News @ M-Media
Tag: malaysia
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၉၊ ၂၀၁၈
    M-Media
    မလေးရှား ၀န်ကြီးချုပ်လောင်း အန်ဝါရ် အီဘရာဟင်
    အရက်အဆိပ်သင့်မှုကြောင့် မလေးရှားတွင် ၁၅ ဦးသေဆုံး
    ==================
    ကွာလာလမ်ပူဆင်ခြေဖုံးမှာ အရက်အဆိပ်ဖြစ်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၃၃ ဦး ဆေးရုံတင်ခဲ့ရတယ်လို့ မလေးရှားရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ပါတယ်။ Mandalay ၀ီစကီ၊ King Fisher ဘီယာနဲ့ Grand Royal ၀ီစကီတွေကြောင့်ဖြစ်ပြီး ထိခိုက်ခံစားရသူတွေဟာ မလေးရှားနိုင်ငံသား၊ နီပေါနိုင်ငံသားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့ဟာ နီပေါနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတို့ ဖွင့်လှစ်ထားတဲ့ ဆိုင်နှစ်ဆိုင်က အရက်မျိုးစုံ ဖာ ၂၀ ကို သိမ်းဆည်းခဲ့ပါတယ်။
    အမေရိကန်နှင့် တရုတ်တို့ အပြန်အလှန်အခွန်များ တိုးမြှင့်
    =============
    အမေရိကန်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်း ဒေါ်လာ ဘီလီယံ ၆၀ ဖိုးကို စည်းကြပ်ခွန်ကောက်သွားမယ်လို့ တရုတ်က မနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ တနင်္လာနေ့မှာ အမေရိကန်က တရုတ်ပို့ကုန် ဒေါ်လာ ၂၀၀ ဘီလီယံအပေါ် အခွန်ကောက်မယ်လို့ ပြောကြားမှုကို တုန့်ပြန်တာလည်း ဖြစ်ပါတယ်။ တရုတ်က အခွန်စည်းကြပ်မယ့် ပစ္စည်းတွေထဲမှာ ဓာတ်ငွေ့အရည်၊ တစ်ချို့သော လေယာဉ်တွေ၊ ကိုကာအမှုန့်၊ အေးခဲဟင်းသီးဟင်းရွက်တွေ ပါဝင်ပါတယ်။ နှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့အခွန်တွေကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်ကောက်ခံကြမှာဖြစ်ပါတယ်။
    မဟာသီအတွက် အထူးနေရာတစ်ခု ဖန်တီးပေးမည်ဟု အန်ဝါရ်အီဘရာဟင်ပြော
    =======================
    Ref: CNA
  • ဒုက္ခသည်များကို နိုင်ငံသားကဲ့သို့ တန်းတူအခွင့်အရေးမပေးဟု မလေးဝန်ကြီးချုပ်လောင်းပြော
    ဒုက္ခသည်များကို နိုင်ငံသားကဲ့သို့ တန်းတူအခွင့်အရေးမပေးဟု မလေးဝန်ကြီးချုပ်လောင်းပြော
    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media
    မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း အန်ဝါရ် အီဘရာဟင်
    – မလေးရှားနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို ခိုလှုံခွင့် ပေးကာ၊ လူသားချင်း စာနာတဲ့အနေနဲ့ စောင့်ရှောက်ကာကွယ်ပေးသွားမှာ ဖြစ်ပေမယ့် နိုင်ငံသားတွေရရှိတဲ့ အဆင့်အတန်းမျိုး ပေးမှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်မဟာသီယာ မိုဟာမက်နေရာကို ဆက်ခံဖို့ ရေပန်းစားနေတဲ့ အန်န၀ါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။
    မကြာမီမှာ မလေးရှားက ထိပ်တန်း နိုင်ငံရေးပါတီ PKR ရဲ့ ခေါင်းဆောင်ဖြစ်လာတော့မယ့် အန်ဝါရ်က Corus ဟိုတယ်မှာ မနေ့က လူငယ်တွေနဲ့ တွေ့ဆုံစကားပြောဆိုမှုအတွင်း လူ့အခွင့်အရေးကို တန်ဖိုးထားမှုနဲ့ မိမိတို့ ကိုယ်ပိုင်နိုင်ငံသားတွေ သာယာဝပြောရေးကို ကာကွယ်မှု နှစ်ခုအကြား ချိန်ညှိသွားမယ်လို့လည်း ဆိုပါတယ်။
    မလေးရှားအနေနဲ့ ဒုက္ခသည်တွေအပေါ် ပိုမိုကောင်းမွန်စွာ ဆက်ဆံပြီး နိုင်ငံသားတွေလို ပညာသင်ခွင့် ပေးမလားလို့ လူငယ်တစ်ယောက်က မေးမြန်းရာမှာ အန်ဝါရ်က …
    “ဒုက္ခသည်တွေကို အခွင့်အရေးတွေပေးမလားဆိုတဲ့ မေးခွန်းကို ဖြေရရင် .. သူတို့ကို လူသားတွေအဖြစ် ကျွန်တော်တို့ ဆက်ဆံသွားမှာပါ။ ဒါပေမယ့် မလေးရှားနိုင်ငံသားတွေရရှိတဲ့ အခွင့်အရေးအားလုံး ဒုက္ခသည်တွေကို ပေးလို့ မရပါဘူး။ တစ်ယောက်ယောက်က ခင်ဗျားတို့အိမ်လာရင် ခင်ဗျားက လူသားချင်းစာနာတဲ့အနေနဲ့ သူ့ကို ကျွေးမွေးမယ်၊ စောင့်ရှောက်ပေးမယ်။ ဒါပေမယ့် ခင်ဗျားကလေးတွေရဲ့ အဆင့်မျိုး သူတို့ကို ပေးပါ့မလား၊ ဒါ့ကြောင့် ကျွန်တော်ကတော့ သူတို့ကို နိုင်ငံသားတွေရတဲ့ အခွင့်အရေးမျိုး မပေးနိုင်ဘူး။ ဒါပေမယ့် သူတို့ကို စောင့်ရှောက်ပေးမှာပါ။ သူတို့ရဲ့မူရင်းနိုင်ငံတွေမှာ သူတို့ နှိပ်စက်ညှင်းပမ်းခံရတယ်၊ အရှက်အတကွဲအကျိုးနည်းဖြစ်ရတယ်၊ ရန်ပြုခံရတယ်ဆိုရင် ကျွန်တော်တို့ သူတို့ကို ကာကွယ်ပေးသွားမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။
    မလေးရှားနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ် ၉ ခုမှာ ၃ ခုသာ လက်မှတ်ရေးထိုးထားပြီး ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ Pakatan Harapan ရဲ့ ကတိပြုမှုတွေထဲမှာ ကုလရဲ့ ‘၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်’ ကို လက်မှတ်ထိုးရေးလည်း ပါဝင်ပါတယ်။
    မလေးရှားနိုင်ငံက UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် စုစုပေါင်းဟာ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ ၁၆၁,၁၄၀ ဦး ရှိနေကာ မြန်မာနိုင်ငံကလာရောက်သူဟာ ၁၃၉,၇၄၀ ဦး ဖြစ်ပါတယ်။
    မလေးရှားနိုင်ငံကို ဒုက္ခသည်အဖြစ် မြန်မာနိုင်ငံက ရောက်လာကြသူတွေမှာ ရိုဟင်ဂျာ၊ ချင်း၊ မြန်မာမွတ်စလင်၊ ရခိုင်နဲ့ အခြား တိုင်းရင်းသားလူနည်းစုတွေ ပါဝင်ပါတယ်။
    ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီ၊ ဆီးရီးယား၊ သီရိလင်္ကာ၊ အာဖဂန်၊ အီရတ်၊ ပါလက်စတိုင်းနဲ့ အခြားနိုင်ငံက ဒုက္ခသည်တွေလည်း မလေးရှားမှာ ရှိနေပါတယ်။
    မလေးရှားနိုင်ငံရဲ့ လူဦးရေဟာ ၃၁.၁၉ သန်းရှိပြီး မလေးလူမျိုး၊ တရုတ်လူမျိုးနဲ့ အိန္ဒိယလူတွေအပါအ၀င် အခြားလူမျိုးစုငယ်တွေ မှီတင်းနေထိုင်ကြပါတယ်။
    Ref: Malaymail, UNHCR
  • အစ္စလာမ့်ရေးရာ လေ့လာမှုတွင် တရုတ်နှင့် မလေးရှားတို့ ပိုမိုပူးပေါင်းမည်
    အစ္စလာမ့်ရေးရာ လေ့လာမှုတွင် တရုတ်နှင့် မလေးရှားတို့ ပိုမိုပူးပေါင်းမည်
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    မလေးရှားနိုင်ငံရှိ နိုင်ငံတကာ အစ္စလာမ့်လေ့လာမှုဆိုင်ရာ တက္ကသိုလ်
    – အစ္စလာမ့်ဓမ္မစာပေတွေကို လေ့လာမှုမှာ မိမိတို့နဲ့ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ချဲ့ထွင်သွားမယ်လို့ မလေးရှား ပညာရေးဝန်ကြီး ဒေါက်တာ မဇ်လီ မာလစ်က ပြောကြားလိုက်ပါတယ်။
    မာလစ်ဟာ လက်ရှိမှာ တရုတ်နိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေပြီး ရှန်းဇီပြည်နယ် ‘ဟာလာ စီးပွားရေးလုပ်ငန်းရှင်များအသင်း’ ဥက္ကဌ တီချွင်းပင်နဲ့ တွေ့ဆုံရာမှာ တီက ရှန်းဇီပြည်နယ်မြို့တော်မှာ မလေးရှားနိုင်ငံက ‘နိုင်ငံတကာ အစ္စလာမ့်ရေးရာတက္ကသိုလ်’ လက်ခွဲတစ်ခု၊ ‘နိုင်ငံတကာ အစ္စလာမ့်ရေးရာ သင်တန်းကျောင်း’ ဖွင့်လှစ်ရေးတို့ကို အဆိုပြုခဲ့ပါတယ်။
    မာလစ်က ရှန်းဇီပြည်နယ် မြို့တော် ‘ရှန်း’ မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက် ၃ သိန်းကျော် ရှိနေပြီး၊ ပြည်နယ်ရဲ့ ကျန်တဲ့နေရာတွေနဲ့ အခြားပတ်ဝန်းကျင် ပြည်နယ် ၅ ခုမှာ အစ္စလာမ်ဘာသာဝင် သန်းချီရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    “မလေးရှားဟာ အစွန်းမရောက်ဘဲ အလယ်အလတ်ကျတဲ့ အတွေးအခေါ်တွေကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် နာမည်ရှိပါတယ်။ တရုတ်အစိုးရကလည်း သူ့နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ အရှေ့အလယ်ပိုင်းမှာထက် မလေးရှားမှာ အစ္စလာမ့်ရေးရာ လေ့လာသင်ယူတာကို ပိုပြီး ကြိုက်ပါတယ်”
    ဒါ့အပြင် မလေးရှားနိုင်ငံကို လာရောက်ကာ အစ္စလာမ့်ရေးရာသင်ယူကြတဲ့သူတွေကို အရည်အသွေးပြည့်မီတဲ့ အစ္စလာမ့်ပညာရေးစနစ် ရရှိအောင် မိမိတို့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မာလစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: The Star
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    အမေရိကန်တွင် ဟာရီကိန်းကြောင့် လူ ၈ ဦးသေဆုံး
    ============
    အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းရိုးတမ်းကို ၀င်ရောက်နေတဲ့ ဟာရီကိန်း ဖလော့ရင့်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ မနေ့ကအထိ ၈ ဦးရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ လက်ရှိ မုန်တိုင်းဟာ အားပျော့သွားပေမယ့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေတိုက်တာတွေ ဆက်လက်ဖြစ်ပေါ်ကာ အသက်အန္တရာယ် ခြိမ်းခြောက်မှု ဆက်ရှိနေတယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အဆောက်အဦးတွေ ပြိုကျပျက်ဆီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဟာ တစ်ပတ်လောက်အထိ ဆက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
    ဖိလစ်ပိုင်တွင်တိုက်ခတ်သည့် တိုင်ဖုန်းမုန်တိုင်း တရုတ်သို့ ဦးတည်
    ==================
    ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ တိုင်ဖုန်း မန်ခွတ်ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်မှာ မုန်တိုင်းဟာ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းကို ဦးတည်နေပါတယ်။ သေဆုံးသူအများစုဟာ မြေပြိုမှု၊ အိမ်ပြိုမှုတွေကြောင့်ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ရင်ခွင်ပိုက်နဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်ပါတယ်။ ပျောက်ဆုံးသူကလည်း ၂ ဦး ရှိနေပါတယ်။ မုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ နေရာတွေက လူပေါင်း ၉ သောင်းနီးပါးလောက်ကို အစိုးရတာဝန်ရှိသူတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်။
    ================
    တိုင်းပြည်ဟာ လက်ရှိမှာ တည်ငြိမ်မှုနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုတွေကို လိုအပ်နေတဲ့အတွက် မိမိအနေနဲ့ ၀န်ကြီးချုပ်ဖြစ်ရေး အလျင်စလို ဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ စင်ကာပူကို ရောက်ရှိနေတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင်ဟောင်း အန်န၀ါရ် အီဘရာဟင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အန်န၀ါရ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိပြီး နောက်ပိုင်းမှာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ရဲ့နေရာကို ဆက်ခံသွားဖို့ ရည်ရွယ်နေပါတယ်။ သူ ၀န်ကြီးချုပ်ဖြစ်လာရင် လက်ရှိ ဒုတိယ၀န်ကြီးချုပ်ဖြစ်နေတဲ့ သူ့ဇနီး ၀မ် အဇီဇာဟ် ၀မ် အစ္စမာအီလ်ကို ရာထူးမှာ ဆက်ထားတော့မှာ မဟုတ်ဘဲ လက်ရှိ လွှတ်တော်အမတ်ဖြစ်နေတဲ့ သမီးဖြစ်သူ နူရူလ်အစ်ဇာဟ်ကိုလည်း စောင့်ကြည့်သွားမယ်လို့ အန်န၀ါရ်က ဆိုပါတယ်။
    အီရတ်လွှတ်တော်က အသက်အငယ်ဆုံး ဥက္ကဌကို ခန့်အပ်
    =============
    အီရတ်လွှတ်တော်ဟာ သောကြာနေ့က အသက် ၃၉ နှစ်အရွယ် ဆွန်နီဂိုဏ်းဝင် မိုဟာမက် အလ်-ဟာလ်ဘူဆီကို ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီး မေလ ရွေးကောက်ပွဲပြီးတဲ့နောက် လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အစိုးရဖွဲ့စည်းရေး လမ်းကြောင်းတစ်ခု ပွင့်သွားတာလည်းဖြစ်ပါတယ်။ အလ်-ဟာလ်ဘူဆီဟာ အီရတ်သမိုင်းမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံရေးထုံးစံအရ လွှတ်တော်အမတ်နေရာကို ဆွန်နီကိုပေးကာ ၀န်ကြီးချုပ်နေရာကို ရှီအာကယူပြီး သမ္မတနေရာကို ကာ့ဒ်လူမျိုးကို ခန့်အပ်လေ့ရှိပါတယ်။
    Ref: Aljazeera, CNA
  • စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၅၊ ၂၀၁၈
    M-Media
    ဟာရီကိန်း ‘ဖလော့ရန့်စ်’ မြင်ကွင်း
    ဖိလစ်ပိုင်တွင် အပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းတစ်ခု တိုက်ခတ်နေ
    ================
    အဆင့် ၅ ရှိတဲ့ တိုင်ဖုန်းမုန်တိုင်း ‘မန်ခွတ်’ ဟာ ဒီကနေ့မနက် အစောပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ၀င်ရောက်ခဲ့ပြီး အာဏာပိုင်တွေက အကြီးအကျယ်ပျက်ဆီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ‘မန်ခွတ်’ ဟာ အခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ၀င်ရောက်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းဆုံး မုန်တိုင်းလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ နှစ်စဉ် မုန်တိုင်း ၂၀ လောက် တိုက်ခတ်မှုကြောင့် လူရာချီ သေဆုံးလေ့ရှိပါတယ်။ ယခု တိုင်ဖုန်း ‘မန်ခွတ်’ ဒဏ်ကို လူသန်းချီ ခံစားရနိုင်ပါတယ်။
    အမေရိကန်တွင် ဟာရီကိန်း’ဖလော့ရန့်စ်’ ကြောင့် လူ ၅ ဦးသေဆုံး
    ================
    မနေ့က စတင်ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ‘ဖလော့ရန့်စ်’ ကြောင့် အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေက ထုတ်ပြန်ခဲ့ကြပါတယ်။ သေဆုံးသူတွေဟာ အမျိုးသမီး ၂ ဦး၊ ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးနဲ့ အမျိုးသား ၂ ဦးတို့ ဖြစ်ကြပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေလဲတာ၊ လမ်းတွေ ပိတ်ဆို့တာ၊ ဓာတ်အားပြတ်တောက်တာတွေလည်း ရှိနေပါတယ်။ ‘ဖလော့ရန့်စ်’ ဟာ မြောက်ကယ်ရိုလိုင်းနားနဲ့ တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းတွေကို ဖြတ်သန်းသွားဖို့ရှိပြီး ဗာဂျီးနီးယားပြည်နယ်ကိုလည်း ရိုက်ခတ်ဖို့ ရှိနေပါတယ်။ အာဏာပိုင်တွေကတော့ လူ ၁.၇ သန်းလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ သတိပေးထားပါတယ်။
    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး အမေရိကန် ဆက်ဆွေးနွေးမည်
    =================
    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးအတွက် မြောက်ကိုရီးယားနဲ့ မိမိတို့အကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဇွန်လ ၁၂ ရက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုဟာ အပြုသဘောဆောင်ခဲ့ပေမယ့် နောက်ပိုင်း နျူကိစ္စနဲ့ပတ်သက်လို့ တင်းမာမှုတွေ ရှိလာတာပါ။ ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ထရမ့်နဲ့ နောက်ထပ်တွေ့ဆုံဖို့ ကမ်းလမ်းမှုကို အမေရိကန်က လက်ခံခဲ့ပါတယ် ပွမ်ပီယိုကတော့ သူတို့အနေနဲ့ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဒါဟာ မြောက်ကိုရီးယား နျူကင်းစင်ရေး ကြိုးပမ်းမှုမှာ အဓိကကျတယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုလုပ်ရန် စီစဉ်ထားသည့် အကြမ်းဖက် ၁၀ ဦးကို မလေးရှား ဖမ်းဆီး
    ====================
    မလာကာနဲ့ ပီနန်တို့မှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတဲ့ အကြမ်းဖက်သံသယရှိသူ ၁၀ ဦးကို နိုင်ငံတစ်ဝှမ်း သြဂုတ်လ ၁၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက် အုပ်စုငယ် ၂ ခုက အဖွဲ့ဝင်တွေ ဖြစ်ပြီး အသက် ၃၉ နှစ်ကနေ ၅၃ နှစ်အထိ ရှိကြပါတယ်။ အဲဒီထဲကတစ်ချို့ဟာ အရှေ့အလယ်ပိုင်းက အစွန်းရောက်အဖွဲ့တွေနဲ့ သွားရောက်ဖို့ စီစဉ်နေသူတွေ ဖြစ်ပါတယ်။ မလေးရှားရဲချုပ်က ဒီလူတွေဟာ တမန်တော်မိုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေကို ပုံဖျက်ရိုက်သွင်း ဦးနှောက်ကျင်းခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: CNA, Aljazeera