News @ M-Media

Tag: Mars

  • ရေအမြောက်အများရှိသည့် ချောက်တစ်ခု အင်္ဂါဂြိုဟ်တွင် တွေ့ရှိ

    ရေအမြောက်အများရှိသည့် ချောက်တစ်ခု အင်္ဂါဂြိုဟ်တွင် တွေ့ရှိ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -အင်္ဂါ​ဂြိုဟ်မှာ ရေအမြောက်အများရှိတဲ့ ချောက်နက်ကြီးတစ်ခု ​တွေ့ရတယ်လို့ ဥရောပအာကာသ အေဂျင်စီက ထုတ်ပြန်ပါတယ်။

    Valles Marineris လို့ အမည်ပေးထားတဲ့ အဲဒီချောက်ကြီးကို အင်္ဂါဂြိုဟ်ပတ်ယာဉ် ExoMars Trace Gas Orbiter က တွေ့ရှိခဲ့တာပါ။ ဒီချောက်ကြီးဟာ အမေရိကန်က နာမည်ကျော် Grand Canyon ချောက်ထက် ၁၀ ဆပိုကြီးပြီး၊ ၅ ဆ ပိုနက်ကာ၊ အဆ ၂၀ ပိုကျယ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ရေဟာ အဲဒီချောက်ရဲ့ အောက်​မှာ တည်ရှိနေတာကို ဂြိုဟ်ပတ်ယာဉ်မှာ ပါဝင်တဲ့ နျူထရွန်ရှာဖွေရေးကိရိယာနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    အင်္ဂါဂြိုဟ်မှာ ရေရှိကြောင်း အရင်ကတည်းက သိရှိထားပေမယ့် ဒီရေတွေဟာ ဝင်ရိုးစွန်းဒေသမှာဖြစ်တာကြောင့် ရေခဲအဖြစ်နဲ့ ရှိနေတာပါ။ အခု Valles Marineris ချောက်ကြီးက အင်္ဂါဂြိုဟ်အီကွေတာရဲ့ တောင်ဘက်မှာ ရှိနေတာကြောင့် ရေဟာ သာမန်အရည်အဖြစ် ရှိလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။

    ဂြိုဟ်ပတ်ယာဉ် ExoMars Trace Gas Orbiter ကို ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း လေ့လာမှုတွေကနေ အခုတွေ့ရှိချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။

    တွေ့ရှိချက်ကို ရေးသားသူ ဟာကန် ဆဗ်ဟမ်က အခုတွေ့ရှိမှုဟာ အံ့ဩစရာကောင်းတဲ့ ကနဦးခြေလှမ်းတစ်ခုဖြစ်ပြီး ချောက်ထဲမှာရေဟာ ဘယ်လိုအနေအထားနဲ့ တည်ရှိနေလဲဆိုတာ ထပ်မံလေ့လာဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အနာဂတ် အင်္ဂါဂြိုဟ်စူးစမ်းရေးခရီးစဉ်မှာ Valles Marineris ချောက်ကို ပိုမိုအသားပေး လေ့လာဖို့ ဥရောပအာကာသအေဂျင်စီက စီစဉ်နေပါတယ်။

    Ref: CNN

  • လမြေကြီးကို နာဆာက အနည်းဆုံး ၁ ဒေါ်လာဖြင့် ဝယ်ယူမည်

    လမြေကြီးကို နာဆာက အနည်းဆုံး ၁ ဒေါ်လာဖြင့် ဝယ်ယူမည်

    ဒီဇင်ဘာ ၆၊ ၂၀၂၀
    M-Media

    -အင်္ဂါဂြိုသွားခရီးစဉ် ပြင်ဆင်ဖို့အတွက် လကမ္ဘာပေါ်က မြေကြီးကို အနည်းဆုံး ၁ ဒေါ်လာနဲ့ ဝယ်ယူဖို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက ပုဂ္ဂလိကကုမ္ပဏီတွေကို ကန်ထရိုက်ပေးလိုက်ပါတယ်။

    အမေရိကန်က Lunar Outpost of Golden နဲ့ Masten Space Systems of Mojave၊ ဂျပန်က ispace ကုမ္ပဏီ၊ လူဇင်ဘတ်က ispace ကုမ္ပဏီတို့ထံကနေ လမြေကြီးကို ၁ ဒေါ်လာကနေ ဒေါ်လာ ၁၅၀၀၀ အထိ စျေးပေးကာ နာဆာက ဝယ်မှာပါ။

    ဒီကုမ္ပဏီတွေဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တို့မှာ လကမ္ဘာကိုသွားရောက်ဖို့ စီစဉ်ထားတဲ့ လူမဲ့ခရီးစဉ်ကနေ မြေကြီးတွေ ယူလာမှာ ဖြစ်ပါတယ်။ လမြေကြီးအပြင် လပုံရိပ်တွေနဲ့ လပေါ်က အခြား အရာ၀တ္ထုတွေကိုလည်း နာဆာထံ လွှဲပြောင်းပေးမှာပါ။

    ဒီလို လွှဲပြောင်းပေးတဲ့ပစ္စည်းတွေဟာ နာဆာရဲ့ Artemis စီမံကိန်းတစ်ခုတည်းမှာ အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။

    Artemis စီမံကိန်းအရ နာဆာဟာ ၂၀၂၄ ခုနှစ်မှာ လကမ္ဘာပေါ်ကို လူသားစေလွှတ်ကာ အင်္ဂါဂြိုဟ်သွား စီမံကိန်းအတွက် လပေါ်မှာ အခြေစိုက်စခန်းတစ်ခု ဖြစ်လာအောင် စီစဉ်မှာ ဖြစ်ပါတယ်။

    နာဆာက တာဝန်ရှိသူ မိုက်ဂိုးလ်ဒ်က ပုဂ္ဂလိက လုပ်ငန်းတွေ လပေါ်မှာ စူးစမ်းရှာဖွေမှုတွေလုပ်ဖို့ ဒီလိုလမ်းကြောင်းချပေးတာဟာ အလွန်အရေးပါတဲ့ ဆောင်ရွက်မှုဖြစ်ပြီး ဒီကနေရတဲ့ ရင်းမြစ်တွေကို အင်္ဂါဂြိုဟ် စူးစမ်းရှာဖွေမှုအတွက် အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “အင်္ဂါဂြိုဟ်ကို လူသားသွားရောက်မယ့် ခရီးစဉ်ဟာ လ​ကမ္ဘာပေါ် သွားရောက်တဲ့ ခရီးစဉ်ထက် စိန်ခေါ်မှုတွေ ပိုရှိပါတယ်။ ဒါ့ကြောင့် လပေါ်က အတွေ့အကြုံတွေကို လေ့လာပြီး အင်္ဂါဂြိုဟ်ခရီးမှာ အသုံးပြုဖို့ အရေးကြီးပါတယ်”

    လက်ရှိမှာ အာကာသထဲကအရာတွေနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်မရှိသေးဘဲ ဒီကိစ္စအတွက် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်လာဖို့ အမေရိကန်က စီစဉ်နေတာဖြစ်ပါတယ်။ အာကာသအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ဒီကိစ္စမှာ အမေရိကန်နဲ့ သဘောထားခြင်း မတိုက်ဆိုင်ပါဘူး။

    Ref: Aljazeera

  • ၂၀၃၃ တွင် အင်္ဂါဂြိုဟ်ကို လူသားခြေချနိုင်ရန် နာဆာ စီစဉ်

    ၂၀၃၃ တွင် အင်္ဂါဂြိုဟ်ကို လူသားခြေချနိုင်ရန် နာဆာ စီစဉ်

    ဧပြီ ၇၊ ၂၀၁၉
    M-Media

    – ၂၀၃၃ ခုနှစ်ရောက်ရင် အင်္ဂါဂြိုဟ်ကို အာကာသယာဉ်မှူးတွေ ခြေချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ နာဆာက ပြောကြားလိုက်ပါတယ်။

    နာဆာဟာ လကမ္ဘ္ဘာကို ၂၀၂၄ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ် လူလွှတ်နိုင်ဖို့ စီစဉ်ထားပြီး ဒီခရီးစဉ်ဟာ အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ရေး ရှေ့ပြေးအစီအစဉ်လည်း ဖြစ်ပါတယ်။

    “(၂၀၂၄ မှာ) လကမ္ဘာကို လူလွှတ်မယ့်အစီအစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ခြင်းအားဖြင့် အင်္ဂါဂြိုဟ်ကို လူလွှတ်မယ့် အစီအစဉ်ကိုလည်း အရှိန်မြှင့်နိုင်မှာပါ။ အခြားကမ္ဘာတစ်ခုမှာ ဘယ်လို နေထိုင်လုပ်ကိုင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သင်ယူဖို့ လိုအပ်ပါတယ်။ အဲဒီလို လုပ်နိုင်စွမ်းတွေ နည်းပညာတွေကို စမ်းသပ်ဖို့အတွက် လကမ္ဘာဟာ အကောင်းဆုံး နေရာတစ်ခုပါ။ သိပ်မကြာခင်မှာ ဒီရည်မှန်းချက် အောင်မြင်ပြီး အင်္ဂါဂြိုဟ်ကို သွားနိုင်မှာပါ” လို့ နာဆာအကြီးအကဲ ဂျင်မ်
    ဘရီဒန်စတိုင်းက ပြီးခဲ့တဲ့တစ်ပတ် လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၂၄ ခုနှစ်မှာ လမ္ဘာကိုသွားတဲ့လူတွေဟာ ၂၀၂၈ ခုနှစ်မှာ ကမ္ဘာကို ပြန်လာနိုင်ဖို့ နာဆာက စီစဉ်ထားပါတယ်။ ဒါပေမယ့် အဲဒီခရီးစဉ်မှာ အသုံးပြုဖို့ ဘိုးအင်းက တည်ဆောက်နေတဲ့ SLS ဒုံးပျံလွှတ်တင်မှုစနစ်ဟာ မပြီးစီးသေးဘဲ ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

    နာဆာဟာ SLS စနစ်အတွက် ကန်ဒေါ်လာ ၁၁.၉ ဘီလီယံ သုံးစွဲထားပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ အဆင်သင့်ဖြစ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘဲ ၂၀၂၄ ခုနှစ်မှာ လပေါ်ကိုသွားမယ့်ကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Space Policy Directive 1 လို့ခေါ်တဲ့ အမိန့်တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လပေါ်ကို လူစေလွှတ်ဖို့နဲ့ အခြားဂြိုဟ်တွကို ခြေဆန့်ရာမှာ လကို ခရီးတစ်ထောက်စခန်းအဖြစ် အသုံးပြုနိုင်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

    ဘရီဒန်စတိုင်းက အခြားဂြိုဟ်တွေမှာ သက်ရှိတွေရှာဖွေရေးဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာဂြိုဟ်နဲ့ အင်္ဂါဂြိုဟ်ဟာ ၂၆ လမှာတစ်ကြိမ် နေရဲ့တစ်ဖက် တူညီတဲ့အခြမ်းကို ရောက်ရှိကြပြီး အဲဒီကာလက အင်္ဂါဂြိုဟ်ကိုသွားရောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ နာဆာရဲ့ ပြောရေးဆိုခွင့်ရှိသူ ချာရိုင် ၀ါနာရ်က ပြောပါတယ်။ ကမ္ဘာကနေ မိုင်ပေါင်း ၃၃ သန်း ဝေးတဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်ဟာ သွားတဲ့အချိန်ကာလအပေါ် မူတည်ပြီး ၆ လကနေ ၉ လအထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    နာဆာဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အင်္ဂါဂြိုဟ်ကို လူမပါတဲ့ စက်ရုပ်ယာဉ်ငယ်ပေါင်း ၈ ခု စေလွှတ်လေ့လာခဲ့ပြီး အင်္ဂါဂြိုဟ်ကို ယာဉ်တွေစေလွှတ်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: CNN

  • အင်္ဂါဂြိုဟ်ကို ပထမဆုံးခြေချမည့် လူသားမှာ အမျိုးသမီးဖြစ်နိုင်သည်ဟု နာဆာပြော

    အင်္ဂါဂြိုဟ်ကို ပထမဆုံးခြေချမည့် လူသားမှာ အမျိုးသမီးဖြစ်နိုင်သည်ဟု နာဆာပြော

    မတ် ၁၃၊ ၂၀၁၉
    M-Media

    – အင်္ဂါဂြိုဟ်ကို ပထမဆုံး ခြေချမယ့်သူဟာ အမျိုးသမီးတစ်ဦး ဖြစ်နိုင်တယ်လို့ အမေရိကန်အာကာသအေဂျင်စီ ‘နာဆာ’ ရဲ့ အကြီးအကဲ ဂျင်မ် ဘရီဒန်စတိုင်းက ပြောကြားလိုက်ပါတယ်။

    “လကမ္ဘာကို နောက်တစ်ခေါက်သွားမယ့် လူသားဟာ အမျိုးသမီး ဖြစ်လာနိုင်သလို၊ အင်္ဂါဂြိုဟ်ကို ပထမဆုံးခြေချမယ့် လူသားကလည်း အမျိုးသမီး ဖြစ်နိုင်ပါတယ်” လို့ ဘရီဒန်စတိုင်းက CNN သတင်းဌာနရဲ့ Science Friday ရေဒီယိုအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

    အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် အမျိုးသမီးတွေဟာ နာဆာရဲ့ အနာဂတ်စီမံကိန်းတွေမှာ ရှေ့တန်းကနေ ပါဝင်နေတယ်လို့လည်း သူက ဆိုပါတယ်။

    အခုလနှောင်းပိုင်းမှာ အမျိုးသမီးအာကာသယာဉ်မှူးတွေ ပထမဆုံး အာကာသမှာလမ်းလျှောက်မယ့် အစီအစဉ်ကို နာဆာက စီစဉ်ထားပါတယ်။ ဒီအစီအစဉ်မှာ အမျိုးသမီး အာကာသယာဉ်မှူးတွေဖြစ်ကြတဲ့ အန်နီ မက်ကလိန်း၊ ခရစ္စတီးနား ကို့ခ်ျတို့ ပါဝင်မှာ ဖြစ်ပြီး လမ်းလျှောက်ချိန် ၇ နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။

    “ဒီရက်တွေဟာ အင်မတန်ကြီးကျယ်တဲ့နေ့ရက်တွေ ဖြစ်မှာပါ။ ဒီလနှောင်းပိုင်းမှာ အမျိုးသမီး အာကာသယာဉ်မှူးတွေ ပထမဆုံး လမ်းလျှောက်ကြမှာ ဖြစ်ပါတယ်။ ဒီလဟာ နာဆာရဲ့ ‘အမျိုးသမီးများလ’ ပါ”

    မက်ကလိန်းနဲ့ ကို့ခ်ျတို့ဟာ ၂၀၁၃ ခုနှစ် အာကာသယာဉ်မှူးသင်တန်းဆင်းတွေဖြစ်ပြီး သင်တန်းတက်ရောက်သူ ထက်ဝက်လောက်က အမျိုးသမီးတွေ ဖြစ်ပါတယ်။ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ flight director သင်တန်းမှာလည်း ၅၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တယ်လို့ နာဆာအကြီးအကဲက ပြောပါတယ်။

    နာဆာမှာ အမျိုးသမီးတွေ ပထမဆုံး အမှုထမ်းတာဟာ ၁၉၇၈ ခုနှစ်မှာဖြစ်ပြီး အမျိုးသမီး အာကာသယာဉ်မှူး ၆ ဦး ဖြစ်ပါတယ်။ လက်ရှိ နာဆာမှာ တာဝန်ထမ်းဆောင်နေတဲ့ အာကာသယာဉ်မှူးတွေရဲ့ ၃၄ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။

    Ref: CNN

  • အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းပုံကို ဥရောပအာကာသအေဂျင်စီ ထုတ်ပြ

    အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းပုံကို ဥရောပအာကာသအေဂျင်စီ ထုတ်ပြ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    အင်္ဂါဂြိုဟ်မှ Korolev ချိုင့်ခွက်

    – ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှာ ဆီးနှင်းတွေ ဖုံးလွှမ်းနေသလိုဘဲ အင်္ဂါဂြိုဟ်မှာလည်း ဒီလိုပုံစံ ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတစ်ခုကို ဥရောပ အာကာသအေဂျင်စီ (ESA) က ထုတ်ပြလိုက်ပါတယ်။

    အခုမြင်တွေ့ရတဲ့ဓာတ်ပုံဟာ အင်္ဂါဂြိုဟ် မြောက်ဝင်ရိုးစွန်းနားမှာရှိတဲ့ Korolev ချို့ခွက်ဖြစ်ပြီး ESA ရဲ့ အင်္ဂဂြိုဟ် လေ့လာရေးစီမံကိန်း Mars Express က အရည်အသွေးမြင့် ကင်မရာနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    ချိုင့်ခွက်ကြီးရဲ့ အကျယ်ဟာ မိုင် ၅၀ လောက်ရှိပြီး ဖုံးလွှမ်းနေတဲ့ ရေခဲထုက ၁.၈ ကီလိုမီတာအထူ ရှိပါတယ်။

    ဆိုဗီယက် အာကာသာစီမံကိန်းရဲ့ ဗိသုကာဖြစ်တဲ့ အင်ဂျင်နီယာ၊ အာကာသယာဉ်ဒီဇိုင်နာ ဆာဂျီ ကိုရိုလက်ဗ်ကို အစွဲပြုပြီး ဒီချိုင့်ခွက်ကို Korolev လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ ကိုရိုလက်ဗ်ဟာ လ၊ အင်္ဂါဂြိုနဲ့ သောကြာဂြိုဟ် စတဲ့ အခြားဂြိုတွေကို လေ့လာတဲ့ စီမံကိန်းကို ပထမဆုံး စတင်ခဲ့သူဖြစ်ပြီး သူဦးဆောင်တဲ့ Sputnik စီမံကိန်းဟာ ကမ္ဘာ့ ပထမဆုံး ဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပါတယ်။

    Mars Express စီမံကိန်းဟာ ဥရောပအာကာသအေဂျင်စီက အခြားဂြိုဟ်တွေကို လေ့လာတဲ့ ပထမဆုံး စီမံကိန်းဖြစ်ပြီး ၂၀၀၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ အင်္ဂါဂြိုဟ်ရဲ့ ပတ်လမ်းထဲကို ၀င်ရောက်နိုင်ခဲ့ပါတယ်။

    အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ကလည်း အခုလစောပိုင်းမှာ အင်္ဂါဂြိုဟ်က ပထမဆုံးအသံဖိုင်ကို ထုတ်ပြန်ခဲ့ပြီး ဂြိုဟ်မှာ လေတိုက်ရာကနေ စူးစမ်းလေ့လာရေးယာဉ် InSight က ဆိုလာပြားတွေ လှုပ်ခတ်ပြီး ထွက်လာတဲ့အသံ ဖြစ်ပါတယ်။

    Ref: BBC