News @ M-Media

Tag: LeagueCup

  • အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    klopp

    – လိဂ်ဖလားတွင် ဆောက်သက်တမ်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းမှာ မှော်ဆန်သည့် အတွေးအခေါ်ကြောင့် မဟုတ်ဘဲ မိမိတို့၏အလုပ်ကို ကြိုးစားလုပ်နိုင်ခြင်းကြောင့်သာ ဖြစ်ပြီး အသင်းမှာ ဆုဖလားများကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ကွာတားဖိုင်နယ်ပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီဗွတ်က် အိုရီဂီက ဟက်ထရစ်၊ စတားရစ်ခ်ျက ၂ ဂိုးနှင့် ဂျော်ဒန် အိုဘီတို့က ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည့် လီဗာပူးလ်မှာ စတုတ်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    “ကျွန်တော်တို့မှာ မှော်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး။ ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာကြောင့်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဖလားစိန်ခေါ်သူဖြစ်ဖို့အတွက်တော့ ကျွန်တော်တို့အသင်းဟာ အင်အားတောင့်တင်းပါတယ်”

    အခြားကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးအသင်းက ဟားလ်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ အဲဗာတန်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • လိဂ်ဖလား ဆီမီးရောက် အဲဗာတန်အား နည်းပြချီးကျူး

    လိဂ်ဖလား ဆီမီးရောက် အဲဗာတန်အား နည်းပြချီးကျူး

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    ever

    – လိဂ်ဖလား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိအောင် အားထုတ်နိုင်ခဲ့သည့် အသင်းအား အဲဗာတန်နည်းပြ မာတီနက်ဇ်က ချီးကျူးပြောဆိုလိုက်ပြီး အသင်းပရိတ်သတ်များအတွက် ကြီးကျယ်သည့် အောင်မြင်မှုဟု ကင်ပွန်းတပ်ခဲ့သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အဲဗာတန်မှာ ချန်ပီယံရှစ်မှ မင်ဒယ်ဘရော့အသင်းအား ဒူလိုဖူနှင့် လူကာကူတို့၏ အဆင့်မြင့်ဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    “ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အိတ်သွန်ဖာမှောက်ခဲ့ကြတာပါ။ ပရိတ်သတ်တွေလည်း ဒီအထဲမှာပါဝင်ခဲ့ပြီး ကျွန်တော်တို့ဘောလုံးအသင်းအတွက် ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ” ဟု ပွဲအပြီးတွင် မာတီနက်ဇ်က Sky Sports သို့
    ပြောကြားခဲ့သည်။

    ထိုပွဲတွင် ခြေစွမ်းပြခဲ့သည့် လူကာကူကလည်း “ကောင်းမွန်တဲ့ရလဒ်ပါ။ ကျွန်တော်တို့ ၂ ဂိုးပဲ ပြတ်ခဲ့ပေမယ့် Clean sheet ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးများများ ရခဲ့သင့်တာပါ။ ဒါပေမယ့် အခုလည်း ရလဒ်ကောင်းပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ငယ်ရွယ်ပြီး အောင်ပွဲကို ဆာလောင်နေကြတဲ့ ကစားသမားတွေပါ” ဟု ပြောကြားခဲ့သည်။
    Ref: Goal

  • ပထမဆုံးနိုင်ပွဲအတွက် လူငယ်များကို ကလော့ပ်ချီးကျူး

    ပထမဆုံးနိုင်ပွဲအတွက် လူငယ်များကို ကလော့ပ်ချီးကျူး

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    liver

    – လိဂ်ဖလားတွင် ဘုန်းမောက်အား အနိုင်ရခဲ့သည့်ပွဲ၌ ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမားများအား လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ချီးကျူးပြောဆိုလိုက်သည်။

    ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ယနေ့မနက်က ယှဉ်ပြိုင်ခဲ့သော အဆိုပါပွဲတွင် ကလော့ပ်မှာ ဂျိုအာအို တိုင်ဇီရာ၊ ကွန်နော်ရ် ရန်ဒဲလ်နှင့် ကင်မရွန်း ဘရန်နာဂန်တို့ကဲ့သို့ အသင်းကြီးအတွက် ပွဲထွက်ခွင့်မရသေးသည့် လူငယ်သွေးသစ်များကို ထုတ်သုံးခဲ့ပြီး ခြေစွမ်းပြနိုင်ကာ ၁ ဂိုး ဂိုးမရှိဖြင့် ဘုန်းမောက်အား အနိုင်ရခဲ့သည်။ ထိုပွဲမှာ လီဗာပူးလ်အား ၎င်း ကိုင်တွယ်ပြီးနောက် ပထမဆုံးရရှိခဲ့သည့် အနိုင်လည်းဖြစ်သည်။

    “နှစ်ပတ်လောက်အတွင်းမှာ ကျွန်တော်ဟာ ဒီကောင်လေးတွေကို လေ့ကျင့်ကွင်းမှာ တွေ့ခဲ့ပါတယ်။ လေ့ကျင့်မှု အချိန်အများစုမှာ သူတို့ ကျွန်တော်တို့နဲ့အတူ ရှိခဲ့ပါတယ်။ ကျွန်တော် သူတို့ကို သတိပြုမိခဲ့ပြီး ပထမဆုံးအခွင့်အရေး ပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပွဲမှာ ထုတ်သုံးခဲ့တာပါ။ တစ်ချို့ကစားသမားတွေဟာ အနားယူဖို့ လိုအပ်ပါတယ်။ ဒီလူငယ်ကစားသမားလေးတွေက ကျွန်တော်တို့ကို ကူညီနိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာကိုလည်း ကျွန်တော် အသေအချာ သိခဲ့ပါတယ်” ဟု ကလော့ပ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    Ref: Goal

  • ဂိုးမရသည့်အသင်းအတွက် ဗန်ဂါးလ် စိုးရိမ်နေ

    ဂိုးမရသည့်အသင်းအတွက် ဗန်ဂါးလ် စိုးရိမ်နေ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    mu

    – ကစားပုံကောင်းသော်လည်း မိမိတို့အသင်း၏ ဂိုးပေါက်ပျောက်မှုအတွက် စိုးရိမ်လာသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွင် ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား ခြေအသာဖြင့် ကစားနိုင်ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီတွင် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မန်ယူအသင်း ဂိုးပေါက်ပျောက်သည့် အချိန်မှာ ၂၃၈ မိနစ်အထိ ရှိလာပြီဖြစ်သည်။

    “အခွင့်အရေးတွေ လွဲချော်တာနဲ့ ပတ်သက်ပြီး တကယ့်ကို စိုးရိမ်ပါတယ်။ ဘောလုံးမှာ အရေးအကြီးဆုံးက ဂိုးရဖို့ပါပဲ။ ကျွန်တော်တို့ ဂိုးမရှိသရေကျတာ ၂ ပွဲရှိနေပြီး အဲဒီနှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ရမှာပါ။ ဂိုးအရှေ့မှာ၊ ဂိုးသမားတွေအရှေ့မှာ ကျွန်တော်တို့ အခွင့်အရေး လွယ်လွယ်ရခဲ့ပါတယ်။ ဒါကို အဆုံးမသတ်နိုင်ဘူးဆိုရင်တော့ ပွဲကိုနိုင်ဖို့ တော်တော်လေး ခက်ခဲသွားပါပြီ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့တာကြောင့် ကံမကောင်းဘူးလို့ ခင်ဗျား ပြောလို့ရပါတယ်။ ဒါပေမယ့် ကံဆိုတာ အလုပ်ပါပဲ။ ကျွန်တော်တို့ ဂိုးမရခဲ့တဲ့အတွက် ကံကောင်းအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဘောလုံးမှာ ဒါကို ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်”
    ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်သော ချယ်ဆီး၊ အာဆင်နယ်နှင့် မန်ယူတို့မှာ ယခုစတုတ္ထအဆင့် လိဂ်ဖလားတွင် ပြိုင်ဘက်များအား အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်သည်။

    Ref: Dailymail

  • လိဂ်ဖလားအရှုံးအတွက် အသင်းအား ၀င်းဂါးဝေဖန်

    လိဂ်ဖလားအရှုံးအတွက် အသင်းအား ၀င်းဂါးဝေဖန်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    winger

    – ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလားတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက အသင်းအား ဝေဖန်လိုက်ပြီး မိမိတို့မှာ ပြိုင်ဘက်အသင်း၏ အဆင့်လောက်ပင်မရှိဟု ပြောကြားခဲ့သည်။

    ရှက်ဖီးဝင်းစ်ဒေးအသင်းနှင့် ကစားခဲ့သည့် အဆိုပါပွဲတွင် ၀င်းဂါးမှာ လူငယ်အများအပြားကို ထုတ်သုံးခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုအရှုံးမှာ ၁၉၅၉ ခုနှစ်နောက်ပိုင်း အောက်တန်းအသင်းများအား အဆိုးဝါးဆုံး ရှုံးနိမ့်မှုလည်း ဖြစ်သည်။

    “ရှက်ဖီးဝင်းစ်ဒေးကို ယှဉ်ကစားဖို့အဆင့်တောင် ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ သူတို့ကို ချီးကျူးရမှာပါ။ သူတို့ဟာ ထက်မြက်တယ်။ လျင်မြန်တယ်။ ကျွန်တော်တို့ထက်ကိုပို ပြီး ပြတ်သားပါတယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ပိုရပေမယ့် ဘာအခွင့်အရေးမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ခံစစ်ကတော့ စိတ်ပျက်စရာပါပဲ။ ဒီပွဲဟာ လူငယ်ကစားသမားတွေအတွက် သိပ်မြင့်လွန်းနေတယ်။ ဒီလိုအဆင့်မျိုးမှာ ကစားဖို့ သူတို့အားလုံး အဆင်သင့်မဖြစ်သေးပါဘူး။ တည်ကန်ဘောတွေကနေ ကျွန်တော်တို့ ဂိုး ၂ ဂိုး ပေးလိုက်ရတယ်။ ကျွန်တော်တို့ သိပ်နုံအခဲ့ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: Goal