News @ M-Media

Tag: Karen State

  • ဘိလပ်မြေစက်ရုံ၏ ဆိုးကျိုးကို အစိုးရက ဖြေရှင်းပေးမည်ဟု ကရင်ပြည်သူများ မျှော်လင့်နေ

    ဘိလပ်မြေစက်ရုံ၏ ဆိုးကျိုးကို အစိုးရက ဖြေရှင်းပေးမည်ဟု ကရင်ပြည်သူများ မျှော်လင့်နေ

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -ကရင်ပြည်နယ် ဘားအံမြို့နယ်က ရွာတစ်ချို့မှာ ဘိလပ်မြေစက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် ရွာသားတွေရဲ့ လူနေမှုဘ၀ကို သိသိသာသာ ထိခိုက်မှုတွေ ရှိလာပြီး ဒါတွေကို အစိုးရက ဖြေရှင်းပေးဖို့ ဆန္ဒပြမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

    နတ်ကုန်းရွာမှာ ရွာသားတွေ၊ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ မကြာသေးခင်က စုဝေးကာ စစ်တပ်က လုပ်ကိုင်နေတဲ့ ကျောက်မီးသွေးဓာတ်အားသုံး မြိုင်ကလေး ဘိလပ်မြေစက်ရုံ ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီစက်ရုံသက်တမ်းဟာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီး လက်ရှိ တစ်နေ့ကို ဘိလပ်မြေ တန် ၄၀၀၀ လောက် ထုတ်လုပ်နေပါတယ်။

    စက်ရုံကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာ၀ပတ်ဝန်းကျင်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ထိခိုက်လာတယ်လို့ ရွသားတွေက ဆိုပါတယ်။

    အဓိကစိုးရိမ်စရာက စက်ရုံပတ်ဝန်းကျင်တစ်၀ိုက်မှာ ရေချိုရှားပါးလာတာဖြစ်ပါတယ်။ စက်ရုံတစ်၀ိုက်က ရွာပေါင်း ၂၇ ရွာမှာ တစ်ချို့ရေတွင်းက ရေတွေဟာ အနက်ရောင်ပြောင်းသွားပြီး၊ တစ်ချို့ရေတွင်းမှာ ရေက ကြည်ပေမယ့် ရွာသားတွေက မသောက်ရဲတော့ပါဘူး။

    သောက်ရေအတွက် နတ်ကုန်းရွာသားတွေဟာ အရင်က အပြင် အကူအညီပေးရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုကို မှီခိုနေရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်စလို့ ထောက်ပံ့မှုတွေ မရှိတော့တဲ့အတွက် သောက်ရေဝယ်သောက်ရတာ၊ ညစ်ညမ်းနေတဲ့ရေကို ကျောက်ချဉ်ထည့်ပြီး သောက်ရတာတွေ ဖြစ်လာပါတယ်။

    ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိလာတာကြောင့် ဒီအခြေအနေ ပိုမိုဆိုးရွားလာမှာကို ရွာသားတွေက စိုးရိမ်နေကြပါတယ်။

    စစ်တပ်ကပိုင်တဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ၁၉၈၀ ပြည့်နှစ်တွေက စတင်လည်ပတ်ခဲ့ပြီး အရင်က စွမ်းအင်အတွက် သဘာ၀ဓာတ်ငွေ့ကို အသုံးပြုခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ကစလို့ ကျောက်မီးသွေးကို ပြောင်းလဲအသုံးပြုခဲ့ကာ အဲဒီနောက်ပိုင်း ဒီလိုအခြေအနေတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ကျောက်မီးသွေးအသုံးမပြုရေး ကန့်ကွက်ခဲ့ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကရင် သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက် (KESAN) ရဲ့ တာဝန်ရှိသူ ကိုစောသာဖိုးက အစိုးရဟာ ပြည်သူလူထုထံကနေ အကြံပြုချက်မယူဘဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စက်ရုံကစွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်ချောင်းအင်းအိုင်ကငါးတွေ သေဆုံးမှုလည်း ဖြစ်ပေါ်နေပါတယ်။

    အစိုးရတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက စက်ရုံတစ်၀ိုက်မှာရှိတဲ့ ရေအရင်းအမြစ်တွေဟာ သောက်သုံးဖို့အတွက် အန္တရာယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်းအဖွဲ့ Advancing Life and Regenerating Motherland က ရေအရောင်းပြောင်းမှု၊ ငါးတွေသေဆုံးမှု ဖြစ်နေတဲ့ ရွာ ၅ ရွာက ရေနမူနာ ၁၀ ခုကို စမ်းသပ်ခဲ့ပါတယ်။ ရေဟာ PH တန်ဖိုး ကျဆင်းနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ သောက်သုံးရေစံနှုန်းနဲ့ ကိုက်ညီနေတယ်ဆိုတာတွေ့ရကြောင်း ဒီအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ငါးတွေသေဆုံးတာက ကလိုရင်းနဲ့ ဖော့စဖိတ်တွေ များပြားနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ကိုစောသာဖိုးက ဒေသခံတွေရဲ့ စိုးရိမ်မှုကို ပပျောက်စေဖို့အတွက် နိုင်ငံတကာပညာရှင်တွေကို ဖိတ်ခေါ်ပြီး စမ်းသပ်ခိုင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရွာသားတွေကို သောက်ရေလှူတာ၊ ရေတွင်းအသစ်တွေတူးတာဟာ ရေတိုဖြေရှင်းမှုဖြစ်ပြီး၊ ရေရှည်ဖြေရှင်းမှုလိုအပ်တယ်လို့ သူက ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့စိုးရိမ်မှုတွေ ဖြေဖျောက်ရေး အစိုးရ ကူညီလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    Ref: mmtimes

  • မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ရင်ဆိုင်လာရသည် ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ

    မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ရင်ဆိုင်လာရသည် ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ

    ဇွန် ၂၃၊ ၂၀၁၉
    M-Media


    Mae La ဒုက္ခသည်စခန်းမှ မြင်ကွင်းတစ်ခု

    -ထိုင်းနယ်စပ်မှာ ခိုလှုံနေရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ အကူအညီတွေကို နိုင်ငံတက အသိုင်းအဝိုင်းက သိသိသာသာ လျှော့ချလိုက်တာကြောင့် ဒုက္ခသည်တွေကြားမှာ မျှော်လင့်ချက်ကင်းမဲ့မှုတွေ ဖြစ်ပေါ်ကာ ကိုယ့်ကိုယ်ကို သတ်သေမှုလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ မြင့်တက်လာမှုကို ကြုံတွေ့နေရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

    ကြာသာပတေးနေ့က ကျရောက်ခဲ့တဲ့ ‘ကမ္ဘ္ဘာ့ဒုက္ခသည်များနေ့’ မှာ ထိုင်း-မြန်မာနယ်စပ်က အရပ်ဖက်အဖွဲ့ ၁၅ ခု စုပေါင်းပြီး There Is No One Who Does Not Miss Home (အိမ်ကိုမလွမ်းသူမရှိ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေ ခံစားနေရတဲ့ ပြဿနာတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

    နော်ဝေနဲ့ ဆွီဒင်တို့အပါအ၀င်း ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငွေကြေးထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီး ဥရောပသမဂ္ဂကလည်း ထောက်ပံ့မှု လျှော့ချလိုက်တာကြောင့် ဒုက္ခသည် တစ်သိန်းလောက်ဟာ နေ့စဉ် ရိက္ခာရရှိမှု လျော့ကျသွာပါတယ်။ ၂၀၁၂ ခုနှစ်ကထက်စာရင် ငွေကြေးထောက်ပံ့မှုက ထက်ဝက်လောက် လျော့သွားခဲ့တာ ဖြစ်ပါတယ်။

    အစီရင်ခံစာမှာ ဒီလို အကူအညီတွေ လျော့သွားတာကြောင့် မြန်မာနိုင်ငံကို ပြန်ရတော့မယ်ဆိုတဲ့ ဖိအားတွေ ဒုက္ခသည်တွေမှာ ၀င်လာပြီး ဒုက္ခသည်စခန်းတွေမှာ ‘စိတ်ဓာတ်ကျမှုနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်မားလာတယ်’ လို့ ဖော်ပြထားပါတယ်။

    ‘ရိက္ခာဖြတ်တောက်မှုကြောင့် အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် သတ်သေရတာဖြစ်ကြောင်း သတ်သေသူတစ်ချို့က စာရေးထားခဲ့တယ်’ လို့ အမည်မဖော်လိုတဲ့ အကူအညီပေးသူတစ်ဦးက အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို သတ်သေမှုတွေဟာ ထောက်ပံ့မှုလျော့ကျသွားတာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြား အကြောင်းအရင်းတွေ ရှိသေးတယ်လို့လည်း အကူအညီပေးရး အဖွဲ့တွေက ပြောပါတယ်။

    There Is No One Who Does Not Miss Home အစီရင်ခံစာအတွက် ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးစုံ ၃၃၈ ဦးကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

    အနာဂတ်မသေချာမှု

    လူ ၅ သောင်းရှိပြီး ထိုင်းနယ်စပ်က စခန်း ၁၀ ခုမှာ အကြီးဆုံး ဖြစ်တဲ့ Mae La ဒုက္ခသည်စခန်းမှာ မိမိကိုယ်ကိုယ် သတ်သေမှုနှုန်းဟာ ကမ္ဘ္ဘာ့ ပျမ်းမျှနှုန်းထက် ၃ ဆ ပိုများလာတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာအဖွဲ့ International Organization for Migration က ၂၀၁၇ ခုနှစ်မှာပြုလုပ်တဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ၂၀၁၅ ခုနှစ်ကနေစပြီး ၂ နှစ်အတွင်း အဲဒီစခန်းမှာ ဒုက္ခသည် ၂၈ ဦး သတ်သေခဲ့ပြီး သတ်သေဖို့ကြိုးစားမှု ၆၆ ခု ရှိခဲ့ပါတယ်။ အစီရင်ခံစာရေးသားမှုမှာ ပါဝင်တဲ့ ကရင်အမျိုးသမီး အဖွဲ့( Karen Women’s Organization) တွဲဖက်အတွင်းရေးမှူး Ta Mla Saw က ဒုက္ခသည်စခန်းတွေက အခြေအနေတွေဟာ အဆိုးဝါးဆုံး အနေအထားကို ရောက်နေပြီး၊ တတိယနိုင်ငံမှာ ပြန်လည်အခြေချရေး အစီအစဉ်ကိုလည်း ရပ်ဆိုင်းလိုက်တာကြောင့် ဒုက္ခည်တွေမှာ မျှော်လင့်ချက်တွေ မရှိတော့ကြောင်း၊ သေချာရေရာတဲ့ အနာဂတ်မျိုး မရှိတော့ဘူးလို့ ခံစားလာရကြောင်း အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်တွေအကြား အိမ်တွင်းအကြမ်းဖက်မှု၊ မူးယစ်ဆေးစွဲမှုတွေ မြင့်တက်လာပြီး၊ ရိက္ခာဖြတ်တောက်မှုကြောင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေလည်း အလုပ်ကနေ နှုတ်ထွက်သွားကြကာ အခြေခံ စောင့်ရှောက်မှုတွေ ထိခိုက်လာတာကို စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    Swedish International Development Cooperation Agency (Sida) အဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒါရိုက်တာ ဆူဆန်နီ မီခေးလ်က အကူအညီတွေ လျော့ကျသွားတာနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ မြင့်တက်လာမှုမှာ ဆက်စပ်မှုရှိမှောကို စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့က အကူအညီတွေကို ရပ်ဆိုင်းတာဟာ နိုင်ငံရေးအဖြေရှာမှု လိုအပ်နေတဲ့ ပြဿနာမှာ ပြင်ပ ကူညီထောက်ပံ့မှုကိုပဲ အဖြေတစ်ခုအဖြစ် အမြဲတမ်း အသုံးပြုနေမှာကို စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

    လစ်ဟာမှု ရှိနေ

    နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဟာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ပေးအပ်နေတဲ့ အကူအညီကိုလျော့ချကာ မြန်မာနိုင်ငံအတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုမိုပါဝင် ကူညီပေးနေကြပြီး ဒါဟာ ဒုက္ခသည်တွေ အမြဲတမ်းတည်တံ့မယ့် အဖြေတစ်ခု ရရှိရေးအတွက်ဖြစ်တယ်လို့ ဒီအဖွဲ့တွေက ဆိုပါတယ်။

    ဝေဖန်သူတွေကတော့ ဒီလိုဆောင်ရွက်တာဟာ တရုတ်ကို မှီခိုအားထားနေရတဲ့ မြန်မာနိုင်ငံမှာ ခြေကုပ်တစ်ခုရရေး အနောက်နိုင်ငံတွေရဲ့ မဟာဗျူဟာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    Ta Mla Saw ကတော့ မြေပြင်မှာ အခြေအနေက ဘာမှ ပြောင်းလဲမှု မရှိသေးတဲ့အတွက် ငြိမ်းချမ်းရေးအတွက် ငွေပေးနေသလို၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း ဆက်လက်လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်းနယ်စပ်မှာ နေထိုင်နေရတဲ့ ဒုက္ခသည်တစ်ချို့ဟာ နှစ်ပေါင်း ၂၀ လောက် ဒီစခန်းတွေထဲမှာ နေထိုင်ခဲ့ရပြီး၊ မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားတဲ့ မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာရသူတွေလည်း ရှိနေပါတယ်။

    There Is No One Who Does Not Miss Home အစီရင်ခံစာကို ရေးသားသူတွေက ကရင်အမျိုးသားအစည်းအရုံး KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်တို့ဟာ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး တိုက်ပွဲ ဆက်လက် မြင့်တက်အောင် လုပ်ဆောင်နေတယ်လို့ ထောက်ပြထားပါတယ်။

    KNU ထိန်းချုပ်တဲ့ ဒေသမှာ စစ်တပ်က လမ်းဖောက်ဖို့ ကြိုးစားရကနေ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ယုံကြည်မှုကို ထိခိုက်စေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    လေ့လာဆန်းစစ်မှုမှာ ပါဝင်ခဲ့တဲ့ လူ့အခွင့်အရေးအဖွဲ့ Progressive Voice က တာဝန်ရှိသူ ရင် ဖူဂျီမတ်ဆုက ကမ္ဘ္ဘာကြီးဟာ ရိုဟင်ဂျာဒုက္ခသည်အရေးကိုပဲ အာရုံစိုက်နေပေမယ့် အခြားသော တိုင်းရင်းသားဒေသတွေမှာလည်း ရိုဟင်ဂျာတွေလို စနစ်တကျ ညှင်းပမ်းနှိပ်စက်၊ ခွဲခြားခံရပြီး လူမျိုးတုန်းရှင်းလင်းမှုဆီ ဦးတည်နေတဲ့ အဖြစ်အပျက်တွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

    နေရပ်ပြန်ပြီး နေထိုင်ရမယ့် ဒေသတွေအနီး လတ်တလော တိုက်ပွဲတွေဖြစ်နေမှု သတင်းအချက်အလက်တွေကို UNHCR နဲ့ အခြား အကူအညီပေးရေးအဖွဲ့တွေက လုံလုံလောက်လောက် အသိပေးခြင်း မရှိတဲ့အတွက် ဒုက္ခသည်တွေဟာ လက်ရှိအခြေအနေမှန်ကို မသိကျဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် လုံလောက်တဲ့ အကြံဉာဏ်ပေးမှု မရှိဘူးဆိုပြီး UNHCR ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဖွဲ့တာဝန်ရှိသူ ဂျနီဖာ ဟာရစ်ဆန်က ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတယ်လို့
    ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ နေရပ်ပြန်

    ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ နေရပ်ပြန်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည်များ

    – ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေဟာ နေရပ်ပြနေကြပြီး သူတို့ရဲ့ မူရင်းနေရာတွေက လုံခြုံရေးအခြေအနေ တိုးတက်လာတာကြောင့် ဖြစ်တယ်လို့ UNHCR ရဲ့ မြန်မာနိုင်ငံရုံးက ပြောရေးဆိုခွင့်ရှိသူ အေအိုဖီ မက်ဒေါ်နယ်က ပြောပါတယ်။

    “ပထမဆုံးပြန်တဲ့အသုတ်က မနေ့မှာ နယ်စပ်ဖြတ်ဝင်သွားတယ်။ နောက်လူတွေလည်း ရက်အနည်းငယ်အတွင်း ပြန်မယ်လို့ မျှော်လင့်ထားပါတယ်”

    အခုလို နေရပ်ပြန်တဲ့ လုပ်ငန်းကို ထိုင်း-မြန်မာအစိုးရတွေက ဦးဆောင်ပြီး UNHCR က ကူညီပံ့ပိုးပေးတဲ့ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    UNHCR နဲ့ မိတ်ဖက်အဖွဲ့တွေဟာ နေရပ်ပြန်သူတွေကို အကြံဉာဏ်ပေးတာ၊ သတင်းအချက်အလက်ပေးတာတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။

    “သူတို့အတွက် ပို့ဆောင်ရေးနဲ့ ကနဦးထောက်ပံ့ကူညီရေးတွေ လုပ်ဆောင်ပေးပါတယ်။ လက်ရှိအခြေအနေဟာ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့ သင့်လျော်တဲ့အချိန်ဖြစ်တယ်ဆိုတာမျိုးကို UNHCR က သုံးသပ်တာ မဟုတ်ပေမယ့် အခြေအနေတွေ တိုးတက်လာအောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ၊ လိုအပ်တဲ့ ၀န်ဆောင်မှုမျိုးတွေ ရရှိရေးအတွက်လည်း
    လူ့အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ ပေးနေပါတယ်”

    ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၉၇၀၀၀ ကျော် ရှိနေပြီး အများစုဟာ ကရင်နဲ့ ကရင်နီတိုင်းရင်းသားတွေ ဖြစ်ပါတယ်။

    မက်ဒေါ်နယ်ကတော့ နေရပ်ပြန်ရေးမှာ အခက်အခဲတွေ မရှိစေဖို့၊ မြန်မာအစိုးရရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိစေဖို့၊ ပြန်လည်အခြေချရေးကိစ္စမှာ UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဆက်လက်စောင့်ကြည့်သွားဖို့ ကိစ္စတွေကို လုပ်ဆောင်ပေးကာ ဒုက္ခသည်တွေ နေရပ်ပြန်ချင်လာအောင် ကူညီပေးနေတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    နေရပ်ပြန်ဝင်လာသူတွေဟာ ကြိုဆိုရေးစခန်းတွေမှာ လူဝင်မှုကြီးကြပရေး စစ်ဆေးမှု၊ ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူကာ နောက်ပိုင်းမှာ သူတို့ နေထိုင်တဲ့နေရာတွေကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • ဖာပွန်ခရိုင်ရှိ အစိုးရတပ်များ ရုပ်သိမ်းရေး ကရင်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို စာပို့

    ဖာပွန်ခရိုင်ရှိ အစိုးရတပ်များ ရုပ်သိမ်းရေး ကရင်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို စာပို့

    မတ် ၂၈၊ ၂၀၁၈
    M-Media

    စစ်တပ်ရုပ်သိမ်းရေး ကရင်ပြည်သူများ၏ ဆန္ဒပြမှုတစ်ခု

    – စစ်တပ်က သူတို့ပိုင်နက်တွေ သိမ်းပိုက်နေတာကို ရပ်တန့်ရေး ဆောင်ရွက်ပေးဖို့အတွက် ကရင်ပြည်နယ် ဖာပွန်ခရိုင်က ကျေးရွာနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့မှာ စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။

    ကင်ရင်ပြည်နယ်ထဲက လာမူပလောနဲ့ ကေပူရွာတွေကိုဖြတ်ပြီး စစ်တပ်က လမ်းတစ်ခုဖောက်ဖို့ ကြိုးစားတဲ့အပေါ် အခုလအစောပိုင်းမှာ မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တို့အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မတ်လ ၄ ရက်နေ့ကစလို့ ရွာသား ၂၃၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    “တပ်မတော်က ကျွန်တော်တို့ရဲ့ ဇာတိမြေမှာ လမ်းတွေဖောက်တာဟာ စစ်တပ်တွေ ရွေ့လျားဖို့၊ လက်နက်ကြီးတွေ သယ်ဆောင်ဖို့ ဖြစ်တာကြောင့် ဒါဟာ ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ အဲဒီလမ်းမတွေနားရောက်ရင် ကျွန်တော်တို့ဟာ တပ်မတော်ရဲ့ ပစ်ခတ်မှုကို ခံရမယ့်အန္တရာယ် ရှိပါတယ်” လို့ ဒေါ်အာင်ဆန်းစုကြည်ကို ပေးပို့ခဲ့တဲ့စာမှာ ဖော်ပြထားပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတည်းက စစ်သားတွေရဲ့ အနည်းဆုံး ၄ ကြိမ်လောက် ပစ်ခတ်မှုကိုလည်း ထောက်ပြခဲ့ပါတယ်။

    “တပ်မတော်က စစ်ဖက်သုံးလမ်းတွေ ဖောက်လာမှုဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင်ဒေသတွေ၊ ရွာတွေကနေ ကျွန်တော်တို့ ပြန်လာခွင့်မရတော့ဘူးဆိုတဲ့ ခြိမ်းခြောက်မှုဖြစ်ပြီး ကျွန်တော်တို့ကို ဆင်းရဲမွဲတေမှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုကို ဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာ တိုင်းရင်းသား လူမျိုးစုတွေဖြစ်ပြီး ဘိုးဘွားပိုင်မြေတွေမှာ နက်ရှိုင်းတဲ့ နာမ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုလည်း ရှိပါတယ်။ တပ်မတော်က စစ်သုံးလမ်း ဖောက်လုပ်တာဟာ ကျွန်တော်တို့ အထွဋ်အမြတ်ထားရာ တောင်ကုန်းတွေ၊ သစ်တောတွေနဲ့ သင်္ချီုင်းဂူတွေကို မလေးမစားလုပ်ရာကြပါတယ်”

    အဲဒီကျေးရွာအုပ်စုတွေကနေ စစ်တပ် ထွက်ခွာသွားရေး၊ လမ်းဖောက်လုပ်မှု ရပ်တန့်ရေး၊ ဖါပွန်ခရိုင်က စစ်စခန်း ၁၇ ခုကို ဖယ်ရှားပေးရေး ဖိအားပေးဖို့၊ လူ့အဖွဲ့အစည်းကဆောင်ရွက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့ ကျေးရွာခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

    KNLA ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ စစ်တပ်နဲ့ ၂၀၁၂ ခုနှစ်မှာ အပစ်ရပ်ရေး လက်မှတ်ရေးထိုးခဲ့ပြီး၊ စစ်တပ်နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးထားတဲ့ NCA မှာ ကနဦးကတည်းက ပါဝင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    ကရင်ခေါင်းဆောင်တွေက ကရင်ပြည်နယ်ကနေ စစ်တပ်တွေ မရုပ်သိမ်းတာ၊ စစ်စခန်းတွေကို အခိုင်မာလုပ်လာတာတွေဟာ ဒီသဘောတူညီချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောကြားထားပါတယ်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မာအစိုးရရဲ့ ခိုင်မာတဲ့ မဟာမိတ်တစ်ဦးဖြစ်တဲ့ KNU ဟာ အခုလစောပိုင်းက ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေအတွက် စစ်တပ်ကို ဝေဖန်ခဲ့ဖူးပြီး၊ လမ်းတွေဖောက်တာ၊ NCA ကို ချိုးဖောက်တာတွေနဲ့ တင်းမာမှုတွေကို မြင့်တက်လာအောင် တပ်မတော်က လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    Ref: Coconut Yangon

  • ဖာပွန်တွင် စစ်တပ်က အင်အားတိုးချမှုကြောင့် ကရင်ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    ဖာပွန်တွင် စစ်တပ်က အင်အားတိုးချမှုကြောင့် ကရင်ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    မတ် ၂၀၊ ၂၀၁၈
    M-Media

    ကရင်ပြည်သူများ ဆန္ဒပြမှု (Photo Credit – Frontier Myanmar)

    – ကရင်ပြည်နယ် ဖာပွန်မြို့မှာ မြန်မာစစ်တပ်က တပ်တွေတိုးချကာ မြေသိမ်းမှုတွေ ရှိနေတာကြောင့် ရွာ ၁၅ ရွာက ကရင်ပြည်သူ ၂၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက တပ်တွေ ပြန်ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

    အစိုးရစစ်တပ်တွေဟာ လမ်းသစ်တစ်ခု ဖောက်ဖို့အတွက် ဖာပွန်ဒေသကို မတ်လ ၄ ရက်နေ့မှာ စတင် ၀င်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ပိုများလာကာ စီမံကိန်းအတွက် လယ်ယာတွေ သိမ်းယူမှုလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “အစိုးရစစ်တပ်ဟာ လမ်းဖောက်ဖို့ ခွင့်ပြုတာထက် ပိုပြီး မြေတွေကို ကျူးကျော်သိမ်းပိုက်တာတွေ ရှိပါတယ်။ ရွာသားတွေက ဒါမျိုးမလိုချင်ဘူး။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်လို့ ပြောပါတယ်” လို့ ဖာပွန်မြို့နယ် ကဲပူကျေးရွာက ရွာသားတစ်ဦးဖြစ်သူ စောအဲမူးက ပြောကြားခဲ့ပါတယ်။

    ကရင်ငြိမ်းချမ်းရေးကွန်ယက်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီကြေငြာချက်ထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အစိုးရကတစ်ဆင့်ထက် အရပ်ဖက်အဖွဲ့အစည်းတွေကနေတစ်ဆင့် ကူညီပေးကြဖို့ နိုင်ငံတကာ NGO တွေကို တိုက်တွန်းထားပါတယ်။

    “အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေက သူတို့အသက်မွေးဖို့ အလုပ်လုပ်ရမယ့် နေရာတွေကနေ အစိုးရတပ်တွေကို ထွက်သွားစေချင်တယ်။ ဒီပြဿနာအတွက် တတ်နိုင်သမျှ အမြန်ဆုံး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံကာ ဆွေးနွေးစေချင်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတွေက အခု တောထဲသွားနေရပါတယ်။ စားနပ်ရိက္ခာလိုအပ်နေတယ်။ သူတို့ရဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ စိုးရိမ်ပါတယ်” လို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်က စောဝေလေးက ပြောကြားခဲ့ပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာ ၁၅ ရွာက ရွာသားတွေဟာ မနေ့က လိုကွေးရွာမှာ ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်ခဲ့ကြပြီး အစိုးရစစ်တပ်တွေ ထွက်သွားဖို့၊ လမ်းဖောက်နေတာကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၁၆ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်တပ်တွေ ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    Ref: Reliefweb