News @ M-Media

Tag: Minority In Myanmar

  • မွန်ပြည်နယ်တွေ ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၃၀ ကျော်လာ

    မွန်ပြည်နယ်တွေ ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၃၀ ကျော်လာ

    သြဂုတ် ၁၀၊ ၂၀၁၉
    M-Media

    မွန်ပြည်နယ် မြေပြိုမှုမြင်ကွင်း

    -လတ်တလော မြန်မာနိုင်ငံတစ်ဝှမ်း မိုးကြီးပြီး ရေကြီးရေလျှံကာ မြေပြိုမှုတွေ ဖြစ်ပွားနေတာကြောင့် အနည်းဆုံး ၃၀ ကျော် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    နိုင်ငံတောင်ပိုင်း မွန်ပြည်နယ် သဲဖြူကုန်းရွာမှာ သောကြာနေ့က မြေပြိုမှုကြောင့် နေအိမ် ၁၆ အိမ်နဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပြိုကျခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ကြောင့် သေဆုံးသူဟာ ၃၄ ဦး ရှိလာပြီးဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ပျောက်ဆုံးနေသူ ၈၀ လောက် ရှိမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

    မွန်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေကြီးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။ ရန်ကုန်ကနေ မွန်ပြည်နယ်ကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တစ်ချို့ကို ရပ်ဆိုင်းခဲ့ရသလို၊ အဝေးပြေးကားလမ်းတွေလည်း ရေကြီးမှုကြောင့် ပိတ်ထားခဲ့ရပါတယ်။

    ဘီးလင်းမြို့နယ်ဟာ မွန်ပြည်နယ်မှာ ရေကြီးမှုကို အဆိုးဝါးဆုံး ခံစားနေရတဲ့ ဒေသဖြစ်ပြီး လူပေါင်း တစ်ထောင်လောက် အိုးအိမ်စွန့်ခွာကာ ပြည်နယ်အစိုးရက ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေရပါတယ်။

    မြန်မာနိုင်ငံတစ်ဝှမ်းက အခြားဒေသတွေ အထူးသဖြင့် မြစ်တွေနဲ့နီးတဲ့ ဒေသတွေမှာလည်း ရေကြီးမှုတွေ ရှိနေတာကြောင့် ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ကုလကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈၉၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: CNA

  • မြန်မာနိုင်ငံအတွင်း ကျူးလွန်မှုများကို စီးပွားရေးလုပ်ငန်းများက ပံ့ပိုးနေသည်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

    မြန်မာနိုင်ငံအတွင်း ကျူးလွန်မှုများကို စီးပွားရေးလုပ်ငန်းများက ပံ့ပိုးနေသည်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

    သြဂုတ် ၆၊ ၂၀၁၉
    M-Media


    ပည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် (MEHL) ပိုင် ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံ

    -မြန်မာစစ်တပ်က ဦးစီးလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ အဲဒါတွေနဲ့ ဆက်သွယ်နေတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးနေသလို ဖြစ်နေတဲ့အတွက် ဒီလုပ်ငန်းတွေကို အရေးယူဖို့ ကုလ အချက်အလက်ရှာဖွေရေးကော်မရှင်က နိုင်ငံတကအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

    နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ အပါအ၀င်၊ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအပေါ် စစ်ခေါင်းဆောင်တွေက ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အချအလက်ရှာဖွေဖို့ ကုလကဖွဲ့စည်းထားတဲ့ အဖွဲ့က မနေ့မှာ အစီရင်ခံစာစောင် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအစီရင်ခံစာမှာ တိုင်းပြည်ရဲ့ စီးပွားရေးကို စစ်ခေါင်းဆောင်တွေက ခေတ်အဆက်ဆက် လက်ဝါးကြီးအုပ်ထားပြီး၊ စစ်တပ်ပိုင်လုပ်ငန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေဟာ နိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေသလို ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

    “ပြည်တွင်း၊ ပြည်ပ လုပ်ငန်းတွေကနေ စစ်တပ်က ရရှိနေတဲ့ အကျိုးအမြတ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်လွတ်ခြေလွတ် လုပ်ဆောင်နေတာကို တွန်းအားပေးလို ဖြစ်နေပါတ” လို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတွေက လုပ်ငန်းတွေအပါအ၀င် မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၅၉ ခုအကြောင်းကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစ္စရေး၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က နိုင်ငံပိုင်လုပ်ငန်းတွေအပါအ၀င် အနည်းဆုံး နိုင်ငံခြား ကုမ္ပဏီ ၁၄ ခုလောက်က မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    လက်ဝါးကြီးအုပ်ထား

    ကုလရဲ့ အစီရင်ခံစာမှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် (MEHL) နဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ရဲ့ တည်ဆောက်ပုံတွေ စီးပွားရေးကွန်ယက် ဖြန့်ကျက်ထားပုံတွေကို ဖော်ပြထားပါတယ်။

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် လက်ရှိ စစ်ခေါင်းဆောင်တွေ၊ အရင်က စစ်ခေါင်းဆောင်ဟောင်းတွေ ချုပ်ကိုင်ထားတဲ့ အဲဒီ လုပ်ငန်းကြီး ၂ ခုဟာ ကျောက်စိမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ နိုင်ငံရဲ့ အဓိက၀င်ငွေရတဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ လောက်ကို လုပ်ကိုင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    အကျိုးအမြတ်ပေါင်းများစွာ ရနေတဲ့ အဲဒီလုပ်ငန်းတွေဟာ အရပ်သားအစိုးရရဲ့ စောင့်ကြည့်ထိန်းချုပ်မှုအောက်မှာ မရှိဘဲ၊ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဒီအကျိုးအမြတ်တွေက တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    စစ်ခေါင်းဆောင်တွေဟာ သူတို့ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကနေ လွတ်မြောက်နေရုံသာမကဘဲ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုကို ဖျက်လိုဖျက်ဆီးလုပ်နေကြောင်း၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်ကို လိုချင်ရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးမှာ စစ်တပ်က ကြီးကြီးမားမား ၀င်ရောက်စွက်ဖက်နေမှုကို အနည်းဆုံးဖြစ်အောင်၊ စစ်တပ်ကို အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ရောက်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ပြည်ပလုပ်ငန်းများလည်း တာဝန်မကင်း

    ၂၀၁၆ ခုနှစ်ကစလို့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံခြားကုမ္ပဏီ ၁၄ ခုကို အစီရင်ခံစာမှာ ဖော်ပြထားပြီး၊ ဒီလို ရောင်းချမှုတွေကို လုံးဝ ပိတ်ပင်နိုင်ရေး ဆောင်ရွက်ဖို့လည်း ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

    မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန်၊ ဥရောပသမဂ္ဂ ကနေဒါနဲ့ သြစတေးလျတို့က ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ကတော့ တကယ်တမ်း ထိရောက်ဖို့ဆိုရင် ပိုပြီးထိရောက်တဲ့ အရေးယူမှု၊ မြန်မာစစ်တပ်က ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းအုပ်စု ၂ ခု၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာနိုင်ငံတွေက သီးခြား ပစ်မှတ်ထားအရေးယူတဲ့ လှုပ်ရှားမှုမျိုး လိုအပ်တယ်လို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်တဲ့ မာဇူကီ ဒါရုစ်မန်က မြန်မာနိုင်ငံရဲ့စီးပွားရေး
    လက်ဝါဒကြီးအုပ်ခံရမှုကနေ ကင်းလွတ်ရေးအတွက် စစ်တပ်နဲ့ကင်းတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ နိုင်ငံခြားကုမ္ပဏီတွေကို တိုက်တွန်းတာ၊ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    “ဒါဟာ သဘာဝသယံဇာတ အပါအ၀င် မြန်မာနိုင်ငံရဲ့ စီးပွားရေး လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးရာရောက်သလို၊ ပြည်သူလူထုအပေါ် တာဝန်ခံမှုရှိစေရေး၊ တန်းတူညီမျှဖြစ်ရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေး အကူအညီပေးရာလည်း ရောက်ပါတယ်”

    Ref: DW, hrw.org

  • ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ကဏ္ဍစုံထိခိုက်ဟု လူ့အခွင့်အရေးအဖွဲ့များ ပြော

    ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ကဏ္ဍစုံထိခိုက်ဟု လူ့အခွင့်အရေးအဖွဲ့များ ပြော

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    စစ်ကြောင့်ထွက်ပြေးလာရသည့် ပြည်သူများ ဇန်နဝါရီလက ကျောက်တော်ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာစဉ်

    -တစ်လကျော် ကြာမြင့်နေပြီဖြစ်တဲ့ အင်တာနက် ဖြတ်တောက်ထားမှုကြောင့် ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး၊ စီးပွားရေး အပါအ၀င် ဘက်စုံ၊ ကဏ္ဍစုံမှာ ထိခိုက်မှုတွေရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားလိုက်ပြီး ပြန်ဖွင့်ပေးဖို့လည်း မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

    အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့၊ ချင်းပြည်နယ်က မြို့နယ် ၁ ခုတို့မှာ အင်တာနက်ဖြတ်တောက်ထားဖို့အတွက်မြန်မာအစိုးရဟာ ဇွန်လ ၂၀ ရက်နေ့က ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်နှောင်းပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ၂၀၁၉ ခုနှစ် ပိုမို ပြင်းထန်လာခဲ့ပြီး ပြည်သူ ၃၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ သူတို့တွေဟာ ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပြီး အကူအညီပေးရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုနဲ့ ရှင်သန်နေရတာ ဖြစ်ပါတယ်။

    အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက အင်တာနက်ဖြတ်တောက်မှုကြောင့် အဆက်အသွယ်တွေ ပြတ်တောက်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေမှာ အခက်အခဲများစွာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အင်တာနက် ဖြတ်တောက်ထားမှုကို အမြန်ဆုံးဖြေရှင်းပေးဖို့ အစိုးရကို မေတ္တာရပ်ခံပါတယ်”

    Fortify Rights က တနင်္လာနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ အင်တာနက် ဖြတ်တောက်မှုကြောင့် မီဒီယာများ ၀င်ရောက်နိုင်မှု၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်မှုနဲ့ စီးပွားရေးတွေကိုပါ ထိခိုက်စေပြီး၊ ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းဆော်သြထားပါတယ်။

    “အင်တာနက်ဖြတ်တောက်မှုကို အရပ်သားအစိုးရက လုပ်ဆောင်တဲ့အတွက် သူတို့ပဲ ပြန်ပြီး ဖွင့်ပေးနိုင်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ ရခိုင်တွေအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်မှုတွေ ရှိနေတဲ့အချိန်မျိုးမှာ ဒီလို အင်တာနက်ပိတ်ဆို့မှု ပေါ်ပေါက်လာတာပါ။ စစ်သွေးကြွတွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ပေမယ့်လည်း တစ်လနီးပါး ကြာလာတော့ အရပ်သား တစ်သန်းလောက်ကို ထိခိုက်ကာ အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်လာပါတယ်” လို့ အဖွဲ့ရဲ့ CEO မက်သယူး စမစ်က ပြောကြားခဲ့ပါတယ်။

    အကူအညီပေးမှု ထိခိုက်

    ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေဟာ အရပ်သားတွေ၊ အာဏာပိုင်တွေက ပေးပို့တဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေကို အသုံးပြုကာ အကူအညီ အလိုအပ်ဆုံးနေရာတွေကို သွားရောက်ရတာပါ။

    ရခိုင်တိုင်းရင်းသား ကွန်ဂရက်က အတွင်းရေးမှူးဖြစ်တဲ့ ဇော်ဇော်ထွန်းက သူတို့ရဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ ဒဏ်ရာရရှိတဲ့လူနာတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့လူတွေရဲ့ ဓာတ်ပုံတွေကို အရင်က Facebook Messenger ကနေ လျင်လျင်မြန်မြန် ပို့လို့ရခဲ့တယ်လို့ ပြောပါတယ်။

    “အင်တာနက်ပိတ်ထားတာကြောင့် ဒီလိုကိစ္စတွေကို ထိခိုက်တယ်။ အကူအညီလိုအပ်နေသူတွေလည်း ဒုက္ခရောက်ပါတယ်”

    ပုဏ္ဍားကျွန်းမြို့နယ်က ရွာတစ်ရွာမှာ အကူအညီပေးရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ နိုင်ဦးမောင်က အကူအညီအတွက် ဆိုရှယ်မီဒီယာတွေမှာ ပို့စ်တင်လိုက်ရင် တစ်ပြိုင်နက်တည်း လူထောင်သောင်းချီ တွေ့ရတဲ့အတွက် အဆင်ပြေကြောင်း၊ လက်ရှိအချိန်မှာတော့ အကူအညီပေးရေးအဖွဲ့ တစ်ခုချင်းစီကို ဖုန်းဆက်နေရကြောင်း ပြောကြားခဲ့ပါတယ်။

    မြောက်ဦးက မြို့နယ်တစ်ခုကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ် ဦးထွန်းသာစိန်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ အစာရေစာ ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

    “ဒုက္ခသည်တွေဟာ အခက်အခဲတွေ တော်တော်များများကို ရင်ဆိုင်နေရတယ်။ တစ်ချို့ဆို နပ်မှန်အောင်တောင် မစားရပါဘူး။ အင်တာနက် ပိတ်ပင်ထားမှုကြောင့် အကူအညီပေးရေးအဖွဲ့တွေ အကူအညီပေးပို့ရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိလာပါတယ်”

    မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်းဟီးလီက မြန်မာအစိုးရရဲ့ အင်တာနက်ဖြတ်တောက်မှုကြောင့် အရေးပါတဲ့ သတင်းစီးဆင်းမှုတွေကို တားဆီးလိုက်သလိုဖြစ်ပြီး အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုတွေ ပြင်ပ သတင်းဌာနတွေထံ မရောက်တာ၊ မိုးရာသီ ရေကြီးရေလျှံမှု သတိပေးချက်တွေ ပြည်သူတွေထံ မရောက်တာတွေ ဖြစ်နေတယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    Ref: RFA

  • မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က ဒဏ်ခတ်၊ ထိရောက်မည်မဟုတ်ဟု ပညာရှင်များပြော

    မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က ဒဏ်ခတ်၊ ထိရောက်မည်မဟုတ်ဟု ပညာရှင်များပြော

    ဇူလိုင် ၁၇၊ ၂၀၁၉
    M-Media

    -ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းမှုမှာ ပါဝင်တဲ့ကိစ္စအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် မြန်မာစစ်တပ်က ထိပ်တန်းခေါင်းဆောင် ၄ ဦးကို ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တယ်လို့ အမေရိကန်က မနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်အရင် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့ကိစ္စမှာ စစ်ဖက် ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို လူသိရှင်ကြား အရေးယူတာ အမေရိကန်က ပထမဆုံးပါ။ လူအခွင့်အရေး ချိုးဖောက်သူတွေ၊ ညှင်းပမ်းနှိပ်စက်သူတွေကို မြန်မာအစိုးရက အရေးယူမှု မရှိတာကို ကျွန်တော်တို့ စိုးရိမ်မိပြီး၊ မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ညှင်းပမ်းမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်လက်
    ထွက်ပေါ်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှု ခံလိုက်ရသူတွေက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ဖြစ်ပြီး သူတို့ရဲ့ မိသားစုတွေလည်း အရေးယူပိတ်ဆို့ခံရမှုမှာ ပါဝင်ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုတွေမှာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ပါဝင်နေတယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားထားပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကလည်း ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်စ် တီလာဆန်လက်ထက် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူမျိုးစုလိုက် ရှင်းလင်းမှု မြောက်တယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပြီး၊ ပွမ်ပီယိုကလည်း မနေ့က ဒီစကားကို ထပ်မံ ပြောကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်နဲ့ အစိုးရတို့က ကုလ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တာသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အမေရိကန်ရဲ့ ဒီအရေးယူမှုဟာ ၂၀၁၁ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် စိတ်ပျက်လာတယ်ဆိုတဲ့ အနေအထားကို မြင်ရတာလည်း ဖြစ်ပါတယ်။

    အလုပ်မဖြစ်

    မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးမှာ အတွင်းကျကျ ပါဝင်နေပြီး အမေရိကန်အစိုးရ၀န်ထမ်းဟောင်းလည်းဖြစ်တဲ့ အဲရင် မာဖီက အခုပိတ်ဆို့မှုဟာ ဗိုလ်ချုပ်တွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိမှာ မဟုတ်ဘဲ၊ အမေရိကန်ကို အလည်အပတ် ဒါမှမဟုတ် ကျောင်းတက်ဖို့လာချင်တဲ့ သူတို့ရဲ့ သားသမီးတွေ၊ မြေးမြစ်တွေအပေါ်ပဲ ထိခိုက်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

    ပိတ်ဆို့မှုဟာ အပြောင်းအလဲလုပ်ဖို့ တွန်းအားတစ်ခုဖြစ်ပေမယ့် ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ အပြုအမူတွေ ပြောင်းလဲဖို့ မသေချာဘူးလို့လည်း သူမက ဆိုပါတယ်။

    “အမြစ်တွယ်နေတဲ့ လူမျိုးရေးခွဲခြားမှု အပြုအမူတွေ၊ နိုင်ငံခြားသားကြောက် အပြုအမူတွေကို တုန့်ပြန်ရာမှာ ခရီးသွားလာခွင့် ပိတ်ဆို့တာလောက်နဲ့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ အရမ်းရှုပ်ထွေးပြီး ခက်ခဲတဲ့ကိစ္စကို ကိုင်တွယ်ဖို့အတွက် အပြစ်ပေးတာ၊ မက်လုံးပေးတာလို အခြားနည်းလမ်းတွေလည်း လိုအပ်ပါတယ်”

    ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာစစ်တပ်က အရာရှိတစ်ချို့ကို အမေရိကန်က အရေးယူခဲ့ပေမယ့် စီးပွားရေး ကန့်သတ် ပိတ်ဆို့မှုလောက်သာ ဖြစ်ပါတယ်။

    ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် အမေရိကန်ရဲ့ လေ့လာထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှု၊ မောင်းထုတ်မှုတွေကို အကြီးအကျယ်လုပ်ဆောင်ခဲ့ပြီး၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ ရွာလုံးကျွတ် မီးရှို့တာတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ မြန်မာစစ်တပ်က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးမှာ ရိုဟင်ဂျာ အနည်းဆုံး ၆၇၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

    Ref: Aljazeera

  • မောင်တောမှ အိုးအိမ်စွန့်ခွာရသူများအတွက် အိန္ဒိယက နေအိမ် ၂၅၀ ဆောက်ပြီး လွှဲပြောင်းပေးအပ်

    မောင်တောမှ အိုးအိမ်စွန့်ခွာရသူများအတွက် အိန္ဒိယက နေအိမ် ၂၅၀ ဆောက်ပြီး လွှဲပြောင်းပေးအပ်

    ဇူလိုင် ၁၀၊ ၂၀၁၉
    M-Media

    အိန္ဒိယက ဆောက်လုပ်ပေးသည့် နေအိမ်များ

    -ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့မှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခက်ပြေးခဲ့ရတဲ့ ရခိုင်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာမိသားစုတွေ နေထိုင်ဖို့အတွက် ဆောက်လုပ်ပြီးသား အိမ် အလုံး ၂၅၀ ကို အိန္ဒိယနိုင်ငံက မြန်အစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။

    အဲဒီအိမ်တွေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ အိမ်တွေ လွှဲပြောင်းပေးခဲ့မှုအကြောင်းကို နှစ်ဖက် အာဏာပိုင်တွေက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီစီမံကိန်းအတွက် မြန်မာအစိုးရက မြေနေရာ ၃ ခု သတ်မှတ်ပေးခဲ့ပြီး အိမ်တွေကို ဟိန္ဒူ၊ ရိုဟင်ဂျာနဲ့ ရခိုင်လူ့အဖွဲ့အစည်းတွေထံ ခွဲဝေပေးခဲ့ပါတယ်။ အိမ်တွေရဲ့ အကျယ်အ၀န်းဟာ စကွဲယားမီတာ ၄၀ ရှိပါတယ်။ နေအိမ်တွေ ဆောက်လုပ်မှုအတွင်း ဒေသခံလူ့အဖွဲ့အစည်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိခဲ့ပါတယ်။

    အိန္ဒိယက ဆောက်လုပ်ပေးခဲ့တဲ့ နေအိမ် ၂၅၀ မှာ ၁၄၈ လုံးက ဟိန္ဒူလူ့အဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ ၆၀ က ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၊ ၄၂ လုံးက ရခိုင်လူ့အဖွဲ့အစည်းတွေအတွက် ဖြစ်ပါတယ်။ အိမ်တွေကို မီးလိုင်းတွေ တပ်ဆင်ပေးထားပြီး၊ ရွာသားတွေ လာရောက်နေထိုင်ချိန်အမီ ဇူလိုင်လကုန်ပိုင်းမှာ ရေပိုက်လိုင်းတွေလည်း တပ်ဆင်ဖို့ ရှိနေပါတယ်။

    မြန်မာအာဏာပိုင်တွေဟာ ဟိန္ဒူတွေနေထိုင်တဲ့ ရွှေဇားရွာကိုသာ ဂျာနယ်လစ်တွေကို ခေါ်ဆောင် ပြသခဲ့ပြီး၊ ရိုဟင်ဂျာတွေရဲ့ ကြိမ်ချောင်းတောင်ရွာနဲ့ ရခိုင်တွေရဲ့ နန့်သာတောင်ရွာတို့ကို မပြခဲ့ပါဘူး။

    ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေထိုင်နိုင်ရေးအတွက် တရုတ်နဲ့ ဂျပန်တို့ကလည်း နေအိမ်တွေ ဆောက်လုပ်ပေးနေပါတယ်

    မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ၂၀၁၇ ခုနှစ် သဘောတူညီချက်အရ အိန္ဒိယဟာ နောက်ထပ် အိမ်အလုံးပေါင်း ၇၅၀ ဆောက်လုပ်ပေးဖို့ ကျန်ရှိနေသေးပြီး စီမံကိန်း ပြီးစီးမယ့် အချိန်အတိအကျကို မသတ်မှတ်ရသေးပါဘူး။

    Ref: CNA