News @ M-Media
Tag: Minority In Myanmar
  • ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် ရိုဟင်ဂျာစက်လှေ နစ်မြုပ်ကာ ၁၂ ဦး သေဆုံး
    ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် ရိုဟင်ဂျာစက်လှေ နစ်မြုပ်ကာ ၁၂ ဦး သေဆုံး
    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများ
    – ရိုဟင်ဂျာများကို တင်ဆောင်လာပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ဦးတည်ခုတ်မောင်းနေတဲ့ စက်လှေတစ်စင်း နတ်မြစ်အတွင်း မနေ့က နစ်မြုပ်မှုကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
    ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်းတပ်ဖွဲ့က တပ်မှူး အလာအူဒင် နာယန်က လူပေါင်း ၁၀၀ နီးပါးလောက် တင်ဆောင်လာတဲ့ အဲဒီစက်လှေဟာ နတ်မြစ်အ၀မှာ နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
    နစ်မြုပ်ခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ပြီး အနည်းဆုံး အလောင်း ၁၂ လောင်း ရရှိကာ အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၂ ဦးအပါအ၀င် လူ ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
    နယ်ခြားစောင့်တပ်ဖွဲ့ BGB က တာဝန်ရှိသူ အလ်ဒူလ် ဂျာလီလ်က သေဆုံးသူတွေဟာ ကလေးငယ် ၁၀ ဦး၊ အဘွားအိုတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
    သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ သိန်းကျော်လောက် အင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ဆိုပါတယ်။
    ရခိုင်ပြည်နယ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိတော့ပေမယ့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ဆက်လက်ထွက်ပြေးနေပြီး မြန်မာအစိုးရကလည်း ထွက်မပြေးဖို့ တားဆီးမှုတွေ လုပ်နေပါတယ်။
    နတ်မြစ်အတွင်း ရိုဟင်ဂျာတွေကိုတင်ဆောင်လာတဲ့ စက်လှေတွေနစ်မြုပ်မှုဟာ ယခင်ကလည်း ဖြစ်ဖူးပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က ရိုဟင်ဂျာ ၈၀ လောက်ကို တင်ဆောင်လာတဲ့ စက်လှေတစ်စင်း နစ်မြှုပ်မှုကြောင့် ၂၃ ဦး သေဆုံးကာ၊ ၁၇ ဦး အသက်ရှင်ပြီး ကျန်တဲ့သူတွေကတော့ ပျောက်ဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • သင်္ကန်းဝတ်များ မောင်းထုတ်ခဲ့သည့် မွတ်စလင်ဈေးသည်ကို ဗုဒ္ဓဘာသာဝင်များ သွားရောက်အားပေးနှစ်သိမ့်ကာ ကူညီထောက်ပံ့
    သင်္ကန်းဝတ်များ မောင်းထုတ်ခဲ့သည့် မွတ်စလင်ဈေးသည်ကို ဗုဒ္ဓဘာသာဝင်များ သွားရောက်အားပေးနှစ်သိမ့်ကာ ကူညီထောက်ပံ့
    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media
    သင်္ကန်းဝတ်များ၏ မောင်းထုတ်ခံရသည့် ဦးအောင်သန်း
    – ရွှေတိဂုံစေတီအနီးမှာ ဈေးရောင်းမှုကြောင့် သင်္က၀တ်တစ်ချို့ရဲ့ နှင်ထုတ်မှုခံရတဲ့ မွတ်စလင် ငုံးဥပြုတ်သည် အဖိုးအိုကို ဗုဒ္ဓဘာသာဝင်တွေက သွားရောက်အားပေး၊ နှစ်သိမ့်ကာ လှူဒါန်းထောက်ပံ့မှုတွေ လုပ်ခဲ့ကြတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြရေးသားနေကြပါတယ်။
    အောက်တိုဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ် ဓာတ်ပုံတွေကို အမျိုးသားရေးသမားဆိုသူ Aung Min Tun က သူ့ရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအကြား လျင်မြန်စွာ ပြန့်နှံ့ခဲ့ပါတယ်။
    သင်္ကန်းဝတ်တွေရဲ့ ဂိုဏ်းစတားဆန်ဆန် အနိုင်ကျင့်ခြိမ်းခြောက်တဲ့ ဒီလုပ်ရပ်ကို ဗုဒ္ဓဘာသာဝင်တော်တော်များများက ဆန့်ကျင်ခဲ့ကြပြီး ဗုဒ္ဓသာသနာနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေကြောင်း၊ လူမျိုး၊ ဘာသာမတူတဲ့ ပြည်သူတွေကြားထဲမှာ သွေးကွဲစေနိုင်ကြောင်း တုန့်ပြန်ရေးသားခဲ့ကြပါတယ်။
    အခင်းဖြစ်ပွားတဲ့ည ရေကျော်ပွဲဈေးမှာ ဈေးရောင်းနေတဲ့ အဲဒီ အဖိုးအိုဆီကနေ ဗုဒ္ဓဘာသာစုံတွဲတစ်တွဲ ငုံးဥပြုတ် ၀ယ်ယူအားပေးကာ ရွှေတိဂုံစေတီနားမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားပြီး အလှူငွေတစ်ချို့ပါ ပေးအပ်ခဲ့ပါတယ်။
    အောက်တိုဘာ ၆ ရက်နေ့မှာတော့ အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီက အဖွဲ့ဝင်တွေဟာ ဦးအောင်သန်းဆိုသူ အဲဒီ ငုံးဥပြုတ်သည် ငှားရမ်းနေထိုင်တဲ့ သင်္ကကျွန်းကအဆောင်ကို သွားရောက်ကာ အားပေးနှစ်သိမ့်ခဲ့ပြီး သင်္ကန်းဝတ်တွေရဲ့ ဥပဒေပလုပ်ရပ်အတွက် ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ သူတို့အနေနဲ့ တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။
    ပဟေဠိနန်းတော်အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးကလည်း နောက်ပိုင်းမှာ ဦးအောင်သန်း နေထိုင်ရာနေရာကို သွားရောက်ကာ သူငယ်ချင်းတွေ စုပေါင်းပြီး ငွေကျပ် ၂ သိန်းနဲ့ ဖုန်း ၂ လုံးကို ပေးအပ်ကူညီခဲ့ပါတယ်။
    ရေကျော်ပွဲဈေးတွင် ဗုဒ္ဓဘာသာဝင် စုံတွဲက ကူညီထောက်ပံ့
    အခြား ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီ မွတ်စလင်အဖိုးအိုကို လှူဒါန်းဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
    ရန်ကုန် တာမွေဇာတိဖြစ်တဲ့ ဦးအောင်သန်းဟာ အသက် ၅၁ နှစ်အရွယ် ရှိနေပြီး ငယ်စဉ်ဘ၀ကတည်းက မိခင်ဖြစ်သူနဲ့အတူ တောင်ငူကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
    လက်ရှိမှာ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခြေအနေကြောင့် ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကာ ငုံးဥပြုတ်အပါအ၀င် ကျပန်းဈေးရောင်း လုပ်ကိုင်စားသောက်နေရတာဖြစ်တယ်လို့ သိရပါတယ်။
    အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီက အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံ
    ရွှေတိဂုံစေတီပတ်ဝန်းကျင်မှာ ဈေးရောင်းတဲ့ အစ္စလာမ်ဘာသာဝင်တွေကို မျိုးချစ်ရဟန်းတော်များ သမဂ္ဂဆိုတဲ့အဖွဲ့က သင်္ကန်းဝတ်တွေ အုပ်စုဖွဲ့ ခြိမ်းခြောက်မောင်းထုတ်တာဟာ အခုနှစ်ပိုင်းမှာ အဖြစ်များလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အနည်းဆုံး ၃ ကြိမ်အထိ ရှိခဲ့ပါတယ်။
    အခုနှစ်အစောပိုင်းမှာလည်း မျက်မှန်ရောင်းတဲ့အစ္စလာမ်ဘာသာဝင်တစ်ဦးကို မောင်းထုတ်ကာ ပစ္စည်းတွေ သိမ်းဆည်းတဲ့အထိဖြစ်ခဲ့ပါတယ်။
    ဒီဖြစ်စဉ်တွေမှာ သင်္ကန်းဝတ်တွေဟာ မွတ်စလင်ဈေးသယ်တွေကို ထိုးကြိတ်ကန်ကျောက်တာတွေလည်း ရှိခဲ့ပါတယ်။
    ဒီလုပ်ရပ်တွေအတွက် ဗုဒ္ဓဘာသာဝင်တစ်ချို့ ဦးဆောင်ကာ ရဲစခန်းမှာ တိုင်ကြားတာမျိုးတွေ လုပ်ခဲ့ပေမယ့် အစိုးရနဲ့ ပြည်ထဲရေးက ထိထိရောက်ရောက် အရေးယူတာမျိုး မတွေ့ရပါဘူး။
    ကိုမောင်မောင်အေးက သွားရောက်ထောက်ပံ့
    Photo Credit – Facebook
  • မွတ်စလင်များခရီးသွားလျှင် သက်ဆိုင်ရာကို သတင်းပို့ရမည်ဆိုသည့် ညွှန်ကြားချက် အုပ်ချုပ်ရေးပိုင်းအမှားဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
    မွတ်စလင်များခရီးသွားလျှင် သက်ဆိုင်ရာကို သတင်းပို့ရမည်ဆိုသည့် ညွှန်ကြားချက် အုပ်ချုပ်ရေးပိုင်းအမှားဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
    – ပြည်နယ်အတွင်းက မွတ်စလင်တွေအားလုံး မိမိတို့နေထိုင်ရာဒေသကနေ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေကို အသိပေး ထောက်ခံစာယူကာ ခွင့်ပြုချက်ရမှ သွားရမယ်ဆိုတဲ့ အမိန့်မျိုး ထုတ်ပြန်ထားခြင်းမရှိဘူးလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်ပါတယ်။
    မွတ်စလင်တွေအနေနဲ့ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာကို အသိပေး ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ ညွှန်ကြားစာတစ်စောင်ကို စက်တင်ဘာ ၁၈ ရက်နေ့မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးချစ်က ဒေသတွင်း တာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဖြန့်ဝေပေးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်စေရေးအတွက် ပြည်နယ်အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
    “အုပ်ချုပ်ရးဌာနက အမှားတစ်ခုကြောင့် ဒီစာကိစ္စ ဖြစ်သွားတာပါ။ တရားဝင်အထောက်အထား ရှိနေတာတောင် မွတ်စလင်တွေဟာ ခရီးသွားရင် အာဏာပိုင်တွေကို အသိပေးရမယ်ဆိုတဲ့ ကြေငြာချက်မျိုး ကျွန်မ မထုတ်ပါဘူး။ အဲဒီကိစ္စအတွက် အရေးယူသွားမှာပါ” လို့ ၀န်ကြီးချုပ်က မြန်မာတိုင်းမ်စ်သတင်းစာကို ဗုဒ္ဓဟူးနေ့မှာ ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။
    ဒီအမိန့်ဟာ ကရင်ပြည်နယ်က မွတ်စလင်တွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးတာဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးဌာနက အမှားတစ်ခုကြောင့် ဖြစ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
    ဒီညွှန်ကြားချက်ကို ပြည်နယ်ဝန်ကြီးချုပ်က ငြင်းပေမယ့် လက်ရှိအချိန်အထိ မွတ်စလင်တွေဟာ ခရီးသွားရင် အာဏာပိုင်တွေကို အကြောင်းကြားဖို့ ဖိအားပေးခံနေရတယ်လို့ ကရင်ပြည်နယ်အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌ ဟာဂျီ ဦးနာဂျူးက ပြောကြားခဲ့ပါတယ်။
    “မွတ်စလင်တွေဟာ အရင်တုန်းကအတိုင်းပဲ အသိပေးနေရတာကြောင့် ၀န်ကြီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားမှုဟာ သက်ရောက်မှုမရှိသလို ဖြစ်နေပါတယ်” လို့ သူက ဆိုပါတယ်။
    ကရင်ပြည်နယ်မှာ နေထိုင်သူဖြစ်ကြောင်း၊ ရခိုင်က ၀င်လာသူမဟုတ်ကြောင်း အတည်ပြုဖို့အတွက် ကရင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့ ခရီးသွားမယ်ဆိုရင် အာဏာပိုင်တွေကို အသိပေးဖို့ လိုအပ်ကြောင်း ဒေသအုပ်ချုပ်ရေးရုံးတွေက ပြောထားတယ်လို့လည်း ဟာဂျီ ဦးနာဂျူးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “မှတ်ပုံတင်တွေ ရှိနေပေမယ့်လည်း မြို့နယ်အုပ်ချုပ်ရေးရုံးတွေကို သတင်းပို့နေရတုန်းပါ။ ဒီမှတ်ပုံတင်တွေဟာ တရားဝင်လား၊ မ၀င်ဘူးလားဆိုတာ ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ်”
    ကရင်ပြည်နယ် ဘာသာပေါင်းစုံအဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူ ဦးမောင်ထွေးက အကြောင်းကြားစရာ မလိုဘူးလို့ အုပ်ချုပ်ရေးရုံးက မပြောသေးတဲ့အတွက် သူတို့အနေနဲ့ ထောက်ခံစာတွေ ယူနေရတုန်းပဲလို့ ဆိုပါတယ်။
    ကရင်ပြည်နယ်အတွင်းက မွတ်စလင်တွေဟာ ခရီးသွားမယ်ဆိုရင် ပြည်နယ်အစ္စလာမ်အသင်းက ထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ မြို့နယ်လ၀က၊ ရဲစခန်းတို့က ထောက်ခံစာတွေကို ပြသရပြီး ခွင့်ပြုမှ ခရီးသွားခွင့်ရတယ်လို့ ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းက ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ မွတ်စလင်တွေဟာ ခရီးသွားရင် အကြောင်းကြားဖို့ လိုလား၊ မလိုဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်း မပြောသွားဘူးလို့ ဆိုပါတယ်။
    “သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သွားဖို့ လိုပါတယ်”
    စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းကြားမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
    ပြည်နယ်ဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲမလုပ်ခင် တစ်ပတ်အရင်က ကျောက်တောင်ရွာက မွတ်စလင် ၅၀ ဟာ အေလာရွာက မင်္ဂလာဆောင်တစ်ခုသွားဖို့ ခွင်ပြုချက်တောင်းရာမှာ ၂၅ ယောက်ကိုသာ သွားခွင့်ပြုခဲ့ပြီး အဲဒီရွာနှစ်ရွာဟာ ဘေးချင်းကပ်နေတဲ့ရွာတွေ ဖြစ်တယ်လို့ ကျောက်တောင်ရွာသား ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။
    Ref : mmtimes
  • ရိုဟင်ဂျာ ၈ သိန်းအတွက် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်မည်
    ရိုဟင်ဂျာ ၈ သိန်းအတွက် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်မည်
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ
    – မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်တွေ ရခိုင်မြောက်ပိုင်းက ရဲကင်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက သတင်းထုတ်ပြန်ထားပါတယ်။
    ၁၉၇၈ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းလောက် ရှိနေပြီး အခုအရေတွက်နဲ့ဆို စုစုပေါင်း ၈ သိန်းလောက် ဖြစ်လာပါတယ်။
    ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီး မိုဖက်ဇဲလ် ဟိုစိန် ချောင်ဒရီ မာယာက ကော့ဇ်ဘဇား နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ယာယီတဲတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအားလုံးကို စခန်းအသစ်တစ်ခုမှာ နေရာချထားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “ပြန့်ကျဲနေထိုင်နေကြတဲ့သူတွေကို တစ်နေရာထဲမှာ ထားပေးသွားမှာပါ။ ဒီအတွက် နေရာထပ်လိုပြီး ဖြည်းဖြည်းချင်း ခေါ်ယူသွားမှာပါ” လို့ ၀န်ကြီးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    တစ်ချို့မိသားစုတွေဟာ Kutupalong Extension လို့ အမည်ပေးထားတဲ့ အဲဒီစခန်းသစ်ကို ပြောင်းရွှေ့နေကြကြောင်း၊ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေထဲက ၂ ခုကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ကုလကတော့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဖက်က ကြိုဆိုမှုအတွက် ချီးကျူးခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ သန်း ၄၃၀ လောက် လိုမယ်လို့ ပြောကြားထားပါတယ်။
    လက်ရှိမှာ ယူဂန်ဒါနိုင်ငံက ဘီဒီဘီဒီ ဒုက္ခသည်စခန်းဟာ လူဦးရေ ၂၈၅၀၀၀ နဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး ကင်ညာနိုင်ငံက ဒါဒဘ် ဒုက္ခသည်စခန်းကတော့ လူဦးရေ ၂၄၅၀၀၀ နဲ့ ဒုတိယ လိုက်ပါတယ်။
    ကော့ဇ်ဘဇားက ဒီစခန်းသစ်ထဲ ရိုဟင်ဂျာတွေကို ပြောင်းရွှေ့နေရာချမှု ပြီးသွားရင် ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းရှိရာနိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
    Ref: CNA
  • ရခိုင်ကိစ္စက နိုင်ငံတကာ အကြမ်းဖက်သမားများအား ဖိတ်ခေါ်သလိုဖြစ်မည်ဟု ကန်သတိပေး
    ရခိုင်ကိစ္စက နိုင်ငံတကာ အကြမ်းဖက်သမားများအား ဖိတ်ခေါ်သလိုဖြစ်မည်ဟု ကန်သတိပေး
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    ၎င်းတို့ကြုံတွေ့ခဲ့ရမှုကို ရိုဟင်ဂျာကလေးငယ်တစ်ဦးက သရုပ်ဖော်ရေးဆွဲထားမှု
    – မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သန်းဝက်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတာဟာ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်စေနိုင်ပြီး နိုင်ငံတကာက အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်တယ်လို့ အမေရိကန်အစိုးရက မနေ့မှာ သတိပေးလိုက်ပါတယ်။
    အရှေ့တောင်အာရှဆိုင်ရာ အမေရိကန်ရဲ့ အကြီးတန်း တာဝန်ရှိသူ ပက်ထရစ်မာဖီက အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီကို တင်ပြမှုမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ထရမ့်အစိုးရက မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လုပ်မလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။
    လွန်ခဲ့တဲ့ ၆ ပတ်အရင် ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကိုမှုကို ‘သင့်လျော်မှုမရှိတဲ့ တုန့်ပြန်မှု’ အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ကို အပြစ်တင်ရမယ်လို့လည်း မာဖီက ဆိုပါတယ်။ ဒါပေမယ့် ‘လူမျိုးစုလိုက် သုတ်သင်ရှင်လင်းမှု’ ဖြစ်နေပြီလားဆိုတဲ့ အမေးကိုတော့ မာဖီက ရှောင်ခဲ့ပြီး ‘လူသားဖြစ်ရပ်ဆိုးကြီး’ လို့သာ သုံးနှုန်းခဲ့ပါတယ်။
    ဒီလိုသုံးနှုန်းမှုအတွက် တစ်ချို့ လွှတ်တော်အမတ်တွေက မကျေနပ်ပါဘူး။
    ဘင်္ဂလားဒေ့ရှ်ဖက်ကို လူ သန်းဝက်လောက် ထွက်သွားတဲ့အပြင်၊ ရခိုင်ပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၂ သိန်းလောက်ရှိကြောင်း၊ လွန်ခဲ့တဲ့ တစ်လအရင်ကတည်းက စစ်ဆင်ရေးတွေ ရပ်တန့်ထားတယ်လို့ အစိုးရက အာမခံထားပေမယ့် ရွာသားတွေဟာ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးဆက်ရှို့နေတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို နှောက်ယှက် ဟန့်တားနေတာတွေ ရှိနေကြောင်း မာဖီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အာရုဏ်ဦးဟာ အလှည့်အပြောင်းတစ်ခုမှာ ရှိနေပြီး၊ အလွန်အကျွံ တုန့်ပြန်မှုတွေက နိုင်ငံတကာ အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်သလိုဖြစ်ကာ၊ အခြားအိမ်နီးချင်းနိုင်ငံတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
    ထရမ့်အစိုးရအနေနဲ့ ဒီကိစ္စ အပြောင်းအလဲဖြစ်အောင် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို ရှာဖွေနေပြီး၊ အမေရိကန်ဟာ မြန်မာစစ်တပ်အပေါ် ကန့်သတ်မှုတစ်ချို့ ပြုလုပ်ထားကာ၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် ဗီဇာထုတ်ပေးတာမျိုး တော်တော်နည်းတယ်လို့ မာဖီက ပြောကြားခဲ့ပါတယ်။
    အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် ကာကွယ်ရေးဦးချုပ်မှာ အဓိကတာဝန်ရှိပြီး၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို သင့်လျော်တဲ့နည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့လည်း မာဖီက ဆိုပါတယ်။
    Ref: Foxnews