News @ M-Media
Tag: Local News
  • L’oreal ၏ Revitalift Laser နှင့် Lucent Magique ပစ္စည်းသစ် မိတ်ဆက်ပွဲ ပြုလုပ်
    ဇူလိုင် ၂၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    L’oreal ၏ Revitalift Laser နှင့် Lucent Magique ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Tawin Centre ဒုတိယထပ် ၌ ဇူလိုင်လ ၂၇ရက်နေ့ နေ့လည် ၃နာရီမှ ၅နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P7270004
    ထိုအခမ်းအနားတွင်  Revitalift Laser မှာ IPL/ Laser ထက်ပိုမို သာလွန်သော Anti- aging Skin Care ဖြစ်ပြီး Lucent Magique မှာ Light Infusion Technology ဖြင့် ထုတ်လုပ်ထားသော လင်းလက်လှပ စေသော Make-Up ဖြစ်ကြောင်း Loreal Paris Brand Manager Dr. ဆုနွယ်ဇော်မှ ရှင်းလင်းပြောကြားပေးခဲ့သည်။
    အဆိုပါ ပစ္စည်းသစ် မိတ်ဆက်ပွဲတွင်  Revitalift Laser ကိုကိုယ်တိုင်သုံးစွဲသူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ချစ်စနိုးဦး မှလည်း အတွေ့အကြုံများ မျှဝေပေးခဲ့ပြီး  Lucent Magique Make-Up ဖြင့် နိုင်ငံကျော် မိတ်ကပ်ပညာရှင် လင်းလင်း ( Make-Up Artust) မှ စင်မြင့်ထက်တွင် လိမ်းခြယ်ပြသပေးခဲ့သည်။
    အထူးအစီအစဉ် အနေနဲ ၎င်းအခမ်းအနားသို့  ပထမဆုံး ကြွရောက်လာသော L’oreal ချစ်ပရိသတ် (၃၀)ဦးအား Specian Promotion ဖြင့် မည်သည့် Anti – Aging Skin Care (Moisturizer , Essence , Eye ) ဘူးခွံ ယူလာသူမဆို L’oreal Paris ရဲ့ပစ္စည်းသစ် Revitalift Laser ကို 50%  Discount ဖြင့် ၀ယ်ယူခွင့်၊ မည်သည့် Liquid Foundation , Two Cake ဘူးခွံ ယူလာသူမဆို  L’oreal Paris ရဲ့ ပစ္စည်းသစ် Lucent Magique ကို 50%  Discount ဖြင့် ၀ယ်ယူခွင့်ရရှိကြောင်း သတင်းရရှိသည်။
    L’oreal Paris က ၂၀၁၃ခုနှစ်ရဲ့ ထူးခြားတဲ့ နည်းပညာ အသစ်နဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းသစ်နှစ်မျိုး ( Revitalift Laser နှင့် Lucent Magique Make-Up) မိတ်ဆက်ပွဲကို ကျင်းပခဲ့ရာ ရုပ်ရှင်မင်းသမီး ချစ်စနိုးဦး၊ စိုးနန္ဒာကျော်၊ မြတ်နိုးခင် အပါအ၀င် အနုပညာရှင်များ၊ စာနယ်ဇင်း ဧည့်ပရိတ်သတ်များ၊ Customer များတက်ရောက်ခဲ့သည်။ အဆိုပါ ပစ္စည်းများကို Lasource TradingLtd မှ တရားဝင် ဖြန့်ဖြူးရောင်းချ လျှက်ရှိကြောင်း သိရသည်။
    ဓါတ်ပုံများထပ်မံ ကြည့်ရှုလိုလျှင် Click Here
  • ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ဖိတ်ခေါ်လွှာ
    ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ဖိတ်ခေါ်လွှာ
    ဇူလိုင် ၂၆၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ရန်ကုန် ။     ။     ရန်ကုန်တိုင်း ဒေသကြီး၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ထုတ်ဝေလျက်ရှိသော ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါ ၀တ္ထုတိုပြိုင်ပွဲတွင် ကျေးလက် ယဉ်ကျေးမှု ဓလေ့များ၊ ကျေးလက် အလှသဘာဝများနှင့် ဘ၀သရုပ်ဖော် အကြောင်းအရာများကို မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသား ယှဉ်ပြိုင်နိုင်သည်။ စာမူကို A4 စာမျက်နှာဖြင့် လက်ရေးဖြင့် ခြောက်မျက်နှာ၊ ကွန်ပျူတာဖြင့် လေးမျက်နှာ ထက်မပိုဘဲ ရေးဖွဲ့နိုင်ကြောင်း သိရသည်။
    ပြိုင်ပွဲ ၀င်သူသည် စာမူများကို ကွန်ပျူတာဖြင့် ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ စာမျက်နှာ တစ်ဖက်တည်း၌ ရှင်းလင်းပီသစွာ ရေးရမည်။ မူရင်းတစ်စုံ၊ မိတ္ထူ တစ်စောင်ပါ တင်သွင်းရမည်။ ပြိုင်ပွဲ ၀င်သူ၏ ပတ်စ်ပို့ ဓာတ်ပုံ နှစ်ပုံ၊ အမည်ရင်း၊ ကလောင်အမည်၊ မိဘအမည်၊ နိုင်ငံသား မှတ်ပုံတင် အမှတ်၊ ပညာ အရည်အချင်း၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်းချုပ် ဖော်ပြပါရှိပြီး မိမိကိုယ်တိုင် ရေးသားထားကြောင်းနှင့် ပုံနှိပ် ဖော်ပြခဲ့ဖူးခြင်း မရှိကြောင်း ၀န်ခံချက် ပါရှိရမည်။ ပြိုင်ပွဲဝင် တစ်ဦးလျှင် ၀တ္ထုတို တစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
    ပြိုင်ပွဲဝင် စာမူများကို ဒို့ကျေးရွာဂျာနယ်၊ အမှတ်( ၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁-၂၀၁၉၃၆၊ ၃၇၁၃၄၂ သို့  ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
  • ဗြိတိန်သွားမည့် ဆရာတော်ကြီးများ ဗီဇာငြင်းပယ်ခံရ
    ၆-၇-၂၀၁၃ ရက်နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ
    နေလင်းထွန်း
    7days
    ရန်ကုန် ။ ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ပြုလုပ်မည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ရေစက်ချအလှူနှင့် တရားပွဲသို့ သွားရောက်ကြမည့် ဆရာတော်ကြီးများ ဗြိတိန်ပြည်ဝင်ခွင့် (ဗီဇာ) ငြင်းပယ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ တိပိဋက ဆရာတော်များအပါအ၀င် သံဃာနာယကဆရာတော်နှစ်ပါး၊ ကမ္မဌာန်းရိပ်သာဆရာတော်နှစ်ပါးတို့သည် ဇွန်လဆန်းတွင် ဗြိတိန်ပြည်ဝင်ခွင့်လျှောက်ထားခဲ့ပြီး ဇွန်လကုန်တွင် ပြည်ဝင်ခွင့်ငြင်းပယ်သည့် အကြောင်းပြန်စာ ရရှိခဲ့ခြင်းဖြစ်ကြောင်း
    ပြည်တွင်း၊ ပြည်ပနယ်လှည့် ဓမ္မကထိက ဆရာတော်တစ်ပါးက မိန့်သည်။
    “ဘဏ်အကောင့်တွေ၊ စပွန်ဆာတွေ အကုန်ဖြည့်ပြီးသား ပြည့်စုံလို့ သူတို့လက်ခံတာပေါ့။ ခုမှ သွားမယ့်နေရာတွေကို ဘယ်နေ့၊ ဘယ်ရက် အတိအကျမပါလို့ဆိုပြီးအကြောင်းပြတာပေါ့။ နောက်ပြီး တစ်လလျှောက်တဲ့အခါ တစ်လနဲ့ ပြန်မလာလောက်ဘူးဆိုတဲ့ အကြောင်းပြချက်ပေးတယ်။ အင်္ဂလန်ဗီဇာတော့ မလျှောက်ဖူးဘူး။ အမေရိကန်နဲ့ အခြားနိုင်ငံတွေတော့ အစုံရောက်ဖူးပါတယ်”ဟု အထက်ပါ ဆရာတော်က မိန့်ကြားသည်။
    လန်ဒန်မြို့တွင် ကျင်းပပြုလုပ်မည့် ကျောင်းရေစက်ချအလှူနှင့် တရားပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးအပါအ၀င် နယ်လှည့်ဓမ္မကထိက ဆရာတော်များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ “ဇူလိုင် ၆-ရက်မှာ ဗန်းမော်ဆရာတော်ကြီးရဲ့ တရားပွဲ ဆောင်ရွက်ဖို့ စီစဉ်ထားတာကိုလည်း မြန်မာနိုင်ငံက ဆရာတော်တွေ မကြွရောက်နိုင်တော့လို့ဆိုပြီး အစီအစဉ်ပြောင်းလိုက်တယ်လို့ အီးမေလးလ်ဝင်လာတယ်”ဟု အထက်ပါ ဆရာတော်က မိန့်သည်။
    ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများနှင့်အတူ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်ပုံများ အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေခြင်း၊ ၉၆၉ လှုပ်ရှားမှုနှင့် မျိုးစောင့် ဥပဒေ၊ တိုင်းမ်မဂ္ဂဇင်း၏ သတင်းဆောင်းပါး ရေးသားဖော်ပြမှုတို့သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဗြိတိန်ဝင်ခွင့် ငြင်းပယ်ခံရမှုနှင့် ဆက်စပ်နိုင်ကြောင်း ဆရာတော်များက သုံးသပ်သည်။
    “သံရုံးတိုင်းရဲ့ထုံးစံကတော့ ပြည်ဝင်ခွင့် လျှောက်တဲ့အခါ ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုတာ အတိအကျရေးရတာပါပဲ။ သံရုံးက ပြည်ဝင်ခွင့် ငြင်းပယ်တာကို တိုက်ရိုက်ကြီးပြောဖို့တော့ ခဲယဉ်းပါတယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ ဖော်ပြမှုကတော့ တော်တော် သက်ရောက်မှုရှိနေပါတယ်”ဟု ပြည်ပတွင် သာသနာပြုနေသော မြန်မာဘုန်းတော်ကြီးတစ်ပါးက မိန့်သည်။
    မြန်မာနိုင်ငံမှ ဗြိတိန်ပြည်ဝင်ခွင့် လျှောက်ထားသူများအတွက် ထိုင်းနိုင်ငံ၊ ဘန်းကောက်မြို့ရှိ ဗြိတိန်သံရုံးက ကိုင်တွယ် ဆောင်ရွက်ခြင်းဖြစ်သည်။
  • သီလ၀ါ ဆိပ်ကမ်း စီမံကိန်း ဒေသတွင်းရှိ လယ်သမားများအား ဆိပ်ကမ်း အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ
    ဇူလိုင် -၁ ၊ ၂၀၁၃
    M-Media
    အိမေ
    ရန်ကုန်  ။          ။            သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံလယ်သမားများ ဆိပ်ကမ်းမြေကွက်များတွင် နေထိုင်သူများ၊ ဒေသ အာဏာပိုင်များနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ တွေ့ဆုံပွဲကို ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ နေ့လည် ၃-နာရီတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင်  ပြုလုပ်ခဲ့သည်။
    DSCN5337
    မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာ ဦးကျော်မြင့်က “နိုင်ငံတော်ကတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလ၀ါစီမံကိန်းကိုလည်း ထိခိုက်ပျက်စီးစေဖို့ ရည်ရွယ်ချက်မရှိသလို ဒေသခံများရဲ့အကျိုးကိုလည်း မထိခိုက်အောင်ဆောင်ရွက်မှသာ မလိုလားအပ်သော အရာတွေ မဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေ ရဲ့ထိခိုက်နစ်နာမှုမရှိအောင် အခုလိုခေါ်ယူဆွေးနွေးတာပါ။” ဟုပြောကြားခဲ့သည်။
    တက်ရောက်လာသော ဒေသခံလယ်သမားများထဲမှ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်၊ဘေးပေါက်ကျေးရွာတွင်နေထိုင်သော ဦးတင်အုန်းက “ကျွန်တော်တို့ ဒီဆိပ်ကမ်းမြေပေါ်မှာ လုပ်ကိုင်စားသောက်နေတာ ၁၉၉၅-ခုနှစ်ကတည်းကပါ။ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်မလုပ်ပါဘူး။ ကျွန်တော်တို့ရဲ့နစ်နာမှုကို အခုလိုခေါ်ယူညှိနှိုင်းပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။”ဟု သူ၏ခံစားချက်ကို ပြောပြသွားခဲ့ပါသည်။
    ယင်းဒေသစီမံကိန်းတွင် ပါဝင်သောဒေသခံပြည်သူများအား ဆုံးရှုံးနစ်နာမှုမရှိစေရန် အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါပွဲသို့ ဒေသခံလယ်သမားဦးရေ ၂၅၀-ကျော်နှင့် သတင်းမီဒီယာ ၄၀-ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
    အဆိုပါဆွေးနွေးပွဲဆုံးဖြတ်ချက်ကိုလာမည့်သီတင်းပတ်တွင်ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
    ဓါတ်ပုံများ ကြည့်ရန် ။ Click Here