News @ M-Media

Tag: Man U

  • မန်ယူအသင်းက နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်

    မန်ယူအသင်းက နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်

    နိုဝင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -နည်းပြဆိုလ်းရှားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ မန်ချက်စတာယူနိုက်တက်အသင်းက ကြေငြာလိုက်ပါတယ်။

    အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဒီဆုံးဖြတ်ချက်ဟာ ဝမ်းနည်းစွာချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က အသင်းကို ယာယီ ကိုင်တွယ်သွားမှာပါ။

    “အိုလေးရဲ့ မနနေမနား ကြိုးပမ်းအားထုတ်မှုတွေအတွက် အသင်းက ကျေးဇူးတင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်လာဖို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကစားသမားတစ်ယောက်အဖြစ်သာမဘဲ ကျွန်တော်တို့ကို ကြီးကျယ်တဲ့အခိုက်အတန့်တွေ ဆောင်ကျဉ်းပေးနိုင်ခဲ့သူ နည်းပြတစ်ယောက်အဖြစ် အသင်းရဲ့သမိုင်းမှာ သူ့အတွက် အမြဲတမ်း နေရာတစ်နေရာ ရှိနေမှာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကို ဘယ်အချိန်ပဲ ပြန်လာပြန်လာ မန်ချက်စတာ ယူနိုက်တက် မိသားစုဝင်တစ်ဦးအဖြစ် အမြဲတမ်း ကြိုဆိုနေမှာပါ”

    မန်ယူဟာ မနေ့က ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားတာ​ ဖြစ်ပါတယ်။ အသင်းကလည်း အဆင့် ၇ နေရာရောက်နေပြီး ထိပ်ဆုံးက ချယ်ဆီးနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။

    ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ဆိုလ်းရှားကို မော်ရင်ဟိုနေရာမှာ အစားထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လမှာ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ခုကို ထပ်မံ ချုပ်ဆိုခဲ့ပါတယ်။

    Ref: BBC

  • တစ်ကျော့ပြန် အိမ်ပြန်ခရီးအကြောင်း ရော်နယ်ဒို ဘယ်လိုဖွင့်ဟသလဲ

    တစ်ကျော့ပြန် အိမ်ပြန်ခရီးအကြောင်း ရော်နယ်ဒို ဘယ်လိုဖွင့်ဟသလဲ

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    -မန်ချက်စတာယူနိုက်ကနေ ထွက်ခွာသွားတာ ၁၂ နှစ်ကြာပြီးတဲ့နောက် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူအောင်မြင်ရာမြေကို ပြန်လည်နင်းခဲ့ပြီ ဖြစ်ပါတယ်။

    အသက် ၃၆ နှစ်အရွယ်ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ ရုတ်တရက် မန်ယူနဲ့ သဘောတူညီချက်ရခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့က အဆုံးသတ်ခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    စက်တင်ဘာ ဒုတိယပတ်လောက်မှာ မန်ယူနဲ့အတူ ပွဲထွက်ဖို့ရှိနေတဲ့ ရော်နယ်ဒိုရဲ့ ရင်ခုန်သံတွေကို မန်ယူအသင်းက အင်တာဗျူးပြီး သူတို့ရဲ့ ဝဘ်ဆိုက်မှာ လွှင့်တင်ပေးထားပါတယ်။

    အိမ်ပြန်လာရတာ ပျော်တယ်

    ကြီးကျယ်တဲ့သမိုင်းကြောင်းရှိတဲ့ မန်ယူကို ပြန်လာရတာပျော်ရွှင်တယ်လို့ ရော်နယ်ဒိုက ဖွင့်ဟပါတယ်။

    “ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ ဩအံ့ဖွယ်ရာကောင်းတဲ့ ဒီအသင်းမှာ ကျွန်တော်ဟာ သမိုင်းကောင်းတွေရှိခဲ့တယ်။ အသက် ၁၈ နှစ်သားမှာ ကျွန်တော်ဒီကိုရောက်ခဲ့တာပါ။ ၁၂ နှစ်တာနောက်ပိုင်း ဒီနေရာကို ပြန်လာရတာ အရမ်းပျော်တာပေါ့။ ပွဲကစားဖို့လည်း မစောင့်နိုင်တော့ပါဘူး”

    ဖာဂူဆန်အကြောင်း

    မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ရော်နယ်ဒို ပြောင်းတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပြီး ၂၄ နာရီအတွင်းမှာပဲ မန်ယူနဲ့ ရော်နယ်ဒို သဘောတူညီချက် ရခဲ့တာပါ။ ရော်နယ်ဒိုကို အသက် ၁၈ နှစ်အရွယ်ကတည်းကနေ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ဒီအပြောင်းအရွှေ့မှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    ရော်နယ်ဒိုကလည်း ဖာဂူဆန်ဟာ သူ့ရဲ့အောင်မြင်မှုမှာ အရေးပါခဲ့ပြီး၊ သူ့ရဲ့ ဘောလုံးဖခင်ဖြစ်တယ်လို့ ထပ်မံဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော့်အတွက်တော့ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘောလုံးလောကရဲ့ ဖခင်ပါပဲ။ ကျွန်တော့်ကို အများကြီးကူညီပေးတယ်၊ သင်ပေးတယ်။ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဆက်ဆံရေးကောင်းရှိတယ်၊ အမြဲတမ်း အဆက်အသွယ်ရှိတယ်။ သူ့ကို ကျွန်တော် တော်တော်လေး ချစ်ပါတယ်။ သူဟာ တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် ဒီလိုအခြေအနေ ဖြစ်လာတာ၊ မန်ယူကို ပြန်ရောက်လာတာတွေဟာ အဓိကက သူ့ကြောင့်ပါ”

    အကောင်းဆုံး ဆုံးဖြတ်ချက်

    မန်ယူကို ပြန်လာဖို့ ဆုံးဖြတ်မှုဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး စာမျက်နှာသစ် ဖွင့်လှစ်တိုက်တာ ဖြစ်တယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။

    “စာမျက်နှာသစ် ဖွင့်လိုက်တယ်။ အရမ်းလည်း ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော် ရှေ့ဆက်မယ်၊ သမိုင်းသစ်ရေးမယ်၊ မန်ယူကို ကြီးမားတဲ့ ရလဒ်တွေရအောင်၊ ဖလားတွေရအောင်၊ နံပါတ်တစ်အသင်းဖြစ်ပြီး အောင်မြင်မှုတွေရအောင် ကျွန်တော် ကူညီပေးသွားမှာပါ”

    ပရိတ်သတ်တွေအတွက် သတင်းစကား

    နည်းပြဆိုးလ်ရှားနဲ့ အရင်က ကစားဖော်ဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း၊ လက်ရှိမှာ ဆိုးလ်ရှားက နည်းပြဖြစ်နေတဲ့အတွက် အသင်းအောင်မြင်ရေး နည်းပြလိုချင်တာ ဘာမဆို လုပ်ပေးသွားမယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။

    ရော်နယ်ဒိုအမည်နဲ့သီချင်းကို အမြဲတမ်းဆိုနေပြီး၊ အသင်းပြန်ရောက်လာတာကို သောင်း​သောင်းဖျဖျ ကြိုဆိုနေတဲ့ ပရိတ်သတ်ကို ဘာပြောချင်လဲလို့ မေးမြန်းရာမှာတော့ ရော်နယ်ဒိုက မန်ယူပရိတ်သတ်တွေဟာ အထူးစပါယ်ရှယ်ဖြစ်ပြီး၊ အရင်ရော်နယ်ဒိုကို မကြာခင်ပြန်မြင်ရတော့မယ်လို့ သတင်းစကားပါးချင်ကြောင်း ဖြေကြားခဲ့ပါတယ်။

    “ပရိတ်သတ်ဆိုတာ ဘောလုံးအားကစားရဲ့ သော့ချက်ပါ။ အရင်တစ်နှစ်နဲ့မတူတာက အခုနှစ်မှာ ဘောလုံးကွင်းတွေထဲ ပရိတ်သတ်တွေ ပြန်ရောက်လာကြပါပြီ။ ပရိတ်သတ်တွေက အဓိကဖြစ်ပါတယ်။ မန်ယူပရိတ်သတ်တွေကတော့ အထူးစပါယ်ရှယ်ပါ။ ကျွန်တော် သူတို့ကို ကောင်းကောင်းမှတ်မိတယ်။ သူတို့ ကျွန်တော့်နာမည်နဲ့သီချင်းကို အမြဲတမ်းဆိုနေတာကို ကျွန်တော်သိတယ်။ အဲဒီအတွက်လည်း တော်တော်ပျော်ရွှင်ရပါတယ်။ အရင်ကလိုပဲ ကွင်းထဲမှာ အဆုံးစွန်ဆုံးလုပ်ပြဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ ဂိုးတွေသွင်းမယ်၊ အသင်းဖော်တွေကို ဖန်တီးပေးမယ်၊ ဖလားတွေယူမယ်။ ပရိတ်သတ်တွေနဲ့ အရမ်းအရမ်းကို တွေ့ချင်နေပါပြီ”

    Ref: manutd.com

  • အသင်းဟောင်းမန်ယူနဲ့ ပြန်လည်ပေါင်းထုတ်မယ့် ရော်နယ်ဒို ဘာတွေရင်ဖွင့်သလဲ

    အသင်းဟောင်းမန်ယူနဲ့ ပြန်လည်ပေါင်းထုတ်မယ့် ရော်နယ်ဒို ဘာတွေရင်ဖွင့်သလဲ

    ဩဂုတ် ၂၈၊ ၂၀၂၁
    M-Media

    -ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့က မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ပေါင်းထုတ်ဖို့ သဘောတူညီချက် ရရှိသွားခဲ့ပါတယ်။

    ​မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ပြောင်းတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပြီးတဲ့နောက်ပိုင်း မန်ယူကို အံ့အားသင့်ဖွယ် ရောက်ရှိသွားတာပါ။

    မန်ယူနည်းပြဟောင်းဖြစ်ပြီး၊ ရော်နယ်ဒိုကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆာ အဲလက်စ်ဖာဂူဆန်က အသင်းနဲ့ ကစားသမားအကြားမှာ ဝင်ရောက်ညှိနှိုင်းပေးခဲ့တာလို့ အင်္ဂလိပ် ပြည်တွင်းသတင်းတွေက ဖော်ပြကြပါတယ်။

    အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မန်ယူမှာကစားခဲ့ပြီးတဲ့နောက် အသင်းကထွက်ခွာပြီး ၁၃ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာတာပါ။

    ရော်နယ်ဒိုအတွက် မန်ယူဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ပေးချေရမှာဖြစ်ပါတယ်။ ​နိုင်ငံအသင်းနဲ့ကစားဖို့ ပေါ်တူဂီရောက်နေတဲ့ ရော်နယ်ဒိုဟာ ရက်ပိုင်းအတွင်း မန်ချက်စတာမြို့ကို လာရောက်ကာ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ရှိနေပါတယ်။

    နောက်ဆုံးနှုတ်ဆက်စကား

    အသင်းအတွက် စိတ်ရောကိုယ်ပါနှစ်မြှုပ်ကစားခဲ့သလို တူရင်မြို့ကိုလည်း ချစ်ခင်မြတ်နိုးတယ်လို့ ဂျူဗင်တပ်စ်ပရိတ်သတ်တွေကို ရော်နယ်ဒိုက နောက်ဆုံးစကား ပါးခဲ့ပါတယ်။

    “အံ့ဩစရာအကောင်းအဆုံးအသင်း၊ အီတလီမှာ အကြီးကျယ်ဆုံးအသင်း၊ ဥရောက အကြီးကျယ်ဆုံး အသင်းတွေက တစ်သင်းကနေ ဒီကနေ့ ကျွန်တော် ထွက်ခွာရပါပြီ။ ဂျူဗင်တပ်စ်အသင်းအတွက် ကျွန်တော် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကစားခဲ့ပြီး ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်အထိ တူရင်မြို့ကို ချစ်မြတ်နိုးခဲ့ပါတယ်”

    ဂျူဗီပရိတ်သတ်တွေကို ကျေးဇူးတင်ပြီး အသင်းရဲ့ ပရိတ်သတ်တစ်ဦးအဖြစ် ဆက်ရှိနေမယ်လို့လည်း ရော်နယ်ဒိုက ဆိုပါတယ်။

    “ဂျူဗီပရိတ်သတ်တွေက ကျွန်တော့်ကို အမြဲတမ်း လေးစားတယ်။ ဒီလေးစားမှုကို ကျေးဇူးဆပ်ဖို့အတွက် ပွဲတိုင်း၊ ရာသီတိုင်း၊ ပြိုင်ပွဲတိုင်းမှာ ကျွန်တော် တိုက်ပွဲဝင်ခဲ့တယ်။ ကျွန်တော်တို့ ပြန်ကြည့်လိုက်ရင် ကြီးမားတဲ့ အောင်မြင်မှုတွေရခဲ့တယ်။ ကျွန်တော်တို့လိုချင်တာ အားလုံးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် လှပတဲ့ သမိုင်းကို ကျွန်တော်တို့ အတူတကွ ရေးနိုင်ခဲ့ပါတယ်”

    “ကျွန်တော်ဟာ အမြဲတမ်း ခင်ဗျားတို့ထဲကတစ်ယောက် ဖြစ်နေမှာပါ။ ခင်ဗျားတို့ဟာ ကျွန်တော့်သမိုင်းရဲ့ အစိတ်အပိုင်းဖြစ်သွားပြီ။ ကျွန်တော်လည်း ခင်ဗျားတို့သမိုင်းရဲ့ အစိတ်အပိုင်းဖြစ်နေမယ်လို့ ခံစားရပါတယ်။ အီတလီ၊ ဂျူဗီ၊ တူရင်မြို့၊ ဂျူဗီပရိတ်သတ် ဒါတွေအားလုံး ကျွန်တော့်ရဲ့ နှလုံးသားမှာ အမြဲတမ်း ရှိနေမှာပါ”

    နံပါတ် ၇ ပြန်ဝတ်မှာလား

    အတိတ်က မန်ယူမှာ အောင်မြင်ကျော်ကြားစဉ်အချိန်က ရော်နယ်ဒိုကို နံပါတ် ၇ ဂျာစီနဲ့ တွဲပြီး သိကြပါတယ်။ တစ်ကျော့ပြန် အိမ်ပြန်ခရီးမှာတော့ နံပါတ် ၇ ပြန်၀တ်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

    ပရီးမီးယားလိဂ် စည်းမျဉ်းစည်းကမ်းတွေအရ ရော်နယ်ဒိုဟာ​ နံပါတ် ၇ ဂျာစီပြန်ရဖို့ အခွင့်အလမ်း သိပ်မရှိပါဘူး။ နံပါတ် ၇ ဂျာစီကို တိုက်စစ်မှူး ကာဗာနီနဲ့တွဲကာ မန်ယူက ပရီးမီးယားလိဂ်မှာ ဒီရာသီအတွက် မှတ်ပုံတင်ထားတာပါ။ စည်းမျဉ်းအရ မှတ်ပုံတင်ထားတဲ့ ကစားသမား အသင်းက ထွက်ခွာမှသာ တစ်ခြားကစားသမားက ဝတ်ခွင့်ရမှာ ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ရဲ့ အထူးခွင့်ပြုချက်နဲ့ နံပါတ်ပြောင်းလို့ရတယ်ဆိုတဲ့ စည်းမျဉ်းတစ်ချက် ရှိ​နေပေမယ့် အရင်က ဒီစည်းမျဉ်းကို ကျင့်သုံးခဲ့တဲ့ သမိုင်းမျိုး ပရီးမီးယားလိဂ်မှာ မရှိပါဘူး။

    မန်ယူနောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူဖြစ်နေတဲ့ ဖာဒီနန်က မန်ယူအသင်းနဲ့ ပရိတ်သတ်တွေက ရော်နယ်ဒိုပြန်လာမှုကို သောင်းသောင်းဖျဖျ ကြိုဆိုတဲ့ အနေအထားမှာ ကာဗာနီက သူ့ရဲ့ ကျောနံပါတ် ၇ ဂျာစီကို စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

    Ref: Goal, Daily Mail

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    ဆိုရှယ်မီဒီယာပို့စ်တစ်ခုအတွက် မန်ယူတိုက်စစ်မှူးကို FA တရားစွဲ

    နိုဝင်ဘာ ၂၉ ရက်နေ့ ဆောက်သက်တမ်ကို အနိုင်ရတဲ့ပွဲအပြီး ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့တဲ့ ပို့စ်တစ်ခုအတွက် မန်ယူတိုက်စစ်မှူး ကာဗာနီကို အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုလိုက်ပါတယ်။
    ကာဗာနီရဲ့ ကစားပုံကိုချီးကျူးထားတဲ့ အဲဒီပို့စ်မှာ လူမည်းတွေအပေါ် လူမျိုးရေးစော်ကားတဲ့စကားလုံး ပါဝင်နေတာပါ။ ကာဗာနီက အဲဒီပို့စ်ကို နောက်ပိုင်းမှာ ဖြုတ်ချခဲ့သလို၊ စကားလုံးမသိတဲ့အတွက် မျှဝေမိတာလို့ ပြန်တောင်းပန်ခဲ့ပါတယ်။
    မန်ယူက FA ရဲ့ အခုစွဲချက်ကို မိမိတို့ သိရှိပြီး ပြန်လည်လျှောက်လဲှသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    ကာဗာနီနဲ့မန်ယူဟာ ဇန်နဝါရီ ၄ ရက်နေ့မတိုင်မီ လျှောက်လှဲရမှာပါ။ FA ရဲ့ လူမျိုးရေးခွဲခြားမှုစည်းကမ်းကို ချိုးဖောက်ကြောင်း အပြစ်ရှိရင် ၃ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်မှာ မိမိကို ခွဲခြားဆက်ဆံဟု မော်ရင်ဟိုပြော

    ပရီးမီးယားလိဂ်မှာ သူဟာ တစ်ခြားနည်းပြတွေလို တန်းတူ ဆက်ဆံမခံရဘူးလို့ စပါးနည်းပြ မော်ရင်ဟိုက လီဗာပူးလ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ပြောပါတယ်။
    ကွင်းဘေး လီဗာပူးလ်နည်းပြ ကလော့ပ်ရဲ့ ဒိုင်အပေါ် စောဒကတက်မှုမျိုး မိမိသာ လုပ်မယ်ဆိုရင် တန်းပြီး အထုတ်ခံရမယ်လို့ ဒိုင်တွေကို ဝေဖန်ခဲ့တာပါ။
    ပွဲအပြီးမှာ မော်ရင်ဟိုဟာ ကလော့ပ်နဲ့လည်း အခြေအတင် ဖြစ်ခဲ့ပါတယ်။ အကောင်းဆုံးအသင်းက ရှုံးသွားတယ်လို့ ကလော့ပ်ကိုပြောခဲ့ပေမယ့် ကလော့ပ်က သူစကားကို လက်မခံဘူးလို့ ဆိုပါတယ်။

    ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီး ဘွန်ဒစ်လီဂါတွင် သမိုင်းသစ်ရေးထိုး

    ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဘွန်ဒစ်လီဂါသမိုင်းမှာ ဂိုး ၂၅၀ ကျော်သွင်းနိုင်တဲ့ တတိယမြောက်တိုက်စစ်မှူးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    မနေ့က ဝုလ်ဖ်ဘာ့ဂ်ကိုနိုင်တဲ့ပွဲမှာ လီဝမ်ဒေါ့စကီး ၂ ဂိုးသွင်းခဲ့ပြီး ဒါဟာ သူ့ရဲ့ ဘွန်လီဂါ ၂၅၀ နဲ့ ၁၅၂ ဂိုးမြောက် ဖြစ်ခဲ့တာပါ။ သူ့အရင် ဘွန်ဒစ်လီဂါမှာ ဂိုး ၂၅၀ ပြည့်တဲ့ကစားသမား ၂ ဦးသာ ရှိပြီး ဘိုင်ယန်တိုက်စစ်မှူးဟောင်း ဂျရဒ်မူလာနဲ့ ရှော်လ်ကာတိုက်စစ်မှူးဟောင်း ကလော့စ် ဖစ်ရှာတို့ ဖြစ်ပါတယ်။
    ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူက မူလာဖြစ်ပြီး ၄၂၇ ပွဲကစား ၃၆၅ ဂိုးသွင်းထားပါတယ်။
    Ref: BBC, Goal

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    နိုဝင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    လူစားလဲမှု စည်းမျဉ်းသစ်တစ်ခုကို အင်္ဂလန်တွင် ကျင့်သုံးမည်

    လူစားဝင်ကစားသမား ၃ ဦး ပြည့်သွားပေမယ့် ဦးခေါင်းထိခိုက်တာမျိုးလို ပြင်းထန်တဲ့ဒဏ်ရာ ရချိန်မှာ နောက်ထပ် ကစားသမားတစ်ဦး လူစားလဲနိုင်မယ့် အစီအစဉ်ကို အင်္ဂလန်ဘောလုံးလောကမှာ လာမယ့်နှစ်ကစတင်ပြီး ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (Ifab) နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ အခုနှစ် နောက်ဆုံး ၂ လအတွင်း ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပြီး ဇန်နဝါရီမှာ စမ်းသပ်ကျင့်သုံးဖို့ စီစဉ်ထားပါတယ်။ ‘ဒဏ်ရာပြင်းထန်တဲ့ ကစားသမားအတွက် လူစားလဲရင် ပြိုင်ဘက်အသင်းကလည်း နောက်ထပ်ကစားသမားတစ်ဦး လူစားလဲခွင့်ရမယ်’ ဆိုတဲ့အချက်လည်း ပါဝင်ပြီး စည်းမျဉ်းကို အလွဲသုံးစားမပြုနိုင်ဖို့အတွက် ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို ၂၀၂၀ တိုကျိုအိုလံပစ်မှာ စတင်အသုံးပြုဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းထားရပါတယ်။

    ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းကို မန်ယူငြင်း

    ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို မန်ယူအသင်းက ငြင်းဆိုလိုက်ပါတယ်။ လာမယ့်နှစ် လုပ်ခလစာကုန်ကျမှုကို လျှော့ချဖို့ စီစဥ်နေတဲ့ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒိုရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီး မန်ယူက ခေါ်ယူဖို့ တရား၀င်ကမ်းလှမ်းမှုတောင် လုပ်ဆောင်ထားတယ်လို့ အာဂျင်တီးနားနဲ့ ပေါ်တူဂီတို့က သတင်းရင်းမြစ်တွေက အခုရက်ပိုင်းအတွင်းမှာ ဖော်ပြကြပါတယ်။ မန်ချက်စတာမြို့အခြေစိုက် သတင်းစာတစ်စောင်ဖြစ်တဲ့ Manchester Evening News က မန်ယူဟာ မြင့်မားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးတွေကို ပေးချေလိုတဲ့ စိတ်ဆန္ဒမျိုး မရှိဘူးဆိုတာ သိရကြောင်း၊ ဒေါ့မွန်အသင်းတိုက်စစ်မှူး ဂျာဒန်ဆန်ချိုကိုလည်း ဒီအချက်ကြောင့်ပဲ ခေါ်ယူဖို့ ဖြစ်လာမှာမဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

    လောင်းကစားစွဲခဲ့သော်လည်း နောင်တမရဟု အာဆင်နယ် တိုက်စစ်မှူးဟောင်းပြော

    လောင်းကစားစွဲမှုကနေစပြီး ဘောလုံးကစားသမဘ၀ ပျက်ဆီးတဲ့အထိ အမှားတွေ လုပ်မိခဲ့ပေမယ့် နောင်တမရဘူးလို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း နစ်ကလက်စ် ဘန်တနာက ပြောကြားလိုက်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ အာဆင်နယ်အသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့တဲ့ ဘန်တနာဟာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ လောင်းကစားစွဲတာ၊ အွန်နရီလို စီနီယာကစားသမားမျိုးနဲ့ မကျေမလည်ဖြစ်တာ၊ ကြံ့ခိုင်ရေးကို ထိခိုက်စေနိုင်မယ့် ကားမတော်တဆမှုဖြစ်တာ၊ တက္ကဆီယဥ်မောင်းကို ကိုယ်ထိလက်ရောက်ပြုမူလို့ ဖမ်းဆီးခံရတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ပြီးတဲ့နောက် အာဆင်နယ်ကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခွာခဲ့ရကာ မထင်မရှား ကစားသမားဘ၀အဖြစ်နဲ့သာ ကျင်လည်ဖြတ်သန်းခဲ့ရပါတယ်။ ဘန်တနာက ပိုကောင်းတဲ့ လမ်းကြောင်းမျိုးကို လျှောက်လှမ်းသင့်ခဲ့ပေမယ့် လုပ်ဆောင်ခဲ့တာတွေအတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဘန်တနာဟာ သူ့ဘ၀ အထုပတ္တိ စာအုပ်ဖြစ်တဲ့ Both Sides ကို ရေးထားပါတယ်။

    Ref : BBC