News @ M-Media
Tag: malaysia
  • ရုရှားအလှမယ်ဟောင်းကိုယူခဲ့သည့် မလေးဘုရင် ထီးနန်းစွန့်
    ရုရှားအလှမယ်ဟောင်းကိုယူခဲ့သည့် မလေးဘုရင် ထီးနန်းစွန့်
    ဇန်န၀ါရီ ၆၊ ၂၀၁၉
    M-Media
    – ရုရှားအလှမယ်ဟောင်းကို လက်ထပ်တဲ့အတွက် ဝေဖန်ခံနေရတဲ့ မလေးဘုရင် ဆူလ်တန် မိုဟာမက် ၅ က သူ့အနေနဲ့ နန်းစွန့်ကြောင်း ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
    ဘုရင့်နန်းတော်ထိန်းအကြီးအကဲက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘုရင် မိုဟာမက်က ‘မလေးစော်ဘွားများအဖွဲ့’ အတွင်းရေးမှူးထံ နန်းစွန့်ကြောင်း စာနဲ့ အကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    မိုဟာမက် ၅ ဟာ ကလန်တန်းပြည်နယ်က မလေးစော်ဘွားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နိုင်ငံရဲ့ ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။
    မလေးရှားနိုင်ငံမှာ ဘုရင်ဟာ နိုင်ငံရဲ့ ဦးသျှောင်ဖြစ်ပြီး ပြည်နယ် ၁၃ ခုထဲမှာ စော်ဘွားစနစ်ရှိတဲ့ ပြည်နယ် ၉ ခုက စော်ဘွားတွေကို ၅ နှစ်တစ်ကြိမ် အလှည့်ကျရွေးကောက်ကာ နိုင်ငံရဲ့ ဘုရင်အဖြစ် တင်မြှောက်တာဖြစ်ပါတယ်။ ဘုရင်တင်မြှောက်မှုကိုတော့ စော်ဘွားများအဖွဲ့ Conference of Rulers က ဆောင်ရွက်တာ ဖြစ်ပါတယ်။
    အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူလ်တန် မိုဟာမက် ၅ နဲ့ မော်စကိုအလှမယ်ဟောင်း အသက် ၂၅ နှစ်အရွယ် အိုဆာနာ ဗိုဗိုဒီနာနဲ့ မော်စကိုမှာ လက်ထပ်ခဲ့တယ်လို့ နိုဝင်ဘာလက အွန်လိုင်းစာမျက်နှာမှာ သတင်းတွေ ပြန့်နှံ့ခဲ့ပါတယ်။ ရုရှားရဲ့ ထိပ်တန်း သတင်းဌာန RT က လက်ထပ်တဲ့သတင်းကို အတည်ပြုခဲ့ပေမယ့် မလေးရှားဝန်ကြီးချုပ်နဲ့ အစိုးရတို့ကတော့ ဒီကိစ္စအတွက် ထုတ်ပြန်တာမျိုး မရှိပါဘူး။
    ဆူလ်တန် မိုဟာမက် ၅ နန်းစွန့်တော့မယ်ဆိုတဲ့ သတင်းတွေကလည်း အခုသီတင်းပတ်အစောပိုင်းကတည်းက ထွက်နေခဲ့တာပါ။
    အိမ်တော်ထိန်းက ဆူလ်တန်ဟာ တိုင်းပြည်ရဲ့ ၁၅ ယောက်မြောက် ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ခံရမှု၊ ၀န်ကြီးချုပ်နဲ့ အစိုးရတို့ သူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အလွန်ကျေးဇူးတင်ကြောင်း၊ မလေးရှားနိုင်ငံသားတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်နေထိုင်သွားဖို့ ဆန္ဒပြုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    နန်းစွန့်ပြီးတဲ့နောက် ဆူလ်တန်ဟာ သူ့ရဲ့ဇာတိ ကလန်တန်းပြည်နယ်ကို ပြန်မှာ ဖြစ်ပါတယ်။
    Ref: CNA
  • သားဖြစ်သူ ဆေးမှုဖြင့်ဖမ်းခံရမှုတွင် မည်သည့်စွက်ဖက်မှုမှမလုပ်ဟု မလေးကာကွယ်ရေးဝန်ကြီး ပြော
    သားဖြစ်သူ ဆေးမှုဖြင့်ဖမ်းခံရမှုတွင် မည်သည့်စွက်ဖက်မှုမှမလုပ်ဟု မလေးကာကွယ်ရေးဝန်ကြီး ပြော
    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media
    – သားဖြစ်သူ ဆေးခြောက်သုံးစွဲမှုနဲ့ အဖမ်းခံရတဲ့ ကိစ္စကို မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးက အတည်ပြုခဲ့ပြီး တရားဥပဒေအတိုင်း အရေးယူမှုကို ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
    မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးမှာရှိတဲ့ ကလပ်တွေကို ဒီဇင်ဘာ ၅ ရက်နေ့ သန်းခေါင်ယံအချိန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၁ ဦးကို မူးယစ်ဆေးသုံးစွဲမှု ရှိမရှိ စစ်ဆေးခဲ့ရာမှာ ၀န်ကြီးရဲ့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ သားအပါအ၀င် လူ ၂ ဦး ဆေးခြောက်သုံးစွဲကြောင်း တွေ့ရှိခဲ့ရပါတယ်။
    မိုဟာမက် ဆာဘူးကတော့ ဥပဒေအတိုင်းဆောင်ရွက်မှုအတွက် မိမိအနေနဲ့ ဘာမှ ၀င်စွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
    “သား ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်း ကြားပြီးတဲ့နောက် ကျွန်တော်နဲ့ မိသားစုဟာ ဒီကိစ္စနဲ့ ကင်းကင်းရှင်းရှင်းနေပြီး ဥပဒေအရ အာဏာပိုင်တွေ တိတိကျကျ အရေးယူမှုကို လက်ခံမှာ ဖြစ်ပါတယ်။ အခြားသော ကလေးတွေလိုပဲ ကျွန်တော့်သားကလည်း တိုင်းပြည်ရဲ့ တရားဥပဒေအောက်မှာ အကြုံးဝင်ပါတယ်”
    မိုဟာမက် ဆာဘူးရဲ့သားကို ရဲတပ်ဖွဲ့က အာမခံနဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး၊ ဒဏ်ငွေ ရင်းဂစ် ၅၀၀၀ အထိ၊ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မယ့် မူးယစ်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
    “သားမှာ အပြစ်ရှိလား၊ မရှိဘူးလားဆိုတာကို ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော် သိချင်တယ်။ အပြစ်ရှိတယ်ဆိုရင်တော့ ဥပဒေအတိုင်း လုပ်ရမှာပါ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ စည်းကမ်းကို ကျွန်တော် လိုက်နာသလို၊ တရားရုံးက အပြစ်ရှိကြောင်း မဆုံးဖြတ်သေးသမျှ လူတိုင်းဟာ အပြစ်မရှိဘူးဆိုတဲ့ မူကိုလည်း ကိုင်စွဲထားပါတယ်။ ဥပဒေသည်ပထမ၊ ကျွန်တော်ရဲ့ ခံစားချက်က ဒုတိယပါ”
    Ref: Malaysia Kini
  • Facial recognition ဖြင့် ရာဇ၀တ်ကောင်ကိုရှာသည့် စနစ်ကို မလေးရှားတွင် စတင်အသုံးပြု
    Facial recognition ဖြင့် ရာဇ၀တ်ကောင်ကိုရှာသည့် စနစ်ကို မလေးရှားတွင် စတင်အသုံးပြု
    ဇန်န၀ါရီ ၂၊ ၂၀၁၈
    M-Media
    – လုံခြုံရေးကင်မရာတွေကနေတစ်ဆင့် မျက်နှာကိုကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတဲ့ ဖော်ထုတ်နိုင်မယ့် (facial recognition) စနစ်ကို မလေးရှားနိုင်ငံ ပီနန်မြို့အစိုးရက ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပြီး ရာဇ၀တ်မှုတွေ လျော့ကျစေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။
    မိတ်ဆက်ပွဲအခမ်းအနားမှာ ပီနန်ပြည်နယ်ဝန်ကြီးချုပ် Chow Kon Yeow က ဒီစနစ်ဟာ ပီနန်မြို့တော်ကောင်စီက တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာ ၇၆၇ ခုရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပီနန်ဟာ မလေးရှားမှာ ဒီစနစ်ကိုအသုံးပြုတဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။
    “ရာဇ၀တ်မှုတွေ အထူးသဖြင့် လမ်းပေါ်မှာဖြစ်တဲ့ဟာတွေကို လျှော့ချဖို့၊ ပြည်သူလူထု လုံခြုံဖို့နဲ့ သာယာဝပြောဖို့ အတွက် CCTV ကင်မရာနဲ့ စောင့်ကြည့်တဲ့စနစ်ကို ပီနန်ပြည်နယ်အစိုးရက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    ပီနန်ပြည်နယ်ရဲချုပ် A Thaiveegan က ကင်မရာကနေ မျက်နှာကိုကြည့်ပြီ ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်နိုင်မယ့် ဒီစနစ်ဟာ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမှာဖြစ်ကြောင်း၊ ရာဇ၀တ်ကောင် ဒါမှမဟုတ် အလိုရှိသူရဲ့ ဓာတ်ပုံကို စနစ်မှာထည့်သွင်းပြီး ဒီလူ ဘယ်ရောက်နေလဲဆိုတာကို အလျင်အမြန် သိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် ဒီလိုဖော်ထုတ်နိုင်တာနဲ့ ချက်ခြင်း ဖမ်းဆီးသွားမှာမဟုတ်ဘဲ ရဲတပ်ဖွဲ့မှာ ရှိနေတဲ့ အခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ အရေးယူသွားမှာဖြစ်တယ်လို့ ရဲချုပ်က ဆိုပါတယ်။
    မျက်နှာကို စောင့်ကြည့်ကင်မရာကနေတစ်ဆင့် ကြည့်ရှုကာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်တဲ့စနစ်ကို တရုတ်နိုင်ငံမှာ အကြီးအကျယ် အသုံးပြုနေပြီး၊ ကမ္ဘာ့ အခြားဒေသတွေမှာလည်း အသုံးပြုနေကြပါတယ်။
    Ref: CNA
  • စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်မှုကို မလေးရှား ပိတ်ပင်
    စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်မှုကို မလေးရှား ပိတ်ပင်
    ဇန်န၀ါရီ ၁၊ ၂၀၁၉
    M-Media
    – လဟာပြင်မှာ ဖွင့်ထားတဲ့ ဆိုင်တွေအပါအ၀င် မလေးရှားနိုင်ငံအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဆေးလိပ်မသောက်ဖို့ တားမြစ်တဲ့အမိန့်ဟာ ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ (ယနေ့) ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။
    ပြည်သူလူထုအနေနဲ့ ဆေးလိပ်ငွေတွေ့ ရှူရှိုက်ရတာမျိုး မဖြစ်စေဖို့အတွက် ၂၀၁၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဆေးရွက်ကြီးထုတ်ကုန် ထိန်းချုပ်ရေးဥပဒေ ပြင်ဆင်ချက်အရ ဒီလို တားမြစ်လိုက်တာ ဖြစ်တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူရ်ဟီရှမ်က ပြောကြားခဲ့ပါတယ်။
    “အဲယားကွန်း ရှိတာပဲဖြစ်ဖြစ်၊ မရှိတာပဲဖြစ်ဖြစ် စားသောက်ဆိုင်အားလုံးမှာ ဆေးလိပ်မသောက်ဖို့အတွက် ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ အစားအစာရောင်းချတဲ့ဆိုင်တန်းတွေ၊ စားဆောက်ဆိုင်တွေရဲ့ အတွင်းရော၊ အပြင်မှာပါ ဒီကန့်သတ်ချက်က အကျုံးဝင်မှာ ဖြစ်ပါတယ်။ အပြင်မှာ ထိုင်ခုံတွေချပြီး ရောင်းတဲ့ဆိုင်တွေ၊ ကားနဲ့လာပြီးဖွင့်တဲ့ စားသောက်ဆိုင်တွေ၊ သင်္ဘောနဲ့ ရထားတွေပေါ်က စားသောက်ဆိုင်တွေလည်း ဒီစည်းကမ်းကို လိုက်နာရမှာ ဖြစ်ပါတယ်”
    စားသောက်ဆိုင်တွေမှာ ‘ဆေးလိပ်မသောက်ရ’ သတိပေးဆိုင်းဘုတ်တွေကို ထင်ထင်ရှားရှားကပ်ထားဖို့ ဆေးလိပ်ပြာခွက်တွေ မထားပေးဖို့လည်း ဆိုင်ရှင်တွေကို နူရ်ဟီရှမ်က သတိပေးခဲ့ပါတယ်။
    ဆေးလိပ်မသောက်ရ တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်တဲ့ မည်သူ့ကိုမဆို ဒဏ်ငွေ ရင်းဂစ် တစ်သောင်းအထိ၊ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။
    ဆေးလိပ်မသောက်ရဆိုင်းဘုတ်ကို ထင်ထင်ရှားရှား မကပ်ထားတဲ့ ဆိုင်ရှင်တွေက ဒဏ်ငွေ ရင်းဂစ် သုံးထောင်အထိ၊ ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ဖို့အတွက် စီစဉ်ပေးရင်တော့ ဒဏ်ငွေ ရင်းဂစ် ၅ ထောင်အထိ၊ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
    Ref : CNA
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အယုံအကြည်မရှိအဆိုကို ကျော်ဖြတ်နိုင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ
    အယုံအကြည်မရှိအဆိုကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ကျော်ဖြတ်နိုင်
    =================
    ကနေဒါသံတမန်ဟောင်းကို ဖမ်းဆီးထားသည့် တရုတ်က နောက်ထပ် ကနေဒါတစ်ဦးကို စစ်ဆေးမေးမြန်းနေ
    ===================
    ကနေဒါသံတမန်ဟောင်း မီခေးလ် ကိုဗရစ်ကို ဖမ်းဆီးထားတဲ့ တရုတ်အစိုးရဟာ နောက်ထပ် ကနေဒါနိုင်ငံသားတစ်ယောက်ကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီးလန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲတာဝန် ထမ်းဆောင်နေတဲ့ မန်ဝမ်ကျိုးကို ကနေဒါက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာပြီး အခုတစ်ပတ် အစောပိုင်းမှာ ကိုဗရစ်ကို တရုတ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရက နောက်ထပ် စစ်ဆေးမေးမြန်းနေသူဟာ ဘယ်သူလဲ ဆိုတာကိုတော့ ဖရီးလန်းက မပြောခဲ့ဘဲ လက်ရှိ အဲဒီသူဟာ ဘယ်ရောက်နေလဲဆိုတာကို မသိရသေးကြောင်း၊ တရုတ်အာဏာပိုင်တွေကို ဒီကိစ္စအတွက် ပြောဆိုထားကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မလေးရှားရှိ မီးပန်းဆိုင်တစ်ခု မီးလောင်မှုကြောင့် ၆ ဦးသေဆုံး
    ===================
    မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း အီပိုးမြို့က မီးပန်းဆိုင်တစ်ဆိုင်မှာ မီးပန်းတွေ ပေါက်ကွဲ မီးလောင်မှုကြောင့် ဆိုင်ရှင်အပါအ၀င် လူ ၆ ဦး မီးလောင် သေဆုံးခဲ့ပါတယ်။ မီးပန်းဆိုင်တည်ရှိရာ ၂ ထပ်အဆောက်အဦးတစ်ခုလုံး မီးလောင်ကျွမ်းပျက်ဆီးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ၅ ဦးက အချိန်ပိုင်းအလုပ် လာလုပ်ကြတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသွားတဲ့ အသက် ၄၀ အရွယ် ပိုင်ရှင်ဟာ လိုင်စင်မရှိဘဲ ဒီလုပ်ငန်းကို
    လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA