News @ M-Media

Tag: Media Press

  • Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး

    Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး

    နေပြည်တော်လွှတ်တော် အဆောက်အအုံကို ဒရုန်းနဲ့ ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦး မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးနဲ့ ယာဉ်မောင်းတို့ကို ဖမ်းဆီး ထားတာဟာ ၄ ရက်ရှိနေပြီး မိသားစုနဲ့တွေ့ခွင့်မရသေးပါဘူး။ ရှေ့နေနဲ့လည်း တွေ့ခွင့်မရသေးဘူးလို့ မြန်မာသတင်းထောက်ရဲ့အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်ကတင်ပြပေးပါမယ်။

    အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက နေပြည်တော် လွှတ်တော်အဆောက်အအုံအနီးမှာ အဝေးထိန်း ဒရုန်းလွှတ်တင်ရိုက်ကူးဖို့ ပြင်ဆင်နေတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး။ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက်တို့အပြင် ဘာသာပြန်အဖြစ်လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးအပါအ၀င် ယာဉ်မောင်းတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားပါတယ်။

    ဖမ်းဆီးတာက ဒီနေ့မှာဆိုရင် ၄ ရက်ရှိနေပြီဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး နောက်တနေ့ စနေနေ့မှာ ချုပ်ရမန်ယူ စစ်ဆေးနေတာပါတယ်။ စစ်ဆေးနေဆဲကာလ ဖြစ်တဲ့အတွက် အပြင်လူနဲ့တွေ့ခွင့်မရဘူးလို့ အမှုကို ကူညီလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းရဲ့နေပြည်တော်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

    “ရာဇ၀တ်တရားသူကြီးဆီကနေ ရမန်ယူထားတယ်ခင်ဗျ၊ ရမန်ယူထားတော့ ရမန်ကဘာနဲ့ ယူထားသလဲဆိုတော့ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ရမန်ယူထားတယ်ခင်ဗျ ။ ပြီးတာ့ ကိုအောင်နိုင်စိုးနဲ့ Taxi driver ၂ ယောက်ကို ပျဉ်းမနားရဲစခန်းအချုပ်မှာထားပါတယ်။ စင်္ကာပူ ဂျာနယ်လစ်နဲ့ မလေးရှား အမျိုးသမီးဂျာနယ်လစ်ကိုတော့ နေပြည်တော်မှာထားပါတယ်။ အမှတ်၁ ရဲစခန်းအချုပ်မှာထားပါတယ်ခင်ဗျ။ သူတို့ကအခု ရမန်ယူထားတဲ့အတွက်ကြောင့် ရမန်က သူက ၁၄ ရက် ယူလို့ရပါတယ်။ ၁၄ ရက်အတွင်းမှာတော့ ရုံးကိုပြန်ပို့ရမယ်ပေါ့လေ။ စစ်ဆေးမှုကတော့ Under investigation လို့ပြောတယ် အဲဒီအတွက်ကြောင့် အပြင်လူနဲ့ သူတို့ကို တွေ့ခွင့်မပေးသေးဘူးခင်ဗျ။”

    သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို အချုပ်ချထားတဲ့ အမှတ် ၅ ရဲစခန်းရဲ့ စခန်းမှူးက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာ မိသားစုနဲ့တွေ့ဆုံခွင့်ပေးမယ်လို့ပြောကြောင်း ကိုအောင်နိုင်စိုးမိသားစု ကိုယ်စား လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုရဲထူးကပြောပါတယ်။

    “အမှတ် ၅ ရဲစခန်းမှူးကပြောပါတယ် သူတို့ Investigation လုပ်ပြီးတဲ့အချိန်ကျရင်တော့ ပေးတွေ့မယ် ဒါပေမယ့် အချိန်အားဖြင့်တော့ သတ်သတ်မှတ်မှတ်မပြောနိုင်သေးဘူးလို့တော့ ပြောပါတယ်။ ဒီဘက်မှာ ရမန်ယူထားတဲ့ ကာလအတွင်းမှာ စုံစမ်းစစ်ဆေးနေတယ်ဆိုတော့ သူတို့အပြင်ကို ဘာမှ ထုတ်ပြောတာမရှိသေးဘူးခင်ဗျ။”

    သတင်းထောက်တွေဟာ လွှတ်တော်အဆောက်အဦးနားမှာ အဝေးထိန်း ဒရုန်းယာဉ်လွှတ်တင်ဖို့လုပ်နေစဉ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ခုလို လုံခြုံရေးအထူးသတိထားတဲ့ နေရမျိုးတွေမှာ အဝေးထိန်းဒရုန်းမလွှတ်ရဆိုတဲ့ ကန့်သတ်ချက်မျိုးရှိသလားလို့ သတင်းမီဒီယာကောင်စီက ကိုမြင့်ကျော်ကိုမေးတော့

    “ကျနော်က တခါမှ မကြားဖူးဘူး Drone သုံးတာ ဘယ်နေရာကန့်သတ်တယ်ဆိုတာ ။ ရွှေတဂုံဘုရားမှာတော့ ကန့်သတ်တယ်ဆိုတာက မီဒီယာတွေထဲမှာလည်းပါဖူးတယ်၊ အဲဒါတော့ကြားဖူးတယ်။ ဒါပေမယ့် လွှတ်တော်လိုနေရာမျိုးမှာ မကြားဖူးဘူး သတိ၊ အသိပေးထားတာ အဲဒါမျိုးမကြားဖူးဘူး။”

    ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ပါတ်သက်လို့တော့ သက်ဆိုင်ရာ သံရုံးတွေကို အကြောင်းကြားထားတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားထားပါတယ်။ သူတို့ကို သွင်းကုန် ၊ထုတ်ကုန် ပုဒ်မ – ၈ နဲ့ဖမ်းဆီးထားတာဖြစ်ပြီး အဲဒီပုဒ်မနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။

  • မြန်မာ သံတော်ဆင့် ဂျာနယ်ကို အစိုးရ တရားစွဲမည်

    မြန်မာ သံတော်ဆင့် ဂျာနယ်ကို အစိုးရ တရားစွဲမည်

    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    65760_714348281993467_2591128000488983514_n
    – နိုင်ငံတော်သမ္မတ ဦးသိန်စိန်းအား ဂုဏ်အသေညှိုးနွမ်းအောင် ရေးသားခဲ့သည့် မြန်မာ သံတော်ဆင့် သတင်းစာအား တရားစွဲဆိုသွားမည်ဟု နိုဝင်ဘာ ၄ ရက်နေ့ထုတ်ဝေသော နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

    အဆိုပါ သံတော်ဆင့် သတင်းစာမှာ အစိုးရနှင့် ၀န်ကြီးမျအား ဝေဖန်ရေးသားရာတွင် လူသိများသည့် အပတ်စဉ် သတင်းစာ တစ်စောင်ဖြစ်ပြီး အင်တာဗျူးတစ်ခုတွင် နိုင်ငံတော်သမ္မတ၏ အမည်အား ရေးသားဖော်ပြရာတွင် ဂုဏ်သိက္ခာထိခိုက်စေသည့် စကားလုံးများ သုံးနှုန်းခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြသော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေသော မြန်မာ သံတော်ဆင့် ဂျာနယ်၏ ဖော်ပြမှုတွင် “နိုင်ငံတော်သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျနော် စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ် ပဲစား ပြောသလို ဖြစ်နေတာ” ဟု လည်းကောင်း ၊ ဆောင်းပါး ကဏ္ဍ ဖော်ပြမှုတွင်လည်း “ဘာကြောင့်မို့လို့၊ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲ ဆိုတာ စဉ်းစားလို့ကို မရဘူး” စသည်ဖြင့် ဖော်ပြခဲ့ကြောင်း သိရသည်။

    မြန်မာသံတော်ဆင့် ဂျာနယ်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်သရေကို ထိခိုက်စေသည့် ပြောဆိုချက်များကို ရေးသား ဖော်ပြခဲ့သည့်အတွက် ပြန်လည် တောင်းပန်စာကို မြန်မာသံတော်ဆင့် ဂျာနယ်နှင့် အစိုးရ သတင်းစာများတွင် ၂ ကြိမ် ဖော်ပြပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တဆင့် ညှိနှိုင်းခဲ့ကြောင်း၊  မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဂျာနယ်နှင့် ဆွေးနွေးပြီး သံတော်ဆင့် ဂျာနယ်က တောင်းပန်စာကို တကြိမ်သာ ထည့်သွင်းပေးမည် ဖြစ်ကြောင်းနှင့် ထည့်ပေးမည့် တောင်းပန်စာ မူကြမ်းကို ပူးတွဲ၍ ပြန်လည် ပေးပို့ခဲ့ကြောင်း သိရသည်။

    ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အစိုးရက ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် မီဒီယာသမားများအား ဖိနှိပ်မှုများ ရှိလာပြီး ယခုဆုံးဖြတ်ချက်မှာ မြန်မာအစိုးရမှာ ဝေဖန်မှုများ ခံရဖွယ်ရှိနေသည်။

    ကိုကား – AFP၊ဧရာဝတီ

  • ယူနတီမှ သတင်းသမားများ ထောင်ဒဏ်ချခံရမှု မီဒီယာသမားများ ဆုတောင်းပွဲပြုလုပ်

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။      ။ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းသမားများအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရခြင်းအပေါ် လုပ်ဖော်ကိုင်ဖက် မီဒီယာများမှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရွှေတိဂုံ ကြေးသွန်းဘုရားတွင် ဆုတောင်းပွဲတစ်ရပ်အား ပြုလုပ်ခဲ့ကြသည်။

    2

    လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီဂျာနယ်တွင် “မကွေးတိုင်း ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုစက်ရုံ” ဟူ၍ဖော်ပြခဲ့သည့် ဆောင်းပါးသည် နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေ ဆိုပြီး ဖမ်းဆီးခံထားရသော ယူနတီဂျာနယ်မှ သတင်းသမားများအား ဇွန်လ ၁၀ ရက်နေ့ ၁၆ ကြိမ်မြောက် ရုံးချိန်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    “စီရင်ချက်မှာ လျှို့ဝှက်မှုပေါက်ကြားတယ်ဆိုတော့ တကယ်ပေါက်ကြား သွားသလား ၀န်ခံသလိုကြီးလားလို့ စဉ်းစားမိတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေလည်း မတွေ့ရပါဘူး။ သမ္မတ မိန့်ခွန်းပြောပြီးနှစ်ရက်အကြာမှာ ဒီလိုဖြစ်သွားတယ်။ အခုဆို မွန်းတည့်နေက လည်း အဖမ်းခံထားရတယ်။မီဒီယာတွေကိုခေါ်ယူ စစ်ဆေးနေတာတွေလည်း ရှိတယ်။ နိုင်ထက်စီးနင်းတွေ လုပ်နေသလိုလားလို့ ထင်မိတယ်။ တခြား သတင်းထောက်တွေလည်း စိတ်လုံခြုံမှု မရှိတော့ဘူးလို့ ထင်မိတယ်” ဟု ဆုတောင်းပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ  DVB မှ Planning Editor ကိုသန်းဝင်းထွဋ်က သုံးသပ်ပြောကြားသည်။

    ယင်းထောင်ဒဏ် ချမှတ်ခံရမှုအပေါ် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးအနေနှင့် မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေအပေါ် အထူး စိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်အတွက် အမှောင်ဖုံးတဲ့နေ့ တစ်နေ့ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။

    ပြန်ကြားရေးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှလည်း နိုင်ငံတော်လုံခြုံရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးက အရေးယူကြမှာဖြစ်ကြောင်း၊ စာနယ်ဇင်းသမားတွေမှာလည်း လွတ်လပ် ခွင့်ရှိသလို တာဝန်နှင့်ကျင့်ဝတ်များလည်းရှိကြောင်း ပြောဆိုခဲ့သည်ဟု RFA သတင်းဌာနတွင် ဖော်ပြထားပါသည်။

    မြန်မာနိုင်ငံဂျာနယ်လစ် ကွန်ယက်မှလည်း ယင်းထောင်ဒဏ်ချမှတ်ခံရခြင်းအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း၊ ၎င်းတို့လွတ်မြောက်ရေး အတွက်လည်း ဥပဒေလမ်းကြောင်း အတိုင်း တတ်စွမ်းသမျှကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက် တစ်စောင်အား ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

  • သတင်းထောက်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ သဘောထား ကြေငြာချက်ထုတ်ပြန်

    သတင်းထောက်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ သဘောထား ကြေငြာချက်ထုတ်ပြန်

    ဧပြီ ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    img073

    ရန်ကုန်  ။      ။      သတင်းထောက်များ မတရား ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ ဧပြီလ ၂၉ ရက်နေ့တွင် သဘောထား ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

    DVB သတင်းထောက် ကိုဇော်ဖေ ထောင်ချခံရမှုကို ၎င်းတို့ အဖွဲ့အနေနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ကိုဇော်ဖေသည် အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာ သတင်းကို ရယူခဲ့ခြင်းမှာ သတင်းထောက် တစ်ယောက်၏ အလုပ်တာဝန်သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စာနယ်ဇင်းပြုပြင်ပြောင်းလဲရေးကို ပြုလုပ်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ သတင်းထောက်များကို ထောင်ဒဏ်များချခဲ့ခြင်းသည် စာနယ်ဇင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တားဆီးနေသည်ဟု ယုံကြည်ကြောင်း DVB သတင်းထောက်ကိုဇော်ဖေ၊ Eleven Media သတင်းထောက်မခိုင်၊ Unity ဂျာနယ်မှ ၅ ဦးအပါအ၀င် သတင်း မီဒီယာသမားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် သဘောထားကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

    သတင်းထောက် ကိုဇော်ဖေ အတွက် ဒီမိုကရေစီအင်အားစု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် လုပ်ဖော်ကိုင်ဖက် သတင်းထောက်များက ဆူးလေစေတီတော် သောကြာထောင့်တွင် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည်။ အဆိုပါ ဆုတောင်းပွဲမျိုးကို သင်္ကြန်ကာလမတိုင်မီ ဧပြီလ ၁၀ ရက်နေ့ကလည်း ဆူးလေစေတီတော်၌ပင် လုပ်ဖော်ကိုင်ဘက် မီဒီယာများက ဆုတောင်းပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့ကြသေးသည်။

     

  • DVB သတင်းထောက်အားထောင်ဒဏ်ချမှု နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ခွင့်ပြုချက် မရသော်လည်း ကန့်ကွက် ဆန္ဒပြ

    DVB သတင်းထောက်အားထောင်ဒဏ်ချမှု နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ခွင့်ပြုချက် မရသော်လည်း ကန့်ကွက် ဆန္ဒပြ

    ဧပြီ ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    6(1)

    ရန်ကုန်  ။       ။     ဧပြီလ ၇ ရက်နေ့တွင် DVB သတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ် ချမှတ်ခံရခြင်းအပေါ် ကန့်ကွက်ကြောင်းနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရန် အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းပြည်မြို့ရှိ သတင်းထောက်များနှင့် ပြည်သူလူထုများသည် ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

    “ကျွန်တော်တို့ဆီမှာ သတင်းယူတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုမရှိပါဘူး။ လွန်ခဲ့တဲ့ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သတင်းသွားယူတဲ့ အခါမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ရဲ့ခွင့်ပြုချက် မရပဲနဲ့၊ခွင့်မတောင်းပဲနဲ့ သတင်းယူလို့မရဘူးဆိုပြီး ပုဒ်မတွေ ရွတ်ပြပြီး အရေးယူမယ်ဆိုပြီးခြိမ်းခြောက်ခဲ့တယ်။ စည်ပင်သာယာရုံးမှာလည်း ရုပ်သံ မီဒီယာတွေကို အင်တာဗျူး မပေးရဘူလို့ အထက်ကညွှန်ကြားထားတယ်လို့ပြောပါတယ် အများပြည်သူ ပိုင်တဲ့နေရာတွေမှာ လွတ်လပ်စွာ သတင်းယူခွင့်မရပါဘူး။ သတင်းယူခဲ့ရင်လည်း ယူတဲ့သူကို အရေးယူတဲ့ဖြစ်ရပ်တွေက သက်သေပါပဲ။ အဲလိုတွေဖြစ်နေလို့ကျွန်တော်တို့ကလည်း ဆန္ဒပြတောင်းဆိုနေတာပါ” ဟုဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ DVB သတင်းထောက် ကိုမင်းညို ကပြောခဲ့သည်။

    ဆန္ဒပြရန်ခွင့်ပြုမိန့်ကို ဧပြီလ ၁၉ ရက်နေ့တွင်တင်ထားပြီး ၂၃ ရက်နေ့တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စီတန်း လှည့်လည်ခွင့်ကိုငြင်းပယ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့သည်။

    သတင်းထောက်ကိုဇော်ဖေထောင်ချခံမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ သတင်းထောက်များမှလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဆုတောင်းပွဲများပြုလုပ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့် အတွက် သတင်းထောက်များ စုပေါင်းပြီး နေပြည်တော်ထိ သွားရောက်ကာ ဆန္ဒပြတောင်းဆိုမှုများကို ပြုလုပ်မည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။