News @ M-Media
Tag: malaysia
  • IS ရန်ကြောင့် ဟိန္ဒူဘုရားကျောင်းများတွင် မလေးရှားက လုံခြုံရေးတိုးမြှင့်
    IS ရန်ကြောင့် ဟိန္ဒူဘုရားကျောင်းများတွင် မလေးရှားက လုံခြုံရေးတိုးမြှင့်
    မေ ၁၆၊ ၂၀၁၉
    M-Media
    Batu Cave မှ ဟိန္ဒူဘုရားကျောင်းအတက်လှေကား
    -အစိုးရခေါင်းဆောင်တွေကို လုပ်ကြံဖို့နဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ၀တ်ပြုရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ IS အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် မလေးရှားအာဏာပိုင်တွေဟာ ကွာလာလမ်ပူက နာမည်ကြီး ဟိန္ဒူဘုရားကျောင်း ၃ ခုမှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားလိုက်ပါတယ်။
    တိုက်ခိုက်မယ့်အစီအစဉ်ကို မလေးရှားက အခုလအစောပိုင်းမှာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး လူ ၄ ဦးကို ဖမ်းဆီးထားကာ နောက်ထပ် ၃ ဦးကို လိုက်လံရှာဖွေနေပါတယ်။ ရဲတပ်ဖွဲ့က IS အဖွဲ့ဝင်တွေဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က Sri Maha Mariamman ဟိန္ဒူဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုအတွင်း သေဆုံးသွားသူ မီးသတ်သမားအတွက် လက်စားချေဖို့ တိုက်ခိုက်မှုကို စီစဉ်ထားဖြစ်ပြီး၊ အစိုးရထိပ်တန်းပုဂ္ဂိုလ်တွေကို လုပ်ကြံဖို့ အကြောင်းပြချက်ကတော့ အစ္စလာမ်ဘာသာကို ကာကွယ်မပေးလို့ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    ဒီလိုဖမ်းဆီးမှုတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်း မလေးရှားရဲတပ်ဖွဲ့ဟာ ကွာလာလမ်ပူက သမိုင်းဝင် ဟိန္ဒူဘုရားကျောင်းတွေဖြစ်တဲ့ Sri Subramaniyar၊ Sri Maha Mariamman Devasthanam နဲ့ Courthill Sri Ganesha ဘုရားကျောင်းတွေမှာ လုံခြုံရေးကို တိုးမြှင့်ချထားခဲ့ပါတယ်။ Sri Subramaniyar ဘုရားကျောင်းဟာ မလေးရှားရဲ့ ကမ္ဘ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ Batu Cave က ဘုရားကျောင်းဖြစ်ပါတယ်။
    ဒီဘုရားကျောင်း ၃ ခုကို ကြီးကြပ်စီမံနေတဲ့ SMMTDKL အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ IS အဖွဲ့ဝင်တွေ တိုက်ခိုက်ဖို့ အကြောင်းပြချက်ဟာ Sri Maha Mariamman ဘုရားကျောင်းက ကိစ္စရပ် ဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိုးရိမ်မိကြောင်း၊ လုံခြုံရေးကိုလည်း ပိုမိုတင်းတင်းကြပ်ကြပ် စီမံထားကြောင်း၊ လာရောက်လည်ပတ်သူတွေကို စောင့်ကြည့်တာ၊ အိတ်တွေကို စစ်တာတွေကို လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။
    ဘုရားဖူးလာရောက်ကြသူတွေအနေနဲ့ သတိဝိရိယ ရှိကြဖို့လည်း SMMTDKL က တိုက်တွန်းခဲ့ပါတယ်။
    Ref : The Star
  • အစိုးရထိပ်တန်းပုဂ္ဂိုလ်များကို လုပ်ကြံရန်နှင့် ကွာလာလမ်ပူတွင် တိုက်ခိုက်ရန် IS ၏ စီစဉ်ထားမှုကို မလေးရှား ဖော်ထုတ်
    အစိုးရထိပ်တန်းပုဂ္ဂိုလ်များကို လုပ်ကြံရန်နှင့် ကွာလာလမ်ပူတွင် တိုက်ခိုက်ရန် IS ၏ စီစဉ်ထားမှုကို မလေးရှား ဖော်ထုတ်
    မေ ၁၃၊ ၂၀၁၉
    M-Media
    ဖမ်းဆီးမှု မြင်ကွင်းတစ်ခု
    -မလေးအစိုးရရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ချို့ကို လုပ်ကြံသတ်ဖြတ်ဖို့နဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ၀တ်ပြုရာနေရာတွေကို တိုက်ခိုက်မှုတွေပြုလုပ်ဖို့ IS အဖွဲ့ဝင်တွေက စီစဉ်ထားမှုကို မလေးရှားရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး ၄ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
    ဖမ်းဆီးခံထားရသူတွေဟာ အမျိုးသားတွေဖြစ်ပြီး မလေးရှားနိုင်ငံသား ၁ ဦး၊ ရိုဟင်ဂျာ ၂ ဦးနဲ့ အင်ဒိုနီးရှားတစ်ဦးတို့ဖြစ်ကြောင်း၊ မေလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အကြမ်းဖက်တိုက်ဖျက်ရေးဌာန (E8) က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်စပ်သူတွေကို ဆက်လက်ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးရေးချုပ် ဒါတွတ်ဆရီ အဘ်ဒူလ် ဟာမစ် ဘာဒွရ်က ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။
    “အစိုးရက အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို လုပ်ကြံသတ်ဖြတ်ဖို့၊ မွတ်စလင်မဟုတ်သူတွေရဲ့ ၀တ်ပြုရာနေရာကို အကြီစား တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတဲ့ IS ရဲ့ အဖွဲ့ငယ်တစ်ခုကို E8 တပ်ဖွဲ့ဝင်တွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ (မီးသတ် တပ်ဖွဲ့ဝင်) မိုဟာမက် အာဒစ်ဘ် သေဆုံးမှုကို လက်တုန့်ပြန်ဖို့အတွက် ဥပုသ်လ ပထမအပတ်မှာ တိုက်ခိုက်ဖို့ သူတို့ စီစဉ်ခဲ့ကြတာပါ။
    အစိုးရအရေးပါတဲ့ပုဂ္ဂိုလ်တွေကိုကြတော့ အစ္စလာမ်ဘာသာကို ကာကွယ် စောင့်ရှောက်မပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်ဖို့ ကြံစည်တာ ဖြစ်ပါတယ်”
    ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ဆူဘန်းဂျာယာမှာရှိတဲ့ Seafield Sri Maha Mariamman Temple ဟိန္ဒူဘုရားကျောင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အချိန် အခြေအနေကို ထိန်းသိမ်းဖို့ မီးသတ်တပ်ဖွဲ့ရဲ့ ကြိုးပမ်းမှုအတွင်း မီးသတ်သမား မိုဟာမက် အာဒစ်ဘ်ဟာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့က သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
    နိုင်ငံမြောက်ပိုင်း တရန်ဂါနူပြည်နယ်မှာ မလေ ၅ ရက်နေ့က မလေးရှားနိုင်ငံသားကို ဖမ်းဆီးစဉ် ဖောက်ခွဲရေးပစ္စည်းတွေ၊ ပစ္စတိုတစ်လက်နဲ့ ကျည်ဆံ ၁၅ တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွာလာလမ်ပူမှာ ဖမ်းဆီးရမိတဲ့ အသက် ၂၀ အရွယ် ရိုဟင်ဂျာတစ်ဦးဟာ UNHCR ကဒ် ကိုင်ဆောင်ထားပြီး တိုက်ခိုက်မယ့်အဖွဲ့ထဲဝင်ကာ ARSA အဖွဲ့ကို တောက်ပံ့အားပေးဖို့ ရှိနေတယ်လို့ ၀န်ခံကြောင်း စစ်ဆေးရေးအရာရှိချုပ် အဘ်ဒူလ် ဟာမစ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    “ကွာလာလမ်ပူက မြန်မာသံရုံးကို တိုက်ခိုက်ဖို့နဲ့ ရခိုင်ပြည်နယ်ကိုပြန်ပြီး တိုက်ခိုက်မှုဆက်လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း အဲဒီ ရိုဟင်ဂျာ အမျိုးသားက ပြောကြားခဲ့ပါတယ်”
    နောက်ထပ် ၂ ဦးကိုတော့ ကွာလာလမ်ပူက Subang Jaya နဲ့ Old Klang Road တို့မှာ မေလ ၇ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
    အလ်ဒူလ် ဟာမစ်က တိုက်ခိုက်မှုစီစဉ်တဲ့ အခုအဖွဲ့ဟာ တော်တော်ကြီးပြီး မလေးရှားနိုင်ငံသား ၂ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး စုစုပေါင်း နောက်ထပ် အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    Ref: The Star
  • Fortune မဂ္ဂဇင်း၏ ကမ္ဘာ့ခေါင်းဆောင် ၅၀ စာရင်းတွင် မဟာသီယာ မိုဟာမက် ပါဝင်
    Fortune မဂ္ဂဇင်း၏ ကမ္ဘာ့ခေါင်းဆောင် ၅၀ စာရင်းတွင် မဟာသီယာ မိုဟာမက် ပါဝင်
    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်
    မေ ၅၊ ၂၀၁၉
    M-Media
    – Fortune မဂ္ဂဇင်းက ရွေးချယ်ထုတ်ပြန်တဲ့ ကမ္ဘာ့အကြီးအကျယ်ဆုံး ခေါင်းဆောင် ၅၀ စာရင်းထဲမှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ပါဝင်လာပါတယ်။
    မဟာသီဟာ အဆင့် ၄၇ မှာရှိနေပြီး Fortune က အသက် ၉၃ နှစ်မှာ ‘ထူးထူးခြားခြား သမိုင်းမှတ်တိုင်သစ် ရေးထိုးနိုင်ခဲ့သူ’ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
    မဟာသီဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မလေးရှားကို အရှေ့တောင်အာရှမှာ စီးပွားရေးကျားတစ်ကောင်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးလောကကနေ အနားယူသွားပေမယ့် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
    Fortune က မဟာသီဟာ ခြစားမှုတိုက်ဖျက်ရေး ကြွေးကျော်သံနဲ့ ထူးထူးခြားခြား ရွေးကောက်ပွဲအောင်နိုင်မှုကို ရခဲ့ကြောင်း၊ တိုင်းပြည်ရဲ့ အသင်းအဖွဲ့တွေတိုင်းမှာ အမြစ်တွယ်နေတဲ့ ခြစားမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေကြောင်း၊ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ကို ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုထားကြောင်း၊ နိုင်ငံပိုင်လုပ်ငန်း 1MDB က ပျောက်ဆုံးသွားတဲ့ ဒေါ်လာ ဘီလီယံများစွာကို ပြန်ရအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
    “မဟာသီနဲ့ သူ့ရဲ့ပါတီဟာ လက်ရှိမှာ တိုင်းပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးစနစ်၊ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ကို ကာကွယ်ဖို့ ဆောင်ရွက်နေပြီး ရိုးသားတဲ့ ဒီမိုကရေစီကို အသိအမှတ်ပြုကာ ထိန်းသိမ်းနေပါတယ်” လို့ Fortune က ရေးသားခဲ့ပါတယ်။
    Fortune ရဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ခေါင်းဆောင် ၅၀ စာရင်းထဲမှာ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်၊ သန်းကြွယ်သူဌေး ဘီလ်ဂိတ်နဲ့ သူ့ဇနီး မီလင်ဒါ ဂိတ်၊ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ သူ့ရဲ့ဇနီး မဂ်ဟန် မာကဲလ်တို့အပါအ၀င် ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေ ထင်ပေါ်ကျော်ကြားသူတွေ ပါဝင်ပါတယ်။
    Ref: The Star
  • မလေးရှားတရားသူကြီးတစ်ဦး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ် ဖြစ်လာ
    မလေးရှားတရားသူကြီးတစ်ဦး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ် ဖြစ်လာ
    မေ ၂၊ ၂၀၁၉
    M-Media
    ဒါတွတ် တန်ကူ မိုင်မွန် တူအန် မတ်
    – ပြည်ထောင်စု တရားသူကြီး ဒါတွတ် တန်ကူ မိုင်မွန် တူအန် မတ်ကို တရားသူကြီးချုပ်အဖြစ် မလေးရှားက ဒီကနေ့မှာ ခန့်အပ်လိုက်ပြီး မိုင်မွန်ဟာ မလေးရှားရဲ့ ပထမဆုံး အမျိုးသမီးတရားသူကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
    တရားသူကြီးချုပ်ဟောင်းဖြစ်တဲ့ တန်ဆရီ ရစ်ချက် မာလန်ဂျွန်ရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးအထူးတင်ရှိတယ်လို့လည်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ မာလန်ဂျွန်ဟာ တရားရေးနယ်ပယ်မှာ ၂၇ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် အငြိမ်းစားယူသွားပြီ ဖြစပါတယ်။
    မာလန်ဂျွန်ဟာ နိုင်ငံရဲ့ တရားသူကြီးချုပ်ရာထူးကို ရရှိခဲ့တဲ့ ပထမဆုံး ဆာဘားတိုင်းရင်းသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသက် ၆၆ နှစ်ပြည့်တဲ့အချိန် သက်ပြည့်ပင်စင်ယူဖို့ စီစဉ်ခဲ့ပေမယ့် အခုနှစ် မေလအထိ နောက်ထပ် ၆ လ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
    အသက် ၆၀ ရှိပြီဖြစ်တဲ့ မိုင်မွန်ဟာ ၂၀၀၆ ခုနှစ်က ကွာလာလမ်ပူ အထက်တရားရုံးမှာ ကော်မရှင်နာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ အထက်တရားရုံး တရားသူကြီး၊ ၂၀၁၃ ခုနှစ်မှာ အယူခံတရားရုံး တရားသူကြီး၊ ၂၀၁၈ ခုနှစ်မှာ တရားရုံးချုပ် တရားသူကြီးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
    Ref: The Star
  • ဟိန္ဒူဘာသာကို စော်ကားပြောဆိုသည့် မွတ်စလင်တရားဟောဆရာကို မလေးရှားက ဖမ်းဆီးစစ်ဆေးနေ
    ဟိန္ဒူဘာသာကို စော်ကားပြောဆိုသည့် မွတ်စလင်တရားဟောဆရာကို မလေးရှားက ဖမ်းဆီးစစ်ဆေးနေ
    ဧပြီ ၂၉၊ ၂၀၁၉
    M-Media
    – ဟိန္ဒူဘာသာကို စော်ကားပြောဆိုတဲ့ မွတ်စလင်တရားဟောဆရာတစ်ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
    အသက် ၃၄ နှစ်အရွယ် မိုဟာမက် ဇမ်မရီ ဗီနော့သ်ဆိုသူဟာ ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီး စော်ကားပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ ပြည်သူတွေက တိုင်ကြားပြီးတဲ့နောက်ပိုင်း ပဲရ်လစ်မြို့ ရာဇ၀တ်မှု တိုက်ဖျက်ရေးဌာနက ဧပြီလ ၂၈ ရက် (တနင်္ဂနွေ) နေ့မှာ ဖမ်းဆီးခဲ့တာလို့ ရဲချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန်က ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဒန်ဝမ်ငီးရဲတပ်ဖွဲ့ကို လွှဲပြောင်းကာ နိုင်ငံတော် စည်းလုံးမှုပျက်ပြားအောင် လုပ်ဆောင်မှု၊ ပြည်သူတွေအကြား အမုန်းပွားအောင် လုပ်ဆောင်မှု ပုဒ်မတွေ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
    ဗီနော့သ်ဟာ နိုင်ငံမြောက်ပိုင်း ကလန်တန်းပြည်နယ်က ဗလီတစ်လုံးမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ဟိန္ဒူဘာသာကို စော်ကားပြုဆိုမှုတွေ လုပ်ခဲ့ပြီး အဲဒီဗီဒီယိုကို Kelantan Sunnah Info​ ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက YouTube မှာ လွှင့်တင်ခဲ့ပါတယ်။
    “တနင်္လာနေ့မနက်ပိုင်းအထိ တိုင်ကြားမှုပေါင်း ၈၆၇ ခု ရရှိခဲ့ပါတယ်။ တိုင်ကြားမှုတွေ ဒီထက်ပိုများလာဖို့လည်း ရှိနေပါတယ်” လို့ ရဲချုပ်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    Ref: The Star