မျိုးဖြုတ် သုတ်သင်ရေး – Genocide စီမံကိန်းကြီးလော၊ သို့တည်းမဟုတ်  မြန်မာနိုင်ငံကို မဟာဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ်ကြေငြာ နိုင်ရန် သန်းခေါင် စာရင်းသစ်ပြန်လည် ကောက်ယူခြင်းဟူသည့် အခွံကိုစွပ်၍ ဗုဒ္ဓဘာသာအဖြစ် အမည်ခံလျှင် မည်သည့်မွတ်စလင်ကို မဆို နိုင်ငံသားဟု အသိအမှတ်ပြုလျက် မှတ်ပုံတင်ထုတ်ပေးမည့် လှုပ်ရှားမှုလော၊ သို့တည်းမဟုတ်  အိန္ဒိယ အနွယ်များမှန်သမျှကို နိုင်ငံသားအဖြစ်မှ ပယ်ထုတ်ခြင်းလော ၊ သို့တည်းမဟုတ် အမေစု၏ NLD ပါတီဝင် အောက်ခြေအဆင့်အုပ်စုအချို့မှ RNDP  နှင့်ပူးပေါင်းကာ အကြမ်းဖက်ဝါဒ ဆောင်ရွက် နေခြင်းအပေါ် ရှင်းလင်း သန့်စင်ရေးလော၊ သို့တည်းမဟုတ် အမှန်တကယ် တရားဥပဒေ စိုးမိုးနိုင်ရေးလော ?  ကျွန်မတို့မျိုးဆက်သစ်ဟုဆိုရာ၌ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဆစ်ခ် စသည့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများ ပါဝင်ခြင်း ရှိမရှိ ?

    အမေစုအနေဖြင့် နိုင်ငံရေးအရ စကားလုံးလှလှ အသုံးပြုသွားသော်လည်း ၄င်းစကား၏ နောက်ကွယ်၌ မြုပ်ကွက်လေးရှိ နေသလိုလို ခံစားလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီက   ”  ရခိုင်ပဋိပက္ခဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ လူမျိုးရေးအဓိကရုဏ်း  “  ဟု အမေစုမှ အတိအကျ ထုတ်ဖော် ပြောကြားသွားခြင်းကြောင့်ဖြစ်သည်။ မီဒီယာပေါင်းစုံမှ တစ်ဖက်စောင်းနင်း သတင်းဖော်ပြချက်တွင် ပါဝင်နေသော ဘင်္ဂါလီ၊ ရိုဟင်ဂျာ ကိစ္စ၏ ဘောင် အပြင်ဖက်သို့ မိုင်ပေါင်းများစွာ ခရီးကျွံလာပြီး အစ္စလာမ် ဘာသာ နှင့် အစ္စလာမ်ဘာသာဝင်(မုစ်လင်မ်)များအပေါ် ပေါက်လွှတ်ပဲစား အမြင်ထားရှိနေမှုများ/ ဆက်ဆံနေမှုများမှာ လက်တွေ့အခြေအနေအရ ငြင်း မရအောင် တွေ့နေရပြီဖြစ်ပါသည်။

    ကြားနေ၀ါဒကို ကျွန်တော်တို့ လက်ခံပါသည်။ ငြိမ်းချမ်းရေးနှင့် ဆက်နွယ်နေသောကြောင့်ဖြစ်ပါသည်။ သို့သော် ဘက်မလိုက်ဝါဒကိုမူ မည်သည့် ဘာသာတရားမှ လက်ခံခြင်း မရှိပါ။ လူမှန်သမျှ ဘက်တစ်ခုခုသို့ လိုက်သည်ချည်း ဖြစ်ပါသည်။ တရားမျှတမှု တည်းဟူသော သစ္စာတရား ဘက်တော်သားလား၊ မတရားမှုတည်း ဟူသော မိစ္ဆာတရား ဘက်တော်သားလား – တစ်ခုခုသာ ဖြစ်ရပေမည်။ ကျွန်တော်တို့ချစ်ရသော အမေစု အတွက် ကျွန်တော်တို့အားလုံး စိုးရိမ်နေပါသည်။  ဖုံးကွယ် မရနိုင်အောင် ဖြစ်ပွားလာသော ရခိုင်ပြည်နယ်မှ အစွန်းရောက် အကြမ်းဖက်သမားတို့၏ Genocide ကိစ္စကြီးအပေါ်  အမေစုမှ ဘက်မလိုက်ဝါဒဖြင့် ရှောင်ထွက် သွားခြင်းက ယင်းအမှုအား အဆိပ်ပင် ရေလောင်းရာ ရောက်သွားမည်စိုး၍ ဖြစ်ပါသည်။ ယင်းနေရာ ဒေသများထံ အမေစုအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ တစ်ကြိမ်တစ်ခါ သွားရောက်လေ့လာစေလိုပါသည်။ ကမ္ဘာတစ်လွှား ခရီးဆန့်သလို နိုင်ငံတွင်းရှိ ဒုက္ခသည်များထံသို့လည်း တစ်ချက်မျှတော့ သွားရောက် အားပေးစေလိုပါသည်။ တဖန် မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာဝင်များအပေါ် တစ်စစ ဖိအားပေး နှိပ်ကွပ်လာခြင်းက ပိုပြီး ထင်ရှားလာပါသည်။  အမေစု၏  ချစ်ဖခင်ကြီး ဗုဒ္ဓဘာသာဝင် ဗမာအမျိုးသား ဗိုလ်ချုပ်အောင်ဆန်း၏ သွေး (နှင့်) အစ္စလာမ်ဘာသာဝင် အိန္ဒိယနွယ် ဆရာကြီး ဦးရာဇာတ်၏ သွေးတို့သည် အမိမြန်မာနိုင်ငံတော် အတွက် ကြမ်းတစ်ပြင်တည်း၌ ခွဲမရအောင် ရောယှက်သွားခဲ့ပြီး ဖြစ်ပါသည်။  ဤပစ္စုပ္ပန် အကွက်ချ ပုံဖော်ချက်များဖြင့် အတိတ်ကသွေးပေါင်းစုကို ခွဲခြားလိုက်ပါလျှင် အနာဂတ်ဝယ် သွေး၏ တစ္ဆေ ခြောက်လှန့်ခြင်း ခံရတော့မည်ဟု မြန်မာပြည်ကိုချစ်သော ကျွန်တော်တို့မြန်မာပြည်သား အစ္စလာမ် ဘာသာဝင်များမှ စိုးရိမ်နေပါသည်။ သမိုင်းက ပေးသော သင်ခန်းစာများက သက်သေပြုနေပါသည်။

    အမေစုကို ကျွန်တော်တို့မှ သူရဲကောင်းတစ်ဦးအဖြစ် ထာဝရ မြင်သွားချင်ပါသည်။ အမေစုအတွက် အမြဲဂုဏ်ယူချင်နေပါသည်။ အမေစု၏ပြေးလမ်းမှာ ဒီမိုကရေစီ ဖြစ်ပါသည်။ စစ်မှန်သော ဒီမိုကရေစီစံနစ်သည် တရားမျှတမှု နှင့် လူ့အခွင့်အရေးတန်ဖိုးထားမှု အပေါ်၌ အခြေတည်နေပါသည်။ အမေစုသည် ဝေဖန်မှုများကို ခံနိုင်ရည်ရှိပြီးဖြစ်သည်ဟု ဆိုပါသော်လည်း  လက်ရှိအချိန်တွင် ကြားညှပ်နေပြီ၊ ခေါင်းခဲနေပြီဖြစ်ကြောင်း ပြည်သူပြည်သားအများစုက ရိပ်စားမိပါသည်။ ကိုယ်ချင်းစာပါသည်။ ထို့နည်းတူ မတရားခံနေရသောသူတို့၏ အသက်၊ သွေး၊ ဘ၀၊ မျက်ရည်၊ ငိုရှိုက်ညည်းငြူချက်များအပေါ် အမေစုထံမှ စာနာမှုစကားလုံးလေးများကိုလည်း ကျွန်တော်တို့အပါအ၀င် ကမ္ဘာတစ်ခွင်က ငံ့လင့်နေကြကြောင်း အမေစု သတိမပြုမိလေရော့သလား  ?   အမေစု၏ စာနာမှုစကား တစ်ခွန်းသည် ရက်စက်မှုခြေလှမ်းများစွာကို ရပ်တန့်သွားစေနိုင်ကြောင်း အမေစုကိုယ်တိုင် မသိလေရော့သလား ?  ပန်းတိုင်မရောက်သေးသောအမေစု  –  လမ်းကြောင်းချော်ထွက်လေရော့သလား  ?

    အမေစုရယ် ………………..  !   အများစုဖက် မျက်စေ့မှိတ် ရပ်တည်လိုက်သည့်သူထက် အမှန်တရားပေါ် ရဲရဲတောက်ရပ်တည်သော ၂၁ ရာစုခေါင်းဆောင်ကြီး တစ်ဦးအဖြစ် ကျွန်တော်တို့ မြင်ရပါဦးမလား ၊ မြင်နိုင်ပါဦးမလား၊ မြင်ခွင့်ရှိလေဦးမလား  ဟူ၍  မေးခွန်းပေါင်းများစွာဖြင့် ………………… ။

     

    ဆောင်းပါးရှင်ရဲ့ အာဘော်သာဖြစ်ပါသည်။

  • သဘောထားကြီးကြီး တရားမျှမျှ

    သဘောထားကြီးကြီး တရားမျှမျှ

    နိုဝင်ဘာ ၂၄ ၊၂၀၁၂
    M-Media
    အမ်.အေ.ဂနီ(ကမ္ဘာ့အလင်း)

    အထူးသတိပြုရန် ။     ။   ဤဆောင်းပါးကိုဖတ်ရှုသော မွတ်စလင်မ်တိုင်သည် ‘နဗီကိုယ်တော်မြတ်’ဟူသော ရေးသားချက်ကိုတွေ့ရတိုင်း ‘ဆွလ္လလ္လာဟု အလိုင်းဟေးဝစလ္လာမ်’ ဟု တွဲဖက် ဖတ်ရွတ်ပါရန် သတိမူစေလိုပါသည်။( တမန်တော်အပေါ်သို့ မေတ္တာပို့သခြင်း)

    “အို မုအ်မင်န်၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(၏ နှစ်သက်တော်မူရန်)အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုပနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုးတွင်မဆို) တရားမျှတကြကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကျဉ်ရှောင်ခြင်းနှင့် အနီးကပ်ဆုံးပင်တည်း။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ရိုကျိုးကြောက်ရွံ့ကြကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုသမျှကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူချေသတည်း။” (ကျမ်းတော်မြတ်ကုရ်အာန် ၅း၈)

    အဆိုပါအာယသ်တော်သည် လူမျိုးတိုင်းနှင့်လည်းကောင်း၊ ဘာသာဝင်အသီးသီးနှင့်လည်းကောင်း ဆက်ဆံရာတွင် မွတ်စလင်မ်တို့အား လမ်းညွှန်အပ်သော ပညတ်၊ ပြဌာန်းချက်ပင်ဖြစ်သည်။ သို့အလျောက်လည်း နဗီကိုယ်တော်မြတ်လက်ထက်တော်မှစ၍ အစ္စလာမ်သမိုင်းစဉ်တလျှောက်လုံးတွင် ဘာသာတိုင်း၊ လူမျိုးတိုင်းနှင့်ဆက်ဆံရာတွင် မွတ်စလင်မ်တို့သည် သဘောထားကြီးစွာထား၍ တရားမျှတပုံကို ပြောင်မြောက်စွာ သမိုင်းက သက်သေထူလျက်ရှိပေသည်။

    အနောက်နိုင်ငံ ပါမောက္ခကြီး ဒန်ကန်ဂရင်းလစ်က ဖွင့်ဟ ၀န်ခံထားသည်မှာ – “The nobility and broad tolerance of Islam, which accepts as God inspired all the real religions of the world, will always be a glorious heritage for mankind. On it could in deed be built a perfect world religoan. The Gospel of Islam.” [Duncan Greenless M.A. (oxon)]

    အစ္စလာမ်တရားတော်က ပြဋ္ဌာန်းပညတ်ထားသည့်အလျောက် နဗီကိုယ်တော်မြတ်သည် မက္ကာမြို့တော်တွင်လည်းကောင်း၊ မဒီနဟ်မြို့တော်တွင်လည်းကောင်း၊ ခိုင်ဘရ်တွင် လည်းကောင်း၊ လူမျိုးစုံ၊ ဘာသာပေါင်းစုံတို့နှင့် ဆက်ဆံရာတွင် လက်တွေ့ကျင့်သုံးပြသတော်မူသော ဆောင်ရွက်ချက်များမှာ ကမ္ဘာ့သမိုင်းတွင် တုနှိုင်းစရာမရှိသော အချက်ပင်ဖြစ်သည်။

    ယင်းနမူနာတော်များကို စံတင်ကာ အစဉ်တစိုက် မွတ်စလင်မ်များ ကျင့်သုံးလာပုံကို ကမ္ဘာကျော်ပညာရှိ၊ က၀ိသုတေသနပညာရှိကြီး၊ သမိုင်းကျမ်းပြုအကျော်အမော်ကြီးများက ၀န်ခံထားကြပုံမှာ – “ဒုတိယမမြောက်သာဝကကြီး အုမရ်သည် ဂျေရုစလင်ကို အောင်နိုင်သိမ်းပိုက်ပြီး စာချုပ်တစ်ရပ်ချုပ်ဆိုရာတွင် ဂျေရုစလင်ရှိ မွတ်စလင်မ်မဟုတ်သော တိုင်းသူပြည်သားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းနှင့် ဘုရားဝတ်ပြုရာဌာအားလုံးနှင့် ၎င်းဝတ်ပြုဆောင်အားလုံးနှင့် ပက်သက်သောပိုင်ဆိုင်ခွင့်ဟူသမျှကို ကာကွယ် စောင့်ရှောက်ရန်အာမခံသည်။ ၎င်းတို့၏ မြေယာများနှင့် ဘာသာ သာသနာရေးတွင် မည်သို့မျှ စွက်ဖက်ခြင်းမပြု၊ ၎င်းတို့၏ ဘုရားရှိခိုးကျောင်းများကို ဖျက်သိမ်းခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုသော်လည်းကောင်း လုံးဝမပြု။ ၎င်းတို့ဘာသာရေးလှူဒါန်းထားသော ၀တ္တကများကို၊ ဂုဏ်သိမ်မညှိုးစေရန် ထိန်းသိမ်းစောင့်ရှောက်မည်။ ဂျေရုစလင်ပြည်သူပြည်သားများသည် ဘာသာရေးကျင့်သုံးမှုတွင် လုံးဝလွတ်လပ်ခွင့်ရှိပြီး ၎င်းတို့အပေါ် မည်သည့်ကျုးကျော်မှုမျိုးကိုမှ ခါင့်ပြုမည်မဟုတ်”ဟုပါရှိလေသည်။ [The Eclips of Christianity in Asia – By Lawrence]

    ဤကဲ့သို့ စာချုပ်ချုပ်ဆိုရုံသာမဟုတ်သေး၊ သာဝကကြီးသည် လက်တွေ့ကျင့်သုံးခဲ့ပုံကို အစ္စလာမ်အား အမြဲတစေအပြစ်ရှာ အကောင်းမမြင်သော ‘ဆာဝီလျံမြူး’ပင်လျှင် ‘The Caliphate its Rise and fall’တွင် ဂျေရုစလင်ကိုသိမ်းပိုက်ပြီးသော်လည်း သာဝကကြီးအုမရ်သည် နမာ့ဇ်ဝတ်ပြုချိန်ရောက်နေသဖြင့် ဘုန်းတော်ကြီးက ထိုနေရာတွင်ပင် နမာဇ်ဝတ်ပြုရန်ပြောလတ်သော် အုမရ်က အကယ်၍ ကျွန်ုပ် ဤနေရာတွင် ၀တ်ပြုလျှင် ကျွန်ုပ်၏လမ်းစဉ်ဟု နောင်မွတ်စလင်မ်တို့ ထင်မှတ်မှားပြီး ခရာဇ်ယာန်ဘုရားရှိခိုးကောင်းကို မာစ်ဂျီဒ်ဝတ်ကျောင်းတော်အဖြစ် ပြောင်းပစ်မည်ကို စိုးရိမ်သဖြင့် ဤနေရာတွင် နမာဇ်ဝတ်မပြုလိုပါဟု သဘောထားကြီးကြီး အမြင်ကျယ်ကျယ် အဖြေပေးလိုက်လေသည်။

    ယင်းသို့ သာဝကကြီးအုမရ်က ဘာသာရေးသဘောထားကြီးမှုကို ပြောင်မြောက်စွာ ကျင့်သုံးပြသသော ထိုသမယ၀ယ် ကမ္ဘာတစ်ခွင်လုံးတွင် ဘာသာရေးအယူသည်းမှု၊ ဆိုးသွမ်းသံသရာမှာ လွှမ်းမိုးလျက်ရှိပေသည်။ မွတ်စလင်မ်တို့ ဂျေရုစလင်ကို မသိမ်းပိုက်မီ ဟရ်ကလ်ဘုရင်သည် ညှဉ်းပန်းနှိပ်စက်မှု မီးတောက်မီးလျှံကြီးကို ဟုန်းဟုန်းတောက်လောင်စေလျက် ရှိခဲ့ပေ၏။ ပါလက်စတိုင်း၊ ဆီးရီးယား၊ အာရှမိုင်းနားနှင့် အီဂျစ်ပြည်တို့မှ အစ္စရေးဂျူးတို့အား မောင်းနှင်ပစ်ရန်အမိန့်ထုတ်ထားခဲ့သေည်။ ဤှမျှတွင်မက ခရာဇ်ယာန်အချင်းချင်းပင်လျှင် ဟရ်ကလ်ဘုရင်ယုံကြည်သော ဂိုဏ်း – ကလ်စီဒိုနီယန် (Chalcedonian) နှင့် ဆန့်ကျင်လျှင် မညှာမတာ နှိပ်စက်ကလူပြုခြင်းခံရတော့သည်။

    ဂျကိုဘီယန်ဂိုဏ်းဝင်ဘုန်းတော်ကြီးတစ်ပါးက ယင်းရက်စက်မှုများနှင့်ပတ်သက်ပြီး ရေးသားခဲ့သည်မှာ – “ဟရ်ကလ်ဘုရင်သည် မိမိဂိုဏ်းနှင့်လမ်းစဉ်မှတစ်ပါး အခြားဂိုဏ်းဂဏသို့လိုက်သော မည်သည့်ခရာဇ်ယာန်ကိုမဆိုး နား နှာခေါင်းများကို ဖြတ်ပစ်ရမည်။ ၎င်းတို့၏အိမ်များကို အဓမ္မ၀င်ရောက် ဖျက်ဆီးပစ်ရမည်ဟု မိမိနိုင်ငံတစ်ဝန်းလုံးတွင် အမိန့်ထုတ်ပြန်ထားခဲ့လေသည်။ ဂျကိုဘီယန်ဂိုဏ်းဝင် ခရာဇ်ယာန်တို့အား မိမိရှေ့မှောက်သို့ ၀င်ရောက်ခွင့်လည်းမပြုသဖြင့် ၎င်းတို့သည် မိမိတို့၏ နစ်နာချက်များကိုလည်း တင်ပြခွင့်မရှိပေ။ သို့ကြောင့်ပင်လျှင် ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့အား ဤကြမ်းကြုတ်ရက်စက်မှုများမှ ကယ်တင်ရန်၊ အစ္စမာအီလ်၏ အနွယ်ထဲမှ ပုဂ္ဂိုလ်မြတ် (မုဟမ္မဒ်ကိုယ်တော်မြတ်)အား ပွင့်ရောက်စေတော်မူခဲ့၏။ မွတ်စလင်မ်တို့သည် ထိုသို့သော ဒေသများကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ခရာဇ်ယာန်တို့၏ ဘာသာရေးတွင် မည်သို့မှ စွက်ဖက်ခြင်းမပြုသဖြင့် ကျွန်ုပ်တို့သည် ရောမခရစ်ဇ်ယန်တို့၏ ညဉ်းပန်းနှိပ်စက်မှု၊ သံကွန်ချာအောက်မှ လွတ်မြောက်ကာ အာရဗ်မွတ်စလင်မ်(များ)နှင့် ငြိမ်းချမ်းသာယာဝပြော လွတ်လပ်စွာနေထိုင်ခွင့် ရရှိပေတော့၏။” [Chronique De Michel Le Syrian II. 412-413]

    အီဂျစ်ပြည်တွင်

    အီဂျစ်ပြည်တွင်လည်း ဘာသာရေးညှဉ်းပန်းမှု အထွဋ်အထိပ်သို့ရောက်ချိန်မှာ အစ္စလာမ်က ကယ်တင်ခဲ့ပုံကို အာမေနီယံ ခရာဇ်ယာန်တစ်ဦးဖြစ်သူ အဗူဆွာလေက  “ကိုင်ဇာဘုရင်သည် မူရင်း ခရာဇ်ယာန်ဘာသာဂိုဏ်းဝင်တို့အား လွန်မင်းစွာ ညှဉ်းပန်းနှိပ်စက်၍ မိမိယုံကြည်သောဂိုဏ်းသို့ သွတ်သွင်းရန် ကြိုးပမ်းခဲ့လေသည်။ မူရင်း ခရာဇ်သာသနာတော်ကို လက်ခံထားကြသော ခရာဇ်ယာန်တို့သည် ဟရ်ကလ်နှင့် မကူကာ့စ်တို့လက်ဝယ် အပြင်းထန်ဆုံး နှိပ်စက်မှု ခံကြရကုန်၏။ ညှဉ်းပန်းမှု၊ နှိပ်စက်မှု၊ ကျူးကျော်မှုတို့ အထွဋ်အထိပ်သို့ ရောက်ရှိလာသော အခါ မွတ်စလင်မ်လူမျိုးစုပေါ်ထွန်းလာပြီး ရောမလူမျိုးတို့၏ မာန်မာနကို ချေမှုန်း၍ အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ကာ ဂျကိုဘီယံဂိုဏ်းဝင် ခရာဇ်ယာန်တို့အား ရောမလူမျိုးတို့၏ ကျူးကျော်စော်ကားခြင်းတို့မှ ကယ်တင်ခဲ့ပေသည်။” [The Churches And Monastrics of Egypt: P 30-31]

    အီဂျစ်ကို သိမ်းပိုက်ပြီး ၎င်းတိုင်းပြည်ရှိ ဘာသာဝင်များနှင့် သဘောထားကြီးစွာထား၍ ဆက်ဆံပုံကို ဆာအာနိုလ်က ဖော်ကျူးသည်မျာ – “အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ဂါဗာနာမင်းကြီး အုမရ်ဗင်န်အာဆွိသည် တိုင်းသူပြည်သားအပေါင်းအား အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်လေသည်။ ယင်းကြေညာချက်အရ တိုင်းပြည်ပြည်သားအပေါင်းတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းတို့သည် လုံခြုံမှုအပြည့်အ၀ရှိစေရန် ကာကွယ်စောင့်ရှောက်မည်။ ၎င်းတို့ဘာသာ သာသနာရေးသည် အဟန့်အတား မည်သို့မျှမရှိစေပဲ လွတ်လပ်စေရမည်။ ၎င်းတို့၏ ဘုရားဝတ်ပြုကျောင်းများအား မည်သု့မှ နှောက်ယှက်မပြုရ။ ၎င်းတို့အား ရန်သူများက ကျူးကျော် စော်ကားသမှုပြုလာပါက ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရန် မွတ်စလင်မ်တို့၏ တာဝန်ဖြစ်သည်”ဟူသတည်း [The Preaching of Islam — Sir Arnold]

    စပိန်ပြည်တွင်

    စပိန်ပြည်တွင် ခရာဇ်ယာန်တို့ စိုးမိုးအုပ်ချုပ်နေစဉ်အခါက ရဟူဒီဘာသာဝင် ဂျူးလူမျိုးတို့အား လွန်မင်းစွာ နှိပ်စက်ညှဉ်းပန်းကြလေသည်။ မွတ်စလင်မ်တို့ စပိန်ပြည်ကို သိမ်းပိုက်ပြီးသောအခါ ဂျူးတို့ကို ကယ်တင်ပြီး ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့သည်။ ခရာဇ်ယာန်တို့အားလည်း မိမိတို့ဘာသာကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် ဘုရားရှိခိုးကျောင်းများကိုလည်း လွတ်လပ်စွာ တည်ဆောက်ခွင့်ပြုခဲ့ပေသည်။ [The Preaching of Islam — Sir Arnold]

    အိန္ဒိယပြည်တွင်

    ဂါဇီမူဟမ္မဒ်ဗင်န်ကာစင်၊ အိန္ဒိယပြည် သိန္ဓုနယ်ကို သိမ်းပိုက်သည့်အခါနှင့်ပတ်သက်ပြီး ‘ဆာဝီလျှံမြူး’က “မွတ်စလင်မ်တို့သည် ဟိန္ဒူဘုရားရှိခိုးကောင်းများကို လုံးဝထိပါးခြင်း မပြုကြပေ။ ၎င်းတို့အား ရုပ်တုဆင်းတုကိုးကွယ်မှုမှလည်း အဓမ္မမတားမြစ်ခဲ့ပေ။ ယဟူဒီ၊ ခရာဇ်ယန်၊ မီးကိုးကွယ်သော ပါရ်စီတို့အားလည်း မိမိတို့ဘာသာအလျောက် လွတ်လပ်စွာကျင့်သုံးခွင့်ပြုထားခဲ့ပေသည်။” [Sir Willam Muir —- The Caliphate, P. 365]

    အက္ကဘာဘုရင်မင်းကြီးလက်ထက်က  ဟိန္ဒူဘာသာဝင်များအား မြှောက်စားချီးမြှင့်ပြီး ရာဇာမာန်ဆင်းနှင့် ရာဇာတူဒါမီလ်အး အထွတ်အထိပ်ဆုံးသော ရာထူးဌာနန္တများကိုပင် အပ်ထားခဲ့ပေသည်။

    အောင်ရန်ဇိဗ်ဘုရင် အုပ်စိုးသောအခါက ဗာရာဏသီတွင်း ဗြဟ္မဏအချို့ကို နှိပ်စက်သည်ဟု ကြားတော်မူသည်နှင့် တပြိုင်နက် ဗာရာဏသီဘုရင်ခံ အဗူဟဆန်ထံ ချက်ချင်းပင် “အစ္စလာမ်တရားတော်အရ သူများဘာသာ ဘုရားရှိခိုးကျောင်းကို မဖျက်ဆီးရ။ ၀တ်ပြုသူများကို အနှောက်အယှက်မပြုရဟု ပြင်းထန်စွာပညတ်ထားသည်။ ထို့ကြောင့် ဘာသာဝင်တိုင်းအား သဘောထားကြီးစွာ တရားမျှတစွာ ဆက်ဆံရမည်”ဟု အမိန့်ထုတ်လိုက်လေသည်။

    ဤကား အခြားဘာသာဝင်များနှင့် မွတ်စလင်မ်တို့ သဘောထားကြီးစွာထား၍ တရားမျှတစွာ ဆက်ဆံခဲ့ပုံ မြောက်မြားစွာအနက်မှ အနည်းငယ်မျှကိုသာ တင်ပြရခြင်းဖြစ်ပေသည်။ ယဉ်ကျေးသိမ်မွေ့သောဘာသာတိုင်းသည် အခြားဘာသာ သာသနာဝင်များနှင့် ဆက်ဆံရာတွင် သဘောထား၊ တရားမျှတမှုတို့ကို အထူးရှေ့ရှုကြပေသည်။ ယင်းသို့ သဘောထားကြီးမှု၊ တရားမျှတမှုတို့ကို ဖော်ကျူးထားသော အာသောကဘုရင်ကြီး၏ ကျောက်စာ(၁၂)ကို မြတ်ဗုဒ္ဓဒေသနာကျမ်းတွင် ဖတ်ရှုရပေရာ အတိုင်းမသိ နှစ်ထောင်း ၀မ်းမြောက်ဖြစ်ရပေသည်။ ၎င်းကျမ်း၌ အောက်ပါအတိုင်းရေးသားထားချက်ကို တွေ့ရပေသည်။

    ဗုဒ္ဓ၏မွန်မြတ်လှသော စိတ်ထားကြီးမှု၊ စာနာမှုများကို စံနမူနာပြုပြီး ဘီစီ(၃)ရာစုနှစ်အတွင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ်သော အာသောက ဧကရာဇ်မင်းမြတ်ကြီးသည် ၎င်း၏ကျယ်ပြန့်သော အင်ပိုင်ယာနိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား နိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား လေးစားချီးမြှင့်ထောက်ပံ့ခြင်းပြုခဲ့ပေသည်။ ယနေ့တိုင် ဖတ်ရှုနိုင်သော ကျောက်စာအဖြစ်ထုထွင်းထားခဲ့သည်။ ၎င်း၏အမိန့်တော် ရာဇသံတစ်ခုတွင် ဧကရာဇ်ဘုရင်ကြီးက ကြေညာခဲ့သည်မှာ –

    ”မိမိတို့ကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ချုပ်ချယ်ခြင်းကို မပြုလုပ်ရုံသာမဟုတ်သေး။ ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို လေးစားချီးမြှင့်ရပေမည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိဘာသာကို ကြီးပွားတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။ ဤကဲ့သို့မလုပ်မူ မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍ အခြားဘာသာများကိုလည်း အန္တရာယယ်ပြုရာရောက်ပေသည်။ မိမိကိုးကွယ်သ်ည့ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုံ့ချသူများသည် မိမိဘာသကိုကြည်ညိုသည့်စိတ်ဖြင့် ငါ့ဘာသာ ဂုဏ်သိမ်ထွန်းတောက်စေမည်”ဟု တွေးတောယူဆပြီးပြုလုပ်ခြင်းအမှန်ဖြစ်ပေသည်။ သို့ရာတွင် ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းကြောင့် ၎င်း၏ ဘာသာကို ပိုမိုလေးနက်စွာအကျိုးယုတ်ပျက်ပြားစေပါသည်။

    ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။ လူအပေါင်းတို့မှ မှတ်သားလိုက်နာကြလော့၊ အခြားသူများ၏ ဘာသာဝါဒများကို လေးစား ကြားနာကြကုန်လော့။ (အာသာကကျောက်စာ – ၁၂)

    ဒေါက်တာ ၀ါလိုလာရာဟုလာရေး What the Buddha Though ကို ဦးကိုလေး(ဇေယျာမောင်) အငြိမ်းစား ဒုတိယ အဓိပတိ မန္တလေး တက္ကသိုလ်၊ မြန်မာဘာသာပြန်ဆိုသည့် မြတ်ဗုဒ္ဓဒေသနာကျမ်း စာမျက်နှာ ၁၀-၁၁။

    ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်တွင်လည်း တစ်ဘာသာနှင့်တစ်ဘာသာ လေးစားမှုရှိကြောင်းကို စာရေးဆရာမန်းတင်၊ ပါကစ္စတန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်၌ ဂုဏ်ပြုဧည့်ခံပွဲတွင် မိန့်ခွန်းပြောသည်မှာ –

    “ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား၊ ဒီအထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ခေတ္တခဏရောက်ဖူးတဲ့ သူတွေပါသလို လနဲ့နှစ်နဲ့ချီပြီး နေထိုင်ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း အတော်များများ ပါပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ မြို့လယ်လမ်းမကြီးတွေအနက်က တစ်လမ်းဖြစ်တဲ့ ဆူးလေဘုရားလမ်းမကြီးပေါ်လည်း ရောက်ဖူးကြမှာပဲ။ အဲဒီလမ်းမကြီးအပေါ်ကနေပြီး လမ်းရဲ့ဗဟိုမှာ တည်ရှိနေတဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ ဆူးလေစေတီတော်ကြီးကို လှည့်မောင်းသွားတဲ့ မော်တော်ယာဉ်ပေါ်ကဖြစ်စေ ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်လိုက်မယ်ဆိုရင် တစ်ဘက်တွင် ခရာဇ်ယာန်ဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကောင်းကိုတွေ့မြင်ရမှာဖြစ်ပြီး အခြားတစ်ဘက်မှာတော့ မွတ်စလင်မ်ဘာသာဝင်ရဲ့ ဗလီကြီးကိုမြင်ရမှာဖြစ်တယ်။ စေတီတော်၊ ဗလီကြီးနဲ့ ဘုရားရှိခိုးကျောင်းတို့ရဲ့အရိပ်တွေဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေတာ တွေ့ရပါလိမ့်မယ်။ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ကိုးကွယ်တဲ့ စေတီတော်ကလည်း ဆည်းလည်းသံ၊ ခရာဇ်ယာန်ဘာသာဝင်တို့ရဲ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးသံ၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘုရားဝတ်ပြုရာဗလီစင်ပေါ်က ကြွေးကြော်သံများဟာလဲ တစ်သံနဲ့တစ်သံ မကြာခဏဆိုသလိုပဲ ရောထွေးထွက်ပေါ်လာတာကို သာယာနာပျော်ဖွယ်ကြားကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှေးရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ကိုးကွယ်မှုဘာသာနဲ့ပတ်သက်လို ဘာပြဿနာမှ မရှိဘူး။ ယခုလည်းမရှိဘူး။ နောင်လည်းရှိမှာ မဟုတ်ပါဘူး။” (စစ်ပြန်မဂ္ဂဇင်း)

    အမှန်ပင် ကျွန်ုပ်တို့နိုင်ငံတွင် ဘာသာရေး သဘောထားကြီးမှုသည် စံတင်လောက်အောင် ရှိခဲ့ပေသည်။

    ကျွန်ုပ်တို့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်အားဖြင့် ဆိုရှယ်လစ်ပန်တိုင်းသို့ မမှိတ်မသုန်ချီတက်လျက်ရှိရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဟန့်တားပျက်စီးစေမည့် ဘာသာရေးအမြင်ကျဉ်း၍ သွေးခွဲမှုဟူသမျှကို အမြော်အမြင်ရှိသူတိုင်း လက်ခံမည်မဟုတ်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်မိပေသည်။

    ပြည်ထောင်စုကြီး ခိုင်မာတောင့်တင်းစွာတည်ဆောက်ရေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာ အဓိကကဏ္ဍတွင် ရှိနေသည်။

    သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသားတိုင်းသည် အဆိုပါ လမ်းပြညွှန်ကြားချက်များကို အလေးအနက်ခံယူကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် ဘာသာရေး အမြင်ကျဉ်းဖိနှိပ်မှု၊ တစ်ဖက်စောင်းနင်းဖြစ်မှုတို့ကို ရှင်းလင်းဖယ်ရှားပစ်ရမည်မှာ ကျွန်ုပ်တို့တိုင်းရင်းသားတိုင်း၏ တာဝန်တစ်ရပ်ဖြစ်သည်။ တစ်ဘာသာနှင့်တစ်ဘာသာ၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်လေးစားကြ၍ သဘောထားကြီးပြီး တရားမျှမျှ ဆက်ဆံကြကာ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းအားဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ အဟုန်ပြင်းစွာချီတက်ကြပါစို့ဟု ဆန္ဒပြုအပ်ပါသည်။

    အမ်-အေ-ဂနီ

    •  ရေးသားခဲ့သည့်ခုနှစ် ရှာဖွေမသိရှိပါ။ လပြည့်ဝန်းမဂ္ဂဇင်း(ခုနှစ်မမှတ်မိ)ပါ မူရင်းဆောင်းပါးအတိုင်း စာလုံးပေါင်းသတ်ပုံအတိုင်းကူးယူဖော်ပြပါသည်။
    • ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ထုတ်ဝေခဲ့သည့် စာအုပ်ဟု ခန့်မှန်းရပါသည်။
  • တိုင်းပြည်ကို ပြုပြင် ပြောင်းလဲရန် မြန်မာ ပြည်သူတွေ မညံ့ကြဖို့လိုသည်

    တိုင်းပြည်ကို ပြုပြင် ပြောင်းလဲရန် မြန်မာ ပြည်သူတွေ မညံ့ကြဖို့လိုသည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၂
    M-Media
    ဒေါက်တာအောင်မော်

    နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် သမ္မတ အိုဘားမားက တရားမျှတမှု (Justice) ရှိမှသာ တိုင်းပြည်တစ်ခု ဖွံ့ဖြိုး တိုးတက်နိုင်သည်ဟု ပြောသွားပါသည်။ ထို့ကြောင့် မမျှတမှု၊ မတရားမှုများ ရှိနေသရွေ့ မြန်မာနိုင်ငံကြီး အကောင်းဖက်သို့ ပြောင်းလဲနေပါသည်ဟု မပြောနိုင်ပါ။ မြန်မာနိုင်ငံသည် မဆလ၊ နဝတ၊ နအဖ ခေတ်များကအတိုင်းပင် မပြောင်းမလဲ ရှိနေသေးကြောင်း သက်သေပြပါမည်။

    ၁။ ဥပဒေပုဒ်မ ၄၀၁ (၁) ချင်း တူပေမဲ့ လက်မှတ်မထိုးသူ သာသည်။

            သမ္မတအိုဘားမား၏ မြန်မာပြည်သို့ Working Visit မလာမီ ၃ ရက်ကြိုတင်၍ အကျဉ်းထောင် အသီးသီးမှ ထိုက်သင့်စွာ အပြစ်ဒဏ်ကျခံပြီးသည့် အကျဉ်းသား ၅၁၈ ဦးကို ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်မှ လွန်ငြိမ်းသက်သာခွင့် ပြုခဲ့ပါသည်။ သို့သော် ကြွေးကျန်ထောင်ဒဏ်များ တင်ရှိနေပါသည်။

    အကျဉ်းထောင်မှ မလွှတ်မီ ပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းခွင့်ပြုသည်ကို သိရှိကြောင်းလက်မှတ် ထိုးရန်ငြင်းဆိုသူ အကျဉ်းသားအချို့ကိုလည်း လွှတ်ပေးလိုက်ပါသည်။

    လက်မှတ်မထိုးရန် ငြင်းရဲသူများ အဖို့ ဆပ်ရန် ထောင်ဒဏ်ကြွေးကျန်မရှိပါ။ သိရှိကြောင်း လက်မှတ်ထိုးသူ များသည် နောင်တစ်ချိန် ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေသော ထောင်ဒဏ်အကြွေးများကိုပါ ဖြည့်စွက်ကျခံရမည် ဖြစ်၍ တရားမျှတမှုမရှိပါ။

    ၂။ သုံးခေါက်ချိုးကဒ် ပြန်မအပ်သူ သာသည်။

            ခြိမ်းခြောက်မှု အချို့ကို နားယောင်၍ မှတ်ပုံတင် သုံးခေါက်ချိုး ပြန်အပ်ပြီး သံသယကဒ် ကိုင်သူများအနေဖြင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အသာထားလို့ အစိုးရ အလုပ် လုပ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ခရီးသွားလာခွင့် မရကြ၍ နစ်နာသည်။ (နိုင်) ကဒ်ကို ပြန်လျှောက်၍ ရရန်လည်း မလွယ်ပါ။

    မှတ်ချက်။     ။သမ္မတ အိုဘားမားကိုယ်တိုင် အမေရိကားတွင် မဲပေးခွင့်မရှိသော မိသားစုမှ ဆင်းသက်လာသည်ဟု ၎င်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွား၏။

            လဝက ဝန်ကြီးဦးခင်ရီက ယ္ခင်သုံးခေါက်ချိုးကဒ် ကိုင်ဆောင်သူများသည် နိုင်ငံသားများဖြစ်သည်ဟု များမကြာမီက ကြေငြာခဲ့ပါသည်။ သံသယ တဆင့်နိမ့်ကဒ် ကိုင်ရန် ငြင်းဆန်ပြီး ယနေ့အထိ သုံးခေါက်ချိုး ကိုင်သူ အချို့မှာ (နိုင်) ကဒ်လျှောက်ရန် လွယ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော် အတွင်းသို့ပါ ဝင်ခွင့်ရသောကြောင့် အခွင့်အရေး ပိုသာသည်။

    မှတ်ချက်။        ။ (နိုင်) ကဒ်တွင် သုံးခေါက်ချိုးကဒ် နံပါတ်အဟောင်းကို မဖြစ်မနေ ရေးသွင်းရန် လိုပါသည်။

    ၃။ ညွှန်ပြသူ ထောင်ကျ၊ လိုက်နာသူ အမြတ်ရ။

    မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ရမယ်လို့ အမေစု ပြောဘူးသည်။ တာဝန်အရဆိုသော ကြိယာ ဝိသေသနကို ဦးဝင်းတင်က ဖြည့်စွက်သည်။ အပြည့်အစုံပြောရရင် မတရားတဲ့ အမိန့်အာဏာတွေကို တာဝန်အရ ဖီဆန်ကြ ဟု တိုက်တွန်းဆော်သြသူ အမေစုနှင့် ဦးဝင်းတင် နှစ်ဦးစလုံး ထောင်ကျသည်။

    မတရားသော အမိန့်အာဏာများကို ဆန့်ကျင်ကာ ကိုယ့်အခွင့်အရေး ကိုယ်တိုင် ကာကွယ်သူများ အမြတ်ရကြ၏။

    အထက်ပါအကြောင်းများကြောင့် ယနေ့ခေတ် အခါသမယသည် မသိသူကျော်သွား သိသူ (ရဲသူ)  ဖေါ်စားခေတ် သို့မဟုတ် ကိုယ်ညံ့ကိုယ်ခံ ခေတ်ဖြစ်လို့ ပြည်သူများ မညံ့ကြရန်နှင့် ပြည်သူများ မညံ့မှသာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲနိုင်မည်ဟု မှတ်ချက်ပြုရင်း နိဂုံး ချုပ်လိုက်ပါသည်။

     

    ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။