News @ M-Media

Tag: malaysia

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    အီရန်စစ်ရေးပြအခမ်းအနားတွင် တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    အီရန်စစ်ရေးပြအခမ်းအနားတွင် ပစ်ခတ်မှုဖြစ်၍ ၂၉ ဦး သေဆုံး
    ===========
    အီရန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မနေ့ကကျင်းပတဲ့ စစ်ရေးပြအခမ်းအနားအတွင်း စစ်ဝတ်စုံဝတ် သေနတ်သမား ၄ ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် စစ်သားတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ စုစုပေါင်း ၂၉ ဦးသေဆုံးကာ ၇၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။ အီရန်တပ်ဖွဲ့တွေရဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း သေနတ်သမား ၃ ဦး နေရာမှာသေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ရရှိတဲ့ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့မဟာမိတ်တွေလက်ချက်ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းကြီးခန့်အပ်ရေး တရုတ်နှင့် ဗာတီကန်တို့ သဘောတူ
    ============
    တရုတ်နိုင်ငံအတွင်းက ခရစ်ယာန်ကက်သလစ်သာသနာအတွက် တရုတ်အစိုးရက ခန့်အပ်ထားတဲ့ ဂိုဏ်အုပ်ဘုန်းတော်ကြီး ၇ ပါးကို ဗာတီကန်က မနေ့မှာ အသိအမှတ်ပြုလိုက်ပြီး ၁၉၅၁ ခုနှစ်က စတင်ခဲ့တဲ့ တရုတ်နဲ့ ဗာတီကန်အကြား ဆက်ဆံရေးတင်းမာမှုဟာ အဆုံးသတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကက်သလစ်ဘာသာဝင် ၁၀ သန်းကနေ ၁၂ သန်းလောက်အထိရှိပြီး တရုတ်အစိုးရက အသိအမှတ်ပြုတဲ့ အသင်းတော်ကို လိုက်နာသူနဲ့ ဗာတီကန်ဖက်ယိမ်းတဲ့ မြေအောက်အသင်းတော်တွေကို လိုက်နာသူဆိုပြီး ကွဲနေကြတာ ဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ကြောင့် အနာဂတ်မှာ ဗာတီကန်နဲ့ တရုတ်တို့အကြား တရားဝင် သံတမန်ဆက်ဆံမှု ဖြစ်လာဖွယ် ရှိနေပါတယ်။

    မကြာခင်ပြန်လာမည်ဟု မလေးရှား ကြက်တောင်သမား လီချုံဝေပြော
    ================
    နှာခေါင်းကင်ဆာရောဂါကို ခံစားနေရတဲ့ လ မလေးရှား ကမ္ဘာ့ကြက်တောင်ချန်ပီယံဟောင်း လီချုံဝေက သူ့အနေနဲ့ ကွင်းထဲကို မကြာခင်ပြန်လာမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ လီဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး။ မလေးရှားကြက်တောင်အဖွဲ့ချုပ်က လီဟာ နှာခေါင်းကင်ဆာရောဂါ ခံစားနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။ လီရဲ့ ကင်ဆာရောဂါဟာ ကနဦးအဆင့်သာဖြစ်ပြီး လက်ရှိ ဟောင်ကောင်မှာ ကုသမှု ခံယူနေရပါတယ်။

    အာဖဂန်တွင် မော်တာကျည်ပေါက်ကွဲမှုကြောင့် ကလေး ၈ ဦး သေဆုံး
    ==============
    အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သောကြာနေ့က မော်တာကျည်အဟောင်းတစ်ခုကို ကလေးငယ်တွေ ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် ၈ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါယ်။ သေဆုံးသူတွေထဲကမှာ ၄ ဦးက ညီအစ်ကိုမောင်နှမတွေဖြစ်ကြပြီး အားလုံးဟာ အသက် ၅ နှစ်ကန ၁၂ နှစ်အရွယ်တွေဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တာလီဘန်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဏာပိုင်တွေက ဒီပေါက်ကွဲမှုအတွက် တာလီဘန်ကို အပြစ်တင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အာဖဂန်မှာ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃၁၇၉ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက်ရဲ့ ၃ ပုံတစ်ပုံ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    မလေးရှားတွင် လူအများအပြား သေဆုံးစေခဲ့သည့် အရက်တုများ

    1MDB ကိစ္စအတွက် နာဂျစ်ရာဇတ်တွင် တာဝန်အပြည့်ရှိဟု အန်ဝါရ်ပြော
    ===================
    မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ခြစားမှုမျိုးဟာ တော်တော်လေးကို ဆိုးရွားပြီး ဒီလောက်ဆိုးရွားတာမျိုး အရင်တုန်းက မမြင်ဖူးခဲ့ဘူးလို့ လက်ရှိဝန်ကြီးချုပ် မဟာသီရဲ့နေရာကို ဆက်ခံဖို့ရှိနေတဲ့ အန်ဝါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။ နာဂျစ်ဟာ သူတာဝန်ထမ်းဆောင်စဉ် နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေတွေ ပျောက်ဆုံးမှုအတွက် လက်ရှိမှာ ဖမ်းဆီး တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။ အန်န၀ါရ်က သူ့အနေနဲ့ 1MDB ကိစ္စကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ကာ လွှတ်တော်မှာ ပြောခဲ့ဖူးကြောင်း၊ ဒီကိစ္စအတွက် နာဂျစ်ရာဇတ်မှာ လုံးလုံးတာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိန္ဒိယ-ပါကစ္စတန် ဆွေးနွေးမည့်အစီအစဉ် ၂၄ နာရီအတွင်း ပျက်ပြယ်
    ======================
    နယူးယောက်မှာ ကျင်းပပြုလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီထားမှုကို ပယ်ဖျက်ကြောင်း အိန္ဒိယက မနေ့မှာ ကြေငြာလိုက်ပြီး  ၂၄ နာရီအတွင်းမှာပဲ အစီအစဉ် ပျက်သွားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါကစ္စတန်က ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေက အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လတ်တလော သတ်ဖြတ်ခဲ့မှု၊ ကက်ရှ်မီးယားဒေသက သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘူရ်ဟန်ဝါနီရဲ့ရုပ်ပုံနဲ့ ပါကစ္စတန်က စာပို့တံဆိပ်ခေါင်း ထုတ်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ၀ါနီဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လက အိန္ဒိယတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ၁ ဦးသေ ၃၀၀ ကျော်ဒဏ်ရာရ
    ==============
    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို ပြန်ခွင့်ရရေးအတွက် မနေ့က ဂါဇာပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေး စနိုက်ပါလက်ချက်ကြောင့် အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေကို အစ္စရေးက ဖြိုခွင်းရာမှာ လူ ၃၀၀ ကျော်လောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဂါဇာက ပါလက်စတိုင်းတွေဟာ Great March of Return လို့ခေါ်တဲ့ နေရပ်ပြန်ခွင့်ရရေး ဆန္ဒပြမှုကို မတ်လ ၃၀ ရက်နေ့ကတည်းက အပတ်စဉ် ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၁၄၇ ဦး သေဆုံးကာ ၁၈၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    မလေးရှားတွင် အရက်တုသောက်မှုကြောင့် သေဆုံးသူ ၃၀ နီးပါး ရှိလာ
    ================
    မလေးရှားမြို့တော် ကွာလာလမ်ပူတစ်ဝိုက်မှာ ယခုတစ်ပတ်အတွင်း အရက်အတုတွေ သောက်သုံးမှုကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၂၉ ဦးအထိ ရှိလာခဲ့ပြီး၊ ၄၇ ဦးဟာ ဆေးကုသမှု ခံယူနေရတယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ မလေးရှားနိုင်ငံသား ၉ ဦးပါဝင်ပြီး၊ မြန်မာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ထိခိုက်ခံစားရသူတွေဟာ Mandalay Whiskey၊ King Fisher Beer နဲ့ Grand Royal Whiskey တွေကို သောက်သုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ ကွာလာလမ်ပူတစ်ဝိုက်က ရာနဲ့ချီတဲ့ဆိုင်တွေကို ၀င်ရောက်စီးနင်းကာ အရက်တွေကို သိမ်းယူခဲ့သလို၊ လူ ၉ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

    Ref: CNA, Aljazeera

  • ကြောင်မတစ်ကောင်အား အခြောက်ခံစက်ထဲထည့်၍ သတ်ဖြတ်သူများကို မလေးရှား တရားစွဲ

    ကြောင်မတစ်ကောင်အား အခြောက်ခံစက်ထဲထည့်၍ သတ်ဖြတ်သူများကို မလေးရှား တရားစွဲ

    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    အခင်းဖြစ်ပွားမှုမှ ပုံရိပ်တစ်ခုကို လုံခြုံရေးကင်မရာတွင် တွေ့ရစဉ်

    – ဇီးရှိနေတဲ့ ကြောင်မတစ်ကောင်ကို အ၀တ်အခြောက်ခံစက်ထဲ ထည့်ကာ သတ်ဖြတ်ခဲ့သူ ၂ ဦးကို မလေးရှားက ဒီကနေ့မှာ တိရစ္ဆာန်ညှင်းဆဲမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

    တရားစွဲဆိုခံရသူတွေဟာ တက္ကဆီယာဉ်မောင်း အသက် ၄၁ နှစ်အရွယ် အေမိုဟန်ရာ့ဂ်ျနဲ့ အသက် ၂၆ နှစ်အရွယ် အက်စ်အက်စ် ဆက်သီယာတို့ဖြစ်ပြီး သူတို့ကတော့ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။

    စက်တင်ဘာ ၁၁ ရက်နေ့ သန်းခေါင်ယံအချိန်က သူတို့နှစ်ဦးနဲ့ အခြား အမျိုးတစ်ဦးတို့ဟာ ကွာလာလမ်ပူဆင်ခြေဖုံးက အ၀တ်လျှော်ဆိုင်တစ်ခုမှာ ဇီးရှိနေတဲ့ ကြောင်မတစ်ကောင်ကို အ၀တ်အခြောက်ခံစက်ထဲထည့်ကာ လှည်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် အ၀တ်လျှော်လာသူတစ်ဦးက သေဆုံးနေတဲ့ကြောင်မကို တွေ့ရှိခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ အ၀တ်လျှော်ဆိုင်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို ပြန်ကြည့်ကာ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

    ဒီကနေ့ကြားမှာမှုမှာ ဖမ်းဆီးခံထားရသူ နှစ်ဦးစလုံး လာရောက်ခဲ့ခြင်းမရှိဘဲ တရားရုံးက သူတို့ကို အာမခံပေးခဲ့ပါတယ်။

    တိရစ္ဆာန်ညှင်းပမ်းမှုစွဲချက်အတွက် အပြစ်ရှိကြောင်း တွေ့ခဲ့မယ်ဆိုရင် သူတို့ဟာ ဒဏ်ငွေ မလေးရင်းဂစ် တစ်သိန်းအထိ ဒါမှမဟုတ် ထောင်ဒဏ် ၃ နှစ်အထိ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ပါတယ်။

    Ref: CNA

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    ကိုရီးယားနှစ်နိုင်ငံ စည်းလုံးညီညွတ်ကြောင်း ခေါင်းဆောင်များပြသ
    ===========
    နာမည်ကြီး ဒုံးကျည်စမ်းသပ်ရာနေရာကို နိုင်ငံတကာ စောင့်ကြည့်သူတွေရှေ့မှောက်မှာ ဖြိုချဖျက်ဆီးသွားဖို့ တောင်းဆိုမှုကို လက်ခံကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တိုင်းပြည်ကိုရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ကို ပြောကြားလိုက်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဒီကနေ့မှာ ကိုရီးယားနိုင်ငံဆိုတဲ့ အယူအဆ သန္ဓေတည်ရာတောင်ကုန်းကို သွားရောက်ခဲ့ပြီး စည်းလုံးညီညွတ်မှုကို ပြသခဲ့ပါတယ်။ အမေရိကန်ကသာ မှန်မှန်ကန်ကန် ဆောင်ရွက်မယ်ဆိုရင် နျူစမ်းသပ်ရာနေရာကိုလည်း ဖျက်ဆီးသွားမယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

    မလေးဝန်ကြီးချုပ်ဟောင်း ငွေကြေးခ၀ါချမှု စွဲချက် ၂၁ ချက်ဖြင့် တရားစွဲခံရမည်
    ===============
    ကိုယ်ပိုင်အကောင့်ထဲကို ကန်ဒေါ်ဘာ ၆၈၁ သန်း ၀င်ရောက်မှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ငွေကြေးခ၀ါချမှုစွဲချက် ၂၁ ခုနဲ့ တရားစွဲဆိုခံရမယ်လို့ မလေးရှားရဲတပ်ဖွဲ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ မနေ့က ဖမ်းဆီးလိုက်တဲ့ နာဂျစ်ကို ဒီကနေ့မနက်မှာ ရဲတပ်ဖွဲ့ရဲ့ စီးပွားရေး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနကို ခေါ်ဆောင်သွားခဲ့ပြီး စစ်ချက်ယူမှာ ဖြစ်ပါတယ်။ အရင် ရာဇ၀တ်မှုဆိုင်ရာ စွဲချက် ၇ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ နာဂျစ်ရဲ့အမှုကို ဒီကနေ့နှောင်းပိုင်းမှာ စတင်ကြားနာမှာ ဖြစ်ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်ဆိုင်းငံ့ခံရပြီး ထောင်မှ လွတ်မြောက်လာ
    ==================
    လန်ဒန်က ဇိမ်ခံတိုက်ခန်း ၀ယ်ယူမှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်နဲ့ သမီးဖြစ်သူတို့အပေါ် ထောင်ဒဏ်တွေ ချမှတ်ထားမှုကို ပါကစ္စတန်တရားရုံးချုပ်က မနေ့မှာ ရပ်ဆိုင်းလိုက်ပြီး သူတို့နှစ်ဦးကိုလည်း အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ပါတယ်။ နာဝဇ်ရှရစ်ဖ်က ထောင်ဒဏ် ၁၀ နှစ်၊ သမီးဖြစ်သူ မရ်ယမ်က ၇ နှစ် အသီးသီး ချမှတ်ခံထားရတာပါ။ ထောင်ဒဏ်ကို ရပ်ဆိုင်းလိုက်ပေမယ့် သူတို့အပေါ်စွဲထားတဲ့ ခြစားမှုစွဲချက်တွေ၊ အာဏာအလွဲသုံးစားမှု စွဲချက်တွေကိုတော့ ဆက်လက်ရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။ ရှရစ်ဖ်က အခုလိုတရားစွဲဆိုမှုတွေကို ငြင်းဆိုပြီး နိုင်ငံရေးလုပ်ကြံမှုတစ်ခုဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    ဖိလစ်ပိုင်တွင်မြေပြိုမှုကြောင့် လူ ၃ ဦးသေဆုံး
    =================
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ဒီနေ့မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ် ၁၀ လုံးလောက်ပြိုကျပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အခုနှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရကာ လူအများအပြား သေဆုံးခဲ့ပါတယ်။ ဒီကနေ့မနက် မြေပြိုမှုအတွင်း ပိတ်မိနေသူတစ်ချို့လည်း ရှိတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပါတယ်။

    Ref: CNA, Aljazeera

  • မလေးဝန်ကြီးချုပ်ဟောင်းကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဒုတိယအကြိမ် ဖမ်းဆီး

    မလေးဝန်ကြီးချုပ်ဟောင်းကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဒုတိယအကြိမ် ဖမ်းဆီး

    စက်တင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေကြေး ဘီလီယံနဲ့ချီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ ကြားနားစစ်ဆေးဖို့အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် MACC က ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

    MACC က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကြာသာပတေးနေ့ နာဂျစ်ကို တရားရုံးမတင်ခင် ရဲတပ်ဖွဲ့နဲ့အတူ စစ်ချက်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။ နာဂျစ်ဟာ အာဏာအလွဲသုံးစားလုပ်မှုနဲ့ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

    နာဂျစ် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ 1MDB က ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးခဲ့ပြီး မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အစိုးရသစ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ နာဂျစ်ကို ယုံကြည်မှုချိုးဖောက်မှုဆိုင်ရာ စွဲချက် ၃ ခု၊ ငွေကြေးခ၀ါချမှု စွဲချက် ၃ ခု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက် ၁ ခု စုစုပေါင်း ၇ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ နာဂျစ်ကတော့ သူဟာ အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

    သူ့ရဲ့ ဘဏ်အကောင့်ထဲကို ၀င်လာတဲ့ ကန်ဒေါ်လာ ၆၂၈ သန်းဟာ ဆော်ဒီတော်ဝင်မိသားစုက ပေးတဲ့ လက်ဆောင်ဖြစ်တယ်ဆိုတဲ အထောက်အထားတွေကို နာဂျစ်က စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အသေးစိတ်ကို နောက်ပိုင်းမှာ ဆက်လက်ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။

    မနက်ဖြန်ရုံးချိန်းဟာ နေ့လည် ၃ နာရီဖြစ်တာကြောင့် နာဂျစ်ဟာ အချုပ်ထဲမှာ အနည်းဆုံး ၂ ရက်လောက်နေရဖို့ ရှိပါတယ်။

    နာဂျစ်ဟာ 1MBD ကိစ္စအတွက် အရင်ကလည်း MACC ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အာမခံနဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။

    Ref: CNA