News @ M-Media
Tag: Law
  • X2Oဗုံးပေါက်မှု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် အပြစ် မရှိသူဖြစ်ကြောင်း မှတ်တမ်း အပြည့်အစုံ
    X2Oဗုံးပေါက်မှု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် အပြစ် မရှိသူဖြစ်ကြောင်း မှတ်တမ်း အပြည့်အစုံ
    ဖေဖော်ဝါရီ ၄ ၊ ၂၀၁၃
    M-Media
    ဆောင်းနှင်းမှုံ
    X2O ဗုံးပေါက်မှု မတရားစွပ်စွဲ သေဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ကျန်ရစ်သူ မိသားစုများက ပြုလုပ်ခဲ့ကြပါသည်။
    သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
    X2O ဗုံးပေါက်ကွဲမှုတွင် ကိုဖြိုးဝေအောင်သည် စွပ်စွဲခံရသူ ဖြစ်ကြောင့် တရားလို သက်သေခံချက်များဖြင့် ရှင်းလင်းတင်ပြခြင်း
    File Download ယူရန်။
    Power Point Final for Press Conference X2O-Case Explanation by Mmedia_Doc
    X2O ဗုံးပေါက်ကွဲမှုတွင် ကိုဖြိုးဝေအောင် မကျူးလွန်ကြောင်း ပေါ်ပေါက်နေသော တရားလိုပြ သက်သေခံချက်များ
    File Download ယူရန်။
    X2O-Case Explanation by Phyo Wai Aung by Mmedia_Doc
  • ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ဘာသာရေး လွတ်လပ်ခွင့်
    justice3
    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ဘာသာရေး လွတ်လပ်ခွင့်
    ၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင် နိုင်ငံတော်က အသိ အမှတ်ပြုသော ဘာသာသာသနာများ၊ နိုင်ငံသားတို့ကိုးကွယ်ယုံကြည်ရာ ဘာသာသာသနာ ဆိုင်ရာအခွင့်အရေး နှင့်တာဝန်များကိုပြဋ္ဌာန်းပေးထားသည်။
    ပုဒ်မ ၃၆၁ တွင် “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်” ဟူ၍၄င်း၊
    ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာ တို့ကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟူ၍၄င်း၊ နိုင်ငံတော်က အသိအမှတ်ပြုသော ဘာသာ သာသနာများကို ဖော်ပြပြဋ္ဌာန်းထားပါသည်။
    ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်´´ ဟူ၍ ဖော်ပြပြဋ္ဌာန်းပါရှိသည်ကိုတွေ့ရပြီး နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများ အားလုံးအပေါ်တွင် ခွဲခြားခြင်းမရှိဘဲ သာတူညီမျှ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်းတွေ့နိုင်သည်။
    ပုဒ်မ ၃၅၄ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ များနှင့် မဆန့်ကျင်လျှင်
    * မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ရေးသားဖြန့်ဝေခွင့်၊
    * အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
    * တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာ ကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိပါသည်။  [၂၀၀၈ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)၊ ၃၅၄(ဂ)၊ ၃၅၄(ဃ)]
    ပုဒ်မ ၃၄၈ တွင် ” နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ တို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ”  ဟူ၍၄င်း၊
    ပုဒ်မ ၃၅၂ တွင် ” နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊အမျိုးသား၊ အမျိုးသမီး ကိုအကြောင်းပြုလျက် ရာထူးရွေးချယ် ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ . . .” ဟူ၍၄င်း၊
    ပုဒ်မ ၃၆၈ တွင် “နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမထားရှိဘဲယင်းတို့၏အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံမည်”  ဟူ၍၄င်း၊ဖော်ပြထားရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းတွင် ကိုးကွယ်ရာဘာသာ သာသနာ နှင့်ပတ်သက်၍ နိုင်ငံသားတို့၏လွတ်လပ်ခွင့်နှင့် ကိုးကွယ်ရာဘာသာသာသနာကို အကြောင်းပြု၍ နိုင်ငံသားတို့၏ အခွင့်အရေးကို ခွဲခြားဆက်ဆံမှု မရှိစေရန် ပြဋ္ဌာန်းချက်များဖြစ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းတွင် နိုင်ငံတော်က အသိအမှတ်ပြု ထားသော ဘာသာ သာသနာများ၏ သာတူညီမျှ အခွင့်အရေးကိုဖော်ဆောင်ပေးထားခြင်းပင်ဖြစ်သည်။
    ပုဒ်မ ၃၆၄ တွင် ” နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက် လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။”  ဟူ၍ ပြဋ္ဌာန်းပါရှိရာ လူမျိုးရေး၊ ဘာသာရေးကြောင့် တစ်ဖက်နှင့်တစ်ဖက်၊တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော၊ သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သော အပြုအမူဖြစ်၍ ပြစ်မှုပြစ်ဒဏ် ထိုက်သင့်မည်ဖြစ်သည်။ ပြစ်ဒဏ်ပေးနိုင်ရန်  ဥပဒေပြဋ္ဌာန်းနိုင်ကြောင်းလည်းဖော်ပြ ပြဋ္ဌာန်းထားသည်။
    ယခုလက်ရှိတွင် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅၊ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများအခန်းတွင် ကိုးကွယ်ရာဘာသာ သာသနာအရေးနှင့် စပ်လျဉ်း၍ ပြစ်မှုမြောက်စေ မည့် အင်္ဂါရပ်များ၊ ပြစ်မှုကျူးလွန်သူတို့ ထိုက်သင့်မည့်ပြစ်ဒဏ်များကိုပြဋ္ဌာန်းထားသည်။
    ၂၀၀၈ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၄)၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များအခန်း ပုဒ်မ ၄၄၆ တွင် ” တည်ဆဲ ဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။”  ဟုပြဋ္ဌာန်းပါရှိသည်။
    ထို့ကြောင့် လက်ရှိကာလတွင် ယခုထက်တိုင်တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) ပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများကိုကျူးလွန်ပါက ၄င်းဥပဒေအရ အပြစ်ပေးအရေးယူခြင်းခံရမည် ဖြစ်သည်။
    ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး)
    အခန်း ၁၅
    ဘာသာသာသနာဆိုင်ရာပြစ်မှုများ
    ပုဒ်မ ၂၉၅။ ။
    လူတစားကိုးကွယ်သည့်ဘာသာသာသနာကိုစော်ကားရန်အကြံဖြင့် ကိုးကွယ်ဝတ်ပြုသောနေရာကိုဖျက်ဆီးခြင်း၊ သို့တည်းမဟုတ်ယုတ်ညံ့စေခြင်း။
    လူတစားကိုးကွယ်သည့် ဘာသာသာသနာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ် ၀တ်ပြုသောနေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်၎င်း၊ ဖျက်ဆီးခြင်းသည် သို့တည်းမဟုတ် ပျက်စီးနစ်နာစေ ခြင်းသည်၊ သို့တည်းမဟုတ် ယုတ်ညံ့စေ ခြင်းသည်၊ ထိုဘာသာသာသနာကိုစော်ကားသည်ဟု လူ တစားက ယူဆတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို၊ ထိုလူတစားက ဘာသာသာသနာ ရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုသောနေရာကိုသော်၎င်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော် ၄င်း ဖျက်ဆီးလျှင် သို့တည်းမဟုတ် ပျက်စီးနစ်နာစေလျှင်၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။
    ပုဒ်မ ၂၉၅-က။ ။
    လူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ၊ စော်ကားခြင်းဖြင့်၊ ထိုလူတစား၏ ကိုးကွယ်ရာဘာသာရေး စိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သောပြုလုပ်မှုများ။
    ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေ ရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ် သည့်ဘာသာသာသနာကိုသော်၎င်း၊ ဘာသာ သာသနာရေးယုံကြည်မှုကိုသော်၎င်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အား ထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်။
    ပုဒ်မ ၂၉၆။ ။ ဘာသာသာသနာရေးဆိုင်ရာအစုအဝေးကိုနှောင့်ယှက်ခြင်း။
    ဥပဒေနှင့်အညီ ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော၊ သို့တည်းမ ဟုတ် ဘာသာသာသနာရေးဆိုင်ရာ အခမ်းအနားကို ကျင်းပနေသော အစုအဝေးတစ်ခုခုအား မည်သူမဆို၊ မိမိအလိုအလျောက် အနှောင့်အယှက်ဖြစ် စေလျှင်၊ ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    ပုဒ်မ ၂၉၇။ ။ သင်္ချိုင်း စသော နေရာအရပ်များကို ကျူးကျော်စော်ကားခြင်း။
    တဦးတယောက်သောသူ၏ စိတ်ကို နာစေရန်အကြံဖြင့်ဖြစ်စေ၊ တဦးတယောက် ကိုးကွယ် သည့် ဘာသာသာသနာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ တဦးတယောက်သောသူ၏ စိတ်ကို နာစေတန်ရာသည်ကို၊ သို့တည်းမဟုတ် တဦး တယောက်သောသူ ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားတန်ရာသည်ကို သိလျက်နှင့် ဖြစ်စေ မည်သူမဆို၊ ကိုးကွယ် ၀တ်ပြုသော နေရာ၌သော်၎င်း၊ သင်္ချိုင်း၌သော်၎င်း၊ မသာအခမ်းအနား ဆောင်ရွက်ရန် သီးသန့်ထားသည့် နေရာ၌သော်၎င်း၊ လူသေအလောင်းထားရန် သီးသန့် နေရာ၌သော်၎င်း ကျူးကျော်စော်ကားလျှင်၊ သို့တည်းမဟုတ် လူသေအလောင်းကို မဖွယ်မရာပြု လျှင်၊ သို့တည်းမဟုတ် မသာအခမ်းအနား ကျင်းပဆောင်ရွက်ရန် စုဝေးနေသူတို့ကို အနှောင့် အယှက်ဖြစ်စေလျှင်၊ ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    ပုဒ်မ ၂၉၈။ ။
    ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍၊ စကား စသည်များကိုပြောဆိုခြင်း။
    တဦးတယောက်သောသူ၏ ဘာသာရေးစိတ်ကို နာစေရန်တမင်ကြံ၍၊ မည်သူမဆို၊ ထိုသူကြားလောက်သောနေရာ၌ စကားပြောဆိုလျှင်၊ သို့တည်းမဟုတ် အသံတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် ထိုသူမြင်လောက်သောနေရာ၌ ကိုယ်အမူအရာတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခုကိုထားလျှင် ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။
    source: ဥပဒေရေးရာ
  • ကလေးများအား ဖမ်းဆီးချူပ်နှောင်မှု့ အပေါ် ပါလက်စတိုင်းမှ အစ္စရေးအား ICC တိုင်ဖွယ်ရှိ
    ဒီဇင်ဘာ ၂၈ ၊ ၂၀၁၂
    M-Media
    mustafa-ibraheem-abu-reuters.nပါလက်စတိုင်းအာဏာပိုင်များသည် အစ္စရေးတို့၏ ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခြင်းအပေါ် ဥပဒေအရ  အရေးယူရန် စဉ်းစားလျှက်ရှိသည်။
    ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပါလက်စတိုင်းအပေါ် non-member observer state အဖြစ် သံတမန်အဆင့်အတန်း မြှင့်တင်ရန် မဲခွဲဆုံးဖြတ်ရာ ရလာဒ်အဖြစ် ပါလက်စတိုင်းသည် ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှု ခုံရုံးတို့သို့ ဆက်သွယ်ဆောင်ရွက် နိုင်သည့် အခွင်းအရေးများ ရရှိလာသည်။
    “ကျွန်တော်တို့က  အစ္စရေးတို့ကျူးလွန်တဲ့ပြစ်မှုတွေကို တိုင်းတာပြီး အထူးသဖြင့် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း နှင့် ပါလက်စတိုင်း ကလေးငယ်များအပေါ် မတရား ညှင်းပမ်းနှိပ်စက်ခြင်းတို့အပေါ် စစ်ခုံရုံးတင် ဆောင်ရွက်ရန် ကြိုးပမ်းခြင်းဖြင့် လတ်တလောရရှိထားတဲ့ နိုင်ငံအဆင့်အတန်းကို ကျင့်သုံးရန်လိုသည်။” ဟု ပါလက်စတိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနဆိုင်ရာ ၀န်ကြီး အီဆာကရာကေး က အယ်လ်အာရေးဗျ သတင်းအစီအစဉ်သို့ ပြောကြားသည်။
    “အစ္စရေးတို့သည် ကလေးသူငယ် ကာကွယ်စောင့်ရေး ဥပဒေနှင့် ကလေးသူငယ်များအပေါ် ထိုသို့ အနာတရဖြစ်စေသည့် အပြုအမူများကို ရည်ညွှန်းသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ ချိုးဖေါက်နေသည်။” ဟု ကရာကေးက ပြောသေးသည်။
    ကရာကေးက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသည် ပါလက်စတိုင်းကလေးငယ်များ အပေါ်ကျူးလွန်သည့် ပြစ်မှုများကို သတိပြုမိကြောင်းနှင့် အမျိုးစုံသော လူ့အခွင့်အရေး အဖွဲ့များက ပါလက်စတိုင်းကလေးများနှင့် စုစည်းကာ လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း အရေးတယူ ပြောသည်။ “ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်ဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်ဆောင်ရမယ်။” ဟု ၄င်းက အယ်အာရေးဗျကိုပြောပါသည်။
    အကျဉ်းထောင် ထောက်ပံ့ရေးနှင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများ၏ လစဉ် အစီရင်ခံစာအရ ဒီဇင်ဘာ ၁ ရက်တွင် ကလေးငယ် ၁၇၇ ဦး အကျဉ်းထောင်တွင် ကျန်သေးကြောင်း ဖေါ်ပြသည်။
    ပါလက်စတိုင်းတို့က ICC သို့ ယခုထိ တိုင်ကြားခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် အပတ်က အကယ်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အစ္စရေးတို့၏ အနောက်ဘက်ကမ်း နှင့် အရှေ့ဂျေရုစလင်တွင် အခြေစိုက်ရန် ကြံစည်မှုများကို အရေးယူခြင်းမရှိပါက တိုင်ကြားတော့မည်ဖြစ်ကြောင်း သတိပေး ပြောကြားသည်။
    ကိုးကား RT
  • ဟိန္ဒူ မိသားစုဥပဒေ
    ဟိန္ဒူ မိသားစုဥပဒေ
    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ရေးသူ – သုတေသီ
      မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-
             (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။
    ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။
    သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။
    ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။
    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်း ပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။
    ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။
    သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။
    တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံး ဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသော သွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများ အကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။
    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။
    ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။
    ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေ ကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။
    ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။
    ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။
    အခြားဆက်စပ် ဆောင်းပါး