News @ M-Media

Tag: Minority In Myanmar

  • စစ်တပ်က ရခိုင်ရွာသားများကို ဖမ်းဆီးထားစဉ် ကျူးလွန်မှုများအတွက် စိုးရိမ်ကြောင်း ကုလတာဝန်ရှိသူများ ထုတ်ပြန်

    စစ်တပ်က ရခိုင်ရွာသားများကို ဖမ်းဆီးထားစဉ် ကျူးလွန်မှုများအတွက် စိုးရိမ်ကြောင်း ကုလတာဝန်ရှိသူများ ထုတ်ပြန်

    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media

    ရသေ့တောင်မြို့နယ်မှ ဗုံးမှန်ထားသည့် နေအိမ်တစ်လုံး (Photo credit – AFP)

    -ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအတွင်း အစိုးရစစ်တပ်ဟာ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းပြီး နှိပ်စက်တာ၊ မိသားစုနဲ့ တွေ့ခွင့်မပေးတာတွေတာ ရှိတဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူ ၃ ဦးက ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်းဟီးလီ၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေဖြစ်တဲ့ အဂ်နက်စ် ချာလာမဒ်နဲ့ နီလ်စ် မဲလ်ဇာတို့က ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။

    ကြေငြာချက်ဟာ ကုလကိုယ်စားမဟုတ်ဘဲ တွေ့ရှိချက်တွေကို သူတို့ ၃ ဦး သီးသန့် ထုတ်ပြန်တာလို့ ဆိုပါတယ်။

    မကြာသေးမီကာလအတွင်း ရခိုင်အမျိုးသားတွေနဲ့ ယောက်ျားလေးငယ်တွေ အများအပြား အကြမ်းဖက်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးကြောင်း၊ ထိန်းသိမ်းစဉ်အတွင်း ညှင်းပမ်းနှိပ်စက်ခံရတာတွေလည်းရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ဖမ်းဆီးထိန်းသိမ်းပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတဲ့ လုပ်ရပ်တွေကို ချက်ခြင်း ရပ်တန့်ပစ်ဖို့ လိုပါတယ်။ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် ညှင်းပမ်းမှုတွေ၊ လူမဆန်တဲ့ အပြုအမူတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေ၊ ဖိအားပေးပြီး ထွက်ဆိုခိုင်းတာတွေ အတွက်လည်း လွတ်လပ်ပြီး ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်ရပါမယ်။ ကျူးလွန်သူတွေ အားလုံးကိုလည်း အရေးယူဖို့ လိုအပ်ပါတယ်”

    AA နဲ့ ပတ်သက်တယ်လို့ဆိုကာ ဖမ်းဆီးထားမှုအတွင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ဒါနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း လူ့အခွင့်အရေး တာဝန်ရှိသူတွေက ရရှိထားတယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်း တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးကတည်းက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်လာတာ ဖြစ်ပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ မနေ့ကထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ ရခိုင်ရွာသားတွေ ညှင်းပမ်းနှိပ်စက်ခံရမှုအချို့ကို ထည့်သွင်း ဖော်ပြထားပါတယ်။

    ဖမ်းဆီးခံရစဉ် သေဆုံးသွားမှုတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ထားတဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အများပြည်သူထံ ချပြသွားဖို့၊ ကျူးလွန်သူတွေကို အရေးယူဖို့လည်း ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

    Ref: AFP

  • မြန်မာနိုင်ငံမှ အဖိုးတန်ပယင်းကျောက်များ တရုတ်နိုင်ငံသို့ မှောင်ခိုထွက်နေ

    မြန်မာနိုင်ငံမှ အဖိုးတန်ပယင်းကျောက်များ တရုတ်နိုင်ငံသို့ မှောင်ခိုထွက်နေ

    သြဂုတ် ၃၀၊ ၂၀၁၉
    M-Media

    -မြန်မာနိုင်ငံမြောက်ပိုင်းက ပယင်းကျောက်ထွက်ရှိရာ နေရာတွေကို အစိုးရစစ်တပ်က သိမ်းယူပြီး တရားမ၀င်ထုတ်ရောင်းနေတယ်လို့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    ကချင်ပြည်နယ်မှာရှိနေတဲ့ အဲဒီ ပယင်းကျောက်တွင်းတွေဟာ အမွှေးပါ ဒိုင်နိုဆော အမြီးတွေ၊ ငှက်တွေ၊ ဖွတ်တွေ၊ ဖားတွေနဲ့ အခြား ကျောရိုးမဲ့ သတ္တဝါတွေ အပါအ၀င် နှစ်ပေါင်း ၉၉ သန်းလောက် သက်တမ်းရှိပြီး သိပ္ပံဆိုင်ရာ တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ကြွင်းတွေ တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။

    အဲဒီ ရုပ်ကြွင်းတွေကို စည်းမဲ့ကမ်းမဲ့ တူးယူကာ တရုတ်နိုင်ငံကို မှောင်ခိုထုတ်ပြီး ယူနန်ပြည်နယ်အနောက်ပိုင်း Tengchong မြို့က ကျောက်ဈေးကွက်မှာ ရောင်းချနေတယ်လို့ လန်ဒန်အခြေစိုက် သိပ္ပံမဂ္ဂဇင်း New Scientist က မေလမှာ ဖော်ပြခဲ့ပါတယ်။

    ရုပ်ကြွင်းလေ့လာသူတွေဟာ အဲဒီ ပယင်းကျောက်ရုပ်ကြွင်းတွေကို အဓိကထား ၀ယ်ယူပြီး ရုပ်ကြွင်းအသစ်တွေအကြောင်း လတိုင်း စာတမ်းတွေ ဒါဇင်နဲ့ချီ ရေးသားကြတယ်လို့လည်း New Scientist က ဆိုပါတယ်။

    ပယင်းကျောက်တွင်းတွေရှိရာ ဒေသတွေဟာ ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ် ဇွန်လမှာ မြန်မာစစ်တပ်က အဲဒီနေရာတွေကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

    တရားမ၀င် ကျောက်တူးဖော်ရေးလုပ်ငန်းတွေကို တားဆီးဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဒီလို သိမ်းယူရတာလို့ ပြောပေမယ့် Hukawng တောင်ကြားမှာ စစ်တပ်က တရားမ၀င် ပယင်းကျောက် တူးဖော်မှုကို ပြန်လည် လုပ်ဆောင်နေတယ်လို့ ကချင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kachin Development Networking Group (KDNG) ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။

    Hukawng တောင်ကြားဟာ အဖိုးတန် ပယင်းကျောက်နဲ့ ရုပ်ကြွင်းတွေ ထွက်ရှိရာဒေသ ဖြစ်ပါတယ်။ ရုပ်ကြွင်းနမူနာတွေကို ၀ယ်လိုအား မြင့်လာတာကြောင့် တူးပြီးသားတွေ တရုတ်ဖက်ရောင်းချမှုကလည်း ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရောင်းချမှုတန်ဖိုးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဘီလီယံလောက် ရှိနိုင်ကြောင်း KDNG က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပယင်းကျောက်ထွက်ရှိရာဒေသတွေကို စစ်တပ်က တိုက်ခိုက်သိမ်းယူမှုအတွင်း အရပ်သားသေဆုံးမှုတွေ၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိ လူ ၃၀၀၀ လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ စစ်တပ်ကလည်း အကူအညီတွေကို ပိတ်ပင်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွင်းက လူ ၂၁ ဦးကို အသေးစိတ်မေးမြန်းပြီး အစီရင်ခံစာ ရေးသားထုတ်ပြန်တာလို့ KDNG က ဆိုပါတယ်။ ပယင်းကျောက်တူးဖော် ရောင်းချမှုကို ရပ်တန့်ဖို့နဲ့ နေရပ်စွန့်ခွာရသူတွေကို အိမ်ပြန်ခွင့်ပေးဖို့ မြန်မာစစ်တပ်ကို KDNG က တောင်းဆိုခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်မလုပ်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    KDNG ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လန်ဒန်က မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖြေကြားခဲ့ခြင်း မရှိဘူးလို့လည်း New Scientist ရဲ့ ဒီကနေ့သတင်းမှာ ဖော်ပြထားပါတယ်။

    Ref: New Scientist

  • မြန်မာစစ်တပ်ပိုင်လုပ်ငန်းများနှင့် အဆက်အသွယ်ဖြတ်မည်ဟု နာမည်ကျော် ဖက်ရှင်ကုမ္ပဏီများ  ထုတ်ပြန်

    မြန်မာစစ်တပ်ပိုင်လုပ်ငန်းများနှင့် အဆက်အသွယ်ဖြတ်မည်ဟု နာမည်ကျော် ဖက်ရှင်ကုမ္ပဏီများ ထုတ်ပြန်

    သြဂုတ် ၂၆၊ ၂၀၁၉
    M-Media

    Photo credit – Nikkei Asian

    -မြန်မာစစ်တပ် လက်အောက်မှာရှိနေတဲ့ စက်မှုဇုန်တွေနဲ့ ဆက်သွယ်လုပ်ကိုင်မှုကို အဆုံးသတ်ဖို့ ဆောင်ရွက်နေတယ်လို့ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတွေက ပြောကြားလိုက်ကြောင်း Nikkei Asian Review သတင်းဌာနက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ဟောင်ကောင်အ၀တ်အထည် ကုမ္ပဏီ Esprit က သူတို့အနေနဲ့ မြန်မာစစ်တပ်နဲ့ နွယ်တဲ့ အထည်ချုပ်စက်ရုံနဲ့ ဆက်သွယ်လုပ်ကိုင်မှု ဖြတ်တောက်လိုက်ပြီလို့ ပြောကြားခဲ့သလို H&M နဲ့ Bestseller တို့ကလည်း အခြေအနေကို သုံးသပ်နေတယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာ အ၀တ်အထည် ကုမ္ပဏီတွေက သူတို့ ဆက်သွယ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံစာရင်းကို ချပြထားရာမှာ နာမည်ကြီး တံဆိပ် တော်တော်များများကို ချုပ်ပေးနေတဲ့ စက်ရုံတွေဟာ စစ်တပ် ဦးပိုင်းစီးပွားရေးလုပ်ငန်းစု MEHL က ပိုင်ဆိုင်တဲ့ စက်မှုဇုန် ၂ ခုမှာ ရှိနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အချက်အလက်ရှာဖွေဖို့ ကုလက ဖွဲ့စည်းထားတဲ့ အဖွဲ့ဟာ သြဂုတ်လအစောပိုင်းက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်တပ်က ချုပ်ကိုင်ထားတဲ့ ဧရာမ စီးပွားရေးလုပ်ငန်းစု ၂ စုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက် MEHL နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့အကြောင်းကို ဖွင့်ချခဲ့ပါတယ်။

    ဆောက်လုပ်ရေး၊ ကျောက်စိမ်း၊ ကုန်ထုတ်လုပ်မှု၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေအပါအ၀င် နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၂၀ ကျော်ကို ဒီလုပ်ငန်းစု ၂ ခုက ချုပ်ကိုင်ထားတာဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကလည်း စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ပံ့ပိုးပေးသလို ဖြစ်နေတယ်လို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ဆိုပါတယ်။ ဒီလုပ်ငန်းစု ၂ ခုဟာ ပြည်တွင်းက ခရိုနီကုမ္ပဏီ အနည်းဆုံး ၂၇ ခုနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာ ကုလက တွေ့ရှိခဲ့ပါတယ်။

    နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    ဖက်ရှင်ကုမ္ပဏီများ


    Photo credit – Nikkei Asian

    Next၊ Bestseller၊ H&M၊ Marks & Spencer၊ C&A နဲ့ Esprit တို့လို ဖက်ရှင်ကုမ္ပဏီတွေ ဆက်သွယ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတွေဟာ ဦးပိုင်လုပ်ငန်းစုပိုင် စက်မှုဇုန်တွေဖြစ်တဲ့ ငွေပင်လယ် စက်မှုဇုန်၊ ပျဉ်းမပင် စက်မှုဇုန်တွေမှာ တည်ရှိတာပါ။

    Esprit ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ငွေပင်လယ် စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်လုပ်ငန်း Perfect Gains Garment Manufacturing နဲ့ အဆက်အသွယ် ချက်ခြင်းဖြတ်တောက်တော့မယ်လို့ Nikkei Asian ကို ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

    အရင်တုန်းက မြန်မာစစ်တပ်နဲ့ ပတ်သက်မှုရှိတာကို မသိတဲ့အတွက် ဆက်သွယ်လုပ်ကိုင်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    H&M ကတော့ သူတို့အနေနဲ့ ကုလအစီရင်ခံစာပါ တွေ့ရှိချက်တွေကို သုံးသပ်နေပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကုလ၊ ဥရောပသမဂ္ဂတို့ရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း၊ ဒီကိစ္စကို သေသေချာချာ စုံစမ်းနေပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးကို အလေးထားမြှင့်တင်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ရေးအတွက် ဥပဒေအရ ရှိနေတဲ့ တာဝန် ၀တ္တရားတွေကို အပြည့်အ၀ လိုက်နာသွားမယ်လို့လည်း H&M က အီးမေးလ်မှာ ရေးသားခဲ့ပါတယ်။

    BestSeller ကလည်း ကုလရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို သုံးသပ်နေတယ်လို့ ဖြေကြားခဲ့ကြောင်း Nikkei Asian က ဖော်ပြပြီး C&A ကတော့ မေးမြန်းမှုကို ပြန်မဖြေဘူးလို့ ဆိုပါတယ်။

    Marks & Spencer ဟာ မြန်မာစစ်တပ်ကပိုင်တဲ့ စက်မှုဇုန်နှစ်ခုက အထည်ချုပ် စက်ရုံတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတာကို တွေ့ရသလို၊ ဦးပိုင်နဲ့ တောင်ကိုရီးယားကုမ္ပဏီ Pan-Pacific Co တို့ ပူးတွဲပိုင်ဆိုင်တဲ့ Myanmar Wise-Pacific Apparel လုပ်ငန်းနဲ့လည်း အဆက်အသွယ် ရှိနေပါတယ်။

    Wise-Pacific နဲ့ အဆက်အသွယ် ဖြတ်လိုက်ကြောင်း Marks & Spencer က ထုတ်ပြန်ခဲ့ပေမယ့် ဘယ်တုန်းက ဘာ့ကြောင့် ဖြတ်လိုက်လဲဆိုတဲ့ မေးမြန်းမှုကို မဖြေဘူးလို့ Nikkei Asian က ဖော်ပြထားပါတယ်။

    အခုလအစောပိုင်းက ဘယ်လ်ဂျီယံ ဆက်သွယ်ရေးကုမ္ပဏီ Newtec က သူတို့ဟာ MEC နဲ့ အဆပ်အစပ်ရှိတဲ့ Mytel နဲ့ ဆက်သွယ်ဆောင်ရွက်မှုကို ဖြတ်တောက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာ့ စီးပွားရေးဦးပိုင် လိမိတက် MEHL ကတော့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ Nikkei Asian က ဖော်ပြထားပါတယ်။ ဒီလုပ်ငန်းကို စီမံနေတဲ့ အဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ကာကွယ်ကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့က ဦးဆောင်တာ ဖြစ်ပါတယ်။

    သူတို့ ၂ ဦးစလုံးဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာဝန်ရှိသူတွေလို့ ကုလက သတ်မှတ်ထားပါတယ်။ နိုင်ငံအတွင်း လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုအတွက်လည်း ကုလရဲ့ ပိတ်ဆို့မှုကို ခံထားရပါတယ်။

    Ref: Nikkei Asian Review

  • လူလုပ်စက်အဖြစ် တရုတ်ပြည်သို့ ရောင်းစားခံနေရသော မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ

    လူလုပ်စက်အဖြစ် တရုတ်ပြည်သို့ ရောင်းစားခံနေရသော မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ

    သြဂုတ် ၁၉၊ ၂၀၁၉
    M-Media

    တရုတ်မယားအဖြစ် ရောင်းစားခံလိုက်ရသည့် ၁၇ နှစ်အရွယ် ညို

    -ဘယ်ရောက်ခဲ့လဲဆိုတာ သူမ မသိသလို၊ စကားလည်း မတတ်ပါဘူး။ သူမဟာ အသက် ၁၆ ရွယ်သာ ရှိပါသေးတယ်။

    ဖုန်းထဲက ဘာသာပြန် ဆော့ဖ်ဝဲရဲ့ အကူအညီနဲ့ အမျိုးသားတစ်ယောက်က ‘ငါ နင့်ယောင်္ကျား’ လို့ ပြောတာကို သူမ သိခဲ့ရတယ်။ အဲဒီအမျိုးသားရဲ့ ဖိနှိပ်မှုကိုလည်း သူမ ခံစားခဲ့ရပါတယ်။

    သူမကတော့ ‘ညို’ ပါ။ မြန်မာနိုင်ငံ ရှမ်းတောင်တန်းဒေသရဲ့ ရွာတစ်ရွာက ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ကောင်းကောင်းမသိခင်မှာပဲ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ ၉ ရက်သားအရွယ် သူမရဲ့ သမီးငယ်က အမွှေးရေးရေးလေးတွေနဲ့ လုံးဝ တရုတ်မျက်နှာပေါက်ဖြစ်ပါတယ်။

    “နှုတ်ခမ်းတွေကအစ သူ့အဖေလိုပဲ” လို့ ညိုက ပြောပါတယ်။

    “တရုတ်ပေါ့”

    ကျိန်စာရွတ်သလို ပြောလိုက်တာပါ

    တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကြောင့် လူဦးရေပေါက်ကွဲမှု နောက်ဆက်တွဲ ဆိုးကျိုးကို ရှောင်ရှားနိုင်ခဲ့တယ်လို့ တရုတ်ခေါင်းဆောင်တွေက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုကြပါတယ်။ တရုတ်မိသားစုတွေက မိန်းကလေးကိုယ်ဝန်ဆိုရင် ဖျက်ချတာ၊ သားယောင်္ကျားလေး ရဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးကြတာကြောင့် နှစ်ပေါင်း ၃၀ ကြာတဲ့အခါမှာ တရုတ်နိုင်ငံဟာ မိန်းကလေးတွေကို တစ်ခြားတိုင်းပြည်တွေကနေ ဓားပြတိုက်ရတဲ့အဆင့် ဖြစ်လာပါတယ်။

    အဲဒီကလေးတွေဟာ အခုအချိန်မှာ လူလားမြောက်လာကြပြီး မျိုးဆက်မဲ့သူတွေအဖြစ် အခေါ်ခံလာရပါတယ်။ မင်္ဂလာဆောင်နိုင်မယ့် သတို့သမီးရှားပါးပြီး မိသားစုမျိုးဆက် ဆက်မထိန်းနိုင်တာကြောင့်ပါ။ တရုတ်နိုင်ငံမှာ ကျား၊ မ မညီမျှမှု အမြင့်ဆုံးအချိန် ဖြစ်တဲ့ ၂၀၀၄ ခုနှစ်မှာဆိုရင် မွေးဖွားနှုန်းဟာ ယောင်္ကျားလေး ၁၂၁ ယောက်မှာ၊ မိန်းကလေး ၁၀၀ သာ ရှိပါတယ်။

    ဒီလို အမျိုးသမီးရှားပါးမှု ပြဿနာကို ကျော်လွှားဖို့အတွက် တရုတ်အမျိုးသားတွေဟာ အိမ်နီးချင်း နိုင်ငံတွေက အမျိုးသမီးတွေကို တင်သွင်းကြားပြီး တစ်ခါတစ်ရံမှာ ဒါမျိုးကို အဓမ္မ လုပ်ဆောင်တာမျိုးအထိ ရှိလာပါတယ်။

    “တရုတ်မယားလုပ်ဖို့အတွက် လူကုန်ကူးတာဟာ ရှမ်းပြည်မှာ အမြဲလိုလို ဖြစ်နေပါတယ်” လို့ လားရှိုးမြို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇော်မင်းထွန်းက ပြောပါတယ်။

    Johns Hopkins Bloomberg School of Public Health နဲ့ ထိုင်းနိုင်ငံက ကချင် အမျိုးသမီးအသင်းတို့ရဲ့ လေ့လာမှုအရ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုတည်းကို ပို့ဆောင်ကာ အဓမ္မ လက်ထပ်ခြင်း ခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် အရေအတွက်ဟာ ၂၁၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းကုန်းမြင့်ပေါ် မိုင်းရွယ်မြို့က ရွာငယ်လေးတစ်ရွာဟာ စစ်တန်းလျား သာသာသာ ရှိပြီး စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ညစ်ပတ်နေတဲ့ လမ်းတွေပေါ်က သွပ်မိုးတဲလေးတွေမှာ နေထိုင်ရတာပါ။

    ပြီးခဲ့တဲ့နှစ်က ကျောင်းပြီးသွားတဲ့နောက် ညိုနဲ့ သူမရဲ့ အတန်းဖော် ဖြူတို့ဟာ ဒီစစ်တန်းလျားမှာ
    ထေိုင်ရတာထက် ပိုပြီးအသက်ရှုချောင်တဲ့ဘ၀မျိုးကို ရရှိချင်လာကြပါတယ်။ သူတို့ဟာ အသက် မပြည့်သေးတာကြောင့် အမည်လွှဲတွေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။

    အိမ်နီးချင်းဖြစ်သူ ဒေါ်စန်းကြည်ဆိုသူက အခြားရွာက ဒေါ်နှင်းဝေဆိုသူနဲ့ ချိတ်ဆက်ပြီး တရုတ်နယ်စပ်မှာ စားပွဲထိုးအလုပ်ရမယ်လို့ ကတိပေးခဲ့ပါတယ်။

    ရွာထဲမှာ ဒေါ်နှင်းဝေရဲ့ အိမ်က အကောင်းဆုံး၊ အသာဆုံးမို့ သူရဲ့ စားပွဲထိုးအလုပ်အကြောင်းကလည်း တာသွားပါတယ်။

    “သူ့ကို ကျွန်မတို့ ယုံခဲ့မိတာပါ” လို့ လက်ရှိမှာ ၁၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖြူက ပြောပါတယ်။

    ၂၀၁၈ ခုနှစ် ဇူလိုင်လရဲ့ မနက်ပိုင်းတစ်ခုမှာ ဗန်ကားတစ်စီး မိုင်းရွယ်ကို ရောက်ရှိလာပြီး မိန်းကလေးငယ်တွေကို ခေါ်ဆောင်သွားပါတော့တယ်။ တောင်ပေါ်လမ်းကြောင့် ဖြူတစ်ယောက် ကားမူးခဲ့ပြီး ဒေါ်စန်းကြည်က ဆေး ၄ လုံး ပေးခဲ့ပါတယ်။ ပန်းရောင်တစ်လုံး၊ အဖြူရောင် ၃ လုံးပါ။

    ဆေးသောက်ပြီးတဲ့နောက် ဖြူဟာ ရီဝေေ၀ ဖြစ်သွားခဲ့ပါတယ်။ သူမရဲ့ လက်မောင်းမှာ တစ်ယောက်ယောက်က ဆေးလာထိုးတယ်လို့လည်း သူမက ပြောပါတယ်။ အဲဒီအချိန်တုန်းက ရိုက်ထားတဲ့ ပုံမှာတော့ သူမဟာ မျက်နှာမို့ပြီး မျက်လုံးရီဝေနေတာကို တွေ့ရပါတယ်။

    “ဒါတွေမဖြစ်ခင်တုန်းက ဖြူဟာ ပျော်ပျော်နေတတ်ပြီး တက်ကြွသူပါ။ ဒါပေမယ့် သူ သတိမရအောင် သူတို့က တစ်ခုခုလုပ်လိုက်ပြီး အသွေးအသားကိုလည်း စားသုံးလိုက်ပါတယ်။ ရိုက်တယ်နှက်တယ်။ ဘ၀ပျက်သွားတယ်ဆိုတာကိုတောင် သူမ မသိလိုက်ပါဘူး” လို့ မိခင်ဖြစ်သူ ဒေါ်အေးဦးက ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ ညိုကတော့ ဆေးသောက်ဖို့ ငြင်းခဲ့ပါတယ်။ မှတ်ဉာဏ်က
    ရှင်းလင်းပေမယ့် ရှုပ်ထွေးမှုတော့ ရှိဆဲပါ။ နယ်စပ်တစ်လျှောက်က တည်းခိုခန်းတွေမှာ ကားရပ်တယ်။ သူတို့အလုပ်လုပ်မယ့် စားသောက်ဆိုင်က မိုးကြီးလို့ ပိတ်လိုက်ရတယ်ဆိုတဲ့ ဇာတ်လမ်းကိုလည်း သူတို့ ကြားခဲ့ရပါတယ်။ သူတို့ဟာ လှေတွေ၊ ကားတွေ ဆက်စီးခဲ့ရပါတယ်။

    ၁၀ ရက်လောက် အဆင့်ဆင့် သွားခဲ့ရပြီးတဲ့နောက်မှာတော့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရမယ်ဆိုတဲ့ သူတို့ရဲ့ အတွေးဟာ ရှေ့ဆက်ရမယ့် သူတို့ဘ၀မှာ ပျောက်သွားတယ်လို့ ညိုက ပြောပါတယ်။ သူမနဲ့ ဖြူတို့ဟာ ထွက်ပြေးဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သွားရမှန်း မသိခဲ့ပါဘူး။ လူကုန်ကူးသမားတွေက သူတို့ကို ပြန်ဖမ်းမိသွားပြီး အခန်းထဲမှာ လှောင်ပိတ်ထားတယ်။ သူတို့ရဲ့ ဖုန်းတွေကလည်း လိုင်းမမိပါဘူး။

    တရုတ်စကားပြောတဲ့ အမျိုးသားတွေက သူတို့ကို လာကြည့်ကြတယ်။ တစ်ချို့က တစ်ယောက်ကို ကြိုက်ပြီး၊ တစ်ချို့က နောက်တစ်ယောက်ကို ကြိုက်ကြပါတယ်။

    “ရောင်းစားခံလိုက်ရတယ်ဆိုတဲ့ အသိမျိုး ဖြစ်လာတယ်။ ဒါပေမယ့် ကျွန်မ မလွတ်မြောက်နိုင်တော့ပါဘူး” လို့ ဖြူက ပြောပါတယ်။

    လူကုန်ကူးသမားတစ်ယောက်က ကံကောင်းတယ်လို့ ဖြူ့ကို ပြောပါတယ်။ သူ့ကိုကြိုက်တဲ့ အမျိုးသားတွေထဲက တစ်ဦးကို ရွေးခွင့်ပေးတယ်။ ဗိုက်ပူတစ်ယောက်နဲ့ လူအိုတစ်ယောက်ကို ဖြူက ငြင်းလိုက်ပါတယ်။ သူမ ငိုတဲ့အခါ လူကုန်ကူးသူက မငိုဖို့နဲ့ ခင်ပွန်းလောင်းအတွက် လှနေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

    “ကျွန်မ လက်မထပ်ချင်ဘူးလို့၊ အိမ်ပြန်ချင်တယ်လို့ ပြောခဲ့တယ်” လို့ သူမက ဆိုပါတယ်။

    အခုနှစ်အတွင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထံ သတို့သမီး လူကုန်ကူးမှု နောက်ကွယ်က ရေခံမြေခံတွေကို ဖော်ပြထားပါတယ်။

    “အလွယ်တကူ ၀င်လို့ရတဲ့ နယ်စပ်၊ နှစ်ဖက်စလုံးက တာဝန်ယူမှုမရှိတဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ စတာတွေက လူကုန်ကူးသမားတွေ ရှင်သန်ကြီးထွားနိုင်တဲ့ အခြေအနေတစ်ခုကို ဖြစ်စေပါတယ်”

    တရုတ်နိုင်ငံကို ရောက်သွားပေမယ့် ညိုရော ဖြူပါ နယ်စပ်ဖြတ်ကျော်ခဲ့တာကို မမှတ်မိကြတော့ပါဘူး။ အဲဒီနောက် ခင်ပွန်းဖြစ်လာမယ့် သူတွေနဲ့တွေ့ကာ သူတို့နှစ်ယောက် ကွဲသွားခဲ့ကြပါတယ်။ သူတို့ရဲ့ သဘောတူမှုကိုယူပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရတာမျိုးတွေလည်း မရှိခဲ့ပါဘူး။ ရထားအကြာပြီးစီးပြီးတဲ့နောက်ပိုင်းမှာတော့ သူမဟာ ဘေဂျင်းကို ရောက်လာခဲ့တယ်လို့
    ဖြူက ထင်ခဲ့ပါတယ်။ သူမကို ၀ယ်ယူခဲ့တဲ့ အမျိုးသားကတော့ အသက် ၂၁ နှစ်အရွယ် ယွမ်ဖိုင်း
    ဖြစ်ပါတယ်။

    ဘေဂျင်းမြို့ဟာ မီရောင်းစုံတွေ၊ ဓာတ်လှေကားတွေ အများအပြားရှိတဲ့ မြို့တစ်ခုပါ။

    “တိုက်တွေမြင့်တာများ ထိပ်ဆုံးကိုတောင် ကျွန်မ မမြင်ရပါဘူး” လို့ ဖြူက ပြောပါတယ်။

    သူ့ခင်ပွန်း ယွမ်က ဖုန်းမှာပါတဲ့ ဘာသာပြန်ဆော့ဖ်ဝဲနဲ့ စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဖြူက စကားပြောဖို့ ငြင်းဆိုပါတယ်။ ဒါ့ကြောင့် တီဗီတစ်လုံးရှိတဲ့ အခန်းတစ်ခုထဲမှာ သူမ သော့ပိတ် ခံခဲ့ရပါတယ်။ ညနေပိုင်းတွေမှာ ယွမ်က ၀င်လာပြီး လက်မောင်းမှာ ဆေးထိုးကာ အဓမ္မ လိင်ဆက်ဆံဖို့ ကြိုးစားလေ့ရှိတယ်လို့ သူမက ပြောပါတယ်။

    “ထုံကြင်သလို ကျွန်မ ခံစားရတယ်။ ချဉ်စော်လည်း နံပါတယ်။ သူက ဆေးလိပ်သောက်တယ်”

    နောက်ဆုံးမှာတော့ ပျော်ချင်ယောင် ဆောင်လိုက်ရတယ်လို့ ဖြူက ပြောပါတယ်။ အဲဒီတော့မှ လက်မောင်းကို ဆေးထိုးတာ ရပ်သွားပါတယ်။ ရှော့ပင်းစင်တာတစ်ခုကို သူတို့ သွားခဲ့ကြပါတယ်။ယွမ်က သူမနောက်ကို တစ်ကောက်ကောက်လိုက်ပြီး ရေချိုးခန်းတောင် အလွတ်မပေးပါဘူး။ ယွမ်ရဲ့ အမစ်၊ သူမရဲ့ ကလေး ၃ ယောက်နဲ့အတူ သူတို့ ကစားကွင်းကို တစ်ခေါက် ရောက်ခဲ့ကြပါသေးတယ်။ ခင်ပွန်းသည်က စီးစရာတွေ စီးခဲ့ပေမယ့် ဖြူကတော့ မစီးပါဘူး။

    မန်ဒရင်း စကားအချို့ကိုလည်း ဖြူက သင်ယူခဲ့ပါတယ်။

    “Bu ku le’ ဆိုတာက မငိုနဲ့ ဆိုတာကို ပြောတာ”

    ခင်ပွန်းဖြစ်သူရဲ့ ဖုန်း password ကို သိအောင် လုပ်ထားလိုက်ပြီး တစ်ည သူမူးနေတဲ့အချိန်မှာ ဆိုရှယ်မီဒီယာ app ကနေတစ်ဆင့် ဖြူဟာ မိခင်ဖြစ်သူထံ ဖုန်းခေါ်ခဲ့ပါတယ်။

    “သမီးနဲ့တွေ့တော့ ပျော်လိုက်တာ။ ဒါပေမယ့် သူက အရင်လို မဟုတ်တော့သလိုပဲ။ အမေရေ – သမီးတော့ ရောင်းစားခံလိုက်ရပြီ – လို့ သူက ပြောပါတယ်” လို့ မိခင်ဖြစ်သူ ဒေါ်အေးဦးက ဆိုပါတယ်။

    ညိုကတော့ တရုတ်ပြည်ရဲ့ ဘယ်နေရာကို ခေါ်ဆောင်ခံရသလဲဆိုတာ မသိပါဘူး။ ဒါပေမယ့်သူမက သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပထမတော့ သူမယောက်ျား ဂေါင်ဂျီဟာ သူမကို အခန်းထဲမှာ ပိတ်လှောင်ထားပြီး အင်တာနက် ပေးမသုံးဘဲ ရိုက်လည်းရိုက်ပါတယ်။

    ဒါပေမယ့် ရက်တွေကြာလာတဲ့အခါမှာတော့ သူဟာ သူမကို ယုံကြည်စပြုလာပြီး Wechat အပါအ၀င် ဆိုရှယ်မီဒီယာတွေကို အသုံးပြုခွင့် ပေးလာပါတယ်။

    ညိုဟာ အရမ်းပိန်တဲ့အတွက် ကလေးမမွေးနိုင်မှာကို သူတို့နဲ့အတူနေတဲ့ ဂေါင်ဂျီရဲ့ မိခင်က စိုးရိမ်လာပါတယ်။ နိုင်ငံခြားသူချွေးမ အားရှိအောင်လို့ သူမဟာ ဆန်ပြုတ်၊ ခေါက်ဆွဲပြုနဲ့ ပေါက်စီတွေ လုပ်ကြွေးပါတယ်။

    “သူက အမြဲတမ်း chi chi လို့ ပြောနေတာ” လို့ ညိုက ဆိုပါတယ်။ မန်ဒရင်း ဘာသာစကားနဲ့ ‘စားစား’ လို့ပြောတာ ဖြစ်ပါတယ်။

    ဘယ်နေရာလဲဆိုတာ သိနိုင်မယ့်အရာတွေကို ညိုက သူမရဲ့ဖုန်းနဲ့ လျှို့ဝှက်ရိုက်ကူးခဲ့ပါတယ်။ ဂေါင်ရဲ့ ဆိုင်ကယ်နောက်ကနေ လိုက်စီးရင်း ရိုက်တာ၊ မိသားစုကားရဲ့ ကားနံပါတ်ပြား၊ သူတို့နေတဲ့ ၂ ထပ်အိမ်ရဲ့ ၀င်ပေါက်တွေကို ရိုက်တာမျိုးတွေပါ။ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေကို သူမက geotag လည်း လုပ်ခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ သူမဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်က ရှောင်ချန်ခရိုင်ကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဟီနန်ဟာ တရုတ်နိုင်ငံက လူနေအထူထပ်ဆုံး ပြည်နယ်တွေထဲကတစ်ခုဖြစ်ပြီး လူ သန်း ၁၀၀ လောက် ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လူဦးရေရဲ့ ၂ ဆလောက် ဖြစ်ပါတယ်။

    ၂၀၀၅ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ဟီနန်ပြည်နယ်ဟာ တရုတ်နိုင်ငံမှာ ကျား၊ မ အချိုးမညီဆုံး ပြည်နယ်တွေထဲကတစ်ခု ဖြစ်တယ်ဆိုတာတွေကို တွေ့ခဲ့ရပြီး မိန်းကလေး ၁၀၀ မှာ ယောက်ျားလေး ၁၄၂ ယောက် ဖြစ်နေတာပါ။ (တစ်ချို့ မိန်းကလေးမွေးတဲ့သူတွေဟာ အာဏာပိုင်တွေကို သတင်းပို့ခြင်း မရှိတာကြောင့် တကယ့်အရေအတွက်ဟာ ဒီထက်ပိုပြီး ကျဆင်းနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေထိန်းချုပ်မှု စည်းမျဉ်းတွေကို အခုအချိန်မှာ လျော့ပေါ့ပေးလိုက်ပါပြီ)

    ရှောင်ချန်ခရိုင်ဟာ အရင်ကလည်း လူကုန်ကူးကာ အမျိုးသမီးတွေကို ခေါ်သွင်းတဲ့သမိုင်း ရှိပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံက အမျိုးသမီး ၃ ဦးနဲ့ ဗီယက်နမ်နိုင်ငံက အမျိုးသမီး ၁ ဦးတို့ကို ကယ်ထုတ်ခဲ့ရတယ်လို့ ဟီနန်ပြည်နယ် သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကဆိုရင် မြန်မာနိုင်ငံက ၁၀ ဦးကို ကယ်ထုတ်ခဲ့ရပါတယ်။

    ဖြူကလည်း ရှောင်ချန်ခရိုင်မှာ ရောက်နေတာဖြစ်ပြီး ဘေဂျင်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားတဲ့ရွာက လာရောက်တဲ့ အမျိုးသမီးငယ်တွေအတွက်တော့ ရှောင်ချန်ဟာ ဧရာမဒေသကြီးတစ်ခု ဖြစ်လို့နေမှာပါ။

    အိမ်ကလည်း ကြီးတယ်လို့ ညိုက ပြောပါတယ်။ သူ့ကို ခင်ပွန်းဖြစ်သူ ဂေါင်က အဓမ္မ ရိုက်နှက်တဲ့အခါ အော်တဲ့အသံကို ဂေါင်ရဲ့ မိဘတွေ မကြားနိုင်လောက်တဲ့အထိ ကျယ်တာပါ။

    “သူ ချမ်းသာတယ်လို့ ကျွန်မ ထင်တယ်။ မချမ်းသာရင် ဒီလိုအိမ်ကြီးတစ်အိမ်နဲ့ မိန်းမတစ်ယောက်ကို ဘယ်လို ၀ယ်ထားလို့ရမှာလဲ”

    တကယ်တော့ ဆင်းရဲတဲ့ တရုတ်အမျိုးသားတွကသာ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ၀ယ်လိုကြတာပါ။ ဒါပေမယ့် ဈေးကြီးတော့ ပေးရတုန်းပါပဲ။ ညိုဟာ ကန်ဒေါ်လာ ၂၆၀၀၀ နဲ့ ရောင်းစားခံလိုက်ရတာ ဖြစ်တယ်လို့ ဒီကိစ္စကို စုံစမ်းဖော်ထုတ်ပေးတဲ့ ရှမ်းပြည်နယ်က ရဲအရာရှိ မျိုးဇော်ဝင်းက ပြောပါတယ်။

    တရုတ်နိုင်ငံမှာ လိင်ကျွန်ပြုခံနေရတဲ့ အမျိုးသမီးငယ်တွေကို ကယ်ထုတ်ပေးနေတဲ့ ရှမ်းအမျိုးသမီး တစ်ဦးကနေတစ်ဆင့် မျိုးဇော်ဝင်းဟာ ညိုနဲ့ သူမရဲ့ယောက်ျား ဂေါင်ရဲ့ Wechat အကောင့်တွေကို ဆက်သွယ်ခဲ့ပါတယ်။ ညိုရဲ့ အစ်ကိုအနေနဲ့ ဆက်သွယ်ခဲ့တာပါ။

    တရုတ်အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိတဲ့ မျိုးဇော်ဝင်ဟာ နောက်ပိုင်းမှာ အကွက်ရွှေ့လာပါတယ်။ ဂေါင်က သံသယဖြစ်သွားပြီး မျိုးဇော်ဝင်းကို ဘယ်သူလဲလို့ မေးပါတော့တယ်။ အင်္ဂလိပ်စကားလုံး ‘Police’ လို့ရိုက်ကာ မျိုးဇော်ဝင်းက အဖြေပြန်ပေးခဲ့ပါတယ်။

    မိန်းကလေးငယ်တွေ ရှန်ချောင်ကိုရောက်ပြီး ၂ လအကြာမှာတော့ တရုတ်ရဲတွေက အိမ်လာပြီးတံခါးလာခေါက်ကြပါတော့တယ်။

    မိန်းကလေးတွေရဲ့ ခင်ပွန်းတွေဖြစ်တဲ့ ယွမ်နဲ့ ဂေါင်တို့ဟာ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း
    ရက်ပေါင်း ၃၀ ထိန်းသိမ်းခံခဲ့ရတယ်လို့ ရှန်ချောင် ရဲဗျူရိုက ပြောရေးဆိုခွင့်ရှိသူ နျူတင်ဟွေက ပြောပါတယ်။ သူတို့တွေ ထပ်ပြီး အဖမ်းခံထားရလားဆိုတာကိုတော့ မသိဘူးလို့ သူက ဆိုပါတယ်။

    “ကောင်မလေးတွေအတွက် ပိုက်ဆံတွေအများကြီး သုံးထားပြီး ဆုံးရှုံးလိုက်ရတဲ့အတွက် အဲဒီယောက်ျားတွေ သူတို့ရဲ့ မိသားစုတွေက တော်တော် ဒေါသထွက်ခဲ့တာ”

    တရုတ်အမျိုးသား ကျောက်မိုးမော်ဆိုသူလည်း မိန်းကလေးငယ်တွေကို အဓမ္မ လိင်ကျွန်ပြုမှု စွဲချက်တွေအတွက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။

    သီးတင်းပတ်အနည်းငယ် ကြာပြီးတဲ့နောက် မိန်းကလေး ၂ ဦးဟာ မိုင်းရွယ်ကို ပြန်ရောက်လာကြပါတယ်။ ပထမဆုံး သူတို့ကို တရုတ်ဖက်ခြမ်းက ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး တရားမ၀င် ၀င်ရောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရထားတဲ့ တောင်ဘက်ကိုသွားကာ ရှမ်းပြည်မြောက်ပိုင်းက လူကုန်ကူးမိန်းကလေးငယ်တွေ ခိုလှုံရာနေရာကို ရောက်ရှိလာခဲ့ပါတယ်။

    “မြန်မာစာနဲ့ ဆိုင်းဘုတ်ကိုမြင်လိုက်ရတော့ ကျွန်မ အရမ်းကို ပျော်သွားတာ” လို့ မြန်မာနိုင်ငံကို ပြန်ခြေချခဲ့တဲ့ အခိုက်အတန့်ကို ဖြူက ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

    ဟိမ၀န္တာတောင်ခြေ ရှမ်းပြည်နယ်က သူမရဲ့ဇာတိဟာ ဆယ်စုနှစ်ချီကြာတဲ့ ပြည်တွင်းစစ်ကြောင့် ပျက်ဆီးနေပါပြီ။ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှု၊ ကုလကပြောတဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်မှုတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတာတွေက ရွှေပြည်တော်
    မျှော်တိုင်းဝေးနေတုန်းပါ။ အားနွဲ့သူတွေဖြစ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကတော့ ထိခိုက်ခံစားမှုဒဏ်ကို အများဆုံး ခံစားရသူတွေ ဖြစ်လာပါတယ်။

    “သတို့သမီး ကုန်ကူးမှုဆိုတာကလည်း ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲပါ” လို့ ကချင်ပြည်နယ် အခြစိုက် Htoi Gender and Development Foundation က ပရောဂျက်မန်နေဂျာ Lauh Khaw Swang က ပြောပါတယ်။ ကချင်ပြည်နယ်ဟာ ရှမ်းပြည်နယ်နဲ့ ကပ်နေပြီး လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

    ပြန်ပေးဆွဲရာမှာ ပါဝင်ခဲ့တယ်လို့ မိန်းကလေးတွေပြောတဲ့ ဒေါ်စန်းကြည်တစ်ယောက်လည်း လက်ရှိ လားရှိုးမှာ ထောင်ကျနေပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်နှင်းဝေကတော့ ထွက်ပြေးနေပါတယ်။

    ဒေါ်နှင်းဝေရဲ့ ခင်ပွန်း ဦးနောင်နောင်ကတော့ လူကုန်ကူးလို့ရတဲ့ ကော်မရှင်နဲ့ မကင်းတဲ့ ပ်ါတီကိုပါ ပန်းရောင် အိမ်ကြီးမှာ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါတယ်။ ဇနီးသည် ဘယ်ရောက်နေလဲဆိုတာ မသိဘူးလို့ သူက ဆိုပါတယ်။

    “သူ ဘာအမှားတွေ လုပ်ခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး။ ဗေဒင်ဆရာမအဖြစ် စီးပွားရှာတယ်လို့ပဲ ကျွန်တော် သိတာပါ”

    မိန်းကလေးနှစ်ယောက်ရဲ့ မိသားစုတွေကို အကြိမ်ကြိမ်အခါခါ တောင်းပန်းခဲ့တယ်လို့လည်း ဦးနောင်နောင်က ပြောပါတယ်။ ဒါပေမယ့် သူနဲ့ တစ်လမ်းတည်းမှာနေတဲ့ ဖြူရဲ့မိခင်ကတော့ ဦးနောင်နောင်ဟာ သူ့ထံကို လုံးဝ မလာခဲ့ဘူးလို့ ဆိုပါတယ်။

    ကိုယ်ဝန်ရလတဲ့အခါ မွေးပြီးရင် မွေးစားဖို့ ပေးလိုက်မယ်လို့ ညိုတစ်ယောက် တွက်ထားတာပါ။
    နောက်ပိုင်းမှာ ကလေးမွေးလာခဲ့ပါတယ်။

    “သူများကို ပေးပစ်ချင်တာ။ တရုတ်တိရစ္ဆာန်ကောင်ရဲ့ နှုတ်ခမ်းတွေ ပါလာပေမယ့် သမီးကို ကျွန်မကြည့်ပြီး ချစ်သွားတယ်”

    (Newyork Times သတင်းဌာနတွင် ဖော်ပြထားသည့် Teenage Brides Trafficked to China Reveal Ordeal: ‘Ma, I’ve Been Sold’ ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ကြောင်း ထုတ်ပြန်

    ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ကြောင်း ထုတ်ပြန်

    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media

    -မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေမှာ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေက တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးသလို ဖြစ်နေတယ်ဆိုတဲ့ ကုလရဲ့ အစီရင်ခံစာတစ်စောင် ထွက်လာပြီးနောက်ပိုင်း ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ဖြတ်တောက်ကြောင်း ကြေငြာလိုက်ပါတယ်။

    ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီ Newtec ဖြစ်ပြီး မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း Mytel နဲ့ ဆက်ဆံလုပ်ကိုင်နေတာပါ။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပါအ၀င် နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူနည်းစုတွေအပေါ်အစိုးရစစ်တပ်က ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဖို့ ကုလက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဝင် ၃ ဦးပါ အချက်အလက်ရှာဖွေရေးကော်မတီဟာ အခုလအစောပိုင်းက အစီရင်ခ့စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    အစီရင်ခံစာထဲမှာ စစ်တပ်ပိုင် လုပ်ငန်းစု ၂ ခုက တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် လက်ဝါးကြီးအုပ်ထားမှုကို အသေးစိတ် ဖော်ပြခဲ့ပြီး ဒီလုပ်ငန်းစုတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တစ်ဖက်တစ်လမ်းကနေ အားပေးကူညီသလို ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့လည်း နိုင်ငံတကာ ကုမ္ပဏီတွေကို အချက်အလက် ရှာဖွေရေးအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

    Newtec ရဲ့ အခုတစ်ပတ်အစောပိုင်းက ကြေငြာချက်မှာ မိမိတို့အနေနဲ့ “ကုလအစီရင်ခံစာပါ
    အကြံပြုချက်တွေကို လိုက်နာပြီး Mytel နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကို ရပ်တန့်လိုက်တယ်” လို့ ဖော်ပြထားပါတယ်။

    “တပ်မတော်ရဲ့ အကြမ်းဖက်လှုပ်ရှားမှု၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြမ်းကြုတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုကုမ္ပဏီမျိုးကိုမှ သိသိကြီးနဲ့ ပစ္စည်းတွေ ရောင်းမှာ မဟုတ်ပါဘူး” လို့ Newtec က ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုကို Mytel ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ VOA သတင်းဌာနက ဖော်ပြပါတယ်။

    Newtec ရဲ့ ဒီလုပ်ရပ်အပေါ် ကျွမ်းကျင်သူတွေက ချီးကျူးမှုတွေ ရှိခဲ့သလို၊ ဆောင်ရွက်တာ နောက်ကျတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမယ်ဆိုရင် တရားစွဲမယ်လို့ Newtec ရဲ့ စီအီးအို Thomas Van den Driessche က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ Burma Campaign UK အဖွဲ့ကို ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

    လူ့အခွင့်အရေးရှေ့နေဖြစ်ပြီး ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ခရစ္စတိုဖာ ဆီဒိုတီက သူတို့အဖွဲ့ အစီရင်ခံစာထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ချို့က သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်နေတဲ့ဆိုတဲ့ အကြောင်းကြားမှုတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: VOA