News @ M-Media
Tag: malaysia
  • မလေးရှားနိုင်ငံ၏ ဘုရင်သစ် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် နန်းတက်မည်
    မလေးရှားနိုင်ငံ၏ ဘုရင်သစ် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် နန်းတက်မည်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၉
    M-Media
    မလေးဘုရင်သစ် ဖြစ်လာမည့် ဆူလ်တန် အဘ်ဒူလာ
    – မလေးရှားနိုင်ငံရဲ့ ဘုရင်သစ်အဖြစ် ပါဟန်းပြည်နယ်က စော်ဘွား ဆူလ်တန် အဘ်ဒူလာ ဆူလ်တန် အဟ်မဒ်ရှားကို ရွေးချယ်ခဲ့ပြီး ဇန်န၀ါရီ ၃၁ ရက်နေ့မှာ နန်းတက်မှာ ဖြစ်ပါတယ်။
    ကလန်တန်းပြည်နယ် စော်ဘွားဖြစ်တဲ့ ဆူလ်တန် မိုဟာမက် ၅ ဟာ ဇန်န၀ါရီ ၆ ရက်နေ့က နန်းစွန့်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် လစ်လပ်နေတဲ့ နိုင်ငံ့ဦးသျှောင်ရာထူးအတွက် ‘မလေးရှား စော်ဘွားများကောင်စီ’ က ဇန်န၀ါရီ ၂၄ ရက်နေ့မှာ မဲပေးရွေးချယ်ခဲ့တာပါ။ ဘုရင်သစ် ရွေးချယ် တင်မြှောက်ပွဲကို တရန်ဂါနူပြည်နယ်စော်ဘွား ဆူလ်တန် မီဇန် ဇိုင်နယ် အဘီဒင်က ဦးစီးခဲ့ပါတယ်။
    အသက် ၅၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆူလ်တန် အဘ်ဒူလာဟာ မလေးရှားရဲ့ ၁၆ ဦးမြောက်ဘုရင်အဖြစ် ၅ နှစ်တာ သက်တမ်းကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ကြီးကြပ်ရေးကောင်စီမှာ ပါဝင်တဲ့ ဆူလ်တန် အဘ်ဒူလာဟာ အာရှ ဟော်ကီအဖွဲ့ချုပ်ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။
    မလေးရှားနိုင်ငံမှာ ဘုရင်ဟာ စည်းမျဉ်းခံဖြစ်ပြီး နိုင်ငံရဲ့ အမှတ်သညာတစ်ခုဖြစ်ကာ ပြည်နယ် ၉ ခုရဲ့ စော်ဘွားတွေက ၅ နှစ်တစ်ကြိမ် အလှည့်ကျ တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ စော်ဘွားများကောင်စီက လက်ထောက် ဘုရင်အဖြစ် ပဲရက်ပြည်နယ်စော်ဘွား ဆူလ်တန် နဇ်ရင်ရှားကို ရွေးချယ်ခဲ့ပါတယ်။
    ဆူလ်တန် အဘ်ဒူလာနောက်ပိုင်း ဘုရင်အဖြစ် တာဝန်ထမ်းဆောင်ရမယ့်သူက ဂျိုဟိုးပြည်နယ်စော်ဘွား ဖြစ်ပါတယ်။
    အိမ်ထောင်ရေး ကောလဟာလ
    မလေးရှားနိုင်ငံရဲ့ ၁၅ ယောက်မြောက် ဘုရင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကလန်တန်းစော်ဘွား ဆူလ်တန် မိုဟာမက် ၅ ဟာ အသက် ၂၅ နှစ်အရွယ် ရုရှားအလှမယ်ဟောင်းကို မော်စကိုမှာ လက်ထပ်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ သတင်းတွေ ထွက်ခဲ့ပါတယ်။
    ဒီကိစ္စအတွက် နန်းတော်နဲ့ မလေးရှားအစိုးရအဖွဲ့က အတည်ပြုခြင်းမရှိသလို ငြင်းဆန်မှုလည်း မပြုခဲ့ပါဘူး။
    ဆူလ်တန် မိုဟာမက် ၅ ဟာ အဲဒီကိစ္စအတွက် ဝေဖန်မှုတွေ ခံရပြီးတဲ့နောက်ပိုင်း ဇန်န၀ါရီလအစောပိုင်းမှာ နန်းစွန့်ခဲ့တာ ဖြစ်ပါတယ်။
    Ref: CNA
  • တမီလ်များ၏ Thaipusam ပွဲတော်က တိုင်းပြည်၏ လူမျိုးရေးညီညွတ်မှုကို ထင်ဟပ်ဟု မလေးဝန်ကြီးချုပ် ပြော
    တမီလ်များ၏ Thaipusam ပွဲတော်က တိုင်းပြည်၏ လူမျိုးရေးညီညွတ်မှုကို ထင်ဟပ်ဟု မလေးဝန်ကြီးချုပ် ပြော
    ဇန်န၀ါရီ ၂၁၊ ၂၀၁၉
    M-Media
    မလေးရှားနိုင်ငံမှ Thaipusam ပွဲတော် စီတန်းလှည့်လည်မှုတစ်ခု
    – ဇန်န၀ါရီ ၂၁ ရက် (ဒီကနေ့) မှာ ကျရောက်တဲ့ Thaipusam ပွဲတော်ကို ဟိန္ဒူဘာသာဝင်တွေ ကျင်းပဆင်နွှဲခြင်းဟာ နိုင်ငံရဲ့ လူမျိုးစုံ ဘာသာစုံ ညီညွတ်မှုကို ထင်ဟပ်စေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    Thaipusam ပွဲတော်ဟာ တမီလ်လူမျိုးတွေရဲ့ ပြက္ခဒိန်ပါ Thai လရဲ့ လပြည့်နေ့ကို အစွဲပြု သတ်မှတ်ထားတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက တမီလ်လူမျိုးတွေက ကျင်းပလေ့ရှိပါတယ်။ တမီလ်လူမျိုး တော်တော်များများရှိတဲ့ မလေးရှားမှာ အဲဒီနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
    Facebook စာမျက်နှာမှာ လွှင့်တင်တဲ့ နှုတ်ခွန်းဆက်စကားမှာ ၀န်ကြီးချုပ်မဟာသီက ဟိန္ဒူလူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ ဒီပွဲတော်ကို နိုင်ငံအတွင်းက အခြားလူမျိုးတွေ၊ အခြားဘာသာဝင်တွေလည်း အတူတကွ ဆင်နွှဲကြတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီပွဲတော်ဟာ မလေးရှားရဲ့ လူမျိုးစုံ ညီညွတ်မှုကို ရောင်ပြန်ဟပ်တဲ့ ပွဲတော်ပါ။ အခြားသော ဘာသာဝင်တွေဟာ Thaipusam ပွဲတော်နဲ့ မသက်ဆိုင်ပေမယ့်လည်း ဒီကနေ့ကျနောက်မယ့် ရက်မြတ်မှာ ဟိန္ဒူမိတ်ဆွေတွေနဲ့ အတူတကွ ဆင်နွှဲကြမှာ ဖြစ်ပါတယ်”
    မဟာသီက တမီလ်လူမျိုးတွေအတွက် ပျော်ရွှင်တဲ့ Thaipusam ပွဲတော် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။
    ဒုတိယ၀န်ကြီးချုပ်က ဆုမွန်ကောင်းတောင်း
    ဒုတိယ၀န်ကြီးချုပ် ဒေါက်တာ ၀မ် အဇီဇာဟ် ၀မ် အစ္စမာအီလ်ကလည်း Thaipusam ပွဲတော်ဟာ တိုင်းပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံဝါဒကို ဖော်ကျူးရမယ့် ပွဲတော်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “မတူညီတဲ့ ဘာသာတရားတွေ၊ လူမျိုးတွေကြားထဲမှာရှိနေတဲ့ အပြန်အလှန်နားလည်မှု၊ စည်းလုံးမှုတွေကို မလေးရှားနိုင်ငံသားအားလုံးက ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ သဟဇာတဖြစ်မှုဟာ ‘မလေးရှားနိုင်ငံသစ်’ မှာ ဂုဏ်ယူဝင့်ကြွားရမယ့် အမှတ်သညာတစ်ခု ဖြစ်ပါတယ်”
    ဒုတိယ၀န်ကြီးချုပ် ၀မ် အဇီဇာဟ်ကလည်း ပျော်ရွှင်တဲ့ Thaipusam ပွဲတော် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။
    မလေးရှားစီးပွားရေးဝန်ကြီး အဇ်မင် အလီက မကောင်းမှုတွေ၊ မာန်မာနထောင်လွှားမှုတွေ ခ၀ါချရေးဆိုတဲ့ ပွဲတော်ရဲ့ ရည်ရွယ်ချက်ကို ပွဲတော်ဆင်နွှဲတဲ့ ဟိန္ဒူဘာသာဝင်တွေသာမက တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံသားအားလုံး ရရှိခံစားနိုင်ပါစေကြောင်း ဆန္ဒပြုခဲ့ပါတယ်။
    Ref: Malaysia Kini
  • တိုင်းရင်းသားအခွင့်အရေးချိုးဖောက်သည့် ပြည်နယ်အစိုးရကို ဗဟိုအစိုးရက တရားစွဲ
    တိုင်းရင်းသားအခွင့်အရေးချိုးဖောက်သည့် ပြည်နယ်အစိုးရကို ဗဟိုအစိုးရက တရားစွဲ
    ဇန်ဝါရီ ၁၉၊ ၂၀၁၉
    M-Media
    – တိုင်းရင်းသားလူမျိုးစုတွေရဲ့ မြေယာတွေကို အလွဲသုံးစားလုပ်တဲ့အတွက် ကလန်တန်းပြည်နယ်အစိုးရကို မလေးရှား ဗဟိုအစိုးရက တရားစွဲဆိုလိုက်ပြီး ဒါဟာ မလေးရှားနိုင်ငံသမိုင်းမှာ ပထမဆုံး အဖြစ်အပျက်လည်း ဖြစ်ပါတယ်။
    အစိုးရရဲ့ အိမ်ယာဆောက်လုပ်မှုတွေ၊ ဆီအုန်းလုပ်ငန်း၊ ရာဘာလုပ်ငန်းနဲ့ ဒူးရင်းသီး စိုက်ပျိုးရေးအတွက် ကုမ္ပဏီတွေကို အစိုးရက လုပ်ပိုင်ခွင့်ပေးတာတွေကြောင့် ‘အော်ရန်းအာဆလီ’ လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို ဆုံးရှုံးနေကြရပါတယ်။
    ဝေဖန်သူတွေကတော့ ဆယ်စုနှစ်ချီ ဖြစ်ပွားနေတဲ့ ဒီပြဿနာကို မလေးရှားအစိုးရအဆက်ဆက်က ဖြေရှင်း မပေးနိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ကြပါတယ်။
    မလေးရှား ရှေ့နေချုပ် တော်မီ သောမတ်စ်ရဲ မနေ့ကထုတ်ပြန်ချက်ထဲမှာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်နဲ့ အစိုးရအဖွဲ့က ကလန်တန်းပြည်နယ်မှာရှိတဲ့ ‘တီမီယာရ်’ လူမျိုးတွေရဲ့ မြေယာရပိုင်ခွင့်အတွက် ပြည်နယ်အစိုးရကို တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    နိုင်ငံတောင်ပိုင်း ကလန်တန်းပြည်နယ်ကို အတိုက်အခံ PAS ပါတီက အုပ်ချုပ်တာဖြစ်ပြီး ရာဘာ၊ ဒူးရင်းသီး စိုက်ပျိုရေးလုပ်ငန်းတွေအတွက် ပုဂ္ဂလိကကုမ္ပဏီကို လိုင်စင်ထုတ်ပေးတာကြောင့် တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးနေရတယ်လို့ သောမတ်စ်က ပြောပါတယ်။
    “တိုင်းရင်းသားတွေကိုယ်စား ဗဟိုအစိုးရက တရားဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်ပြီး တိုင်းရင်းသားတွေကို ကာကွယ်ဖို့၊ သူတို့တွေ သာယာဝပြောအောင် ဆောင်ရွက်ဖို့ဆိုတဲ့ အခြေခံဥပဒေအရ၊ ဥပဒေအရ ပေးအပ်ထားတဲ့တာဝန်ကို ဗဟိုအစိုးရက ထမ်းရွက်တာလည်း ဖြစ်ပါတယ်”
    ကလန်တန်းပြည်နယ်အစိုးရနဲ့အတူ ပုဂ္ဂလိကကုမ္ပဏီ ၅ ခုကိုပါ တစ်ပါတည်း တရားစွဲဆိုခဲ့တယ်လို့ ရှေ့နေချုပ် သောမတ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • တိုင်းပြည်၏ ကြွယ်ဝမှုကို နိုင်ငံသားတိုင်း ညီတူမျှတူ ခံစားနိုင်ရမည်ဟု မလေးဝန်ကြီးချုပ် ပြော
    တိုင်းပြည်၏ ကြွယ်ဝမှုကို နိုင်ငံသားတိုင်း ညီတူမျှတူ ခံစားနိုင်ရမည်ဟု မလေးဝန်ကြီးချုပ် ပြော
    ဇန်န၀ါရီ ၁၆၊ ၂၀၁၉
    M-Media
    – တိုင်းပြည်ရဲ့ ကြွယ်ဝမှုတွေကို လူမျိုးအားလုံးက ညီတူညီမျှ မျှဝေခံစားနိုင်ဖို့ လိုအပ်ပြီး နိုင်ငံအတွင်း လူမျိုးရေးညီညွတ်ရေး ပိုမိုဆောင်ရွက်ရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က အစိုးရအဖွဲ့ ၀န်ထမ်းတွေကိုပြောတဲ့ လပတ်မိန့်ခွန်းမှာ မဟာသီက ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ နိုင်ငံသားတွေထဲမှာ တစ်စုတစ်ဖွဲ့က နောက်မှာကျန်နေခဲ့ရင် မလေးရှားဟာ အောင်မြင်တဲ့တိုင်းပြည်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။
    “တိုင်းပြည်က ချမ်းသာပေမယ့် နိုင်ငံသားတိုင်းကို မမျှဝေဘူး ဒါမှမဟုတ် အုပ်စုတစ်ခုတည်းကိုပဲ ပေးနေမယ်ဆိုရင် အဲဒီချမ်းသာကြွယ်ဝမှုက အသုံးမ၀င်ပါဘူး။ ကျွန်တော်တို့မှာ ရှိတာတွေကို အတူတကွ မျှဝေခံစားရမှာ ဖြစ်ပါတယ်။ တိုင်းပြည်က ချမ်းသာပြီး လူနည်းစုတွေက ဒီချမ်းသာမှုကို မခံစားရတာမျိုး ကျွန်တော်တို့ မဖြစ်ချင်ပါဘူး”
    နိုင်ငံသားတွေထဲမှာ ဆင်းရဲ၊ ချမ်းသာ အလွန်ကွာဟနေမယ်ဆိုရင် ပဋိပက္ခတွေနဲ့ ကြုံတွေ့ရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် လူမျိုးစုတိုင်းမှာ ဆင်းရဲမွဲတေမှုတွေမရှိအောင် ဆောင်ရွက်ဖို့လိုကြောင်း မဟာသီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “တိုင်းပြည်ရဲ့ကြွယ်ဝမှုကို ညီတူညီမျှ မျှဝေခံစားနိုင်အောင် ဆောင်ရွက်ရမှာက ကျွန်တော်တို့တာဝန်ပါ။ အနည်းဆုံး ကျွန်တော်တိုင်းပြည်က လူ့အဖွဲ့အစည်းအားလုံး လက်ခံနိုင်တဲ့ အဆင့်မျိုးရောက်တဲ့အထိ ဆောင်ရွရမှာ ဖြစ်ပါတယ်”
    မလေးရှားနိုင်ငံမှာ ဌာနေတိုင်းရင်းသားတွေကို ဘူမိပူထရာလို့ခေါ်ပြီး နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ဌာနေတိုင်းရင်းသားတွေဟာ အခြားနိုင်ငံသားတွေထက် အခွင့်အရေး ပိုရနေပါတယ်။
    ပဋိပက္ခက တိုင်းပြည်အတွက် အကျိုးမဖြစ်
    တစ်ချိန်က မလေးရှားကို ဘာသာစကားတစ်ခုတည်း ပြောဆိုပြီး၊ ယဉ်ကျေးမှုတစ်ခုတည်းကို လိုက်နာတဲ့ နိုင်ငံတစ်ခုအဖြစ် ရည်မှန်းခဲ့ပမယ့်၊ လူမျိုးပေါင်းစုံရှိတယ်ဆိုတဲ့ အရှိတရားကို လက်ခံခဲ့ရတယ်လို့ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဆိုပါတယ်။
    မလေးရှားမှာ ၁၉၆၉ ခုနှစ်က တရုတ်-မလေး အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး မဟာသီက ဒီလို ပဋိပက္ခတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ပဋိပက္ခတွေက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတဲ့ သမိုင်းကပေးတဲ့သင်ခန်းစာ ရှိပါတယ်။ လူမျိုးပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဟာ ဘယ်လောက်အထိအရေးပါလဲဆိုတာ အဲဒီသင်ခန်းစာကနေ ကျွန်တော်တို့ နားလည်ခဲ့ပါတယ်”
    ပြီးခဲ့တဲ့နှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ မလေးရှားရွေးကောက်ပွဲမှာ ဘာသာရေး၊ လူမျိုးရေးတွေ ရှေ့တန်းရောက်ခဲ့ပြီး နိုဝင်ဘာလအတွင်း ဆီလန်ဂေါပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူဘုရားကျောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတို့အကြား ပြဿနာမှာလည်း လူမျိုးရေးပုံဖော်မှုတွေ ရှိခဲ့ပါတယ်။
    Ref: CNA
  • ဘာသာအားလုံးကို အလေးထားဆက်ဆံမည်ဟု မလေးဝန်ကြီးချုပ်ပြော
    ဘာသာအားလုံးကို အလေးထားဆက်ဆံမည်ဟု မလေးဝန်ကြီးချုပ်ပြော
    ဇန်န၀ါရီ ၁၂၊ ၂၁၀၉
    M-Media
    – နိုင်ငံအတွင်းမှာရှိတဲ့ ဘာသာအားလုံးကို အလေးထားဆက်ဆံသွားမှာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    မဟာသီဟာ မနေ့က ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ်ခ်နဲ့ တာအိုဘာသာတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အတိုင်ပင်ခံအဖွဲ့ MCCBCHST  က တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
    “MCCBCHST အဖွဲ့ဝင်တွေရဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုကို လက်ခံပြီး ဒီနေ့မနက် ကွာလာလမ်ပူက ကျွန်တော့်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ ကွဲပြားခြားနားမှုတွေ ရှိနေပေမယ့် ကျွန်တော်တို့တိုင်းပြည်ဟာ လူမျိုးရေးညီညွတ်မှု၊ ဘာသာရေးသည်းခံနိုင်မှုတွေမှာ အခြားနိုင်ငံတွေထက် ပိုမိုကောင်းမွန် ငြိမ်းချမ်းတဲ့တိုင်းပြည် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘာသာတရားအားလုံးကို အလေးထား ဆက်ဆံသွားမှာဖြစ်သလို၊ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းစီကလည်း တိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်” လို့ တွေ့ဆုံဆွေးနွေးအပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ဒါအပြင် MCCBCHST ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ဓာတ်ပုံ ၄ ပုံကိုလည်း ထည့်သွင်းလွှင့်တင်ခဲ့ပါတယ်။
    မဟာသီဦးဆောင်တဲ့ အတိုက်အခံအဖွဲ့ PH အာဏာရခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လက ကျင်းပခဲ့တဲ့ မလေးရှားရွေးကောက်ပွဲမှာ လူမျိုးရေး၊ ဘာသာရေးကိစ္စတွေဟာ ရှေ့တန်းရောက်ခဲ့ပါတယ်။
    ကုလရဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး သဘောတူညီချက်ကို မလေးရှားက လက်မှတ်ထိုးမယ်လို့ မဲဆွယ်မှုမှာ ကတိပြုခဲ့ပေမယ့် မလေးလူမျိုးတွေက ကန့်ကွက်တဲ့အတွက် PH အစိုးရက ဒီကတိကို ဖျက်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရေးစနစ်အရ မလေးလူမျိုးအပါအ၀င် တိုင်းရင်းသားတွေဟာ လူမှုရေး၊ စီးပွားရေးမှာ အထူးအခွင့်အရေး ရရှိနေတာ ဖြစ်ပါတယ်။
    Ref: Straits Times