News @ M-Media
Tag: malaysia
  • မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ခြစားမှုများဖြင့် အတိုင်ခံရ
    မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ခြစားမှုများဖြင့် အတိုင်ခံရ
    မေ ၁၄၊ ၂၀၁၈
    M-Meida
    – မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ခြစားမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက်နှစ်ခုကို ယခင် အစိုးရတာဝန်ရှိသူဟောင်းတစ်ဦးက ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
    နာဂျစ်ဟာ ၀န်ကြီးချုပ်ဆိုတဲ့ရာထူးကို အသုံးချကာ ခြစားမှုတွေ လုပ်ခဲ့ကြောင်း၊ နောက်ကြောင်းလိုက်လို့မရတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေကြောင်း ဒီတိုင်ကြားချက်နှစ်ခုမှာ ဖော်ပြထားပါတယ်။
    “ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) က အလျင်အမြန် အရေးယူလို့ရအောင် ကျွန်တော့်အနေနဲ့ ဒီလို တိုင်ကြားချက်တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MACC အကြီးတန်းတာဝန်ရှိသူဟောင်း အဘ်ဒူလ် ရာဇတ် အီဒရစ်က ပြောကြားခဲ့ပါတယ်။
    နာဂျစ်နဲ့ပတ်သက်ပြီး နောက်ထပ် တိုင်ကြားချက်တစ်ခုကို MACC ဒါမှမဟုတ် ရဲတပ်ဖွဲ့ကို ပေးပို့ဖို့ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
    ဒီလိုတိုင်ကြားမှုလုပ်ဖို့အတွက် ‘အကြီးအကဲဟောင်း’ က တိုက်တွန်းခဲ့တာဖြစ်ကြောင်း၊ အရင်အစိုးရလက်ထက်မှာ တိုင်ကြားမှုတွေ မလုပ်တာဟာ အလုပ်မဖြစ်မှန်းသိတဲ့အတွက်ဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူ့ကို တိုက်တွန်းသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။
    မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် MACC အကြီးအကဲ ဇွလ်ကီဖလီ အဟ်မဒ်ဟာ ဒီကနေ့မနက်မှာ အစိုးရထံ နှုတ်ထွက်စာတင်ကာ နှုတ်ထွက်သွားခဲ့ပါတယ်။
    Ref: Aljazeera
  • နာဂျစ်လက်ထက် မတရားအခွန်ကောက်ထားမှုများကို ပြန်ပေးမည်ဟု မဟာသီပြော
    နာဂျစ်လက်ထက် မတရားအခွန်ကောက်ထားမှုများကို ပြန်ပေးမည်ဟု မဟာသီပြော
    မေ ၁၃၊ ၂၀၁၈
    M-Media
    – နာဂျစ်အစိုးရလက်ထက်မှာ လူတစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေဆီကနေ တရားမ၀င် ကောက်ခံထားတဲ့ အခွန်တွေကို ပြန်ပေးဖို့ ကြိုးစားသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။
    “ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ပြည်သူတွေဟာ ပုံစံအမှားတွေနဲ့ ဖိအားပေးခံခဲ့ရပါတယ်။ ဥပမာအားဖြင့် ဥပဒေက သတ်မှတ်ထားတာထက်ပိုတဲ့ အခွန်အခတွေ ပေးရတာမျိုးပါ။ ဒီလိုအခွန်တွေ ပေးခဲ့ရတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာနဲ့ ဘယ်လောက်တောင် ပေးခဲ့ရလဲဆိုတာတွေကို ကျွန်တော်တို့သိချင်ပါတယ်။ ဒီလို တရားမ၀င်ယူထားတဲ့ ငွေတွေကို ပြန်ပေးဖို့ ကြိုးစားသွားပါမယ်”
    ဒီကနေ့ နိုင်ငံပိုင်ရုပ်သံ RTM1 နဲ့ မေးမြန်းမှုမှာ မဟာသီက ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။
    ပြည်တွင်းအခွန်အခများဘုတ်အဖွဲ့ (IRB) အနေနဲ့ သူတို့ကောက်ထားတဲ့ငွေတွေကို ပြန်ပေးဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
    “သူတို့မပေးဘူးဆိုရင်၊ အပြစ်ပေးမယ်၊ အမည်ပျက်စာရင်းသွင်းမယ်၊ တိုင်းပြည်ကနေ ပြည်ပထွက်ခွင့်မရအောင် လုပ်မယ်။ တစ်ချို့တွေရဲ့ ပတ်စ်ပို့တွေကို ပယ်ဖျက်မယ်။ ဘဏ်ငွေစာရင်းစာအုပ်တွေကိုလည်း သိမ်းပါမယ်။ ဒါဆိုရင် စီးပွားရေးကို ထိခိုက်သွားမှာပါ။ ကျွန်တော်တို့ဟာ ဒီလို စီးပွားရေးထိခိုက်အောင် မလုပ်ချင်ပါဘူး”
    Ref: Malaysia Kini
  • မလေးရှား အတိုက်အခံခေါင်းဆောင် အင်္ဂါနေ့လွတ်မည်
    မလေးရှား အတိုက်အခံခေါင်းဆောင် အင်္ဂါနေ့လွတ်မည်
    မေ ၁၂၊ ၂၀၁၈
    M-Media
    အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင်
    – မလေးရှားနိုင်ငံက အတိုက်အခံခေါင်းဆောင် အန်န၀ါရ် အီဘရာဟင်ဟာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်္ဂါနေ့မှာ လွတ်မြောက်မယ်လို့ သမီးဖြစ်သူ နူရူလ် အီဇာဟ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    အန်ဝါရ်ဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက် ၂၀၁၅ ခုနှစ်က လိင်တူဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချခံခဲ့ရတာဖြစ်ပြီး နိုင်ငံရေးအရ လုပ်ကြံခံရမှုဖြစ်တယ်လို့ တော်တော်များများက ရှုမြင်ကြပါတယ်။
    အန်ဝါရ်ကို ချွင်းချက်မဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ဘုရင်က ပြောကြားခဲ့ကြောင်း ၀န်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပေမယ့် ရက်အတိအကျကို မပြောခဲ့
    ပါဘူး။
    နူရူလ် အီဇာဟ်က သူ့ဖခင် လွတ်မြောက်ရေးအတွက် စာရွက်စာတမ်းတွေကို စီစဉ်နေတယ်လို့ ဆိုပါတယ်။ အန်ဝါရ်ဟာ လက်ရှိ ကွာလာလမ်ပူက ဆေးရုံတစ်ခုမှာ ခွဲစိပ်ကုသမှုခံယူပြီး အနားယူနေပါတယ်။
    အန်ဝါရ်လွတ်မြောက်လာမယ်ဆိုရင် အမတ်အရွေးခံကာ ၀န်ကြီးချုပ်အဖြစ် တင်မြှောက်မှာ ဖြစ်တယ်လို့ မဟာသီက ပြောကြားထားပါတယ်။
    အန်ဝါရ်ဟာ ယခင်က ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့ဖူးပြီး ၁၉၉၈ ခုနှစ်မှာ လိင်တူဆက်ဆံမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ ထောင် ၆ နှစ် ကျခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ မလေးရှား တရားရုံးချုပ်က လိင်တူဆက်ဆံမှု စွဲချက်ကို ပယ်ဖျက်ကာ သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
    Ref: Aljazeera
  • မလေးဝန်ကြီးချုပ်ဟောင်း အမည်ပျက်စာရင်းသွင်းခံရပြီး၊ ပြည်ပထွက်ခွင့် အပိတ်ခံရ
    မလေးဝန်ကြီးချုပ်ဟောင်း အမည်ပျက်စာရင်းသွင်းခံရပြီး၊ ပြည်ပထွက်ခွင့် အပိတ်ခံရ
    မေ ၁၂၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ ဇနီးဖြစ်သူ ရိုစ်မာ မန်ဆောရ်တို့ကို အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ဒီကနေ့မနက်မှာ ပြောကြားလိုက်ပါတယ်။
    နာဂျစ်နဲ့ ဇနီးဖြစ်သူတို့ဟာ ဒီကနေ့မှာ အင်ဒိုနီးရှားနိုင်ငံကို အပန်းအဖြေခရီးထွက်ဖို့ ရှိနေတဲ့အချိန် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဒီကြေငြာချက်ပေါ်ထွက်လာတာဖြစ်ပါတယ်။
    ဒီညွှန်ကြားချက်ကို လေးစားလိုက်နာသွားမယ်လို့ နာဂျစ်ရာဇတ်က Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    “ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို တိုင်းပြည်ပြင်ပ ထွက်ခွင့်မပေးဘူးလို့ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ကျွန်တော်ကို့ အကြောင်းကြားလာပါတယ်။ ဒီညွှန်ကြားချက်ကို ကျွန်တော် လေးစားလိုက်နာသွားမှာဖြစ်ပြီး မိသားစုနဲ့အတူ တိုင်းပြည်အတွင်း ဆက်ရှိသွားမှာ ဖြစ်ပါတယ်”
    နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူဟာ နိုင်ငံရပ်ခြားကို ငွေကြေးအမြောက်အများကုန်တဲ့ ဇိမ်ခံခရီးစဉ်တွေ သွားလေ့ရှိတဲ့အတွက် ပြည်သူလူထုရဲ့ ညိုညင်မှုကို ခံထားရသူဖြစ်ပြီး ဒီနေ့မနက်ပိုင်းကလည်း ပြည်သူတွေဟာ လေဆိပ်မှာ လာရောက်စုရုံးကာ သူတို့ ဇနီးမောင်နှံကို ဆန္ဒပြခဲ့ကြပါတယ်။
    ဗုဒ္ဓဟူးနေ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီတဲ့နောက် ၀န်ကြီးချုပ်ဟောင်းဟာ တိုင်းပြည်အတွင်းကနေ ထွက်ပြေးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။ ရွေးကောက်ပွဲအနိုင်ရကာ ၀န်ကြီးချုပ်သစ်ဖြစ်လာတဲ့ မဟာသီယာ မိုဟာမက်ကတော့ တိုင်းပြည်အတွင်း ခြစားမှုကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု အကြီးအကျယ် လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။
    Ref: CNA
  • မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင် မကြာမီ ပြန်လွတ်မည်
    မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင် မကြာမီ ပြန်လွတ်မည်
    မေ ၁၁၊ ၂၀၁၈
    M-Media
    ဖမ်းဆီးခံထားရသည့် အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင်
    – လက်ရှိ ထောင်ဒဏ်ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် အန်န၀ါရ် အီဘရာဟင်ဟာ မကြာခင်မှာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်လည်လွတ်မြောက်လာလိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
    မနေ့က တွေ့ဆုံမှုအတွင်း ဘုရင်က အန်န၀ါရ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ကြောင်း မဟာသီယာက ဆိုပါတယ်။
    “ချွင်းချက်မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုး ဖြစ်မှာပါ။ ဒါ့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရပြီးတာနဲ့ သူဟာ ချက်ခြင်း ပြန်လည်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်ခွင့် ရမှာပါ”
    အတိုက်အခံခေါင်းဆောင် အန်ဝါရ်အီဘရာဟင်ဟာ ၀န်ကြီးချုပ် နာဂျစ်လက်ထက်မှာ လိင်တူဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံနေရတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ လုပ်ကြံမှုလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။
    လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အန်ဝါရ်အီဘရာဟင် လွတ်မြောက်လာရင် အမတ်အဖြစ် ၀င်ရောက်အရွေးခံခိုင်းကာ ၀န်ကြီးချုပ်နေရာ ပေးသွားမယ်လို့ မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အစိုးရအဖွဲ့ကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းကာ ၀န်ကြီး ၁၀ ဦးသာ ထားရှိသွားမှာဖြစ်ပြီး မနက်ဖြန်မှာ ၀န်ကြီးနာမည်တွေ ထုတ်ပြန်သွားမယ်လို့ မဟာသီက ဆိုပါတယ်။
    မဟာသီက အစိုးရသစ်အနေနဲ့ ခြစာမှုတိုက်ဖျက်ရေး၊ နိုင်ငံပိုင် 1MDB လုပ်ငန်းက ပျောက်ဆုံးသွားတဲ့ငွေတွေ ရရှိရေး အဓိကထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မလေးရှားဟာ ကုန်သွယ်ရေးနိုင်ငံတစ်ခုဖြစ်ပြီး ဘယ်လိုအယူအဆရှိတဲ့ နိုင်ငံမျိုးနဲ့မဆို ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: CNA