အောက်တိုဘာ ၂၉၊ ၂၀၁၅
M-Media
– ကစားပုံကောင်းသော်လည်း မိမိတို့အသင်း၏ ဂိုးပေါက်ပျောက်မှုအတွက် စိုးရိမ်လာသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွင် ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား ခြေအသာဖြင့် ကစားနိုင်ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီတွင် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မန်ယူအသင်း ဂိုးပေါက်ပျောက်သည့် အချိန်မှာ ၂၃၈ မိနစ်အထိ ရှိလာပြီဖြစ်သည်။
“အခွင့်အရေးတွေ လွဲချော်တာနဲ့ ပတ်သက်ပြီး တကယ့်ကို စိုးရိမ်ပါတယ်။ ဘောလုံးမှာ အရေးအကြီးဆုံးက ဂိုးရဖို့ပါပဲ။ ကျွန်တော်တို့ ဂိုးမရှိသရေကျတာ ၂ ပွဲရှိနေပြီး အဲဒီနှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ရမှာပါ။ ဂိုးအရှေ့မှာ၊ ဂိုးသမားတွေအရှေ့မှာ ကျွန်တော်တို့ အခွင့်အရေး လွယ်လွယ်ရခဲ့ပါတယ်။ ဒါကို အဆုံးမသတ်နိုင်ဘူးဆိုရင်တော့ ပွဲကိုနိုင်ဖို့ တော်တော်လေး ခက်ခဲသွားပါပြီ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့တာကြောင့် ကံမကောင်းဘူးလို့ ခင်ဗျား ပြောလို့ရပါတယ်။ ဒါပေမယ့် ကံဆိုတာ အလုပ်ပါပဲ။ ကျွန်တော်တို့ ဂိုးမရခဲ့တဲ့အတွက် ကံကောင်းအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဘောလုံးမှာ ဒါကို ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်”
ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်သော ချယ်ဆီး၊ အာဆင်နယ်နှင့် မန်ယူတို့မှာ ယခုစတုတ္ထအဆင့် လိဂ်ဖလားတွင် ပြိုင်ဘက်များအား အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.