News @ M-Media
Tag: malaysia
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ဟာမီဒီ
    တရုတ်စီမံကိန်းတစ်ခုကို သီရိလင်္ကာ ပယ်ဖျက်
    ==============
    ဒေါ်လာ သန်း ၃၀၀ တန် အိမ်ယာဆောက်လုပ်ရေး စီမံကိန်း တရုတ်ကုမ္ပဏီကို တင်ဒါပေးထားမှုကို သီရိလင်္ကာနိုင်ငံက ပယ်ဖျက်လိုက်ပြီး အိန္ဒိယနိုင်ငံကို လုပ်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ သီရိလင်္ကာနိုင်ငံ တောင်ပိုင်းက တရုတ်ရဲ့ ဆိပ်ကမ်းစီမံကိန်းတွေနဲ့ အခြား အခြေခံအဆောက်အဦး ဆောက်လုပ်မှုတွေဟာ အကြွေးထောင်ချောက်ထဲ ရောက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတဲ့အချိန် ဒီလို ပယ်ဖျက်လိုက်တာပါ။ အိန္ဒိယဟာ သီရိင်္ကာမြောက်ပိုင်းမှာ အိမ်ယာတွေ၊ လေဆိပ်တစ်ခုနဲ့ ဆိပ်ကမ်းတစ်ခုတို့ကို ဆောက်လုပ်ပေးခဲ့ပါတယ်။ သီရိလင်္ကာဟာ တရုတ်ကို အကြွေးမဆပ်နိုင်တာကြောင့် နိုင်ငံတောင်ပိုင်းက အရေးပါတဲ့ ဆိပ်ကိမ်းတစ်ခုကို နှစ် ၁၀၀ နီးပါး တရုတ်လက်ထဲ ထိုးအပ်ထားရပါတယ်။
    ဆော်ဒီသတင်းထောက် အသတ်ခံရသည်ဟု ယုံကြည်ကြောင်း ထရမ့်ပြော
    ======================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ပျောက်သွားတဲ့ ၀ါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ် ကာရှိုဂီ သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပြီး၊ ဆော်ဒီအစိုးရရဲ့ လက်ချက်သာဖြစ်မယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ကြုံရမယ်လို့ သတိပေးလိုက်ပါတယ်။ တူရကီက ကာရှိုဂျီကို ဆော်ဒီအစိုးရကခန့်ထားတဲ့ ကြေးစား ၁၅ ဦးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး ကာရှိုဂီကိစ္စအတွက် ထရမ့်က ဖာဖာထေးထေး ပြောဆိုမှု  ရှိနေတယ်လို့ ဝေဖန်ခံနေရပါတယ်။
    အာဖဂန်ထိပ်တန်းဗိုလ်ချုပ် တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်မှု ခံရ
    ======================
    အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်က ထိပ်တန်းဗိုလ်ချုပ် အဘ်ဒူလ်ရာဇစ်ဟာ မနေ့က တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်မှာ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြီး သက်တော်စောင့်တစ်ယောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ရာဇစ်အပြင် ပြည်နယ် ထောက်လှမ်းရေးအကြီးအကဲ အဘ်ဒူလ် မိုဟ်မင်လည်း သေဆုံးခဲ့သလို၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဇာလ်မိုင် ၀ီဆာ ဒဏ်ရာရခဲ့ပါတယ်။ တာလီဘန်ကလူတွေ အာဖဂန်အစိုးရအတွင်းစည်းအထိ စိမ့်ဝင်တိုက်ခိုက်မှုတွေဟာ အခုနှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အမေရိကန်စစ်ဖက်က လေးစားတဲ့ ရာဇစ်ဟာ အရင်ကလည်း လုပ်ကြံမှုတွေကို ခံခဲ့ရပြီး အသက်အန္တရာယ်ကနေ သီသီကလေး လွတ်မြောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ဖမ်းခံရ
    =====================
    ဒုတိယ၀န်ကြီးချုပ်ဟောင်း အဟ်မဒ် ဇာဟစ် ဟာမီဒီကို မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့မှာ ဖမ်းဆီးလိုက်ပြီး သူဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ Yayasan Akal Budi ဖောင်ဒေးရှင်းမှာ ရန်ပုံငွေတွေကို မလျော်ကန်စွာ သုံးစွဲမှုနဲ့ပတ်သက်လို့ စွဲချက် ၄၀ ကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဟာမီဒီဟာ အခုနှစ်အတွင်း ကော်မရှင်ရဲ့ ခေါ်ယူမေးမြန်းမှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ မလေးရှားမီဒီယာတွေက ဟာမီဒီဟာ သူနဲ့ သူ့ဇနီးရဲ့ အကြွေးဝယ်ကဒ်ဘီလ်တွေကို ပေးဆောင်ဖို့အတွက် ဖော်ဒေးရှင်းကနေ ရင်းဂစ် ၈ သိန်း (၁၉၇၆၀၀ ဒေါ်လာ) အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟာမီဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့လက်ထောက်က မှားပေးခဲ့တာဖြစ်ကြောင်း၊ အဲဒီငွေကို ပြန်ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဆန္ဒပြမှု မြင်ကွင်း
    ဂျာနယ်လစ်ပျောက်ဆုံးမှုအတွက် ဆော်ဒီကောင်စစ်ဝန်အိမ်ကို တူရကီ ရှာဖွေ
    ====================
    ဆော်ဒီက အစိုးရဝေဖန်ရေးသမား ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး တူရကီ မှုခင်း စစ်ဆေးရေး အရာရှိတွေဟာ မနေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရဲ့နေအိမ်ကို ၉ နာရီကြာ ၀င်ရောက် ရှာဖွေခဲ့ကြပါတယ်။ ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်ပြီးနောက်ပိုင်း ပျောက်သွားတာပါ။ တူရကီကတော့ ဆော်ဒီအစိုးရရဲ့ ကြေးစား ၁၅ ယောက်က ကာရှိုဂျီကို သတ်ပစ်ပြီး အပိုင်းပိုင်းလုပ်ကာ လက်စဖျောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ မနေ့က ရှာဖွေမှုမှာ နမူနာအချို့ တွေ့ခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် သွေးလား၊ DNA လားဆိုတာ တိတိကျကျ မပြောခဲ့ပါဘူး။ တူရကီအာဏာပိုင်တွေဟာ တနင်္လာနေ့ကလည်း ဆော်ဒီကောင်စစ်ဝန်ရုံးကို ၀င်ရှာခဲ့ပါတယ်။
    ဘုရားကျောင်းထဲ အမျိုးသမီးများ ၀င်ရန်ကြိုးစားမှုကြောင့် အိန္ဒိယတွင် ဆန္ဒပြ
    ====================
    အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာရှိပြီး ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Sabarimala ဘုရားကျောင်းမှာ ဘုရားရှိခိုးဖို့ ရောက်လာတဲ့ အမျိုးသမီးတွေကို လူအုပ်ကြီးက ဆန့်ကျင်ဆန္ဒပြ တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။ အရင်က အဲဒီ ဘုရားကျောင်းထဲ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေ မ၀င်ရလို့ သတ်မှတ်ထားပေမယ့် အိန္ဒိယတရားရုံးချုပ်က ဒီကန့်သတ်ချက်ကို ပြီးခဲ့တဲ့လမှာ ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ ဆန့်ကျင်သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပြီး ဘုရားကျောင်းသွားမယ့်လမ်းတွေကို ပိတ်ဆို့ကာ အမျိုးသမီး ပါမလာအောင် တားဆီးနေကြပါတယ်။ ဆန္ဒပြမှုအတွင်း မီဒီယာသမားတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
    မြောက်ကိုရီးယားထံ ပစ္စည်းပို့သူ ၂ ဦးကို စင်ကာပူ တရားစွဲ
    =======================
    ကန့်သတ်ထားတဲ့ ဇိမ်ခံပစ္စည်းတွေ မြောက်ကိုရီးယားကို တင်ပို့မှုအတွက် စင်ကာပူက အမျိုးသား ၂ ဦးကို ဒီကနေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် စင်ကာပူနိုင်ငံသားနဲ့ အသက် ၃၀ အရွယ် မြောက်ကိုရီးယားနိုင်ငံသားတို့ဖြစ်ပြီး ၂၀၁၀ ခုနှစ် ကုလရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အတွက် တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသားပိုင် ကုမ္ပဏီ ၃ ခုလည်း တရားစွဲခြင်း ခံခဲ့ရပါတယ်။ ဒီကုမ္ပဏီ ၃ ခုဟာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ ကျောက်သံပတ္တမြားတွေ၊ တန်ဖိုးကြီး လက်ပတ်နာရီတွေ အပါအ၀င် ပိတ်ဆို့ထားတဲ့ ဇိမ်ခံပစ္စည်းတွေကို ၄၃ ကြိမ်လောက် ပို့ဆောင်ခဲ့တာပါ။
    ဟာလာလ်တံဆိပ်အတုဖြင့် ပစ္စည်းဖြန့်သည့် ကုမ္ပဏီကို မလေးရှား စီနင်းဖမ်းဆီး
    ================
    ဟာလာလ်တံဆိပ်အတု တပ်ထားတဲ့ ကျပါတီ၊ ပလာတာ ဂျုံလုံး ၆၀၀၀ ကျော်ကို မလေးရှား ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေက မနေ့မှာ သိမ်းဆည်းလိုက်ပါတယ်။ စတီယာအလမ် ဒေသက ကုမ္ပဏီတစ်ခုကို ၀င်ရောက်စီးနင်းရာမှာ ဒီလို သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပြီး အတုလုပ်တဲ့ နိုင်ငံခြားအလုပ်သမား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တာဝန်ရှိသူတွေက ဒီကုမ္ပဏီဟာ အာဏာပိုင်တွေဆီမှာ ဟာလာလ် အသိအမှတ်ပြုလက်မှတ် မလျှောက်ထားဘဲနဲ့ ဟာလာလ်တံဆိပ်အတုတွေ ကပ်ကာ ရောင်းချနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ဖွင့်လှစ်တာ ၉ လပဲရှိသေးပြီး ပတ်ဝန်းကျင်က ပြည်သူတွေ တိုင်ကြားလိုက်တာဖြစ်ပါတယ်။
    Ref: Aljazeera, CNA, BBC
  • ၀ီဂါများ ပြစ်မှုမကျူးလွန်သည့်အတွက် လွှတ်ပေးခြင်းဟု မဟာသီပြော
    အောက်တိုဘာ ၁၅၊ ၂၀၁၈
    M-Media
    – တရုတ်နိုင်ငံက ထွက်ပြေးလာတဲ့ ၀ီဂါလူမျိုး ၁၁ ယောက်ဟာ နိုင်ငံအတွင်း ဘာအပြစ်မှ မကျူးလွန်တဲ့အတွက် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကနေ ထောင်ဖောက်ပြီးပြေးလာတဲ့ အဲဒီ ၀ီဂါ ၁၁ ယောက်ကို မလေးရှားက တရားမ၀င် ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးထားတာပါ။ တရုတ်က ဒီလူတွေကို ပြန်တောင်းပေမယ့် မလေးရှားက ပြီးခဲ့တဲ့တစ်ပတ်မှာ လွှတ်ပေးကာ တူရကီကို ပို့ဆောင်ခဲ့ပါတယ်။
    “ကျွန်တော်တို့တိုင်းပြည်မှာ သူတို့ ဘာပြစ်မှုမှ မကျူးလွန်ထားဘူးလေ။ ဒါ့ကြောင့် လွှတ်ပေးလိုက်တာပါ” လို့ ဒီကနေ့ လွှတ်တော်မှာ မဟာသီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ နေထိုင်တဲ့ ၀ီဂါလူမျိုးတွေဟာ တူရကီစကားပြောပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။
    တရုတ်ဟာ ၀ီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြစ်တင်ထားပြီး တရုတ်ကတော့ ခွဲထွက်ရေးဝါဒ၊ အစွန်းရောက်ဝါဒ မပြန့်ပွားအောင် ဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
    တရုတ်ကတော့ မလေးရှားအနေနဲ့ ၀ီဂါတွေ တူရကီ ပို့လိုက်တာကို ကန့်ကွက်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • ရွေးကောက်ပွဲအနိုင်ရသည့် အန်န၀ါရ်အီဘရာဟင် မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် လမ်းပွင့်
    ရွေးကောက်ပွဲအနိုင်ရသည့် အန်န၀ါရ်အီဘရာဟင် မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် လမ်းပွင့်
    အောက်တိုဘာ ၁၃၊ ၂၀၁၈
    M-Media
    – မလေးရှား အတိုက်အခံဟောင်း နိုင်ငံရေးသမား အန်ဝါရ်အီဘရာဟင်ဟာ ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်တစ်နေရာ အနိုင်ရရှိသွားပြီး
    ပေါ့ဒစ်ဆန် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အန်ဝါရ်ဟာ မဲအရေအတွက် ၇၁ ရာခိုင်နှုန်းကို ရရှိခဲ့တယ်လို့ မလေးရှား ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့နှောင်းပိုင်းမှာ ကြေငြာခဲ့ပါတယ်။
    “ရလဒ်အတွက် ကျေနပ်ပါတယ်။ အလ္လာဟ်အရှင် အားလုံးကို ကောင်းချီးမင်္ဂလာ ချီးမြှင့်တော် မူပါစေ” လို့ မဲရလဒ် ထွက်ပေါ်လာပြီးတဲ့နောက် အန်န၀ါရ်က ပြောကြားခဲ့ပါတယ်။
    အန်ဝါရ်ဟာ ၁၉၉၀ ပြည့်နှစ်တွေက မဟာသီရဲ့လက်အောက် ဒုတိယ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောထား မတိုက်ဆိုင်တော့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရပြီး ထောင်ချခံခဲ့ရပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်မှာလည်း အန်ဝါရ်ဟာ ထပ်မံ ထောင်ချခံခဲ့ရပါတယ်။
    နာဂျစ်ရာဇတ် ခြစားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မဟာသီနဲ့ အန်ဝါရ်တို့ဟာ နိုင်ငံရေးမဟာမိတ် ပြန်ဖြစ်လာခဲ့ပြီး ဇွန်လကပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အန်ဝရ်ဟာ ထောင်ဒဏ်နဲ့ နိုင်ငံရေးလောကထဲ မ၀င်ရဆိုတဲ့ ပိတ်ပင်မှုတွေကြောင့် အထွေထွေရွေးကောက်ပွဲမှာ ၀င်မပြိုင်နိုင်ခဲ့ပါဘူး။
    မဟာသီ ၀န်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်ပိုင်း အန်ဝါရ်ရဲ့ပြင်ဒဏ်ကို ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
    Ref Aljazeera
  • နိုင်ငံမဲ့ကလေးများကို မလေးရှားက အစိုးရကျောင်း တက်ခွင့်ပြုမည်
    နိုင်ငံမဲ့ကလေးများကို မလေးရှားက အစိုးရကျောင်း တက်ခွင့်ပြုမည်
    အောက်တိုဘာ ၁၂၊ ၂၀၁၈
    M-Media
    – နိုင်ငံသားမဖြစ်သေးတဲ့ ကလေးငယ်တွေကို အစိုးရကျောင်းမှာ တက်ခွင့်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ မလေးရှား ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Teo Nie Ching က ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်က အစည်းအဝေးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံသားမဟုတ်တဲ့ ကလေးတွေအနေနဲ့ ကျောင်းတက်ဖို့ မွေးစားရင်း ဒါမှမဟုတ် မွေးစားစာချုပ် ဒါမှမဟုတ် တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေ တင်ပြရမှာ ဖြစ်ပါတယ်။
    “ဒီအထောက်ထားတွေ မရှိဘူးဆိုရင် သူတို့အသိုင်းအ၀ိုင်းက ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် သူတို့လူမျိုး ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် ယူပြီး ကျောင်းတက်လို့ရပါတယ်” လို့ ဒီကနေ့ စာသင်ကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ၀န်ကြီး Teo Nie Ching  က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
    ကလေးက နိုင်ငံသားမဟုတ်ပေမယ့် မိခင်ဖခင် တစ်ဦးဦးက မလေးရှားနိုင်ငံသားဖြစ်မယ်၊ ကလေးမှာလည်း မွေးစာရင်းရှိတယ်ဆိုရင် အစိုးရကျောင်းတွေမှာ တက်ခွင့်ရမယ်လို့လည်း သူမက ဆိုပါတယ်။
    ဒီသတ်မှတ်ချက်အသစ်ကို လာမယ့်နှစ် ဇန်န၀ါရီ ကျောင်းဖွင့်ရာသီမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး UPSR၊ SPM နဲ့ STPM တို့လို စာမေးပွဲတွေကိုလည်း ၀င်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
    “ကလေးအားလုံး တန်းတူညီမျှ ပညာသင်ခွင့် ရစေချင်တဲ့ စေတနာနဲ့ အစိုးရက ဒီလို ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ၀န်ကြီးက ပြောကြားခဲ့ပြီး မိဘတွေအနေနဲ့ လိုအပ်တဲ့ အထောက်အထားတွေပြဖို့ ၂ နှစ်အထိ အချိန်ရမယ်လို့ ဆိုပါတယ်။
    ကလေးတွေ နိုင်ငံသားမရတာဟာ မိဘတွေအနေနဲ့ ကလေးမမွေးခင် သူတို့ရဲ့လက်ထက်မှုကို မှတ်ပုံမတင်ထားတာကြောင့်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဒါတွတ်ဆရီ အဟ်မဒ် ဇာဟီရီရဲ့အဆိုအရ ၂၀၁၆ ခုနှစ်မှာ နိုင်ငံအတွင်း အသက် ၁၈ နှစ်နဲ့အောက်၊ နိုင်ငံသားမရသေးတဲ့ ကလေးပေါင်း သုံးသောင်းလောက်ရှိကြောင်း Teo Nie Ching က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    Ref: Malay Mail